← Chapters

ရှန်ရှန်ကျုံဂိုဏ်း၏ အမည်နာမသည် ပဲတင်ထပ်လျက် ရှိချေပြီ

Vol. 37 Ch. 517

ရှန်ရှန်ကျုံဂိုဏ်း၏ အမည်နာမသည် ပဲတင်ထပ်လျက် ရှိချေပြီ

Vol. 37 Ch. 517

ဘာသာပြန်_ The Fate

တလက်လက်တောက်ပနေသော ကိုယ်ရောင်ကိုယ်ဝါများဖြင့် ကုချိုးသည် ကောင်းကင်ယံထက်မှ သက်ဆင်းလာခဲ့သည်။သူ၏ ဝတ်ရုံရှည်ဟာ လေအဟုန်၌ ဝဲလွင့်နေခဲ့ပြီး သူ၏ကျောပြင်ဟာလဲ ဖြောင့်တန်းလျက်ရှိ၏။သူဟာ ထူးကဲသာလွန်သော ဧကရာဇ်မင်းမြတ်တစ်ပါးအလား..ဆန်းကြယ်သောအရောင်အဝါကို ထုတ်လွှတ်လျက် ရှိချေသည်။

" ဂုဏ်ယူပါတယ် မိတ်ဆွေလေး ..မင်းက မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ဂန္တဝင်ပါရမီရှင်တစ်ယောက်ရဲ့ ဘွဲ့ထူးကို ရရှိသွားခဲ့ပြီ။ "

များစွာသော ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များသည် လက်ခုပ်တီးလိုက်ကြပြီး ပြုံးရယ်လိုက်ကြသည်။သူတို့၏မျက်နှာများက အင်မတန်မှ နုညံ့နေခဲ့ကြသည်။ကုချိုး၏ ကျင့်ကြံမှုဟာ ချန်ခွမ်းယွမ်အလယ်အလတ်၌သာ ရှိသော်လည်း၊ သူတို့ဟာ ချန်ခွမ်းဧကရာဇ်အဆင့်ကို ရောက်ရှိနေခဲ့သော်လည်း သူတို့ထဲက ဘယ်သူကမှ ကုချိုးကို အထင်မသေးရဲကြပါ။

ဂန္တဝင်ပါရမီရှင်များသည် ကြွေလွင့်မသွားသေးသ၍ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိနိုင်သည့် အခွင့်ထူးကြီးကို ပိုင်ဆိုင်ထားသည်။မွန်မြတ်ဘုံလောက၏သမိုင်းတစ်လျှောက်တွင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ထွင်းဖောက်ဝင်ရောက်နိုင်ခဲ့သော ပုဂ္ဂိုလ်ကြီးများကသာ တချိန်တစ်ခါတုန်းက မွန်မြတ်မှုခုနှစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်ပြီး ဂန္တဝင်သူရဲကောင်းများအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည်။

ဒီလိုပုဂ္ဂိုလ်တစ်ယောက်ရဲ့ရှေ့မှာ ဘယ်သူကများ မလေးမစားပြုမူရဲဦးမှာလဲ။သူတို့က ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်ဆိုရင်တောင် လျစ်လျူမရှူရဲကြပါဘူး။

ကုချိုး၏အမူအရာမှာ တည်ငြိမ်နေခဲ့ပြီး အမူအရာများပျော့ပြောင်းနေကြသော ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များကို ဝေ့ဝေ့ကြည့်လိုက်ပြီး သူ၏လက်ကို ညင်သာစွာ ဆန့်တန့်လျက် ခါရမ်းလိုက်သည်။ သို့သော်လည်း သူဟာ ဘာစကားကိုမှ မပြောခဲ့ပါ။

မင်းတို့ရဲ့မိသားစုက လက်ဗလာနဲ့ ဂုဏ်ပြုဖို့ပဲ သင်ပေးခဲ့တာလား။ ဒါက ဘယ်လိုအဓိပ္ပါယ်မရှိတာမျိုးကြီးလဲ။

တောင်းပန်ပါတယ်။ ငါကုချိုးက ဒီလိုဂုဏ်ပြုမှုမျိုးကို လက်မခံဘူးကွ !

ကုချိိုးက ဘာကိုမှ ပြန်မပြောလာခဲ့သော်လည်း ရှိနေကြသော ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များက ပျော်ရွှင်သွားကြသည်။သူတို့ဟာ လုံးဝကို မကျေမနပ် မခံစားမိပါဘူး။သူတို့က ကုချိုးနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ရန် မျှော်လင့်ထားခဲ့ကြသည်။

" မိတ်ဆွေလေး...ဒါက ဒီလူအိုကြီးရဲ့ တော်ဝင်မှော်ရတနာတစ်ခုပါ! "

" မိတ်ဆွေလေး...ဒါက ဧကရာဇ်အဆင့်ကို ရောက်ရှိနေတဲ့ သဘာဝမှော်ရတနာကြီးဗျ"

" မိတ်ဆွေလေး......! "

ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များအားလုံးသည် ပြုံးပျော်နေကြကာ ရတနာပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်ယူ၍ ကုချိုး၏လက်အတွင်းသို့ ထည့်သွင်းပေးနေကြသည်။သူတို့က ရတနာပစ္စည်းတစ်ချို့ကို သုံးစွဲပြီး အနာဂတ်တွင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိလာနိုင်ချေ မြင့်မားသည့် ပုဂ္ဂိုလ်တစ်ယောက်နဲ့ မဟာမိတ်ဖွဲ့ရသည့်အပေါ် ပျော်ရွှင်နေမိသည်။ ဒါက လုံးဝကို ထိုက်တန်ပါတယ်လေ။

တစ်ဖက်မှာတော့ လီချင်းနဲ့အခြားသူများသည် သူတို့၏မျက်နှာများကို တစ်ယောက်ပြီးတစ်ယောက် ဖုံးကွယ်နေမိခဲ့ကြသည်။ဂိုဏ်းတူညီငယ်လေးကုချိုးက ဘယ်လိုဖြစ်ဖြစ် သူ့ရဲ့စိတ်သဘောထားကို မပြုပြင် မပြောင်းလဲနိုင်ဘူး။သူက တခြားသူတွေရဲ့ ပစ္စည်းဥစ္စာကို နည်းလမ်းပေါင်းစုံနဲ့ လုယက်ဖို့ ကြိုးစားနေတော့တာပဲဟ။ နဝမအလွှာကို ဖြတ်ကျော်ပြီးတာတောင် မင်းကတော့ ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်ကြီးတွေရဲ့ လက်ဆောင်ပစ္စည်းတွေကို ရယူချင်နေတုန်းလား။

" ကျေးဇူးအများကြီးတင်ပါတယ် "

ထိုလူကြီးများ၏ ကောင်းမွန်သော စိတ်သဘောထားကို တွေ့မြင်လိုက်ရသည့်အခါ ကုချိုးက ချက်ချင်းကို ပြုံးရယ်လိုက်ပြီး လက်လှမ်းလျက် ပေးသမျှရတနာပစ္စည်းတိုင်းကို ရယူလိုက်တော့သည်။သူဟာ အတုန့်အလှည့်အနေဖြင့် ကြီးမားသော အပြုံးကြီးတစ်ခုကိုလည်း ပြုံးပြထားခဲ့သည်။ ဒါအမှန်ပဲ..ဒါကမှ ငါကုချိုးနှစ်သက်တဲ့ ချီးကျူးထောပနာမျိုး။

ထိုမြင်ကွင်းကြောင့် မင်းသမီးလန်လင်း၏ဘေးနားတွင် မတ်တပ်ရပ်နေသော စစ်ပွဲဘုရင်၏ မျက်ဝန်းများအတွင်း၌ လေးနက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူဟာ မဲ့ပြုံးပြုံးလိုက်မိချေသည်။ပစ္စည်းဥစ္စာကို လောဘကြီးတဲ့သူတွေက ပိုပြီးပြောရဆိုရ လွယ်တတ်တာပဲလေ !

" ဂိုဏ်းတူညီမလေးလန်လင်း၊ ဂိုဏ်းတူအကိုကြီးတွေ ခင်များတို့ရော ဘယ်နှယ့်ရှိစ..."

ကုချိုးသည် ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များစွာကို ဖြတ်ကျော်၍ မင်းသမီးလန်လင်းတို့၏ရှေ့မှောက်သို့ ရောက်လာခဲ့ကာ မျက်ခုံးပင့်လျက် နှုတ်ဆက်စကားဆိုလိုက်သည်။

" ဂိုဏ်းတူအကိုကြီးရဲ့ အောင်မြင်မှုအတွက် ဂိုဏ်းတူညီမငယ်လေးက လေးစားအားကျမိပါတယ်။ "

လန်လင်း၏လှပသော မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။

" ဒါက ဘယ်သူလဲ "

မင်းသမီးလန်လင်းနဲ့ ဒုတိယမင်းသားလန်အောင်းတို့၏ ဘေးနားတွင် မတ်တပ်ရပ်နေသော စစ်ပွဲဘုရင်ကို တွေ့မြင်လိုက်ရသည့်အခါ ကုချိုး၏မျက်ဝန်းများက အံ့သြသင့်သွားပြီး ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

" ဒါက တော်ဝင်ဦးရီးတော် စစ်ပွဲဘုရင်။ သူက ချန်ခွမ်းသူတော်စင်အထွတ်အထိပ်စွမ်းအားရှင် တစ်ယောက်ပေါ့ "

မင်းသမီးလန်လင်းက ရယ်ကာမောကာဖြင့် ကုချိုးနဲ့ မိတ်ဆက်ပေးလိုက်သည်။

" မလေးမစားပြုမူမိပါပြီ ..မလေးမစားပြုမူမိပါပြီ "

ကုချိုးက လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ပြောဆိုလိုက်သည်။

" မိတ်ဆွေလေးက နဝမအလွှာကို ဖြတ်ကျော်ပြီးပြီဆိုတော့ နောက်ထပ်ခြေလှမ်းအတွက် ဘာတွေများ စီစဥ်ထားပါသလဲ "

စစ်ပွဲဘုရင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး ပြုံးရယ်လျက် ပြောဆိုလိုက်သည်။သူဟာ ကုချိုး၏စိတ်နေသဘောထားကို ဗွေမယူဘဲ ‌ေတာက်ပသောမျက်ဝန်းများဖြင့် နက်ရှိုင်းသောအသံကို အသုံးပြုလျက် မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

" ဘာအစီအစဥ်မှ မရှိဘူး ! "

ကုချိုးက စစ်ပွဲဘုရင်ကို သံဿယဝင်စွာ စိုက်ကြည့်လိုက်ပြီး ပြန်လည်ပြောဆိုလိုက်သည်။စစ်ပွဲဘုရင်က သူ့အပေါ် စိတ်ဝင်စားနေကြောင်းကို သူက ခံစားနေရသည်။ စိတ်ဝင်စားနေမှတော့ ဘာဖြစ်လို့ လက်ဆောင်ပစ္စည်းတွေကို အရင်မပေးရတာလဲ။

ကုချိုး၏စိတ်ထဲတွင် သူ့ကို မကောင်းမြင်နေကြောင်းကို စိတ်ပွဲဘုရင်က သိရှိနားလည်ထားခြင်းမရှိဘဲ ဒဲ့တိုးဆန်စွာ ပြောဆိုလိုက်သည်။ " မိတ်ဆွေလေး ကျုပ်တို့ရဲ့ ဝူမိသားစုကို ဝင်ရောက်ချင်လား။ "

" မင်းသာ ဝင်ချင်တယ်ဆိုရင် ငါတို့ဝူမိသားစုက များပြားလှတဲ့ အရင်းအမြစ်တွေကို ပေးအပ်မယ်။ ဒီဘုရင်ကလည်း မင်းကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ပေးပြီး ဝူမိသားစုရဲ့ အထူးစွမ်းအားတွေကိုလည်း သင်ကြားပေးဦးမှာ "

"မင်းမှာ တောင်းဆိုစရာရှိရင်လည်း ပြောပြလို့ရပါတယ်။ ဒီဘုရင်နဲ့ ဝူမိသားစုက တတ်နိုင်သေးသ၍ မင်းကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးမှာပါ "

စစ်ပွဲဘုရင်၏စကားကို ကြားလိုက်ရသည့်အခါ မွန်မြတ်မှုခုနှစ်ပါးနန်းတော်ကြီးတစ်ခုလုံးသည် သုဿန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက် သွားခဲ့ကြသည်။လူတိုင်းက မယုံကြည်နိုင်သော အမူအရာများကို ထုတ်ဖော်ပြသလာခဲ့သည်။စစ်ပွဲဘုရင်က ကုချိုးကိုခေါ်ယူရန် ရောက်ရှိလာကြောင်း သူတို့သိထားသော်လည်း ဤမျှလောက် များပြားသော တန်ကြေးကို ပေးဆပ်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပါ။

ဒါက ဝူမိသားစုတစ်ခုလုံးကို အပြင်လူဖြစ်တဲ့ ကုချိုးလက်ထဲကို ပုံအပ်လိုက်သလိုပဲ မဟုတ်ဘူးလား....

များစွာသော ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များကလည်း ကြောင်အလျက်ရှိသော အမူအရာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအပေးအယူကိုသာ ကုချိုးလက်ခံလိုက်ပါက သူဟာ မြင့်မြတ်သောစန်းရိအင်ပါယာအတွင်း၌ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ကြီးတစ်ယောက် ဧကန်ဖြစ်လာပေလိမ့်မည်။ဒါက ဘယ်လောက်တောင် ကြောက်လန့်ဖို့ကောင်းတာလဲ။ကုချိုးရဲ့ ကိုယ်ပိုင်ပါရမီစွမ်းအားနဲ့ဆိုရင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်တစ်ယောက် မလှုပ်ရှားသ၍ သူ့ကို မွန်မြတ်ဘုံလောကအတွင်းက ဘယ်သူကမှထိခိုက်အောင် လုပ်နိုင်တော့မှာမဟုတ်ဘူး။

ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များ ထိတ်လန့်နေကြရုံသာမက လန်လင်းနဲ့ လန်အောင်းတို့ကတောင် အတော်လေးတုန်လှုပ်သွားခဲ့ကြသည်။တော်ဝင်မိသားစု၏အဖွဲ့ဝင်များ ဖြစ်သည်နှင့်အညီ သူတို့၏အဆင့်အတန်းများမှာလည်း နိမ့်ကျခြင်း မရှိပါ။ဝူမိသားစုက မြင့်မြတ်သောစန်းရိအင်ပါယာအတွင်း၌ အဘယ်သို့သောအဆင့်အတန်းကို ကိုင်ဆောင်ထားကြောင်း သူတို့ သိရှိထားကြသည်။ထိုမိသားစုကို သူမ၏ တော်ဝင်ခမည်းတော်ကတောင် အများအားဖြင့် အားကိုးရပါသည်။ မြင့်မြတ်သောစန်းရိအင်ပါယာတစ်ခွင်၌ ဘယ်မိသားစုကမှ ဝူမိသားစုကို အင်အားအရာ၌ မယဥ်ပြိုင်နိုင်ကြပါ။

" ကျွန်တော့မှာ ဆရာရှိနေပြီးသားပါ။ "

ကုချိုးက စစ်ပွဲဘုရင်ကို ခပ်ဖွဖွလှမ်းကြည့်လိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။

၎င်းအသံမှာ တိုးညှင်းသော်လည်း လူတိုင်း၏နားစည်အတွင်းသို့ ဖြည်းညှင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။ ဒါက ချန်ခွမ်းဧကရာဇ်များကို နောက်တစ်ကြိမ်ထိတ်လန့်သွားစေပြန်သည်။သူက စစ်ပွဲဘုရင်ရဲ့ ကမ်းလှမ်းချက်ကို တကယ်ပဲ ငြင်းပယ်လိုက်တာလား။ မြင့်မြတ်သောစန်းရိအင်ပါယာရဲ့ လူငယ်မျိုးဆက်တစ်ခုလုံးတွင် ဘယ်သူကမှ စစ်ပွဲဘုရင်ရဲ့ ဖိတ်ခေါ်မှုကို ကုချိုးလိုမျိုး တည်ငြိမ်စွာ မငြင်းဆန်နိုင်ပါ။

" ဆိုရိုးစကားတောင် ရှိသေးတယ်မဟုတ်လား...တာအိုရောင်းရင်းတွေက မြင့်မားတဲ့အရပ်ဒေသကို သွားလာရတယ်တဲ့.....ဒီက မိတ်ဆွေလေးက သဘောတူသေးသ၍ မင်းဆရာနဲ့ဆွေးနွေးဖို့ ငါကူညီပေးပါမယ်။ " စစ်ပွဲဘုရင်က အရှုံးပေးလိုခြင်းမရှိဘဲ ဆက်လက်၍ ပြောဆိုလိုက်သည်။ သူ၏လေသံထဲ၌ အဆုံးအစမဲ့သော ယုံကြည်ချက်များ ကိန်းဝပ်နေခဲ့သည်။

မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ စစ်ပွဲဘုရင်ဖြစ်သည်နှင့်အညီ ဧကရာဇ်စန်းရိကတောင် သူ့အား မျက်နှာသာပေးရတယ်လေ။သူသာ ခြေတစ်လှမ်း လှမ်းလိုက်သ၍ ကုချိုးနောက်ဖက်ရှိ ဆရာသခင်က ပြဿနာရှာရဲလိမ့်မယ်လို့ သူ မထင်ပါ။

" ဟား...ဟား.....! "

" မြင့်မြတ်တဲ့စန်းရိအင်ပါယာကြီးမှာ ခင်များရဲ့အဆင့်အတန်းက ငြင်းဆန်မရအောင် မြင့်မားတယ်ဆိုတာ ကျုပ်ဝန်ခံပါတယ် "

" ဒါပေမဲ့ တောင်းပန်ပါတယ်ဗျာ...ကျွန်တော့်ရဲ့အနောက်မှာ ရှိနေတဲ့ ရှန်ရှန်ကျုံဂိုဏ်းက ခင်များတွေးထင်ထားတာထက် အများကြီး ကျော်လွန်နေတယ်။ "

" ကျုပ်ကုချိုးကို ခင်များဘယ်လို အခွင့်အရေးတွေပဲ ပေးနေပါစေ ကျုပ်က ရှင်သန်နေသေးသ၍ ရှန်ရှန်ကျုံဂိုဏ်းရဲ့ လူ...သေဆုံးသွားရင်လည်း ရှန်ရှန်ကျုံဂိုဏ်းရဲ့ သစ္ဆေသရဲပဲ ဖြစ်လာမှာ။ ရှင်သန်ခြင်း၊ သေဆုံးခြင်းကို လျစ်လျူရှုပြီး အကြိမ်ပေါင်းထောင်ချီ ပြန်လည်ဝင်စားရရင်တောင် ကျုပ်ကတော့ ရှန်ရှန်ကျုံဂိုဏ်းကို သစ္စာဖောက်မှာ မဟုတ်ဘူး။ "

ကုချိုး၏စကားလုံးများသည် မွန်မြတ်မှုခုနှစ်ပါးနန်းတော်ကြီးအတွင်း၌ ပဲ့တင်ထပ်သွားကာ စွမ်းအားရှင်ကြီးများ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ကုချိုးလို ပါရမီရှင်တစ်ယောက်ကတောင် ဒီလောက်လေးစားရတဲ့အထိ သူ့ရဲ့ဆရာက ဘယ်လိုမျိုး သင်ကြားပေးထားတာလဲ။

ထိုစကားများကို ကြားလိုက်ရသည့်အခါ စစ်ပွဲဘုရင်၏ယုံကြည်မှုများသည် မဲမှောင်ညှိုးနွမ်းသွားရသည်။ကုချိုးလို မာနကြီးသောလူတစ်ယောက်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးပါက ထပ်မံပြောင်းလဲတော့မည်မဟုတ်ကြောင်း သူသိထားလေသည်။

ရှန်ရှန်ကျုံဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ...

အဲ့ဒီဂိုဏ်းက ဘယ်နေရာမှာ တည်ရှိနေတာလဲ.....

စစ်ပွဲဘုရင်အပါအဝင် ရှိရှိသမျှ ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များ စိတ်နှလုံးအတွင်း၌ ကိုယ်စီကိုယ်ဌ မေးခွန်းများ ရှိနေခဲ့ကြသည်။ကုချိုး၏စကားများမှ တစ်ဆင့် ရှန်ရှန်ကျုံဂိုဏ်း၏အမည်နာမသည် မြင့်မြတ်သောစန်းရိအင်ပါယာ၏ အဆင့်မြင့်ပုဂ္ဂိုလ်များအကြား၌ ပထမဆုံးအကြိမ် ကြားသိခဲ့ရသည်။မွန်မြတ်မှုခုနှစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့သော ကုချိုး၏ ထူးချွန်ပြောင်မြောက်သော လုပ်ဆောင်မှုနှင့်အတူ ရှန်ရှန်ကျုံဂိုဏ်း၏ အမည်နာမသည် မြင့်မြတ်သောစန်းရိအင်ပါယာကိုတောင်ကျော်လွန်၍ မွန်မြတ်ဘုံလောကတစ်ခုလုံးအတွင်းသို့ ပျံ့နှံ့သွားခဲ့တော့သည်။

တစ်ဖက်တွင်ရှိနေသော မင်းသမီးလန်လင်း၏ မျက်ဝန်းများအတွင်း၌လည်း အလင်းတန်းတစ်ခု ထွန်းလင်းတောက်ပနေခဲ့သည်။ သူကလည်း ဆရာသခင်ဝမ်ဖုန်းတည်ထောင်ထားသော ဂိုဏ်းအကြောင်းကို သိလိုစိတ် ပြင်းပြနေမိသည်။

တော်ဝင်မင်းသားတစ်ပါးအတွက်တောင် စစ်ပွဲဘုရင်၏ ကမ်းလှမ်းချက်က ခမ်းနားကြီးကျယ်ကြောင်း ဝန်ခံရမှာဖြစ်သည်။ ဘယ်တော်ဝင်မင်းသားမဆို ကုချိုးလို သဘောတူညီမှုမျိုးကို ရရှိနိုင်ပါက စဥ်းစားတောင် မနေတော့ဘဲ ချက်ချင်းကို သဘောတူလိုက်မှာ ဖြစ်သည်။

သို့ပါသော်လည်း ကုချိုးကတော့ အနည်းငယ်တောင် စိတ်ဓာတ်ယိမ်းယိုင်မသွားခဲ့ဘဲ ရှန်ရှန်ကျုံဂိုဏ်းအပေါ်သစ္စာတရားကို ထုတ်ဖော်ပြသခဲ့သည်။ ကုချိုးကို ဒီလောက်အထိ လေးစားအားကျစေခဲ့တဲ့ ရှန်ရှန်ကျုံဂိုဏ်းက ဘယ်လိုတောင် ထူးခြားနေရတာလဲ။ အဲ့ဒီဂိုဏ်းမှာ ဘယ်လိုပါရမီရှင်တွေ ရှိနေရတာလဲ။

All Chapters