နတ်ဆိုး ၁၀ ပါးဝိညာဥ် ၊ လုယက်ခြင်း၏ လမ်းစဥ် ၊ သွေးနှောပျက်သုန်းခြင်း ရုပ်ခန္ဓာ
Vol. 37 Ch. 513
ဘာသာပြန်_ The Fate
"ဘုန်း!!"
မွန်မြတ်မှု၇ပါးစေတီ၏ နဝမအလွှာတွင် ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လျက်ရှိရာ ပုံရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု မြစ်နှစ်စင်းကဲ့သို့ ရောယှက်လျက် တိုက်ခိုက်နေကြသည်။ ပျံ့လွင့်ထွက်ပေါ်လာသော စွမ်းအားများက နေရာလွတ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
တစ်ခါတစ်ရံတွင် ဓါးချီများထွက်ပေါ်လာပြီး တစ်ခါတစ်ရံ၌ လက်သီးလုံးများ ထွက်ပေါ်လာခဲ့ကာ ရံဖန်ရံခါတွေ စွမ်းအားအလင်းတန်းများသည် ဒေါင်လိုက် အလျားလိုက် စသည်ဖြင့်ထွက်ပေါ်လာခဲ့သည်။ ပုဂ္ဂိုလ်နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် တတ်နိုင်သမျှ နည်းလမ်းများဖြင့် အနိုင်ယူရန် ကြိုးပမ်းနေခဲ့ကြသည်။
"ဘုန်း!!"
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပုံရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ရောယှက်သွားကြပြီးနောက် ပြန်လည်၍ ခွဲဖြာသွားကြသည်။
"အဟွတ်!"
ကုချိုးက သွေးအန်ထုတ်လိုက်ရပြီး သူ၏ ထုံကျင်ကိုက်ခဲနေသော လက်မောင်းကို လှုပ်ယမ်းလိုက်ကာ တစ်ဖက်တွင်ရှိနေသော ညီတူညီမျှ သနားစဖွယ်ဖြစ်နေသည့် အစောင့်အရှောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူလို သံတုံးတမျှ မာကြောသောကုချိုးကတောင် ဤအချိန်မှာ စွမ်းအားမဲ့သော ခံစားချက်တစ်ခုကို ခံစားနေခဲ့ရသည်။
သူဘယ်လိုနည်းလမ်းကိုပဲ အသုံးပြုပါစေ တစ်ဘက်ရှိ ပုံရိပ်ယောင်ကလည်း ထပ်တူညီမျှစွာ အသုံးပြုခဲ့သည်။ သူဟာ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများစွာ၏ အမွေအနှစ်အားလုံးနီးပါးခန့်ကို သုံးစွဲခဲ့သော်လည်း တစ်ဘက်ရန်သူမှာ ချွင်းချက်မရှိ ပြန်လည်၍ ထုတ်ဖော်တန်ပြန်ခဲ့သည်။
ကမ္ဘာလောကအတွင်းရှိ လျှို့ဝှက်ဆနိးကြယ်သော တာအိုနည်းလမ်းတစ်ခုဖြစ်သော လုယက်ခြင်းလမ်းစဥ်ကိုတောင် တစ်ဘက်ရန်သူက အသုံးပြုနိုင်ခဲ့သည်။ ဒါက ကုချိုး၏ ကမ္ဘာလောကအပေါ် အမြင်အာရုံကို ယိမ်းထိုးသွားစေခဲ့သည်။ဤလောကကြီးအတွင်း၌ ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ရုပ်သေးရုပ်တစ်ရုပ်ကို သွန်းလုပ်နိုင်မည့် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။
"အရှုံးကို ဝန်ခံလိုက်ပါ... မင်းငါ့ကို အနိုင်မယူနိုင်ဘူး"
အစောင့်အရှောက်က ကုချိုးကို စိုက်ကြည့်လိုက်ပြီး ထူးမခြားနားစွာ ပြောဆိုခဲ့သည်။
"ဟေး... ငါတို့ရှန်ရှန့်ကျုံဂိုဏ်း တပည့်တွေရဲ့ အဘိဓာန်မှာ ရှုံးနိမ့်ခြင်းဆိုတဲ့ စကားလုံးမရှိဘူး!!"
"နောင်တမရှိဘဲတိုက်ခိုက်မယ်!!"
ကုချိုးက လှောင်ပြောင်ပြောဆိုလိုက်ပြီး သူ၏ခန္ဓာကိုယ်ဟာ အစောင့်အရှောက်ထံသို့ ပြန်လည်၍ ပြေးဝင်သွားခဲ့သည်။
နေရာလွတ်နယ်မြေအတွင်း၌ ပြင်းထန်သောတိုက်ပွဲကြီး ထပ်ဖန်တစ်ခါ ဖြစ်ပွားလာခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားဖိအားသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်ခဲ့ပြန်သည်။
သို့ပါသော်လည်း ဤတစ်ကြိမ်၌ ကုချိုးဟာ အနည်းငယ်ကွာခြားမှုရှိနေခဲ့သည်။ သူသည် ယခင်ကကဲ့သို့ မတူညီသော အမွေအနှစ်လမ်းစဥ်များစွာကို အသုံးပြုနေခဲ့သော်လည်း သေသေချာချာစိုက်ကြည့်ပါက ကုချိုးသည် အစောင့်အရှောက်ကို အသုံးပြု၍ မိမိကိုယ်ကို ဖိအားပေးကာ ကိုယ်ပိုင်လမ်းစဥ်တစ်ခုကို ဖွဲ့တည်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တွေ့မြင်ရမှာဖြစ်သည်!!
သူ့ထံတွင် များစွာသော အမွေအနှစ်လမ်းစဥ်များ ရှိနေခဲ့သည်။ သွေးနှောပျက်သုန်းခြင်းရုပ်ခန္ဓာ ၊ လုယက်ခြင်းလမ်းစဥ် ၊ နတ်ဆိုး ၁၀ ပါးလမ်းစဥ်နှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများစွာ၏ မတူကွဲပြားသော အမွေအနှစ်များဟူ၍ ဖြစ်သည်။ ထိုကဲ့သို့ များပြားလှသည့် နည်းလမ်းများက သူ၏တိုက်ပွဲဝင်စွမ်းအားအတွက် အကျိုးအမြတ်ရရှိစေပြီး တစ်ဘက်လူကို ထိတ်လန့်တကြား ဖြစ်သွားစေနိုင်သည်။
သို့ပါသော်လည်း ရေရှည်တွင် ၎င်းက အကျိုးကျေးဇူးမရှိပါ!
ဘယ်ထိပ်တန်းစွမ်းအားရှင်က လမ်းစဥ်တစ်ခုတည်းအပေါ် မထူးမပြုလို့လဲ...လှည့်ကြည့်လိုက်စမ်းပါ အစွမ်းထက်ဆုံး စွမ်းအားရှင်တော်တော်များများ၌ စစ်မှန်သော ကိုယ်ပိုင်တာအိုလမ်းစဥ်များ ရှိကြသည်။ သူတို့ဟာ အမွေအနှစ်များစွာကို ရရှိခဲ့လျှင်တောင် သူတို့၏ ကိုယ်ပိုင်တာအိုလမ်းစဥ်တွင်တော့ တခြားသူများ၏ သက်ရောက်မှုမပါဝင်ပဲ မိမိကိုယ်ပိုင်၏ စရိုက်လက္ခဏာများသာ ကိန်းဝပ်နေနိုင်သည်။
ကုချိုး၏ ရူးအသော အသွင်အပြင်ကို မကြည့်ပါလေနှင့် ။သူဟာ အမှန်တကယ်တော့ တုံးအခြင်းမရှိပါချေ။ အခက်အခဲများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူသည် မပြေလည်မှုများကို ပြေလည်မှုများအဖြစ် ပြောင်းလဲရယူရန် ဆုံးဖြတ်ခဲ့သည်။
သူ၏ ဘဝသက်တမ်းတစ်လျှောက်လောက် လှည့်လည်သွားလာခဲ့ခြင်းက အချည်းနှီးမဟုတ်ခဲ့ပါ။ သူ၏ ရူးအပုံပေါ်သောမျက်နှာ၏ အတွင်းပိုင်း၌ နက်ရှိုင်းသော စိတ်ဝိညာဥ်တစ်ခု ကိန်းဝပ်နေခဲ့လေသည်။
အစောင့်အရှောက်ကို အနိုင်ယူနိုင်တဲ့ နည်းလမ်းကို ရှာမတွေ့မှတော့ ကိုယ့်ကိုကိုယ် ဖိအားပေးပြီး မြင့်မားတဲ့အဆင့်ကို ဘာ့ကြောင့်မတက်လှမ်းရမှာလဲ? ခွန်အားသာ တိုးမြှင့်သွားသရွေ့ နဝမအလွှာကို မဖြတ်ကျော်နိုင်ရင်ရော ဘာအရေးလဲ?။
မွန်မြတ်မှု ၇ပါးစေတီသို့ လာရာခရီးစဥ်၌ သူဟာ အကျိုးအမြတ်များစွာကို ပြုလုပ်နိုင်လိမ့်မည်!!
"ဒီကလေးက အံ့ဩစရာပဲ...!"
သီးခြားနန်းတော်ကြီးအတွင်း၌ ဧကရာဇ်စန်းယိသည် ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ရုတ်တရက်မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်လုံးများက မှေးကျဥ်းသွားခဲ့ကာ လေးနက်စွာပြောဆိုလိုက်သည်။
သူ့လေသံထဲတွင် ထိတ်လန့်မှုများပါဝင်နေခဲ့သည်။ ကုချိုးရဲ့ မူမမှန်မှုကို သူဘယ်လိုလုပ်မတွေ့မြင်ပဲ နေမှာလဲ?။ ကုချိုးဟာ ပုံတူ၏ အရှေ့မှောက်၌ စွမ်းအားမဲ့နေလိမ့်မည်ဟု သူတွေးထင်ခဲ့သော်လည်း ထိုကောင်လေးက အကျိုးရှိသည့်နည်းလမ်းတစ်ရပ်ကို လျင်မြန်စွာ ရှာတွေ့သွားလိမ့်မည်ဟု ထင်မထားခဲ့ပါ။
အရင်တုန်းက ကောင်မငယ်လေးလန်လင်းသည် နဝမအလွှာအစောင့်အရှောက်ကို ခွန်အားကုန်နည်းလမ်းကုန်အသုံးပြု၍.ရင်ဆိုင်ခဲ့ရသည်။ တိုက်ပွဲကို ရှုံးနိမ့်သွားပြီးသည့်နောက်တွင် သူမက ရှုံးနိမ့်မှုကို ချက်ချင်း ဝန်ခံခဲ့ပြီး နဝမအလွှာအစောင့်အရှောက်ကို မှီခို၍ ကိုယ့်ကိုကိုယ် တိုးတက်အောင်ပြုလုပ်ရမည်ဖြစ်ကြောင်းကို သတိမပြုမိခဲ့ပါ။
ကောင်မငယ်လေးလန်လင်းတွင်သာ ထိုကဲ့သို့ သတိတရားရှိပါက သူမ၏အောင်မြင်မှုများသည် ဒီကနေ့ထက်ပို၍ ကြီးမြတ်ပေလိမ့်မည်။
"အမှန်ပဲ!!"
"သာမန်လူတွေမှာ အဲ့ဒီလိုစိတ်ဆန္ဒမျိုး မရှိနိုင်ကြဘူး"
"ဒီလူအိုကြီးက သူ့ရဲ့ဆရာအကြောင်းကို ပိုပြီးမှစိတ်ဝင်စားလာပြီ... ဒီလိုမကောင်းဆိုးဝါးဆန်တဲ့ တပည့်တစ်ယောက်ကို ဘယ်လိုတည်ရှိမှုကြီးက ပျိုးထောင်နိုင်ခဲ့တာလဲ"
"အဲ့ဒီကောင်လေးရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းမမြင့်ပေမယ့် သူ့ရဲ့စိတ်ဆန္ဒနဲ့ စွမ်းရည်က ဒီကနေ့လူငယ်မျိုးဆက်အားလုံးထက်သာလွန်နေပြီ"
ဧကရာဇ်စန်းရိ၏ ဘေးနားတွင်ရှိသော လူအိုကြီးသည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး သက်ပြင်းချလျက် ပြောဆိုလိုက်သည်။
ထိုပုဂ္ဂိုလ်နှစ်ယောက်၏ မှတ်ချက်များသာ ပျံလွင့်ထွက်ပေါ်လာပါက မြင့်မြတ်သောစန်းရိအင်ပါယာကြီးတစ်ခုလုံးကို လှုပ်ခါစေရန် လုံလောက်ပေလိမ့်မည်။ ဒါက ကုချိုး၏ အမည်နာမကို ခုနှစ်ပြည်ထောင်၌ ကျော်ကြားသွားစေလိမ့်မည်!!
နဝမအလွှာတွင် ကုချိုးက လျှို့ဝှက်စွာ စောင့်ကြည့်နေသူများ၏အံ့အားသင့်မှုကို သတိမမူမိခဲ့ပါ။ဤအချိန်တွင် သူဟာ အံ့အားသင့်ဖွယ်ကောင်းသော နားလည်မှုတစ်ခုအတွင်းသို့ သက်ဆင်းသွားခဲ့ပုံပေါ်သည်။ ကုချိုးသည် နားလည်သဘောပေါက်မှုအခြေအနေအတွင်း ရောက်ရှိနေခဲ့တာတောင် သူ၏ တိုက်ခိုက်မှုများကတော့ ရပ်တန့်မသွားဘဲ သန်မာနေသေးဆဲဖြစ်၏။ သူဟာ အစောင့်အရှောက်ကို ဆက်လက်၍ တိုက်ခိုက်နေခဲ့သည်။
အစောင့်အရှောက်ကို တိုက်ခိုက်ရန် မတူကွဲပြားသော အမွေအနှစ်နည်းလမ်းများကို ဆက်လက်အသုံးပြုလိုက်ပြီးနောက် ကုချိုး၏ ဉာဏ်အလင်းသည် ပိုမို၍ နက်ရှိုင်းလာခဲ့ကာ သူသည် ကိုယ်ပိုင်နိယာမများနှင့် ပတ်သက်၍ နက်ရှိုင်းသော နားလည်မှုတစ်ခုကို ရရှိသွားခဲ့သည်။
သူတစ်ကြိမ်က ပြောခဲ့ဖူးပါသည်။ သူဟာ ကပ်ဘေးအားလုံး၏ ဘုရင်ဖြစ်လိုသည်။ ထို့အတွက်ဖြစ်ရာ သူ၏ နိယာမလမ်းစဥ်ကလည်း လုယက်ခြင်း၏ လမ်းစဥ်ဖြစ်ရပေလိမ့်မည်။
ဒါဆိုရင် အခြားအမွေအနှစ်တွေကို မလိုအပ်တော့ဘူးလား?
မဟုတ်ပါဘူး... ငါကုချိုးက ကပ်ဘေးအားလုံးရဲ့ဘုရင်ဖြစ်ချင်မှတော့ ဘယ်အရာကိုမှလက်လွတ်ဆုံးရှုံးမခံနိုင်ဘူး။ ထိုအမွေအနှစ်များက သူ၏ ကပ်ဘေးများအတွင်း၌ အကြုံးဝင်သည်။ ထို့အတွက်ဖြစ်ရာ သူက ဆက်လက်၍ အသုံးပြုနိုင်ပါသေးသည်။
ကုချိုးသည် သူ့နှလုံးသားအတွင်းမှ ခပ်တိုးတိုးရေရွတ်နေခဲ့သည်။
နတ်ဆိုးဆယ်ပါးလမ်းစဥ်က နတ်ဆိုးဆယ်ပါးရဲ့ စိတ်ဝိညာဥ်ဖြစ်တယ်!!
ရုပ်ခန္ဓာက သွေးနှောပျက်သုန်းခြင်း ရုပ်ခန္ဓာ... ရှန်ရှန့်ကျုံဂိုဏ်း အမွေအနှစ်တွေကတော့ ရုပ်ခန္ဓာပေါ်က အပ်စိုက်မှတ်တွေပေါ့။
ရုတ်တရက် ဆိုသလို ကုချိုး၏ စိတ်အာရုံအတွငိး၌ ဉာဏ်အလင်းတစ်ချက် ဝှေ့ဝဲတိုက်ခတ်သွားခဲ့သည်။
ဝိညာဥ်ဟာ နတ်ဆိုးဆယ်ပါး၏ ဝိညာဥ်ဖြစ်ပြီး တာအိုနိယာမဟာ လုယက်ခြင်း၏ နိယာမဖြစ်သည် ။ခန္ဓာကိုယ်ကတော့ သွေးနှောပျက်သုန်းခြင်း ခန္ဓာကိုယ်ဖြစ်ကာ အကြီးအကဲများ၏ အမွေအနှစ်များကတော့ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ်များဖြစ်ကြ၏။
ရေရွတ်ရင်း ရေရွတ်ရင်းဖြင့် ကုချိုး၏ မျက်ဝန်းများမှာပိုမို၍ တောက်ပလာခဲ့သည်။ ကိုးလွှာမြောက်အစောင်အရှောက်ကို တိုက်ခိုက်နေရင်းဖြင့် သူသည် နတ်ဆိုးဆယ်ပါး၏ အမွေအနှစ်ကို စိတ်ဝိညာဥ်အတွငိးသို့ ဆွဲသွင်းလိုက်ပြီး စိတ်ဝိညာဥ်နှင့် ပေါင်းစပ်လိုက်သည်။ နတ်ဆိုးဆန်သော စွမ်းအားတစ်ရပ်သည် နတ်ဆိုးဆယ်ပါး၏ ဝိညာဥ်ကို ပုံဖော်သွတ်သွင်းနေခဲ့သည်။
တစ်ချိန်တည်းမှာပဲ သူသည် လုယက်ခြင်းလမ်းစဥ်ကို ထုတ်ယူလိုက်ပြီး နတ်ဆိုးဆယ်ပါးစိတ်ဝိညာဥ်နှင့် ပျက်သုန်းခြင်းရုပ်ခန္ဓာတို့ကို ပေါင်းကူးပေးလိုက်ကာ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ အမွေအနှစ်များကိုတော့ သူ၏ ကိုယ်ပိုင်အပ်စိုက်မှတ်များအဖြစ် ပေါင်းထည့်ခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း၌ အမွေအနှစ်များသည် အစီအရီနေရာယူသွားကြသည်။
"ဘုန်း....!!"
ဤအချိန်တွင် ကုချိုး၏ ခန္ဓာကိုယ်သည် မြူမှုန်များအကြားမှ မင်းဧကရာဇ်တစ်ပါးအလား ရောင်စဥ်လက်၍ တောက်ပလျက်ရှိသည်။ သူ၏ စွမ်းအားလှိုင်းမှာ တုဖက်ပြိုင်၍ မဝံ့တော့ပါပြီ။
"သူ... အောင်မြင်ခဲ့ပြီ! သူ ကိုယ်ပိုင်နိယာမလမ်းစဥ်ကို တကယ်ကြီးပြုပြင်နိုင်ခဲ့ပြီ ဒါက အံ့ဩစရာပဲ!"
သီးခြားခန်းမအတွင်း၌ ဧကရာဇ်စန်းရိနှင့် လူအိုကြီးသည် အဆိုပါမြင်ကွင်းကို စူးစိုက်ကြည့်လိုက်ပြီး ထိတ်လန့်နေသော အမူအရာများဖြင့် ရေရွတ်လိုက်ကြသည်။လူငယ်မျိုးဆက်များ၏ လက်တစ်ဆုပ်စာ လူနည်းစုကသာ ကုချိုး လိုအဆင့်မျိုးကို ရောက်ရှိနိုင်ကြပါသည်။ သက်ကြီးပိုင်းစွမ်းအားရှင်များကတောင် ထိုသို့မပြုလုပ်နိုင်ကြပါ။ ဒီကုချိုးမှာ ေကာင်းမွန်တဲ့ကံတရားပိုင်ဆိုင်ထားတာပဲ။
"သူ အစောင့်အရှောက်ကို အနိုင်မယူနိုင်သေးတာကတော့ ဝမ်းနည်းစရာပဲ"
အံ့ဩထိတ်လန့်သွားပြီးနောက် ဧကရာဇ်စန်းရိသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံပေါ်ကာ သူ၏ ခံ့ညားသောမျက်နှာထက်၌ ထူးဆန်းသော အပြုံးတစ်ခုပေါ်လာခဲ့ပြီး တိုးညင်းစွာရရွတ်လိုက်သည်။
ဒါကိုကြားတော့ လူအိုကြီးကလည်း တစ်ခဏကြာအောင် ကြောင်အသွားပြီးမှ ပြုံးလျက် ခေါင်းယမ်းလိုက်မိသည်။
မွန်မြတ်မှု ၇ပါးစေတီများသည် အင်ပါယာကြီး ၇ ခုစုပေါင်း၍ ပြုလုပ်ခဲ့သော ရတနာပစ္စည်းများဖြစ်ပါ၏။ ၎င်းက စကြာဝဠာတစ်ခုလုံး၌ တစ်ခုတည်းသာရှိသောရတနာများဖြစ်ကြ၏။
အခြားသောအဆင့်များမှာ သာမန်ဆန်သော်လည်း နဝမအလွှာကတော့ မွန်မြတ်မှု ၇ပါးစေတီ၏ အစစ်အမှန်အနှစ်သာရဖြစ်သည်။ ၎င်းအလွှာကို ဖန်တီးရန်အတွက် ကြီးမြတ်သော ခုနှစ်ပြည်ထောင်သည် မရေမတွက်နိုင်သော အရင်းအမြစ်များကို သုံးဖြုန်းခဲ့ရသည်။
နဝမအလွှာရှိ အစောင့်အရှောက်ရုပ်သေးရုပ်သည် သာမန်ရုပ်သေးရုပ်မဟုတ်ဘဲ မွန်မြတ်မှု ၇ပါးစေတီထက် နိမ့်ကျခြင်းမရှိသော ထိပ်တန်းရတနာတစ်ပါးဖြစ်၏။
၎င်းက ချန်ခွမ်းဘုံကို ကျွမ်းကျင်နိုင်နင်းပြီး ၊ လူအများ၏ စိတ်ဝိညာဥ်ကို ဖွေရှာနိုင်ကာ သူတို့၏.ပုံသဏ္ဍာန်ကို ရောင်ပြန်ဟပ်စေလျက် ၎င်းတို့အသုံးပြုသမျှနည်းလမ်းတိုင်းကို ဖန်တီးရယူနိုင်သည်။
ဟုတ်ပါပေသည်။ ဒီရတနာက ချန်ခွမ်းသူတော်စင်အဆင့်အောက်၌သာ သက်ရောက်မှုရှိပါသည်။ ချန်ခွန်းသူတော်စင်အဆင့်များပေါ် သက်ရောက်နိုင်သော ရတနာပစ္စည်းကိုတော့ ခုနှစ်ပြည်ထောင်၏ ကြီးမြတ်သော သူတော်စင်များကမဖန်တီးနိုင်ကြပါ။
ဒါ့အပြင် ၎င်းရတနာပစ္စည်း၏ အကျယ်အဝန်းသည် ဆယ်မိုင်ပတ်လည်၌ သာရှိ၏။
ထိုကဲ့သို့အကွာအဝေးကို ချန်ခွမ်းသူတော်စင်အဆင့်ရှိသော မည်သည့်စွမ်းအားကြီးပုဂ္ဂိုလ်မဆို အလွယ်တကူ ရှောင်ရှားနိုင်သည်။ ထို့အတွက်ကြောင့် ၎င်းကောင်းကင်ဘုံကို ဖီဆန်နေသော ရတနာပစ္စည်းသည် အစစ်အမှန်တိုက်ပွဲများအတွက် မသင့်တော်ဘဲ လူငယ်များ၏ ပါရမီကို စမ်းသပ်ရန်အတွက်၌သာ အသုံးဝင်ပါသည်!!