ငါ့တစ်ယောက်တည်းသာလျှင်။
Vol. 37 Ch. 514
ဘာသာပြန်- The Fate
စိတ်ဝိညာဥ်ဖွေရှာခြင်း၏ ထိတ်လန့်ဖွယ်ကောင်းသည့် အမှန်တရားမှာ ပြိုင်ဘက်က ချန်ခွမ်းသူတော်စင်အဆင့်အောက်တွင် ဖြစ်နေသေးသ၍ ထိုသူ ဘယ်လောက်ပဲတိုးတက်ပါစေ ပုံတူကလည်း ချက်ချင်းလိုက်လံတိုးတက်ပြီး ထိုသူ၏နည်းလမ်းများကို အသုံးပြုနိုင်၏!
ပြောရပါလျှင် ကုချိုးက နေရာမှာတင် ခွန်အားတိုးမြင့်သွားခဲ့သော်လည်း နဝမအလွှာအစောင့်အရှောက်ကလည်း သူ့နည်းတူ တိုးမြင့်သွားလိမ့်မည်။
မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာတွင် ကုချိုးသည် ကိုယ်တွင်းရှိ အစွမ်းထက်သောစွမ်းအားများကို ခံစားနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လန်းဆန်းတက်ကြွနေခဲ့သည်။ သူဟာ မျက်ခုံးကိုပင့်လျက် အစောင့်အရှောက်ကို လှမ်းကြည့်လိုက်ပြီး လှောင်ရယ်လျက် ပြောဆိုလိုက်သည်။
"လာပြီး တိုက်ခိုက်စမ်းပါ။ ငါလည်း တိုက်ချင်လှပြီ။ မင်း ဒီသခင်ငယ်လေးကို ဘယ်လိုခုခံမလဲ ကြည့်ရသေးတာပေါ့ကွာ။"
အစွမ်းထက်သောခွန်အားများက ကုချိုးကို ကြီးကျယ်သည့်ယုံကြည်မှုများကို ပေးစွမ်းခဲ့လေသည်။ သူဟာ နဝမအလွှာအစောင့်အရှောက်ကို မျက်လုံးထဲ လုံးဝထည့်မထားတော့ပါ!
သူဟာ မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်ပြီး အပြင်ထွက်လာသည့်အခါ အံ့သြနေကြမည့် လူတွေ၏ပုံရိပ်ကိုတောင် မြင်ယောင်နေမိသည်!
သို့သော်လည်း နောက်တစ်ခဏအကြာတွင် အစောင့်အရှောက်၏ပြောင်းလဲမှုက သူ့ကို ထိတ်လန့်စေခဲ့သည်။
ဘုန်း!
သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော အစောင့်အရှောက်၏ အရှိန်အဝါများမှာလည်း ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ပိုမိုပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
၎င်းစွမ်းအားများမှာ လက်ရှိကုချိုးမှ ထုတ်လွှတ်နေသော စွမ်းအားများနှင့် တူညီလုနီးပါးဖြစ်နေခဲ့သည်။
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"မင်းက ဘယ်လို မကောင်းဆိုးရွားမျိုးလဲ။"
ကုချိုးဟာ ထိတ်လန့်ခြောက်ခြားသွားပြီး နဝမအလွှာအစောင့်အရှောက်ကို ပါးစပ်ဟောင်းလောင်းဖြင့် စိုက်ကြည့်လိုက်မိသည်။
သူ အဆင့်ချိုးဖြတ်တက်ရောက်သွားပြီးသည့်နောက်တွင် နဝမအလွှာအစောင့်အရှောက်ကလည်း ဆက်လက်၍ တိုးတက်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။
"ဘုန်း!"
သို့ပေသိ နဝမအလွှာအစောင့်အရှောက်သည် ကုချိုးကို ထိတ်လန့်နေရန်တောင် အခွင့်အရေးမပေးခဲ့ပါချေ။ ထိတ်လန့်ဖွယ်စွမ်းအားများသည် ကျယ်ပြောသော ပင်လယ်ပြင်ကြီးကဲ့သို့ ထွက်လာခဲ့ပြီး ၎င်း၏လက်သီးအထက်တွင် နေတစ်စင်းကဲ့သို့ တောက်ပသော အလင်းရောင်တစ်ခု တည်ရှိနေခဲ့သည်။
၎င်းက ခြေကို ဆောင့်လိုက်သည့်အခါ မြေပြင်ထက်၌ ဧရာမတွင်းပေါက်ကြီးနှင့် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာသည်။ ပုံတူသည် ကုချိုး၏အရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများသည် ထွက်ခွာလာခဲ့ပြီး ကုချိုးအရှေ့ဘက်ရှိ လေဟာပြင်ကို ခါယမ်းစေလျက် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။
လက်သီးချက်၏ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရသည့်အခါ ကုချိုး၏မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့သည်။ သူကလည်း အလျင်စလို လက်သီးတစ်ချက်ပစ်သွင်းခဲ့သည်။
"ဘုန်း!"
နေရာလွတ်အတွင်း၌ ပွတ်တိုက်မှုကြောင့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ပြင်းပြသောစွမ်းအင်ဖိအားသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ နဝမအလွှာတစ်ခုလုံးကို တစ်သိမ့်သိမ့်တုန်လှုပ်စေခဲ့သည်။
သူတို့နှစ်ယောက်စလုံးဟာ ပြင်းထန်သော တန်ပြန်အားကြောင့် တစ်ချိန်တည်းမှာ တုန်လှုပ်သွားကြရသည်။ ကုချိုးဟာ သူ၏ထုံကျင်နေသောလက်မောင်းကို ခါယမ်းလျက် မျက်နှာအမူအယာမှာ ပျက်ယွင်းနေခဲ့သည်။ သူဟာ ပိုမိုအစွမ်းထက်သောခွန်အားကို အသုံးပြုလိုက်ပြီး တိုက်ခိုက်ရန် သူ၏လက်သီးများကို ဝေ့ယမ်းလိုက်ပြန်သည်။
သူ လုံးဝမယုံကြည်နိုင်ဘူး။ သူ နဝမအလွှာအစောင့်အရှောက်ကို ရင်ဆိုင်နိုင်မယ့်နည်းလမ်း မရှိဘူးဆိုတာကို လက်သင့်မခံဘူး!
နဝမအလွှာအတွင်းတွင် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အဆက်မပြတ်တိုက်ခိုက်နေကြကာ အရှိန်နှုန်းမှာ အင်မတန်မှ မြန်ဆန်လှလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူတို့ဟာ တိုက်ကွက်ပေါင်းထောင်သောင်းချီကို ဖလှယ်ပြီးဖြစ်၏။ အလင်းတန်းနှစ်တန်းသည် အရူးအမူးတွန့်လိန်နေကြကာ ရုတ်တရက်ခွဲခွာသွားလိုက်၊ ပြန်လည်ပူးကပ်သွားလိုက်ဖြစ်နေခဲ့သည်။
ခန်းမကြီးတစ်ခုလုံးကို တုန်ခါစေသော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး လှိုင်းလုံးကဲ့သို့ ခမ်းနားသောစွမ်းအားများလည်း ပျံ့လွင့်လာခဲ့သည်။
သူတို့နှစ်ယောက်စလုံးသည် နဂါးများကဲ့သို့ လေဟာပြင်၌ ယိမ်းထိုးနေခဲ့ကာ သူတို့၏တိုက်ကွက်တိုင်းတွင် အလင်းတန်းများ တောက်ပလျက်ရှိသည်။ ပြင်းထန်သောစွမ်းအားက နေရာလွတ်တစ်ခုလုံးကို ဆက်လက်၍ ခါယမ်းစေခဲ့သည်။ သူတို့နှစ်ယောက်သည် ညအမှောင်ကောင်းကင်ယံ၌ တိုက်ခိုက်နေကြသော နတ်ဘုရားများအလား ကမ္ဘာကိုတုန်လှုပ်စေသော ပေါက်ကွဲအားကြီးများကို ထုတ်ဖော်နေခဲ့ကြသည်။
တိုက်ခိုက်နေစဥ်အတွင်းမှာ ကုချိုးသည် မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာကို တွေးတောနေခဲ့၏။
နဝမအလွှာ၏အစောင့်အရှောက်က ဘယ်လောက် စွမ်းအားကြီးပါစေ၊ ဘယ်လောက် စွမ်းဆောင်ရည်များကို ကူးယူနိုင်ပါစေ ၎င်းက အဆုံးသတ်မှာတော့ ရုပ်သေးရုပ်သာဖြစ်သည်။ ဒါ့အပြင် ပုံတူပွားထားခြင်းမျှသာဖြစ်သည်။ သူဟာ မူလပိုင်ရှင်လောက်တော့ ကျိန်းသေပေါက်ကောင်းမွန်မည်မဟုတ်ပါ။
ကြီးမြတ်သောခုနစ်ပြည်ထောင်ကသာ အရမ်းကြောက်လန့်ဖွယ်ကောင်းပြီး ပိုင်ရှင်နှင့် ထပ်တူညီမျှသော ပုံတူတစ်ခုကို ဖန်တီးနိုင်ခဲ့ပါက ၎င်းကြီးမြတ်သောခုနစ်ပြည်ထောင်သည် ကောင်းကင်တာအိုမျိုးနွယ်စုများ၏ ကျူးကျော်မှုကိုလည်း ခံခဲ့ရမှာ မဟုတ်ချေ။
ဒီလိုဆိုရင် ရုပ်သေးရုပ်ကို ဘယ်လိုဖျက်စီးမလဲ။
ကုချိုးဟာ နဝမအလွှာအစောင့်အရှောက်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေရင်းမှ တစ်ကိုယ်တည်းတွေးတောနေခဲ့သည်။
သီးခြားနန်းတော်ကြီးအတွင်း၌ ဧကရာဇ်စန်းရိနှင့် သူ့ဘေးနားရှိ လူအိုကြီးတို့သည် အပြင်းအထန်တိုက်ခိုက်နေသော လူနှစ်ယောက်၏ပုံရိပ်ကို စူးစိုက်ကြည့်နေခဲ့ကြပြီး သူတို့၏မျက်နှာထက်၌ အပြုံးများ ဖြစ်ပေါ်လာခဲ့သည်။ ဧကရာဇ်စန်းရိက ပြောဆိုလိုက်သည်။
"ဒီကလေးက နဝမအလွှာကို ဒီအချိန်မှာ မဖြတ်ကျော်နိုင်ခဲ့ဘူးဆိုရင်တောင် တကယ့်ကို တော်ပါပေတယ်လေ။"
"ဟုတ်တယ်။ သူက သူ့ရဲ့ပုံတူကို တိုက်ခိုက်နေရင်းနဲ့တောင် လမ်းစဉ်တစ်ခုကို ဖွေရှာနိုင်ခဲ့တဲ့။ ဒီတိုက်ပွဲ ပြီးတဲ့နောက်မှာ သူက ကိုယ်ပိုင်နိယာမလမ်းစဉ်ကို ရှာဖွေနိုင်ခဲ့ပြီး မြင့်မားတဲ့အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီ။ ဒီလိုအခွင့်အလမ်းမျိုးက တကယ့်ကို မနာလိုစရာပါပဲ။"
ဧကရာဇ်စန်းရိ၏ဘေးတွင် ရှိနေသော လူအိုကြီးက ရယ်မောလျက် ပြောဆိုလိုက်သည်။ သူ၏ အိုမင်းနေသော မျက်ဝန်းများအတွင်း၌ မနာလိုဝန်တိုမှု အရိပ်အယောင်များရှိနေခဲ့သည်။ သူဟာ ကြီးကျယ်မြင့်မြတ်သော အဆင့်အတန်းတွင် ရှိနေခဲ့သော်လည်း ကုချိုး၏ ကောင်းမွန်သည့်ကံတရားကို မနာမလိုဘဲ မနေနိုင်ခဲ့ပါ။
သာမန်လူများအတွက်တော့ သူတို့နှင့်အစစ်အမှန်ကိုက်ညီသည့် လမ်းစဥ်တစ်ခုကို ဖွေရှာနိုင်ခဲ့တာကတောင် ကောင်းကင်ကို အံတုနေပြီဖြစ်သည်။ တစ်စုံတစ်ယောက်က အချိန်တိုအတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်နိယာမလမ်းစဉ်ကို အလွယ်တကူနှင့် ဘယ်လိုများ ပြီးပြည့်စုံအောင်လုပ်နိုင်မှာလဲ။
ကုချိုးကတော့ ဒီတိုက်ပွဲအပြီးတွင် သူ့ကိုယ်ပိုင်တာအိုလမ်းစဥ်၏ ချို့ယွင်းချက်များကို ကျိန်းသေပေါက် ဆက်လက် ဖွေရှာနိုင်လိမ့်မည်။ ပြောရပါလျှင် မိမိကိုယ်တိုင်(ပုံတူ)ထက် သာလွန်ကောင်းမွန်အောင် မိမိ၏ကိုယ်ပိုင်တာအိုလမ်းစဥ်ကို စစ်ဆေးပေးနိုင်မည့်အရာ မရှိတော့ပါ။
နဝမအလွှာတွင်ရှိနေသော ကုချိုးဟာလည်း ဤအမှန်တရားကို သိရှိနားလည်ထားသည်။ ဒါ့ကြောင့် သူဟာ အလျှင်လိုမနေရခြင်းဖြစ်၏။ သူဟာ ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေနေခဲ့ရင်းမှ နဝမအလွှာအစောင့်အရှောက်နှင့် တိုက်ခိုက်နေခဲ့ရင်း သူ၏ကိုယ်ပိုင်ချို့ယွင်းချက်များကို သတိချပ်မိလာခဲ့သည်။
ဘုန်း!
နဝမအလွှာ၏ နေရာလွတ်အတွင်း၌ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ သူ၏ ကိုယ်ပိုင်တာအိုလမ်းစဥ်ကို ရှာဖွေတွေ့ရှိသွားပြီးနောက် ကုချိုး၏ ကျင့်ကြံမှုသည် ချန်ခွမ်းယွမ် အလယ်အလတ်အဆင့်သို့ ချိုးဖြတ်တက်ရောက်သွားခဲ့သည်။ သို့ပါသော်လည်း သူတို့နှစ်ယောက်မှ လက်ရှိထုတ်လွှတ်နေသော စွမ်းအားများသည် ချန်ခွမ်းယွမ်အလယ်အလတ်အဆင့်ထက် များစွာသာလွန်ကောင်းမွန်ပေသည်။
ထိုပြင်းထန်သော စွမ်းအားများက ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်တွင်ရှိသော စွမ်းအားရှင်များနှင့်တောင် နှိုင်းဆရန် လုံလောက်ပါလေသည်။
မွန်မြတ်မှုခုနစ်ပါးစေတီအတွင်း ဝင်ရောက်သွားပြီး အချိန်တိုအတွင်းမှာ ကုချိုးဟာ ဤကဲ့သို့ ကြီးမားသည့် တိုးတက်မှုကြီးကို ပြုလုပ်နိုင်ခဲ့မယ်ဆိုတာ ဘယ်သူကမှ မတွေးတောထားခဲ့ကြပါ!
"ဒီသခင်လေး စဥ်းစားမိသွားပြီ။"
ရုတ်တရက်ဆိုသလို အစောင့်အရှောက်နှင့် အပြင်းအထန်တိုက်ခိုက်နေသော ကုချိုး၏မျက်ဝန်းများမှာ တောက်ပသွားခဲ့ပြီး အံ့အားတသင့် ပြောဆိုလိုက်သည်။ သူ၏အသံဟာ ခေါင်းလောင်မြည်သံကြီးကဲ့သို့ နဝမအလွှာ၏ နေရာလွတ်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်!
"ဘာလဲ။"
တစ်ဖက်တွင်ရှိနေသော နဝမအလွှာအစောင့်အရှောက်သည် ပဟေဠိဖြစ်နေသော လေသံဖြင့် မေးမြန်းခဲ့သည်။
"ဟီးဟီး။ မင်းက တကယ့်ကို အံ့အားသင့်ဖို့ကောင်းပါတယ်။ မင်းက ဒီသခင်လေးရဲ့ စွမ်းဆောင်ရည်တွေအားလုံးကို အမှန်တကယ်ပုံတူကူးနိုင်တယ်တဲ့။ ဒီသခင်လေး အဆင့်တက်သွားတာတောင် မင်းကတော့ ဆက်လက်ကူးယူနိုင်တုန်းပဲ။"
"ဒါပေမယ့် မင်းက ဒီသခင်လေးရဲ့ ခံစားချက်တွေကိုရော ပုံတူပွားနိုင်ပါ့မလား။"
"ဒီသခင်လေးရဲ့ လုယက်ခြင်းအပေါ်ထားရှိတဲ့ ချစ်ခြင်းတရားကို ပုံတူကူးယူနိုင်ပါ့မလား။"
"မင်းက ကပ်ဘေးအားလုံးရဲ့ ဘုရင်ဖြစ်ချင်တဲ့ ဒီသခင်လေးရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကိုရော နားလည်နိုင်မှာလား။"
"ဒီသခင်လေးက ဇနီးမယားကို ဘယ်လောက်ချစ်တယ်ဆိုတာကိုရော မင်းသိရှိနိုင်လို့လား။"
"ဒီသခင်လေးက ပန်းလေးတစ်ပွင့်အတွက် ထောင်သောင်းချီတဲ့ ပန်းပွင့်လေးတွေကို လက်လွတ်ဆုံးရှုံးခံလိုက်တဲ့ အမှန်တရားကိုရော မင်းနားလည်ပါ့မလား။"
"အဲ့ဒီသခင်လေးက ကုချိုးပဲ။ သူက ကပ်ဘေးအားလုံးရဲ့ ဘုရင်။ သူက မရေမတွက်နိုင်တဲ့ မိန်းမငယ်လေးတွေရဲ့ နှလုံးသားထဲက အိမ်မက်ကလေး။ သူက လင်ချင်းချင်းရဲ့ အနှစ်သက်ဆုံး ယောက်ျားပဲကွ။"
"ငါက ကုချိုးပဲ။ ငါက တစ်ယောက်တည်းပဲ!"
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကုချိုးသည် မျက်စိကျိန်းလောက်သော အလင်းတန်းကြီးအဖြစ် ပေါက်ကွဲထွက်သွားခဲ့ကာ နေမင်းတစ်စင်းကဲ့သို့ တည်ရှိလျက်ရှိ၏။ စကားလုံးတစ်လုံးစီကို ပြောလိုက်ပြီးသည့် တစ်ခဏတွင် သူ့ခန္ဓာကိုယ်ရှိ အရှိန်အဟုန်များမှာ ပို၍ပို၍ အစွမ်းထက်လာခဲ့သည်။
အဆုံးမှာတော့ သူ၏အရှိန်အဝါများသည် ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်ထက်တောင် ကျော်လွန်လုမတတ်ဖြစ်နေခဲ့ကာ ချန်ခွမ်းဘုရင်အဆင့် စွမ်းအားရှင်များနှင့်တောင် နှိုင်းဆရန် လုံလောက်ခဲ့လေသည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးနှင့် အရှိန်အဟုန်ကြီးသည် နဝမအလွှာတစ်ခုလုံးကို ခါယမ်းစေလျက် အစောင့်အရှောက်၏ နှလုံးအိမ်ကိုလည်း ထပ်တူထပ်မျှ တုန်လှုပ်စေခဲ့သည်။
သူဟာ ခေါင်းကို ငုံ့လျက် ငြိမ်သက်စွာ ရှိနေခဲ့ပြီး ကုချိုး၏ အမေးများကို ဘယ်လိုဖြေကြားရမလဲ မသိတော့ပါ!