← Chapters

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်

Vol. 71 Ch. 1062

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်

Vol. 71 Ch. 1062

ဆူဇီမိုသည် သူ၏သိုလှောင်အိတ်ကို သိမ်းဆည်းပြီး လှည့်ထွက်လာခဲ့လေသည်။

မွေးနီတစ္ဆေက တကယ်ပဲ မပြုလုပ်ပေးနိုင်တာလား... ဒါမှမဟုတ် မပြုလုပ်ပေးချင်တာလား သူမသိပေ။ သို့သော်လည်း သူက ထိုသူနှင့် သူ၏အချိန်ကို ဆက်လက်၍ ဖြုန်းလိုစိတ်မရှိတော့ပေ။

“ဟေး.... ကောင်လေး မသွားပါနဲ့ဦး”

မွေးနီတစ္ဆေက နောက်ကနေ လှမ်းအော်ပြောလိုက်လေသည်။

ဆူဇီမိုက မကြားချင်ယောင်ဆောင်ပြီး ခန်းမဆီသို့ အလောတကြီး ပြန်လှည့်ထွက်လာခဲ့လေသည်။

သူ့ကို အကူအညီပေးမယ့်သူ မရှိတော့ပေ။

သူသည် အသွန်းတစ်ရာဂိုဏ်းသို့ ပြန်ပြီး ဆရာအဆုံးစွန်မီး၏ အကူအညီကိုရမှသာ ဖြစ်ပေတော့မည်။ သို့သော်လည်းမြောက်ပိုင်းဒေသည် အလယ်ပိုင်းတိုက်နှင့် အရမ်းကိုကွာဝေးပြီး သူ့မှာ အမြုတေစိတ်ဝိညာဥ် တစ်ခုသာလျှင် ကျန်ရှိနေလေသည်။ သူ့အနေဖြင့် နယ်မြေဒေသကြီးတစ်ခုလုံးကို ဖြတ်ကျော်၍ အသွန်းတစ်ရာဂိုဏ်းဆီသွားဖို့က အရမ်းကို အန္တရာယ်များလွန်းလေသည်။

“မြေကမ္ဘာအမြုတေမီး.... မြေကမ္ဘာအမြုတေမီး...”

ဆူဇီမိုသည် တီးတိုးရေရွတ်၍ သူ၏စိတ်ထဲတွင် အတွေးတစ်ခုက ဖျပ်ခနဲ ပေါ်ထွက်လာခဲ့လေသည်။

မဟာချွမ်အပျက်အစီး၏အောက်တွင် မြေအောက်မီးတောင်တစ်ခု ရှိလေသည်။

သူသည် မဟာချွမ်အပျက်အစီးသို့ရောက်ရှိခဲ့စဥ်က မြေအောက်နန်းတော်ထဲတွင် စိတ်ဝိညာဥ်ရေကန်တစ်ခုကို အမှတ်တမဲ့ရှာတွေ့ခဲ့လေသည်။

စိတ်ဝိညာဥ်ရေကန်၏ဘေးတွင် မြေအောက်အနက်ပိုင်းထဲသို့ဆက်သွယ်ထားသော လျှို့ဝှက်လမ်းကြောင်းတစ်ခုရှိလေသည်။

သူသည် ထိုမြေအောက်အနက်ပိုင်းထဲမှာပင် မြေခွးလေးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်လေသည်။

စိတ်ဝိညာဥ်ရေကန်၏ အောက်ဘက်တွင် မူလစိတ်ဝိညာဥ်မီးတောက်များဖြင့်ပြည့်နှက်နေသည့် ချော်ရည်လောကတစ်ခုရှိပြီး အဲ့ဒါက နေရာတိုင်းမှာ တွေ့မြင်နိုင်သော ရတနာများအဖြစ်သတ်မှတ်၍ရနိုင်ကြောင်း ဆူဇီမိုပြန်လည်အမှတ်ရလာခဲ့လေသည်။

သူသည် တစ်ခါက ရွှေရောင်ချော်ရည်များ အပေါ်သို့ပန်းထွက်လာနေသော မီးတောင်တစ်လုံးကို မြင်တွေ့ခဲ့ဖူးလေသည်။

ထိုမီးတောင်ရဲ့အပူချိန်က အရမ်းကိုမြင့်မားလေသည်။

မဟာချွမ်အပျက်အစီးတွင် ဟင်္သပြဒါးသစ်သီးအတွက် တိုက်ပွဲမှာတုန်းက သူသည် ထိုရွှေရောင်ချော်ရည်ကိုအသုံးပြုပြီး များစွာသောနိုးထဝိညာဥ်များကို သတ်ဖြတ်နိုင်ခဲ့လေသည်။

ထိုနိုးထဝိညာဥ်များသည် ရွှေရောင်ချော်ရည်နှင့်ထိတွေ့မိသည်နှင့် ခြွင်းချက်မရှိ ပြာအဖြစ် လောင်ကျွမ်းကုန်ကြလေသည်။

ထိုသည်ကိုတွေးမိပြီးနောက် ဆူဇီမိုသည် ရှေးဟောင်းဘုရားကျောင်းအိုကနေ ထွက်ခွာကာ အပေါ်သို့ ခုန်တက်လိုက်လေသည်။

အဲ့ဒီနောက် မင်းဝမ်ဆုတောင်းပုတီးကို အသက်သွင်း၍ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်စေကာ ထူထဲသောမြူခိုးလွှာများကို ဖြတ်ကျော်ရင်း နဂါးသင်္ချိုင်းတောင်ကြားထက်သို့ ရောက်ရှိလာခဲ့လေသည်။

ယခုချိန်တွင် သူ၏ခန္ဓာကိုယ်က ဓမ္မစွမ်းအားများကိုအသုံးပြု၍ ဖန်တီးထားခြင်းဖြစ်လေသည်။

သူက လွတ်လွတ်လပ်လပ်သွားလာနိုင်သော်လည်း တစ်စုံတစ်ယောက်နဲ့တိုက်ခိုက်ရမည်ဆိုလျှင် ထိချက်အနည်းငယ်အတွင်း အဲ့ဒါက ပျက်ပြယ်သွားပေလိမ့်မည်။

ဆူဇီမိုသည် မဟာချွမ်အပျက်အစီးရှိရာဘက်သို့ ဦးတည်သွားလေသည်။ သိပ်မကြာမီ သူက ဤကုန်းမြေသို့ တစ်ဖန်ပြန်လည်ခြေချနိုင်ခဲ့လေသည်။

မရေမတွက်နိုင်သော တမလွန်စစ်သားများသည် အပျက်အစီးနယ်မြေထဲမှာ ကင်းလှည့်နေကြဆဲဖြစ်လေသည်။ သူတို့သည် ဆူဇီမို၏အော်ရာကို အာရုံခံမိသောအခါ ရူးသွပ်စွာဖြင့် ပြေးလွှားလာကြလေသည်။

သို့သော်လည်း သူတို့သည် အနားသို့ချည်းကပ်လာပြီးနောက် သူတို့၏ ​ခြေလှမ်းများကို ရပ်တန့်လိုက်ကြလေသည်။

တမလွန်စစ်သားများသည် သူတို့၏ ကိုယ်ပိုင်အသိဉာဏ်မရှိသော်လည်း သူတို့သည် မင်းဝမ်ဆုတောင်းပုတီး၏ အော်ရာကို အာရုံခံနိုင်ပြီး ရှေ့သို့ဆက်တက်ရဲခြင်းမရှိဘဲ တဖြည်းဖြည်းနောက်ဆုတ်သွားကြလေသည်။

မင်းဝမ်ဆုတောင်းပုတီးကဲ့သို့ ရတနာတစ်ခုဖြင့် သူသည် ပြဿနာများစွာကိုဖြေရှင်းနိုင်ခဲ့လေသည်။

ဤနေရာဟောင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် သူ၏မှတ်ဉာဏ်များပေါ် အခြေခံ၍ ရှေ့သို့တက်လှမ်းကာ မြေအောက်နန်းတော်တည်နေရာကို ရှာဖွေတွေ့ရှိခဲ့လေသည်။

ဟင်္သပြဒါးသစ်သီးတိုက်ပွဲမှာတုန်းက မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများသည် ဤနေရာမှာ စုဝေးခဲ့ကြပြီး သူတို့ထဲမှများစွာက ဤနေရာမှာ မြှုပ်နှံခံခဲ့ရလေသည်။

နှစ်ပေါင်းတစ်ရာကျော်ကြာပြီးတာတောင် ဤနေရာသည် သွေးများဖြင့် စွန်းထင်းနေဆဲဖြစ်လေသည်။

ထိုစဥ်တုန်းက တိုက်ပွဲသည် ဘယ်လောက်တောင်ကြောက်စရာကောင်းခဲ့သလဲ သိသာလေသည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်၍ ချောက်ချားစရာကောင်းနေလေသည်။

ထိုတိုက်ပွဲပြီးသွားကတည်းက ဤနေရာသို့ လူသူအရောက်အပေါက်မရှိသလောက် ဖြစ်လာခဲ့လေသည်။

မြေအောက်နန်းတော်က ပြိုကျသွားခဲ့ပြီဖြစ်ပြီး အပျက်အစီးပုံဘဝရောက်ရှိသွားခဲ့ပြီဖြစ်လေသည်။ အပျက်အစီးပုံပေါ်မှာရပ်နေရင်း ဆူဇီမိုအနေဖြင့် ဖုံးအုပ်နေသောလမ်းကြောင်းများကို ရှာဖွေဖို့အတွက် ခက်ခဲနေလေသည်။

သူသည် မျက်မှောင်အနည်းငယ်ကြုတ်၍ အပျက်အစီးနယ်မြေကို ထပ်တလဲလဲရှာဖွေလိုကိလေသည်။

ရုတ်တရက်ဆိုသလို သူ၏နားထဲမှာ မသိသာ မထင်ရှားသော ရေစီးသံအချို့ကိုကြားလိုက်ရလေသည်။

ဆူဇီမိုသည် စိတ်အားတက်ကြွသွားပြီး အသံထွက်ပေါ်ရာဆီသို့မှန်းဆ၍ လျှောက်လှမ်းလာခဲ့လေသည်။ သိပ်မကြာမီ သူသည် ရေစီးသံထွက်ပေါ်ရာ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားလေသည်။

သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ဖြည်းဖြည်းချင်းထုတ်လွှတ်ပြီး အပျက်အစီးပုံအနက်ပိုင်းထဲသို့ တိုးဝင်စေလိုက်လေသည်။

သိပ်မကြာမီ ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားခဲ့လေသည်။ အပျက်အစီးပုံအောက်တွင် ယခင်က သူမြင်တွေ့ခဲ့ဖူးသော စိတ်ဝိညာဥ်ရေကန်ကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

နှစ်ပေါင်းတစ်ရာကျော်ကုန်ဆုံးခဲ့ပြီး အပျက်အစီးပုံအောက်ရောက်ရှိနေတာတောင် စိတ်ဝိညာဥ်ရေကန်က ခမ်းခြောက်သွားခြင်း မရှိသေးပေ။

ကျေနပ်နှစ်ခြိုက်သွားပြီး ဆူဇီမိုက စိတ်ဝိညာဥ်ရေကန်အတိုင်းလျှောက်လှမ်း၍ မကြာခင် လျှို့ဝှက်လမ်းကြောင်းကိုရှာဖွေတွေ့ရှိသွားလေသည်။ သူက ခဏမျှ စဥ်းစားချင့်ချိန်ပြီးနောက် စိတ်ဝိညာဥ်ရေကန်အထက်ရှိ အပျက်အစီးပုံများကို ဖယ်ရှားရှင်းလင်းခြင်းမပြုလုပ်ပေ။

ထိုအစား သူက ဓမ္မစွမ်းအားခန္ဓာကိုယ်ကို ပယ်ဖျက်စေပြီး အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်ကို အလင်းတန်းတစ်ခုအသွင်ပြောင်းလဲ၍ အပျက်အစီးပုံထဲတွင် လက်မောင်းလုံးလောက်ရှိသော ဥမင်လမ်းကြောင်းတစ်ခုကိုဖန်တီးကာ မြေအောက်ထဲသို့ တိုးဝင်လိုက်လေသည်။

မြေအောက်နန်းတော်က ပြိုကျသွားခဲ့ပြီဖြစ်သော်လည်း အဲ့ဒါက စိတ်ဝိညာဥ်ရေကန်ပေါ်သို့ ပိကျနေခြင်းမရှိပေ။ ထိုအစား အဲ့ဒီမှာ နေရာလွတ်တစ်ခုကျန်ရှိနေခဲ့လေသည်။

ဆူဇီမိုသည် လျှို့ဝှက်လမ်းကြောင်းကိုရှာဖွေတွေ့ရှိသွားပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အောက်သို့ခုန်ဆင်းလိုက်လေသည်။

သိပ်မကြာမီ သူသည် မြေအောက်အနက်ပိုင်းထဲသို့ ရောက်ရှိလာခဲ့လေသည်။

သူ၏ဓမ္မစွမ်းအားခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီး ဆူဇီမိုသည် ရှေ့သို့ လျှောက်လှမ်းလိုက်လေသည်။ သိပ်မကြာမီ သူ၏မျက်လုံးက ဝင်းလက်သွားပြီး သူ၏မြင်ကွင်းက အနီရောင်အဖြစ် ပြောင်းလဲသွားလေသည်။

အပူလှိုင်းများက တလိပ်လိပ်တက်လာနေလေသည်။

ဆူဇီမိုသည် ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့စဥ်က သူသည် ရွှေအမြုတေအဆင့်သာရှိသေးပြီး အပြင်ဘက်တွင်ရှိသော အပူချိန်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။ သူက ကာကွယ်ရေးအဆောင်များကိုပင် အသုံးပြုခဲ့ရလေသည်။

သို့သော် ယခုအခါမှာတော့ သူသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်နေခဲ့လေပြီ။

သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးထားသော်လည်း သူ၏ ဓမ္မစွမ်းအားခန္ဓာကိုယ်သည် ချော်ရည်၏အပူချိန်ကို ခံနိုင်ရည်ရှိလေသည်။

ကျောက်သားနံရံတစ်လျှောက် ကွေ့ပတ်၍ လျှောက်လှမ်းလာပြီးနောက် ဆူဇီမိုသည် ထောင့်ချိုးတစ်ခုကို ဖြတ်ကျော်ကာ ချော်ရည်ပြင်ထဲတွင် အတော်အတန်ကြီးမားသည့် ကုန်းမြေတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

အရင်တုန်းက မြေခွေးလေးအမေ၏ အလောင်းသည် ထိုနေရာမှာ ရှိခဲ့လေသည်။ နောက်ပိုင်းတွင်မြေခွေးလေးက သူမထွက်မလာခင် သူမအမေ၏ အလောင်းကို ချော်ရည်ထဲသို့ တွန်းချကာ ဤနေရာတွင် မြှုပ်နှံပေးခဲ့သည်ဟု သူကြားသိခဲ့ရလေသည်။

ဆူဇီမိုက ရှေ့သို့ ဆက်လှမ်းလာခဲ့လေသည်။

မြေအောက်လှိုဏ်ဂူသည် ချော်ရည်ပြင်နှင့်အတူ တဖြည်းဖြည်းအပေါ်သို့ မြင့်တက်လာပြီး အပူချိန်ကလည်း အဆက်မပြတ် မြင့်မားလာခဲ့လေသည်။

တဖြည်းဖြည်းနှင့် ရှေ့မလှမ်းမကမ်း ချော်ရည်မျက်နှာပြင်ပေါ်တွင် ခပ်ဖျော့ဖျော့ ရွှေရောင်များလွင့်မျောနေသည်ကို ဆူဇီမိုက သတိထားမိလိုက်လေသည်။

သူက အဲ့ဒီကို ရောက်လုနီးပါး ဖြစ်လာခဲ့လေပြီ။

အချိုးအကွေ့အနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် ဆူဇီမိုသည် သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။

သူ၏ရှေ့တွင် ကြီးမားသည့် မီးတောင်တစ်လုံးရှိနေလေသည်။

ရွှေရောင်ချော်ရည်များသည် မီးတောက်နှုတ်ခမ်းဝကနေ ပန်းထွက်လာနေပြီး ချောက်ချားဖွယ်ရာအော်ရာတစ်ခုနှင့် ချစ်ချစ်တောက်အပူလှိုင်းများကို ဖြာထုတ်ပေးနေလေသည်။

ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်၍ သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။

ထူးဆန်းလေသည်....

ရွှေရောင်ချော်ရည်များ၏ အပူချိန်သည် မြင့်မားနေလျှင်တောင် သူ၏လက်ရှိကျင့်ကြံမှုအဆင့်အရ ၎င်းကို အလွယ်တကူကိုင်တွယ်ဖြေရှင်းနိုင်လေသည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ မီးတောက်ရှေ့တွင်ရပ်နေစဥ် သူသည် ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာခဲ့လေသည်။

ဆူဇီမိုသည် ဖြည်းဖြည်းချင်းကြွတက်၍ မီးတောင်နှုတ်ခမ်းဝအနီးသို့ ရောက်ရှိလာခဲ့လေသည်။ သူသည် တလိပ်လိပ်ပန်းထွက်လာသော ချော်ရည်များကို ငုံကြည့်လိုက်လေသည်။

သူသည် အတန်ကြာစိုက်ကြည့်နေသော်လည်း မည်သည့်အရာကိုမှ ရှာဖွေမတွေ့ရှိနိုင်ပေ။

သို့သော်လည်း သူ့ရင်ထဲရှိ တလှပ်လှပ်ခံစားချက်ကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ဆူဇီမိုက သူ၏အရိုးများနှင့် ခန္ဓာကိုယ်ကို ဤနေရာမှာ မီးဆေးတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ဆူဇီမိုသည် သိုလှောင်အိတ်ကိုဖွင့်ပြီး အထဲတွင်ရှိသော ထိပ်တန်းအဆင့် စိတ်ဝိညာဥ်ပစ္စည်းများစွာကို ကြည့်ကာ သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်လေသည်။ သူက စိတ်ထဲကနေ သက်ပြင်းချ၍ အတွေးထဲမှာနစ်မျောသွားခဲ့လေသည်။

သူသည် အကောင်းဆုံးစိတ်ဝိညာဥ်ပစ္စည်းများနှင့်အတူ သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်မည်ဆိုလျှင်တောင် သူ၏ ခန္ဓာကိုယ်သည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး နဂါးသွေးကိုသောက်ကာ နတ်ဖီးနစ်အရိုးကို ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်နှင့် သေချာပေါက် နှိုင်းယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

သူ၏ နဂါးမျိုးနွယ်အစစ်အမှန်ခန္ဓာကိုယ်၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျသွားလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဤဘက်ခြမ်းတွင် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးလျှင်တောင် သူ၏တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျသွားပေလိမ့်မည်။

သူ၏ မူပိုင်ဓမ္မလက်နက် ဖန်တီးခြင်းကြာပဒုမ္မာပင်လျှင် ကြေမွပျက်စီးသွားရလေသည်။

ဆူဇီမိုသည် သက်ပြင်းထပ်ချ၍ သူ၏သိုလှောင်အိတ်ထဲရှိ အစိမ်းရောင်ကြာရိုးများနှင့် ကြေမွနေသော ကြာရွက်များကို ကြည့်လိုက်လေသည်။

တဖြည်းဖြည်း... ဆူဇီမို၏ မျက်လုံးထဲတွင် အလင်းရောင်ခပ်ပါးပါးက တောက်ပလာခဲ့လေသည်။

ရဲတင်း၍ ရူးသွပ်စရာကောင်းသောအတွေးတစ်ခုက သူ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

အစကတော့ သူသည် ဆရာအဆုံးစွန်မီး သူ့အားပေးခဲ့သော စိတ်ဝိညာဥ်ပစ္စည်းများစွာကိုအသုံးပြုပြီး သူ၏ခန္ဓာကိုယ်ကို မီးဆေးတည်ဆောက်ချင်လေသည်။

သို့သော်လည်း အကောင်းဆုံးစိတ်ဝိညာဥ်ပစ္စည်းများပင်လျှင် ဖန်တီးခြင်းကြာပဒုမ္မာကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

ကြေမွသွားသော ကြာရိုးများနှင့် ကြာရွက်များပင်လျှင် ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ပစ္စည်းများထက် များစွာပို၍သန်မာလေသည်။

ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး သီယင်းနှင့်အခြားသော မည်ကာမတ္တတပည့်များကို သတ်ဖြတ်ပြီးနောက် ရရှိလာခဲ့သော မူလဓမ္မလက်နက်များစွာကို ထုတ်ကြည့်လိုက်လေသည်။

ကြာရိုးများက သူ၏အရိုးများဖြစ်လာပြီး ကြာရွက်များက သူ၏အရေပြား ဖြစ်လာနိုင်လေသည်။

သူက ဤမူလဓမ္မလက်နက်များကိုပါ ထပ်ပေါင်းထည့်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးသည်နှင့် ၎င်း၏ မာကြောခက်ထန်မှုက မူလတာအိုအရှင်ဓမ္မလက်နက်များနှင့် နှိုင်းယှဥ်လာနိုင်ပေလိမ့်မည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကိုယ်...

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် တည်ဆောက်နိုင်မည်ဆိုလျှင် သူ၏တိုက်ခိုက်ရည်ခွန်အားက လုံးဝလျော့ကျသွားလိမ့်မည် မဟုတ်ပေ။

All Chapters