အခန်း (၁၁)
Vol. 1 Ch. 11
မြစ်ပန်းမြို့၊ ဆင်းရဲသားရပ်ကွက်၏ ယိုယွင်းနေသော တဲအိမ်လေးထဲတွင် ကောင်လေးတစ်ယောက်သည် ကြမ်းပြင်ပေါ်သို့ မျက်နှာအပ်လျက် လဲကျနေ၏။
Ace၏ အလွန်လေးလံနေသော မျက်ခွံများကို ဖွင့်လိုက်သည်။ သုံးရက်လုံးလုံး မေ့လဲနေခဲ့ပြီးနောက် သူ့မျက်လုံးများ မှုန်ဝါးနေ၏။ နောက်ဆုံးတွင် သူခွန်အားများ ပြန်ရရှိလာပြီ ဖြစ်သော်လည်း သူ့ဝမ်းဗိုက်မှ နာကျင်နေသေးပေသည်။ သူဒါဏ်ရာရနေသေးသည်မှာ ထင်ရှားသော်လည်း အရင်ကထက် အများကြီး ပိုသက်သာလာပြီ ဖြစ်သည်။
ထို့နောက် သူ၏ အာရုံခံစားမှုများကိုလည်း ပြန်လည်ရရှိလာကာ အလွန်အမင်းဗိုက်ဆာမှုကို ခံစားရ၏။ သို့သော်လည်း ထိုအရာကို သူဂရုမစိုက်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် Alina သည် ပျောက်နေဆဲဖြစ်ပြီး သူမကို ရှာရဦးမည်။ မဟုတ်လျှင် သူမသေသွားလိမ့်မည်။ သူမ၏ အခြေနေကို သူမှလွှဲ၍ မည်သူမှ ရှင်းရှင်းလင်းလင်း မသိကြပေ။
Ace လျင်မြန်စွာ ထရပ်ရန် ကြိုးစားလိုက်သည်။ ထရပ်နိုင်တော့မည့်အချိန်တွင် သူ၏အတွင်းပိုင်းဒါဏ်ရာများကြောင့် နာကျင်စွာ နောက်ပြန်လဲကျသွားသည်။ နောက်တစ်ကြိမ် ထပ်မံ၍ ကြိုးစားထရပ်တော့မည့်အချိန်တွင် အနက်ရောင်အိတ်နှင့် အထဲတွင် ခေါက်ထားသော စာတစ်စောင်ကို တွေ့လိုက်ရသည်။ ထိုဘေးတွင် သပ်ရပ်စွာ ခေါက်ထားသော စောင်နှစ်ထည်လည်းရှိနေ၏။
ထိုညက သူပြန်လာသောအချိန်တွင် ထိုအိတ်နှင့်စာကို မတွေ့ခဲ့ပေ။ Alina ပျောက်ကွယ်သွားတာကြောင့် ထိတ်လန့်ပြီး သူ မတွေ့ခဲ့တာ ဖြစ်မည်။ ယခု သူခေါင်းကြည်လာတာကြောင့် ၎င်းတို့ကို အလွယ်တကူ ရှာတွေ့နိုင်ခဲ့သည်။
‘အဲ့တာ ဘာတွေလဲ?’ စိတ်ရှုပ်ထွေးစွာဖြင့် ထိုနေရာသို့ ဖြည်းဖြည်းချင်းသွားလိုက်သည်။ ထို့နောက် အနက်ရောင်အိတ်နှင့်စာကို ယူလိုက်သည်။
အနက်ရောင်အိတ်သည် အခြားပုံမှန်ပိုက်ဆံအိတ်များလို လက်တစ်ဖဝါးစာ အရွယ်ရှိသည်။ အိတ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် အထဲတွင် တောက်ပနေသော ပတ္တမြားဒင်္ဂါး ၁၀ပြားကို တွေ့လိုက်ရတာကြောင့် ထိတ်လန့်သွားသည်။
‘ဒီလောက်များတဲ့ပိုက်ဆံတွေ ဘယ်ကရောက်လာတာလဲ’ ထိုပိုက်ဆံများကို သူဂရုမစိုက်ပေ။ ခေါက်ထားသော စာကို အမြန်ဖွင့်ကြည့်လိုက်သည့်အခါ Alina ၏ အလွန်လှပစွာရေးထားသော စာကို တွေ့ရသည်။
“အစ်ကိုကြီး Ace တောင်းပန်ပါတယ်။ ညီမလေးဖိုးဖိုးနဲ့အတူ အမြန်ထွက်သွားရတော့မယ်။ ဖိုးဖိုးက ညီမလေးကို လာခေါ်ပြီး ညီမလေးရဲ့မိဘတွေဆီ ပြန်ရတော့မယ်လို့ ပြောတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဖိုးဖိုးက ညီမလေးကို အဖြူရောင်းဆေးတစ်လုံးပေးတယ်။ အဲ့တာကို သောက်ပြီးတဲ့နောက် အခု အကုန်သက်သာသွားပြီ။ အဲ့တာကြောင့် ညီမလေးအတွက် စိတ်ပူမနေနဲ့တော့။ ပြီးတော့ ညီမလေးမရှိတော့လို့ ဝမ်းနည်းမနေနဲ့နော်။ ဟုတ်ပြီလား။ အစ်ကိုကြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ အနာဂတ်မှာ ညီမလေး ကြီးလာတဲ့အခါ အစ်ကိုကြီးကို ပြန်လာတွေ့ပါ့မယ်။ အစ်ကိုကြီးကို လွမ်းနေမယ်။ နှုတ်ဆတ်ပါတယ်။ Alina မှ..”
Alina မှ Ace အတွက်ထားခဲ့သောစာကို သူဖတ်ပြီးနောက် စိတ်တင်းကြပ်နေမှုများ ပြေလျော့သွားသည်။ ထို့နောက် စိတ်သက်သာရာရမှုကြောင့် သက်ပြင်းချလိုက်သည်။ စာရွက်ပေါ်တွင် ကြမ်းတမ်းသော အစက်အပြောက်များကို သူတွေ့ရသည်။
‘သူမစာရေးနေတုန်း ငိုနေခဲ့တာလား?’
သူတစ်ခုခုကို တွေးလိုက်သည့်အခါ အမှုမဲ့အမှတ်မဲ့ဖြင့် မျက်ရည်စီးကြောင်းနှစ်ခုသည်လည်း Ace ၏ မျက်နှာပေါ်တွင် ကျဆင်းလာ၏။ ‘အဲ့တော့ သူမက သူမရဲ့မိဘတွေနဲ့ ပြန်တွေ့ဖို့အတွက် ဒီကနေ ထွက်သွားခဲ့ပြီ။ အဲ့တာလည်း ကောင်းပါတယ်လေ။ သူမကိုလာခေါ်တဲ့အဖိုးက သူမရဲ့ သွေးနိုးထခြင်းအကြောင်းကို သိတယ်ဆိုတော့ သူ့မှာ အထူးဆေးရှိတယ်လို့ ဆိုလိုတာပဲ။ သူလည်း မုဆိုးတစ်ယောက်ဖြစ်မယ်ထင်တယ်’
Ace သည် အလွန်ဉာဏ်ကောင်းသော ကောင်လေးတစ်ယောက်ဖြစ်တာကြောင့် သဲလွန်စအနည်းငယ်နှင့်ပင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သိသွားလေပြီ။
‘ဒါပေမယ့် ဘာလို့သူမက ငါ့ကို လူကိုယ်တိုင် နှုတ်ဆက်စကား မပြောခဲ့ရတာလဲ။ သူမထွက်သွားမှာကို ငါတားမှာ မဟုတ်ပါဘူး။’ ထိုအချက်ကို သူအလွန် စဉ်းစားရခက်သွားသည်။ '’သူမအဆင်ပြေဖို့အရေးကြီးဆုံးပါပဲလေ’ သူမျက်လုံးများတွင် အထီးကျန်မှုများထင်ဟပ်နေကာ သက်ပြင်းချလိုက်သည်။
ယခုတွင်သူသည် အလုံးစုံ တည်ငြိမ်နေပြီဖြစ်ပြီး ပတ္တမြားဒင်္ဂါးပြားများပါရှိသော အနက်ရောင်အိတ်ကို စိုက်ကြည့်လိုက်သည်။ ‘သူမငါ့အတွက်ပိုက်ဆံအများကြီးချန်ထားခဲ့ပေးတာပဲ။ အရင်တုန်းက ငါသာဆိုရင်တော့ ငါ့ဘဝတစ်ခုလုံးကို ဒီပိုက်ဆံတွေနဲ့ သက်သောင့်သက်သာနေထိုင်သွားမှာ ဆိုပေမယ့်လည်း အခုတော့ ဟက်...’ သူညင်သာစွာရယ်မောလိုက်သည်။
ထို့နောက် ပိုက်ဆံအိတ်ကို သူ၏အိတ်ထောင်ထဲသို့ ထည့်လိုက်ကာ စားဖို့တစ်ခုခုရှာရန် ထွက်သွားတော့မည့်အချိန်တွင် စောင်နှစ်ထည်ကြားမှ အဖုအထစ်လေးများကိုတွေ့လိုက်ရသည်။ ထိုကြားတွင် တစ်ခုခုရှိနေပုံရသည်။ ထို့ကြောင့် သူစောင်ကိုမလိုက်သည့်အခါ ကျောက်တုံးတစ်ခုရှိနေပြီး ထိုအောက်တွင် အခြားစာတစ်စောင်ကိုတွေ့လိုက်ရသည်။
‘ဘာလို့ ဒီစာကို ဒီမှာ ဖွက်ထားရတာလဲ။ ဒီကျောက်တုံးကြောင့်သာမဟုတ်ရင် ငါသတိထားမိမှာ မဟုတ်ဘူး။’ သူမျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် စာကိုကောက်ယူလိုက်ကာ ဖွင့်လိုက်သည်။
ထိုစာထဲတွင် အလီနာနဲ့လုံးဝခြားနားသော စာအရေးအသားကို တွေ့လိုက်ရသည်။
“ကောင်လေး မင်းအလီနာအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့။ မဟုတ်ရင် မင်းသေရလိမ့်မယ်။ ပြီးတော့ အရေးအကြီးဆုံးက သူမအကြောင်းကို မေ့လိုက်။ မင်းရဲ့တစ်ဘဝလုံး သူမနဲ့ထပ်တွေ့ရမှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက်က မတူညီတဲ့ ကမ္ဘာနှစ်ခုကပဲ”
၎င်းသည် စာထဲတွင်ရှိသော အကြောင်းအရာဖြစ်သည်။ စကားလုံးများသည် အတော်လေးသန်မာကာ သူ၏အရင်တုန်းက စိတ်အခြေအနေနှင့်သာဆိုလျှင် စာကိုဖတ်ပြီးနောက် ကြေကွဲသွားလိမ့်မည်ဖြစ်သော်လည်း ယခုတွင်တော့..
ထိုစာကိုဖတ်လိုက်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။ “ ဟားဟားဟား မတူညီတဲ့ကမ္ဘာနှစ်ခုက ဟုတ်လား။ ကောင်းပြီလေ အရင်တုန်းကသာဆိုရင်တော့ ဒီစကားလုံးတွေက အဓိပ္ပါယ်ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် အခုတော့ ခင်ဗျားစောင့်နေလိုက် ဆိတ်အိုကြီး။ ခင်ဗျားရဲ့ ကိုယ်ပိုင်အိမ်မှာ ကျုပ်ကို မြင်လိုက်ရတဲ့အချိန် ခင်ဗျားရဲ့မျက်နှာကို ကြည့်ချင်တယ်။” သူ့မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုဖြင့် ကြေညာလိုက်သည်။
Alina အဖိုး၏ စာကို ဖတ်ပြီးနောက် တခဏအတွင်း ထိုအဖိုးအိုသည် Ace ၏စိတ်ထဲတွင် ‘ဆိတ်အိုကြီး’အဖြစ် ပြောင်းသွားတော့သည်။
“ ဒီအဘိုးကြီးက Alinaကိုယ်တိုင် ငါ့ကိုနှုတ်ဆက်စကားပြောမသွားခဲ့ရသည့် အကြောင်းရင်းပဲ ဖြစ်ရမယ်။ စောင့်နေလိုက်စမ်းပါ ဆိတ်အိုကြီး ကျုပ်ခင်ဗျားကိုပြပေးမယ် ဘယ်သူက မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ နေနေသလဲဆိုတာ” သူဒေါသထွက်စွာ နှာမှုတ်လိုက်သော်လည်း သူ့အသံထဲတွင် ပျော်ရွှင်မှုများလည်း ရှင်းလင်းစွာ ပါဝင်နေ၏။
Alina ၏ နှုတ်ဆက်စာကို ဖတ်ပြီးနောက် Ace စိတ်ပေါ့ပါးသွားကာ ယခု သူ့တွင် ပန်းတိုင်အသစ်တစ်ခု ရှိနေပြီဖြစ်သည်။ ထိုပန်းတိုင်အသစ်မှာ သန်မာလာရန် ဖြစ်သည်။ ထိုအခါမှ Alina ၏ ကိုယ်ပိုင်အိမ်သို့ သွား၍ သူမကိုတွေ့ဆုံနိုင်မည်ဖြစ်သည်။ Alina နှင့် ထိုဆိတ်အိုကြီးကို လွန်စွာ အံ့အားသင့်စေမည် ဖြစ်သည်။
Ace လျင်မြန်စွာစျေးသို့သွားလိုက်ကာ စျေးအကြီးဆုံး ဖြစ်သော အသားကိုဝယ်လိုက်သည်။ ယခုသူသည် အလွန်ချမ်းသာနေပြီဖြစ်တာကြောင့် ဆင်းရဲသားတစ်ယောက်လို ပိုက်ဆံချွေတာစရာ မလိုအပ်တော့ပေ။ ထို့အပြင် သူစျေးကြီးသောအသားဝယ်သည်ကို တစ်ယောက်ယောက်က မြင်သွားလျှင်ပင် ထူးဆန်းသည်ကို ရှာတွေ့လိမ့်မည်မဟုတ်ပေ။ အကယ်၍ ထိုသူက မေးခွန်းထုတ်ခဲ့လျှင်ပင် ထိုအသားသည် သူအလုပ်လုပ်နေသော စားသောက်ဆိုင်အတွက် ဝယ်ခြင်းဖြစ်သည်ဟု ရိုးရှင်းစွာ ဖြေနိုင်ပေသည်။
ထို့နောက် ဒေသခံဆရာဝန်ဆီသို့သွားကာ ခန္ဓာကိုယ်ကုသမှုကိုခံယူ၍ အိမ်ပြန်လာခဲ့လိုက်သည်။
သူအသား၅ပေါင်လောက်စားပြီးနောက် အတော်လေးတက်ကြွလာသည်ဟု ခံစားရသည်။
“ဆိုတော့ဒါက ချမ်းသာရခြင်းရဲ့ခံစားချက်ပေါ့။” သူ့ကိုယ်သူ ထိုသို့ရေရွတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော၅ရက်ကပင် အလွန်ခက်ခဲသောအချိန်ကို ဖြတ်သန်းနေရသောသူသည် ယခုသူနှင့် တစ်ယောက်တည်းဖြစ်သည်ဟု ယုံရန် အနည်းငယ်ခက်ခဲနေပေသေးသည်။
“စနစ်၊ ငါ့ရဲ့တာဝန်ကိုပြီးဆုံးသွားတဲ့အတွက် ရလာတဲ့ ဆုတွေကိုပြပေး” သူ၏ ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးရင်း ပြောလိုက်သည်။ သူ၏ခက်ခဲသောအလုပ်ကို ပြီးဆုံးသွားပြီးနောက် ဆုလာဘ်များလက်ခံရရှိရန် အချိန်ရောက်လာပြီ ဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ သူအတော်လေး စိတ်လှုပ်ရှားနေ၏။
ရင်းနှီးနေသော အနက်ရောင်ဘောင်ကွက်ကို သူ့မျက်စိရှေ့တွင် မြင်လိုက်ရသည်။ ဘောင်ကွက်သည် တာဝန်ဘောင်ကွက်ဖြစ်ကာ လက်တစ်ဖက်အကြွေစေ့ကိုင်ထားသည့် သင်္ကေတပုံစံနဲ့ ဖြစ်သည်။
[တာဝန်ဘောင်ကွက်]
[လက်စားချေခြင်းတာဝန် : မြစ်ပန်းမြို့ အပြင်ပိုင်းဒေသ ဆေးမားကတ်မှ ဆိုင်နံပါတ်၈၏ ရတနာများအားလုံးကို ခိုးယူရန်နှင့် အဆီများဖြင့်ပြည့်နေသော ဆိုင်ပိုင်ရှင်ကို ဂုဏ်ရှိသောခိုးယူခြင်းသည် မည်သူ့ဆီကမှ မလှည့်စားခံရနိုင်ဟုသိသွားစေရန်]
[အခြေအနေ : ပြီးမြောက်ပြီးပါပြီ]
[သင်၏လုပ်ဆောင်မှုကို စကန်ဖတ်နေပါသည်။]
{1.2.3...100% စကန်ဖတ်ခြင်းပြီးပါပြီ]
[ရလဒ် : အဆင့်နိမ့်လုပ်ဆောင်မှု]
[ဂုဏ်ပြုအပ်သောပထမဆုံးတာဝန်သုံးခုအတွက် ဆုလာဘ်သည် နှစ်ဆရရှိပါမည်။]
[ပထမဆုံးဆုလာဘ်နှစ်ဆကို ယခုပေးပါမည်။]
[ဆုလာဘ်နှစ်ဆ : { အတွေ့အကြုံရမှတ်-၁၀၀မှတ်} {စိတ်ဝိညာဉ်မှတ်-၅၀မှတ်} {သူခိုးမှတ်-၁၅၀မှတ်}]
[ဆုလာဘ်များကို သင်၏အချက်အလက်ထဲသို့ ပေါင်းထည့်ပေးပါပြီ။]
ဤတစ်ကြိမ်တွင် Ace သည် စနစ်နှင့် ငြင်းခုံမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် တာဝန်ပြီးဆုံးခါနီးအချိန်တွင် အနည်းငယ်ရှုပ်ထွေးခဲ့တာကြောင့်ဖြစ်သည်။ အစောင့်နှစ်ယောက်ဆီမှ သူအဖမ်းခံရလုနီးပါးပင်။
ထိုအစောင့်နှစ်ယောက်မဟုတ်ဘဲ အခြားဦးနှောက်ရှိသောသူတစ်ယောက်ယောက်သာဆိုလျှင် သူ့ကို သံသယရှိလိမ့်မည်ဖြစ်ကာ မေးခွန်းများမေးမြန်းရန်အတွက် ဖမ်းခေါ်သွားပေလိမ့်မည် ဖြစ်သည်။
‘ဒီဆုကလည်း မဆိုးပါဘူး။’ သူတွေးလိုက်သည်။
“စနစ်၊ ဒီဆုလာဘ်နှစ်ဆဆိုတာ ဘာကိုဆိုလိုတာလဲ။” စဉ်းစားမရသောမျက်နှာဖြင့် သူမေးလိုက်သည်။
[ ဂုဏ်ပြုအပ်သောပထမဆုံးတာဝန်သုံးခုဟာ သင့်အတွက် သူခိုးလမ်းစဉ်ကို သင်ယူရန်ဖြစ်ပါတယ်။ အဲတာကြောင့် သင်အနာဂတ်မှာအလုပ်ကြိုးစားဖို့အတွက် စနစ်ကနေ အားပေးတဲ့အနေနဲ့ ပေးတဲ့လက်ဆောင်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် ပထမဆုံးတာဝန်သုံးခုအတွက် ဆုက နှစ်ဆဖြစ်ပါလိမ့်မယ်။]
‘အဲတော့ တကယ်ချမ်းသာတဲ့တစ်ယောက်ယောက်ကို ခိုးယူဖို့ တာဝန်ရခဲ့ရင် ငါဆုနှစ်ဆရမယ်ပေါ့။ အဲဒါလည်းကောင်းတာပါပဲ။’ သူသည် မသိစိတ်မှနေ၍ သူခိုးတစ်ယောက်လို စတင်၍ စဉ်းစားနေလေပြီ။ “စနစ်ငါ့ရဲ့အချက်လက်ကိုဖွင့်လိုက်”
[ထာဝရသူခိုးစနစ်]
[အဓိကဘောင်ကွက်]
[ပိုင်ရှင် : Ace White]
[မျိုးနွယ် : လူသား]
[ကောင်းကင်ဘုံ: ပထမဆုံးကောင်းကင်ဘုံလူသား]
[ပထမဆုံးကောင်းကင်ဘုံကျင့်ကြံခြင်းအဆင့် (သိုင်းကျင့်ကြံခြင်း) : လူသား]
{အတွေ့အကြုံရမှတ် : 49/50} {အပိုဆု 51မှတ်}
[စိတ်ဝိညာဥ်ကျင့်ကြံခြင်း : လူသား]
{စိတ်ဝိညာဥ်မှတ် : 19/20} {အပိုဆု 31မှတ်}
[သူခိုးမှတ် : 152မှတ်]
[စွမ်းရည် : 5မျိုး]
[ကျင့်ကြံခြင်းနည်းလမ်း : 0]
[လက်ရှိတာဝန် : 0]
သူ၏အချက်အလက်များနှင့် သူခိုးမှတ် ၁၅၂မှတ်ကိုတွေ့ပြီးနောက် အပြုံးတစ်ခုဖြင့် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
သို့သော်လည်း အတွေ့အကြုံရမှတ်နှင့် စိတ်ဝိညာဉ်မှတ်တို့ကို မြင်လိုက်ရသည်အခါ သူ့အပြုံးသည် အေးခဲသွားတော့သည်။ သူလျင်မြန်စွာ စနစ်ကို မေးလိုက်သည်။ “စနစ်၊ ငါ့မှာ အပိုရမှတ်တွေရှိတာတောင် ဘာလို့ အဆင့်မတက်တာလဲ။ ပြီးတော့ အဲဒါတွေကို ပေါင်းမထည့်ဘူးလား။ ဒီစနစ်က ပျက်စီးနေပြီလား?”
သူကြောက်လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် စနစ်၏ အကူအညီမပါဘဲ Alinaကို သူ့ဘဝတွင် နောက်ထပ်တစ်ကြိမ် ပြန်တွေ့ရရန် မျှော်လင့်ချက်မရှိပေ။
[ အတွေ့အကြုံရမှတ်နှင့် စိတ်ဝိညာဥ်မှတ်ဆိုတာ သင့်ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ ချီအပေါ်မှာ ကိုယ်စားပြုပါတယ်။ သင့်ခန္ဓာကိုယ်ကို ရေဖန်ခွက်လို့ စဉ်းစားကြည့်လိုက်ပါ။ ဖန်ခွက်က နေရာလွတ်တွေရှိလေ၊ ရေတွေကိုပိုပြီးလက်ခံနိုင်လေ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီနောက် ရေပြည့်သွားရင် ရေတွေလျှံကျလာလိမ့်မယ်။ အဲ့ဒါကြောင့် သင့်ခန္ဓာကိုယ်မှာ နေရာလွတ်မရှိတော့ရင် ချီကို မစုပ်ယူနိုင်ပါဘူး။ စနစ်က သင့်ကို ကျင့်ကြံခြင်းနည်းလမ်းတွေ ဝယ်ယူဖို့အတွက်အကြံဉာဏ်ပေးချင်ပါတယ်။ ထိုအရာက သင့်ခန္ဓာကိုယ်ကို ချီအတွက် နေရာလွတ်တွေတည်ဆောက်ဖို့ ကူညီပါလိမ့်မယ်။ ဤနည်းနဲ့ သင်အဆင့်တက်လာပါလိမ့်မယ်]
ပထမဆုံးအကြိမ် စနစ်သည် ရှည်လျားသော ရှင်းပြခြင်းကို ပေးခဲ့သည်။ ထို့ကြောင့် သူအံ့ဩသွား၏။ ယနေ့စနစ်သည် သဘောထားကြီးနေတာကြောင့် နောက်ထပ်မေးခွန်းတစ်ခုကို သူမေးလိုက်သည်။
“အဲဒီတော့ဆိုလိုတာက ကျင့်ကြံခြင်းနည်းလမ်းတွေက ခန္ဓာကိုယ်မှာ ချီအတွက် နေရာလွတ်တွေပိုရဖို့ အသုံးပြုတာပေါ့?” သူမေးလိုက်သည်။
[အဲ့ဒီသဘောပါပဲ]
“အဲဒါဆို စွမ်းရည်ကဘာလဲ။ အဲ့တာက ကျင့်ကြံခြင်းနည်းလမ်းတွေလိုပဲ မဟုတ်ဘူးလား?” ဤမေးခွန်းသည် Ace ၏ အကြီးမားဆုံးမေးခွန်းများထဲမှ တစ်ခုဖြစ်သည်။
[ စွမ်းရည်ဆိုတာ ချီကိုထိန်းချုပ်ဖို့အတွက်ပါ။ ချီက သင့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပါပဲ။ သူ့အတွက်လမ်းကြောင်းဖွင့်ပေးလိုက်ရင် စီးဆင်းသွားလိမ့်မယ်။ သို့သော် ဘာမှမကျန်တော့တဲ့အထိ စီးဆင်းသွားမှာဖြစ်လို့ ဖွင့်ထားတဲ့လမ်းကြောင်းကို ပြန်ပိတ်ပေးဖို့ လိုပါတယ်။ စွမ်းရည်ဆိုတာ ရေစီးဆင်းမှုကို သင်လိုအပ်သလို ထိန်းချုပ်နိုင်တဲ့ ရေတံခါးပါ။] စနစ်ဆီမှ နောက်ထပ်ရှည်သော ရှင်းပြချက်ကြီး ထွက်လာ၏။
ရုတ်တရက် Ace၏ ခေါင်းထဲမှနေ၍ မီးခိုးများ ထွက်လာ၏။ “ အဲ့တော့ ပထမဆုံးအကြိမ် အမှန်နဲ့အမှားမျက်လုံးကို မတော်တဆ အသက်သွင်းလိုက်မိတုန်းက မြစ်စီးဆင်းသွားဖို့အတွက် လမ်းကြောင်း ဖွင့်ပေးလိုက်သလိုမျိုးလား။ ငါအဲ့တာကို မထိန်းချုပ်နိုင်ခဲ့လို့ ငါ့ချီက ကုန်ဆုံးသွားခဲ့တာ။ ဟုတ်လား?” သူ၏ကြီးမားသော မေးခွန်းအတွက် အဖြေရသွားခဲ့သလိုမျိုး ပြန်မေးလိုက်သည်။
[ဟုတ်ပါတယ်] သူပြောသည်ကို စနစ်မှ သဘောတူလိုက်သည်။
နောက်ထပ်မေးခွန်းတစ်ခုကို သူမေးတော့မည့်အချိန်တွင် အေးစက်သော စနစ်၏အသံကို ကြားလိုက်ရသည်။
[သင့်ရဲ့ပထမဆုံးတာဝန်ကို ပြီးမြောက်သွားတဲ့အတွက် စနစ်က သင့်ရဲ့မေးခွန်းနှစ်ခုကိုပဲ ပြန်ဖြေကြားလို့ရပါတယ်။ အဲ့တာကြောင့် သင့်ရဲ့နောက်မေးခွန်းကို ဖြေကြားဖို့အတွက်ဆို သူခိုးမှတ်ပေးရပါလိမ့်မယ်။]
ထိုစကားကို Ace ကြားလိုက်ရပီးနောက် မျက်မှောင်ကြုပ်လိုက်သည်။ သူမေးချင်သောမေးခွန်းပေါင်းများစွာ ရှိနေသေးသော်လည်း တာဝန်ပြီးမြောက်ပြီးနောက် မေးခွန်းနှစ်ခုသာ မေးလို့ရသည်ကို မသိခဲ့ပေ။ သူသာ ကြိုသိခဲ့လျှင် ပိုအရေးကြီးသောမေးခွန်း မေးခဲ့မှာ ဖြစ်သည်။
‘သူခိုးမှတ်က ပိုပြီး အရေးကြီးတယ်’ သူခေါင်းငြိမ့်ကာ တွေးလိုက်သည်။
အနည်းဆုံးတော့ ကျင့်ကြံခြင်းနည်းလမ်းများသည် သူသန်မာလာရန် မရှိမဖြစ်လိုအပ်သော အရာများ ဖြစ်သည်ကို သိလိုက်ရသည်။ ကျင့်ကြံခြင်းနည်းလမ်းဘောင်ကွက်ကို သူဖွင့်လိုက်သည်။
[ရရှိနိုင်သော ကျင့်ကြံခြင်း နည်းလမ်းများ]
[ကောင်းကင်ဘုံသူခိုးနည်းလမ်း {ပထမအပိုင်း} ]
{ဈေးနှုန်း : သူခိုးမှတ် ၁၀၀မှတ်}
[အခြေခံအရိပ်ကိုယ်ပွားဓားသိုင်းနည်းလမ်း]
{ဈေးနှုန်း : သူခိုးမှတ် ၁၀မှတ်}
“ စနစ်၊ ဒီနှစ်ခုရဲ့ကွာခြားချက်ကဘာလဲ။ သူတို့နှစ်ခုက တူတူပဲ မဟုတ်ဘူးလား။” သူထိုအကြောင်းကိုမေးဖို့လိုလေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခု၏ စျေးနှုန်းမှာ ၁၀၀ဖြစ်ပြီး နောက်တစ်ခုသည် ၁၀မှတ်သာ ရှိ၏။
[သူခိုးမှတ် ၂မှတ်] စနစ်၏ ခံစားချက်မဲ့သော အသံသည် သူ့ခေါင်းထဲတွင် မြည်လာသည်။
“ပေးမယ်” သူ၉၀မှတ် ချွေတာနိုင်လျှင် ၂မှတ်သည် ဘာမှ မဟုတ်ပေ။
[ အဲ့နှစ်ခုဟာ အရမ်းကို ကွာခြားပါတယ်။ ကောင်းကင်ဘုံသူခိုး ပထမအပိုင်းက သင်တစ်ဦးတည်းသာ ကျင့်ကြံနိုင်တာဖြစ်ပြီးတော့ အဲ့ဒီနည်းလမ်းက သူခိုးတစ်ယောက်အတွက် အထူးပြုလုပ်ထားတာဖြစ်ပါတယ်။ ထပ်ပြောရရင် အဲဒီနည်းလမ်းက သင့်ခန္ဓာကိုယ်နှင့်စိတ် နှစ်ခုလုံးကို ကျင့်ကြံတဲ့ ကျင့်ကြံခြင်းနည်းလမ်းဖြစ်ပါတယ်။ အရိပ်ကိုယ်ပွားဓားသိုင်းက လက်နက်ကျင့်ကြံခြင်းနည်းလမ်းရဲ့ အခြေခံပုံစံသာဖြစ်ပြီး သင့်အတွက် လက်နက်နဲ့လေ့ကျင့်ရန်အတွက်ဖြစ်သည်။ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကို လေ့ကျင့်ရန်အတွက် မဟုတ်ပါ။]
ထိုအဖြေကြောင့်သူအလွန်အံ့အားသင့်သွားသည်။ ‘ကောင်းကင်ဘုံသူခိုးကျင့်ကြံခြင်းနည်းလမ်းက ခန္ဓာကိုယ်ရော စိတ်ကိုရော ကျင့်ကြံနိုင်ပြီးတော့ ငါတစ်ယောက်တည်းကသာ ကျင့်ကြံနိုင်တာဆိုတော့ ဒီစျေးနှုန်းက သဘာဝကျပါတယ်။’ သူတွေးလိုက်သည်။ ‘ငါအဲ့ဒီနည်းလမ်းနှစ်ခုလုံးကို ဝယ်သင့်တယ်။ လက်နက်ဘယ်လိုသုံးရမယ်ဆိုတာကိုလည်းငါမသိသေးဘူး။’
သူ၏နှုတ်ခမ်းကိုကိုက်လိုက်ကာ ခြင်သံဖြင့် ပြောလိုက်သည်။ “ကောင်းကင်ဘုံသူခိုးနည်းလမ်းနဲ့ အရေးကိုယ်ပွားဓားသိုင်း နှစ်ခုလုံးကိုပေးလိုက်တော့”
ထိုးစကားလုံးများကို သူတွင်ရှိသော အင်အား အားလုံးနှင့် ပြောလိုက်ရသည်။ အမိန့်တခုတည်းဖြင့် သူ၏သူခိုးမှတ် ၁၅၀မှတ်သည် ၄၀မှတ်သို့ ပြောင်းသွား၏။ သူ့နှလုံးသား သွေးထွက်နေပြီဖြစ်သည်။
‘ငါ့ရဲ့တန်ဖိုးရှိတဲ့ သူခိုးမှတ်လေးတွေ..’ ယခုတွင် သူငိုချင်နေပြီဖြစ်သည်။