ပညာရှင်တစ်ယောက် နိုးထလာခြင်း
Vol. 71 Ch. 1064
“ကစဉ့်ကလျားအမြုတေဂိုဏ်းက ဂျူနီယာတွေက တော်တော်အားနည်းလာတာပဲ... သူတို့က အမွေအနှစ်ဓမ္မလက်နက်တွေကိုတောင် မကာကွယ်နိုင်တော့ဘူး”
လေထဲရှိ ပုံရိပ်ယောင်က အေးစက်စက် အကြည့်နှင့်အတူ ငေါက်ငမ်းလိုက်လေသည်။
သူက ဘာပဲပြောပြော.. အကြွင်းအကျန် အသိစိတ်တစ်ခုမျှသာဖြစ်ပြီး သူ၏နောက်ဘက်ရှိ ရွှေရောင်ချော်ရည်များ ပန်းထွက်နေသော မီးတောင်ထဲကနေ ခေါင်းတလားတစ်ခု လွင့်မျောပေါ်ထွက်လာသည်ကို သူက သတိမထားမိပေ။
“ကစဉ့်ကလျားအမြုတေခေါင်းလောင်းက ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်လာပြီး လှိုဏ်ဂူထဲမှာ မြုပ်နှံခံရမယ်ဆိုရင်တောင် အဲဒါက အပြင်လူတွေ လက်ထဲကိုတော့ ရောက်သွားလို့ မဖြစ်ဘူး”
မှင်သေသေ အမူအရာတစ်ခုနှင့်အတူ ပုံရိပ်ယောင်က ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ဂျူနီယာ.. သေပေတော့”
ပုံရိပ်ယောင်က သူ၏လက်ကြီးကို ဆန့်ထုတ်ပြီး ဆူဇီမိုထံသို့ ဖမ်းဆွဲလိုက်လေသည်။
ရုတ်တရက်ဆိုသလို..
လှိုဏ်ဂူထဲကနေ ကျယ်လောင်သော မြည်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
စိတ်အားညိုးငယ်နေသော ဆူဇီမိုပင်လျှင် တုန်လှုပ်သွားရလေသည်။
ဘုန်း..
တစ်စုံတစ်ရာက ပေါက်ကွဲထွက်ပေါ်လာသည့်အတိုင်းပင်။
အဲဒီနောက် ချက်ချင်းပင် ကြီးမားသည့် ရွှေရောင်ချော်ရည်လှိုင်းလုံးတစ်လုံးသည် ဆူနာမီကဲ့သို့ ကျဆင်းလာပြီး လေထဲရှိ ပုံရိပ်ယောင်ကို ဆွဲယူနှစ်မြုပ်လိုက်လေသည်။
ဇီ.. ဇီ..
ပုံရိပ်ယောင်၏ စွမ်းအားသည် ကြောက်စရာကောင်းသော်လည်း အဲဒါက ချော်ရည်များကနေ ဖြစ်ပေါ်လာသော ဧရာမလှိုင်းလုံး၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။ တစ်ခဏအတွင်းမှာပင် အဲဒါက ဘာမှမကျန်အောင် ပျက်ပြယ်ပျောက်ကွယ်သွားခဲ့လေသည်။
ဆူဇီမိုသည် တစ်ခဏအတွင်း သူ့ကို ဆွဲယူနှစ်မြုပ်တော့မည့် ချော်ရည်လှိုင်းလုံးကို ငေးကြည့်နေရင်း တုန်လှုပ်နေလေသည်။
ရုတ်တရက်ဆိုသလို..
အဲဒါသည် စွမ်းအား တစ်စုံတစ်ရာ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည့်အလား ချော်ရည်လှိုင်းသည် လေထဲမှာ ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ပျက်ပြယ်သွားခဲ့လေသည်။
အဲဒီနောက် ဆူဇီမို၏ မျက်လုံးက ပြူးကျယ်သွားခဲ့လေသည်။
သူ၏ ရှေ့တည့်တည့်တွင် မီးတောင်၏ နှုတ်ခမ်းဝကနေ ကြည်လင်နေသော ခေါင်းတလားတစ်ခုက လွင့်မျောပေါ်ထွက်လာခဲ့လေသည်။ ခေါင်းတလား၏ အဖုံးက ကြေမွပျက်စီးသွားပြီး အပိုင်းအစများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားလေသည်။
ခေါင်းတလားအတွင်းတွင်.. ပြိုင်ဘက်ကင်းအောင် လှပသော အမျိုးသမီးတစ်ယောက်က ဖြည်းဖြည်းချင်း ထထိုင်လာလေသည်။ သူမ၏ ပုံရိပ်က အလွန်တရာ ကျက်သရေရှိ၍ အပြစ်ဆိုစရာ မရှိပေ။
ပြိင်ဘက်ကင်း ချောမောလှပသော အမျိုးသမီးသည် ယခုတင် အိပ်ရာမှနိုးလာသည့်အလား ပျင်းရိလေးတွဲသော အမူအရာတစ်ခု ရှိနေလေသည်။ သူမက သူမ၏နဖူးကို ညင်သာစွာ သပ်၍ အနက်ရောင် ဆံကေသာများကို သူမ၏ပခုံးပေါ်သို့ ရေတံခွန်တစ်ခုအလား ဖြာကျသွားစေလေသည်။ သူမသည် ဖမ်းစားနိုင်သော ညို့ငင်ဓာတ်တစ်ခုကို ဖြာထုတ်ပေးနေပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းလောက်အောင် လှပနေလေသည်။
အမျိုးသမီးသည် မျက်မှောင် အနည်းငယ်ကြုတ်ရင်း သူမ၏ လှပသော မျက်လုံးများက အနည်းငယ် ငေးငိုင်နေလေသည်။
ဤကဲ့သို့ သေးငယ်သော ပြုမူလှုပ်ရှားမှုတစ်ခုကပင်လျှင် ဖော်မပြတတ်သော အလှတရားကို ပိုင်ဆိုင်ထားလေသည်။
တစ်ခဏကြာသည်အထိ ဆူဇီမိုက အသက်ရှူဖို့ပင် မေ့လျော့နေလေသည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်အရောက်အထိ ဆူဇီမိုသည် အမျိုးသမီးများစွာကို မြင်တွေ့ခဲ့ဖူးလေသည်။ ကျိယောင်ရွှယ်သည် မြင့်မြတ်ထည်ဝါ၍ ကြော့ရှင်းမှုရှိလေသည်။ နတ်ဆိုးမကျိက တစ်မူထူးခြားအောင် ချစ်စရာကောင်းလေသည်။ လမ့်ရိုက အေးစက်၍ နေပုံထိုင်ပုံ အဆင့်မြင့်မားလေသည်။ သူတို့အားလုံးသည် ဤလောကရှိ ထိပ်တန်းအချောအလှများ ဖြစ်ကြလေသည်။
သို့သော်လည်း သူ့ရှေ့မှ ဤအမျိုးသမီးနှင့် နှိုင်းယှဉ်လျှင် သူတို့အားလုံးက အနည်းငယ် နိမ့်ကျသွားလေသည်။
နတ်ဆိုးမကျိ၏ ညို့ငင်ဖမ်းစားမှု နည်းစနစ်များပင်လျှင် ဤအမျိုးသမီး၏ရှေ့မှာ နိမ့်ကျသွားသည်ဟု ထင်ရလေသည်။
ဤအမျိုးသမီး၏ တည်ရှိမှုကပင် လောကကို ကိုင်လှုပ်နိုင်လေသည်။
စောစောက ချော်ရည်လှိုင်းကို ဤအနှိုင်းမဲ့အလှဧကရီက ထုတ်ဖော်ခဲ့သည်မှာ သိသာလေသည်။
ဆူဇီမိုသည် အသက်ဘေးမှ ကယ်တင်ခံရပြီးနောက် သူ၏ကျေးဇူးတင်မှုကို ချက်ချင်းပင် ထုတ်ဖော်ပြသသင့်လေသည်။
သို့သော်လည်း ဤအမျိုးသမီး၏ ရုတ်တရက် ပေါ်ထွက်လာမှုနှင့် သူမ၏ အပြုအမူက တုန်လှုပ်စရာကောင်းလွန်းနေပြီး သူက နေရာမှာပင် အေးခဲရပ်တန့်နေမိလေသည်။
ချက်ချင်းပင် သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများက ဝင်ရောက်လာခဲ့လေသည်။
ဤအမျိုးသမီးက ဘယ်သူပါလိမ့်..။
သူမက ဤနေရာမှာ ဘာကြောင့်ရှိနေတာလဲ..။
သူမက ဤနေရာကို ဘယ်အချိန်ကတည်းက ရောက်နေခဲ့တာလဲ..။
သူမရဲ့ ကျင့်ကြံမှုအဆင့်ကရော ဘာလဲ..။
ရုတ်တရက် ဆူဇီမို၏ စိတ်ထဲတွင် အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာလေသည်။
သူသည် ဤအမျိုးသမီးကို အရင်က တွေ့မြင်ခဲ့ဖူးပုံရလေသည်။
အတိအကျပြောရလျှင် သူက သူမ၏ ပုံရိပ်ကို ဝိုးတဝါး မြင်တွေ့ခဲ့ဖူးလေသည်။
အဲဒါသည် လွန်ခဲ့သည့် နှစ်တစ်ရာကျော်က သူသည် မဟာချွမ်အပျက်အစီး၏ မြေအောက်နန်းတော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်ကဖြစ်ပြီး အထက်တွင်ရှိသော စိတ်ဝိညာဉ်ရေကန်ကို ရှာဖွေနေခဲ့လေသည်။
စိတ်ဝိညာဉ်ရေကန်၏ အလယ်တွင် ပန်းပွင့်များက ဖူးပွင်လာခဲ့လေသည်။
စမ်းရေများက အရှိန်အဟုန်ဖြင့် စီးနေပြီး မှုန်ရီဝေဝါးသော မြူခိုးများကို ဖြန့်ကြက်လာစေလေသည်။
မှုန်ရီဝေဝါးသော မြူခိုးများကြားတွင် ပန်းပွင့်များအပေါ်တွင် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့ခဲ့ရသည်ဟု သူက ထင်လေသည်။ သူမက ကြော့ရှင်းလှပပြီး ညို့ငင်ဓာတ်ပြည့်ဝသော ကိုယ်နေဟန်ထားရှိလေသည်။
သူသည် မျက်လုံးကို မှိတ်ပြီး တစ်ဖန်အာရုံစိုက်ကြည့်သောအခါ ပန်းပွင့်များအပေါ်တွင် မည်သည့်အရာကိုမှ မတွေ့မြင်ရတော့ပေ။
ယခု သူက အဲဒါကို ပြန်လည်စဉ်းစားမိသောအခါ ထိုပန်းပွင့်များပေါ်ရှိ အမျိုးသမီးသည် သူ့ရှေ့မှာ ဤအနှိုင်းမဲ့အလှဧကရီနှင့် အတိအကျ တူညီနေသည်ကို တွေ့ရှိလိုက်ရလေသည်။
သူ့ရှေ့မှ အမျိုးသမီးသည် လွန်ခဲ့သည့် နှစ်တစ်သောင်းက ပညာရှင်တစ်ယောက်များ ဖြစ်နေမလား..။
ဆူဇီမို၏ စိတ်ထဲသို့ ထိုအတွေး ဝင်ရောက်လာပြီးနောက် သူက ပို၍ပင် တုန်လှုပ်သွားရလေသည်။
ထိုစဉ်မှာပင် အမျိုးသမီးက ခပ်ယဲ့ယဲ့ သက်ပြင်းချလိုက်လေသည်။
“ဪ.. နှစ်တစ်သောင်းတောင် ကြာသွားပါရောလား…”
အမျိုးသမီး၏ အသံက အရမ်းကို ချိုသာနေလေသည်။
ဆူဇီမို၏ စိတ်ထဲတွင် ရယ်စရာကောင်းသည့် အတွေးတစ်ခုက ဝင်ရောက်လာခဲ့လေသည်။ ဤအမျိုးသမီး၏ စကားပြောဆိုတာကို နားထောင်နိုင်သည်ကပင် ကောင်းချီးပေးခံရခြင်း ဖြစ်နေပြီဟု သူက ခံစားရလေသည်။
တစ်ချိန်တည်းမှာပင်.. ထိုသက်ပြင်းချသံက ဆူဇီမို၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်လေသည်။
အမျိုးသမီးက ဝတ်လစ်စားလစ်ဖြင့် ခေါင်းတလားထဲကနေ ဖြည်းဖြည်းချင်း ထရပ်လာလေသည်။
ဆူဇီမိုက အလိုလို သူ၏အကြည့်ကို လွှဲလိုက်မိလေသည်။
သူမက အရမ်းကို လှပပြီး သူမကို တိုက်ရိုက်ကြည့်ရှုခြင်းက ရိုင်းပျရာကျသည်ဟု သူက ခံစားရလေသည်။
ပေါ့ပါးသော ခြေလှမ်းနှင့်အတူ သူမသည် ဆူဇီမို၏ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ခပ်ဖျော့ဖျော့ မွှေးရနံ့က လွှမ်းခြုံလာပြီး ဆူဇီမိုသည် သူ၏ခေါင်းကို မော့ကြည့်ရဲခြင်း မရှိပေ။ သူသည် အမျိုးသမီး၏ ချောမွေ့၍ ဖြူဖွေးနေသော ခြေတံကိုသာ ငေးကြည့်နေပြီး သူ၏စိတ်ထဲမှာ အပြစ်သားတစ်ယောက်လို ခံစားနေရလေသည်။
သူက သူမကို သတိပေးတော့မည့်ဆဲဆဲမှာပင် အမျိုးသမီး၏ အသံက တစ်ဖန်ထွက်ပေါ်လာခဲ့လေသည်။
“နင်က ဒီနေရာကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကလည်း ရောက်လာသေးတယ်မလား”
“အာ..”
ခဏမျှ ကြောင်အနေပြီးနောက် ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်ပါတယ်”
“နင်က မြေခွေးလေးကို ကယ်တင်ခဲ့တာ ငါ ခပ်ရေးရေး မှတ်မိသေးတယ်”
အမျိုးသမီးက ဆက်ပြောလိုက်လေသည်။
“ဟုတ်ကဲ့”
ဆူဇီမိုက ပြန်ဖြေလိုက်လေသည်။
“သူမက ဘယ်မှာလဲ.. သူမက နင့်ရဲ့ဘေးမှာ ဘာလို့ မရှိတာလဲ.. နင်က သူမကို ဂရုမစိုက်ဘူးလား”
အမျိုးသမီးက မေးလိုက်လေသည်။ ဆူဇီမိုသည် သူ၏ခေါင်းကို မော့ကြည့်ခြင်း မရှိသော်လည်း သူမ၏လေသံက မကျေနပ်မှု တစ်စွန်းတစ်စကို ပြသနေလေသည်။
“မြေခွေးလေးက သားရဲတစ်ထောင်တောင်ကြားမှာ ဘေးကင်းလုံခြုံနေပါတယ်”
ဆူဇီမိုက ခါးသက်စွာဖြင့် ပြုံးလိုက်လေသည်။
“သူမကသာ ကျုပ်ဘေးမှာရှိနေရင် သူမက ကံကြမ္မာဆိုးကနေ လွတ်မြောက်နိုင်မှာ မဟုတ်လောက်ဘူး”
သူ၏ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး တစ်ကိုယ်တော်တိမ်စိုင်ကလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့လေသည်။ မြေခွေးလေးသာ သူ့နောက်သို့ လိုက်လာခဲ့မည်ဆိုလျှင် သူမက အသက်ရှင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
“အင်း..”
အမျိုးသမီးက ခဏမျှ စဉ်းစားပြီးနောက်.. ဆူဇီမိုကို ချန်ထားရစ်ခဲ့လေသည်။
“စီနီယာ..”
အမျိုးသမီးသည် အဲဒါကို သတိမမူမိဆဲဖြစ်သည်ကို မြင်သောအခါ ဆူဇီမိုသည် သူ၏ခေါင်းကိုမော့၍ လှမ်းအော်ခေါ်လိုက်လေသည်။
“အင်း..”
အမျိုးသမီးက သူ၏ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ပြီး သူမ၏ ပြီးပြည့်စုံသော ဘေးတိုက်သွင်ပြင်ကို ထုတ်ဖော်ပြသလိုက်လေသည်။
“စီနီယာ.. ခင်ဗျားရဲ့..”
ဆူဇီမိုက ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ဘယ်ကနေ စပြောရမလဲမသိ ဖြစ်နေလေသည်။ အမျိုးသမီးသည် ခဏမျှ ကြောင်အသွားပြီးနောက် လျင်မြန်စွာပင် နားလည်သွားခဲ့လေသည်။
“သေစမ်း..”
သူမက ညင်သာစွာ ငေါက်ငမ်း၍ သူမ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားလေသည်။
ရုတ်တရက် သူမက ဆူဇီမို၏ရှေ့မှာ ပေါ်ထွက်လာပြီး သူမ၏ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်၍ ဆူဇီမို၏ မျက်လုံးနှစ်ဖက်ကို ချိန်ရွယ်လိုက်လေသည်။
သူမက သူ၏မျက်လုံးနှစ်ဖက်ကို ဖောက်ထုတ်ချင်လေသည်။
အဲဒါက မြန်ဆန်လွန်းလေသည်။
ဆူဇီမိုက လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိပေ။
သူ၏ အမြင်အာရုံက ဝေဝါးသွားပြီး ချောမောလှပသော မျက်နှာတစ်ခုက သူ့ရှေ့မှာ ပေါ်ထွက်လာခဲ့လေပြီ။
အမျိုးသမီး၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုနှင့် ဒေါသက ရောထွေးနေပြီး သူမ၏ ဆန့်ထုတ်ထားသော လက်ချောင်းက သူ၏မျက်လုံးရှေ့မှာ မလှုပ်မယှက် ရစ်ဝဲနေလေသည်။
ခဏမျှ ရပ်တန့်ပြီးနောက်.. အမျိုးသမီးသည် သူ၏လက်ချောင်းကို ဖြည်းဖြည်းချင်း ရုတ်သိမ်းလိုက်လေသည်။ သူမသည် ဆူဇီမိုက အစစ်အမှန်မျက်လုံး မရှိဘဲ ဓမ္မစွမ်းအားခန္ဓာကိုယ်တစ်ခုသာဖြစ်သည်ကို နားလည်သွားသောကြောင့်လား.. သို့မဟုတ် သူမက တခြားတစ်စုံတစ်ရာကို တွေးမိသွားသောကြောင့်လား မပြောတတ်ပေ။
“ငါက နင့်ရဲ့ ဒီမျက်လုံးတွေကို အရင်ဆုံး ချန်ထားပေးခဲ့ဦးမယ်”
အမျိုးသမီးက အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“နင့်ရဲ့ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ပြီးရင်တော့ ငါက အဲဒီမျက်လုံးနှစ်လုံးကို လာဖောက်ထုတ်ပစ်မယ်”
ထိုသို့ပြောပြီးသည်နှင့် အမျိုးသမီးသည် ဝတ်ရုံတစ်ထည်ကို ဆွဲထုတ်ကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ဆူဇီမို၏ရှေ့ကနေ တစ်မုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။ ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုကသာလျှင် ကျန်ရစ်ခဲ့လေသည်။