စွဲမက်ဖွယ်ရာ ငန်းတေးသံ။
Vol. 37 Ch. 516
ဘာသာပြန်- The Fate
"ဒီကလေးရဲ့ကံတရားက တကယ့်ကို မနာလိုစရာပါပဲလေ!"
ဧကရာဇ်စန်းရိဘေးနားတွင် ရှိနေသော လူအိုကြီး၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။
ပျက်သုန်းမှုသွေးစက်နှင်းပန်းသည် သူနှင့်ဧကရာဇ်စန်းရိလို ပုဂ္ဂိုလ်ကြီးအတွက်တောင် မနာလိုချင်စရာကောင်းလှသည်။ ဟုတ်တာပေါ့။ သူတို့က ကုချိုးဆီက လုယူမှာတော့ မဟုတ်ပါဘူး။
"မဆိုးပါဘူး!"
မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာတွင် ကုချိုးသည် ပျက်သုန်းမှုသွေးစက်နှင်းပန်းကို လက်ခံရယူလိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ထိုစကားများကို ကြားသိလိုက်ရသည့်အခါ ဧကရာဇ်စန်းရိနှင့် လူအိုကြီးတို့သည် ဦးခေါင်းများကို ခါယမ်းလျက် ရယ်မောမိလိုက်ကြသည်။ ဒီပျက်သုန်းမှုသွေးစက်နှင်းပန်းကိုတောင် မဆိုးပါဘူးတဲ့လား။ အဲ့ဒီအရာသာ မွန်မြတ်ဘုံလောကအတွင်း ထွက်ပေါ်လာပါက မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်လေသည်။ ကောင်းကင်တာအိုမျိုးနွယ်စုများကလည်း ထိပ်တန်းပါရမီရှင်များ စေလွှတ်၍ ထိုအရာအတွက် တိုက်ခိုက်ပေလိမ့်မည်!
ပျက်သုန်းခြင်းကရာဇ်နယ်ပယ်တွင် ခြေလှမ်းတိုင်းဟာ အင်မတန်မှ ခက်ခဲနက်နဲလှသည်။ အခြားသူများထက် ခြေတစ်လှမ်းသာလွန်ခြင်းကတောင် ကြီးကျယ်မြင့်မြတ်သော ခွန်အားများကို ဖော်ညွှန်းနေလေသည်။
မွန်မြတ်မှုခုနစ်ပါး နန်းတော်ကြီးအတွင်း၌ စစ်ပွဲဘုရင်ရောက်ရှိလာပြီးကတည်းက လူတိုင်းသည် ကုချိုး၏ နောက်ဆုံးသော ရလာဒ်ကို ရိုးသားစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။ ဤအချိန်၌ မူလက လင်းလက်နေသော မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာအလင်းတန်းများသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
အကြောင်းအရင်းကို လူတိုင်းမသိရသေးခင်မှာပဲ မွန်မြတ်မှုခုနစ်ပါးစေတီတစ်ခုလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး မွန်မြတ်မှုခုနစ်ပါး နန်းတော်ကြီးတစ်ခုလုံးကို နေ့ခင်းဘက်အလား လင်းထိန်စေသည့် အလင်းတန်းမျိုးကို ထုတ်လွှတ်လိုက်လေသည်။
မြင့်မြတ်သောစေတီတော်၏ ပတ်ပတ်လည်၌ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော သင်္ကေတများသည် ထူးခြားဆန်းကြယ်သော နည်းလမ်းဖြင့် လှည့်ပတ်နေခဲ့ကာ ရှိရှိသမျှလူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့၏။
"ဒါ...ဒါက"
ရှိနေကြသောလူများသည် မရေမတွက်နိုင်သော သင်္ကေတများဖြင့် လင်းထိန်လျက်ရှိသော မွန်မြတ်မှုခုနစ်ပါးစေတီကို စိုက်ကြည့်မိလိုက်ကာ ပြောပြ၍မရနိုင်သော စိတ်ပျက်အားလျော့မှုတစ်ခုကို ခံစားလိုက်မိသည်။ သူတို့၏ စိတ်နှလုံးအတွင်း၌ အရိုအသေပြုလိုသော ခံစားချက်တစ်ခုသည် အလိုအလျှောက် ဖြစ်ထွန်းလာရသည်။
ရှိနေကြသောလူတိုင်းသည် မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို အောင်မြင်ပြီးပါက ဖြစ်ပေါ်လာမည့်အပြောင်းအလဲများအကြောင်းကို သိမြင်ခြင်း၊ မြင်ဖူးခြင်း မရှိကြပါ။ လက်ရှိလူငယ်မျိုးဆက်များအတွင်း၌ ဘယ်သူကမှ နဝမအလွှာကို မဖြတ်ကျော်နိုင်ခဲ့ပါဘူး။ ထို့အတွက်ကြောင့် များစွာသောလူတို့က ဖြစ်ပျက်လာသည့် အဖြစ်အပျက်များကို မသိနိုင်ဖြစ်နေရသည်။
မင်းသမီးလန်လင်း၊ ဒုတိယမင်းသားလန်အောင်း၊ စစ်ပွဲဘုရင်နှင့် ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်ရှိသော စွမ်းအားရှင်များအားလုံး၏ မျက်ဝန်းသူငယ်အိမ်များကတော့ တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်သော အမူအယာများကို လှစ်ဟပြလိုက်သည်။
"သူ တကယ်ကြီး အောင်မြင်သွားပြီ။"
စစ်ပွဲနတ်ဘုရားသည် တုန်ခါနေသော မွန်မြတ်မှုခုနစ်ပါးစေတီကို စူးစိုက်လျက် တိုးညှင်းစွာရေရွတ်လိုက်သည်။
သူ့လို ချန်ခွမ်းသူတော်စင် အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးတစ်ယောက်ကတောင် ဤအချိန်၌ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပါ။ မွန်မြတ်ဘုံလောက၏ သမိုင်းတစ်လျှောက်တွင် အင်ပါယာကြီးခုနစ်ခု၏ အရှင်သခင်များကသာ မွန်မြတ်မှုခုနစ်ပါးစေတီများ၏ နဝမအလွှာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြသည်။
ယခုအချိန်မှာတော့ နဝမအလွှာကို ဖြတ်ကျော်နိုင်သည့် နောက်ထပ်လူငယ်လေးတစ်ယောက် ပေါ်ထွန်းလာခဲ့လေပြီ။ သူတို့ဟာ ထိုလူငယ်လေး၏ တည်ရှိမှုကို ယခင်က မသိရှိခဲ့ကြပါ။ ဒါက သူတို့ မြင့်မြတ်သော စန်းရိအင်ပါယာကြီးအတွက် ကောင်းသလား၊ ဆိုးသလားဆိုတာကို သူလည်း မခန့်မှန်းနိုင်တော့ချေ။
သို့ပါသော်လည်း သူသေချာသိနေသည့် အရာတစ်ခုတော့ ရှိနေသည်။ အနှေးနှင့် အမြန်ဆိုသလို ကုချိုး၏အမည်နာမသည် မြင့်မြတ်သော စန်းရိအင်ပါယာကြီးတစ်ခုလုံးကိုသာမက မွန်မြတ်ဘုံလောကကိုပါ ကိုင်လှုပ်ပေတော့မည်။
"အစ်ကိုကြီးက တကယ်ပဲ နဝမအလွှာကို ဖြတ်ကျော်နိုင်သွားပြီ။"
မင်းသမီးလန်လင်း၏ လှပသောမျက်နှာကလေးမှာ ထိတ်လန့်ခြောက်ခြားသွားပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။ နဝမအလွှာကို သူမတောင် ဘယ်တုန်းကမှ မဖြတ်ကျော်နိုင်ခဲ့ဖူးပါ။ အစ်ကိုကြီးကုကန်းချိုးကတော့ မွန်မြတ်မှုခုနစ်ပါးစေတီထဲကို ပထမဆုံးအကြိမ်ဝင်ရောက်ပြီးနောက် ချက်ချင်းကို ဖြတ်ကျော်နိုင်သွားတာလား။
ထိုကဲ့သို့ ပါရမီစွမ်းအားမျိုးကို သူမကတောင် ဖိအားတစ်ရပ် ခံစားနေခဲ့ရသည်။ အစ်ကိုကြီးကုချိုးက ဆရာ့ရဲ့ချစ်ခင်မြတ်နိုးမှုကို ရရှိတာ အံသြစရာ မဟုတ်တော့ပါဘူးလေ။ ဒါပေမယ့် ကျန်တဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေကရော ဂိုဏ်းတူအစ်ကိုကြီးကုချိုးလိုပဲလားဆိုတာ ငါမသိသေးဘူး။
လန်လင်းသည် အတွေးအာရုံအတွင်း နစ်မျောနေခဲ့ပြီး တည်ငြိမ်နေသော လီချင်းတို့တတွေကို စူးစိုက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများအတွင်း၌ ရှုပ်ထွေးသော ခံစားချက်များ ဖြတ်သန်းသွားခဲ့ပြီး သူတို့(လီချင်းတို့) ဘာတွေးနေသလဲဆိုတာကို ခန့်မှန်းရန် ကြိုးစားနေခဲ့သည်။
"ဘုန်း!"
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးသည် မွန်မြတ်မှုခုနစ်ပါးနန်းတော်ကြီးအတွင်း၌ ဟိန်းထွက်သွားခဲ့ပြီး စေတီတော်မှာ တလက်လက်တောက်ပနေသော ရောင်စဥ်တစ်ခု ဖြာထွက်လာခဲ့သည်။ ၎င်းရောင်စဥ်ဟာ မြင့်မြတ်သော စန်းရိမြို့တော်ကြီးတစ်ခုလုံးကိုတောင် ထွန်းလင်းတောက်ပစေခဲ့ကာ ရှိရှိသမျှ ကျင့်ကြံသူများအားလုံးကို သတိချပ်မိစေခဲ့သည်။
"ဒါက? ဘာဖြစ်သွားတာလဲ။"
"မြတ်စွာဘုရား၊ တစ်ယောက်ယောက်က မွန်မြတ်မှုခုနစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်သွားတာလား။"
များစွာသော ကျင့်ကြံသူများသည် ထိတ်လန့်တကြား စကားပြောဆိုနေကြပြီး သူတို့၏ မျက်နှာထက်၌ တုန်လှုပ်ခြောက်ခြားသော အမူအယာများကိုယ်စီ ရှိနေခဲ့ကြသည်။ အချို့သော ရှေးဟောင်းကျင့်ကြံသူများ၏ အိုမင်းရင့်ရော်နေသော မျက်ဝန်းများအတွင်း၌ ထူးဆန်းသောအလင်းတန်းများ တည်ရှိနေခဲ့သည်။
"တစ်ယောက်ယောက်ကသာ မွန်မြတ်မှုခုနစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့ရင် ထူးဆန်းတဲ့အပြောင်းအလဲတွေ ပေါ်ထွန်းလာမယ်လို့ ဒဏ္ဍာရီတွေက ပြဆိုကြတယ်။ အဲ့ဒီရဲ့နောက်မှာ မြင့်မြတ်တဲ့ စန်းရိမြို့တော်ကြီးတစ်ခုလုံးလည်း တုန်ခါသွားရမယ်လို့ဆိုတယ်။ ယခင် မွန်မြတ်မှုခုနစ်ပါးစေတီကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပါရမီရှင်တွေ ချန်ရစ်ခဲ့တဲ့ ပုံရိပ်ယောင်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကား ပြောဆိုဦးမှာတဲ့။"
"မွန်မြတ်မှုခုနစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့ပြီဆိုရင် ဆိုလိုတာက အဲ့ဒီလူငယ်ပါရမီရှင်က ဂန္တဝင်တွင်မဲ့အဆင့်ကို ရောက်ရှိသွားခဲ့ပြီ။ သူက သာမန်ပါရမီရှင်တွေ အားလုံးထက်ကို အဝေးကြီးရောက်နှင့်နေပြီ။"
"ဂန္တဝင်ဆိုတာဘာလဲ။ အဲ့ဒါက ကမ္ဘာလောကကြီးရဲ့ အံ့ချီးဖွယ် တေးမဟာပဲကွ။"
ရှေးဟောင်းကျင့်ကြံသူများ၏ ရှင်းပြပြောဆိုမှုများကြောင့် မြင့်မြတ်သောစန်းရိမြို့တော်အတွင်း၌ ရှိနေသည့် ကျင့်ကြံသူအားလုံးလိုလို ထိတ်လန့်သွားခဲ့ရသည်။ တစ်စုံတစ်ယောက်က မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ကြပါ။
မင်းသမီးလန်လင်းလို တည်ရှိမှုမျိုးကတောင် နဝမအလွှာကို မဖြတ်ကျော်နိုင်ခဲ့ချေ။ အဲ့ဒါက ဘယ်သူလဲ။ သူ့မှာ ဒီလိုပါရမီမျိုး ဘယ်လိုကြောင့် ရှိနေရတာလဲ။
မွန်မြတ်မှု ခုနစ်ပါးနန်းတော်ကြီး အတွင်း၌.......
စေတီတော်သည် ဆက်လက်၍ တုန်ခါနေဆဲဖြစ်ကာ စေတီတော်ထံမှ ထုတ်လွှတ်နေသော ဖိအားအရှိန်အဝါကြီးသည် ပို၍ပို၍ လေးလံလာခဲ့သည်။ ထို့အတွက်ကြောင့် ရှိနေကြသော သန်မာသည့်ကျင့်ကြံသူများကတောင် မွန်မြတ်မှုခုနစ်ပါးနန်းတော်ကြီးအတွင်းမှ မနေနိုင်တော့ဘဲ ဆုတ်ခွာသွားကြရသည်။
မြင့်မြတ်သောအင်ပါယာများ၏ ဧကရာဇ်များနှင့် အစွမ်းအထက်ဆုံးသော ပုဂ္ဂိုလ်များမှလွဲ၍ ဘယ်သူကမှ ဒီထိတ်လန့်ဖွယ်ဖိအားကြီးကို အံတုနိုင်မှာ မဟုတ်ပါ။
အစွမ်းထက်သော ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်၏ ကာကွယ်ပေးခြင်းကို ခံနေရသော မင်းသမီးလန်လင်းနှင့် လီချင်းတို့တတွေကတော့ မွန်မြတ်မှုခုနစ်ပါးနန်းတော်ကြီးအတွင်း၌သာ ရှိနေသေးသည်။
တဖြည်းဖြည်းနှင့် ဒါဇင်ချီသော အလင်းတန်းများနှင့် အရိပ်များသည် စေတီတော်အတွင်းမှ ထွက်ပေါ်လာကြသည်။ ၎င်းဒါဇင်ချီသော အလင်းတန်းများနှင့် ပုံရိပ်များကို တွေ့မြင်လိုက်ရသည့်အခါ စစ်ပွဲဘုရင်တို့တတွေ၏ မျက်ဝန်းသူငယ်အိမ်များသည် လှုပ်ခါသွားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းဒါဇင်ချီသည့် အလင်းတန်းပုံရိပ်များအတွင်း၌ ခွန်အားကြီးမားသော ခုနစ်ပြည်ထောင်၏ ရှေးယခင်မင်းများ ပါဝင်သောကြောင့်သာတည်း။ သူတို့ဟာလည်း မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို ငယ်ရွယ်စဥ်၌ ဖြတ်ကျော်နိုင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
ထိုကဲ့သို့ ဒါဇင်ချီသော အလင်းတန်းပုံရိပ်များထွက်ပေါ်လာသည့်အခါ မွန်မြတ်မှုခုနစ်ပါးစေတီတစ်ခုလုံးသည် ထပ်မံ၍ တုန်ခါသွားခဲ့ပြီး အရောင်အသွေးစုံလင်သော ကြာပွင့်ကြီးတစ်ခုသည် စေတီတော်၏ ထိပ်ဖျားမှ ပွင့်ဖူးလာခဲ့ပြီး ပုံရိပ်တစ်ခုသည် ကြာပွင့်ကြီး၏ အလယ်ဗဟို၌ ရှိနေခဲ့ကာ မြူမှုန်များအတွင်းရှိ ဧကရာဇ်မင်းမြတ်တစ်ပါးအလား တောက်ပလျက်ရှိသည်။ ထိုသူ့ထံမှ ပြိုင်ဘက်ကင်းစွမ်းအားအရှိန်အဝါများ လွင့်ထုတ်လျက် ရှိချေသည်။
"တာအိုရောင်းရင်းကို တွေ့ဆုံပါတယ်။"
ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဒါဇင်ချီသော အလင်းတန်းပုံရိပ်များက လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ချီးကျူးထောပနာပြုလိုက်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ ဒဏ္ဍာရီဆန်သော အသံက မွန်မြတ်မှုခုနစ်ပါးနန်းတော်တစ်ခွင် ပျံ့လွင့်သွားခဲ့ကာ ရှိရှိသမျှ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
နန်းတော်အတွင်း၌ ရှိမနေကြသူများကတောင် အဆိုပါ ထိတ်လန့်ဖွယ်မြင်ကွင်းကို တွေ့မြင်ခဲ့ကြရသေးသည်!
စစ်ထူမင်၏ မျက်ဝန်းများသည် မနာလိုမှုကြောင့် ဆွေးဆွေးနီသွားခဲ့ပြီး မွန်မြတ်မှုခုနစ်ပါးစေတီ၏ အထက်ကောင်းကင်ယံ၌ ရှိနေသော ဧရာမကြာပွင့်ကြီးကို စူးစိုက်ကြည့်နေခဲ့သည်။ သူဟာ ထိုကြာပွင့်ကြီးအတွင်းမှ ကုချိုးကို ဆွဲထုတ်၍ သူ့ဘာသာ တက်လှမ်းချင်နေမိသည်။
ကြာပွင့်ကြီးအပေါ်၌ရှိနေသော ကုချိုးဟာ အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ သူဟာ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂုဏ်သိက္ခာကို ဆောင်ကျဥ်းပေးရန် ရည်ရွယ်ခဲ့သော်လည်း ဤကဲ့သို့မြင်ကွင်းကတော့ မျှော်လင့်မထားဘဲ ဖြစ်ပျက်လာခဲ့ခြင်း ဖြစ်ပါသည်။
သူ မွန်မြတ်မှုခုနစ်ပါးစေတီအတွင်းမှ ထွက်ခွာလာပြီးသည့်နောက်တွင် အမှောင်ထုအတွင်းကို ရောက်ရှိသွားခဲ့သည်။ သူ ပြန်လည်၍ သတိဝင်လာမိသည့်အခါ သူဟာ ဤအရောင်အသွေးစုံလင်သော ကြာပွင့်ကြီး၏ အတွင်း၌ ရောက်ရှိနေခဲ့သည်။ ကြာပွင့်ကြီး၏ အထက်၌ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်တန့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ လျို့ဝှက်ဆန်းကြယ်သော အလင်းတန်းများဖြင့် ဖုံးကာထားခဲ့သည်။ သူဟာ ချီးကျူးထောပနာပြုနေသော ပတ်ပတ်လည်ရှိ ဒါဇင်ချီသော အလင်းတန်းပုံရိပ်များကို ဝေ့ဝဲကြည့်လိုက်ပြီး သူ့နှလုံးသားအတွင်း၌ မာနတရားတို့ ပေါက်ဖွားလာခဲ့ရသည်။
မွန်မြတ်မှုခုနစ်ပါးစေတီ၏ လုပ်ဆောင်ချက်သည် ကုချိုးကို အင်မတန့်အင်မတန်မှ စိတ်ကျေနပ်သွားစေခဲ့သည်။ ထိုကျေနပ်မှုက ပျက်သုန်မှုသွေးစက်နှင်းပန်းကို ရရှိချိန်က ပျော်ရွှင်မှုထက်တောင် သာလွန်ပါသေးသည်။
သူ၏စိတ်ဟာ လေအဟုန်၌ ဝဲလွင့်နေခဲ့ပြီး သူဟာ ရှိရှိသမျှ ဒါဇင်ချီသော အလင်းတန်းပုံရိပ်များကို မင်းတို့အားလုံးက အမှိုက်ကောင်တွေပဲဟု အော်ဟစ်ပြောဆိုချင်နေမိသည်။ သို့သော်လည်း ထိုသို့ပြောလိုက်ပါက အသက်ရှင်လျက် ထွက်မသွားနိုင်တော့မှာကို စိုးကြောက်မိလိုက်သည့်အခါ ဤအကြံအစည်ကို လက်လွတ်ဆုံးရှုံးခံလိုက်ရသည်။
သူဟာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အခါ ကြာပွင့်တစ်ခုသည် သူ၏ခြေဖဝါးအောက်၌ ဖြစ်ထွန်းလာခဲ့ရသည်။ သူခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်းတွင် ကြာပွင့်ကြီးများကလည်း သူ့ကို အောက်ဖက်မှ ပင့်မပေးလျက်ရှိသည်။
သူဟာ ဖြည်းဖြည်းချင်း ဆင်းသက်လာသည့်အခါ မွန်မြတ်မှုခုနစ်ပါးစေတီ၏ တောက်ပမှုများသည်လည်း တဖြည်းဖြည်း အရောင်မိန်ဖျော့သွားခဲ့ရသည်!