← Chapters

ထာဝရငြိမ့်ချမ်းရာ

Vol. 37 Ch. 518

ထာဝရငြိမ့်ချမ်းရာ

Vol. 37 Ch. 518

ဘာသာပြန်_ The Fate

" ဂိုဏ်းတူညီငယ်လေးကုချိုးက ကောင်းမွန်တဲ့စမှတ်ကို ဖန်တီးနိုင်ခဲ့တာဘဲ။ အခုဒီဂိုဏ်းတူအကိုကြီးက ကြိုးစားကြည့်ပါရစေ "

လန်လင်း၏အကြည့်အောက်တွင် လီချင်းသည် တည်ငြိမ်သောအပြုံးဖြင့် ပြောဆိုလိုက်သည်။

ကုချိုး၏ထက်မြက်သောအဖွင့်ကြောင့် မွန်မြတ်မှုခုနှစ်ပါးစေတီကို ဒုတိယမြောက်ကြိုးစားမည့်ပုဂ္ဂိုလ်မှာ ဖိအားအကြီးအကျယ် ခံစားရမှာဖြစ်သည်။ သူနဝမအလွှာကို ဖြတ်ကျော်နိုင်သည်ဖြစ်စေ၊ မဖြတ်ကျော်နိုင်ခဲ့သည်ဖြစ်စေ ပထမဆုံးဖြတ်ကျော်သွားခဲ့သည့်ကုချိုးလိုတော့ အံ့သြစရာကောင်းနေတော့မှာ မဟုတ်ပါ။

" ဂိုဏ်းတူအကိုကြီး ကျေးဇူးပြုပြီး "

လန်လင်းက ပြုံးရယ်လိုက်ပြီး လက်ဆန့်တန်းပြလျက် တိုးတိတ်စွာ ပြောဆိုလိုက်သည်။

လီချင်းက ခေါင်းညိတ်လိုက်ကာ ကွင်းပြင်ကြီးထဲရှိ လူတိုင်း၏အကြည့်များအောက်တွင် ခေါင်းကို မြင့်မြင့်ပင့်ချီလျက် မွန်မြတ်မှုခုနှစ်ပါးစေတီအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားခဲ့သည်။

" ဂိုဏ်းတူအကိုကြီးကုချိုး အကိုကြီးရဲ့အမြင်အရဆိုရင် ဂိုဏ်းတူအကိုကြီးလီချင်းက အလွှာဘယ်လောက်များများကို ဖြတ်ကျော်နိုင်မလဲ "

လီချင်း၏ပုံရိပ်ကို အမှောင်ထုက တဖြည်းဖြည်းဝါးမြိုသွားခဲ့သည်ကို စောင့်ကြည့်နေရင်း လန်လင်း၏မျက်ဝန်းများမှာ တောက်ပသွားခဲ့ကာ ဘေးဖက်ရှိ ကုချိုးကို မေးမြန်းလိုက်သည်။

လန်လင်း၏စကားကို ကြားလိုက်ရသည့်အခါ ရှိရှိသမျှလူတိုင်းသည် ကုချိုးကို စိုက်ကြည့်မိလိုက်ကြသည်။စစ်ပွဲဘုရင်နှင့် ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်တွင် ရှိနေကြသော စွမ်းအားရှင်ကြီးများ၏ မျက်နှာထက်တွင်တောင် သိလိုသောအမူအရာများ ဖြစ်ပေါ်လာကြသည်။

ကုချိုးဟာ ပထမဆုံးအကြိမ်၌ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့သည်။လီချင်းဟာလည်း ကုချိုးနဲ့ တစ်ဂိုဏ်းတည်းသားချင်းများ ဖြစ်သည်။သူကလည်း အားမနည်းသင့်ပါဘူး...ဟုတ်တယ်မလား။

" အကြီးဆုံးဂိုဏ်းတူအကိုကြီးက ခန့်မှန်းလို့မရနိုင်ဘူး။ငါကတောင် သူနဲ့ ယှဥ်ပြိုင်လို့ မရပါဘူးလေ "

ကုချိုးက ခေါင်းကို ခါရမ်းလိုက်သည်။သူဟာ တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ မျက်ဝန်းများကို မှေးကျဥ်း၍ သွယ်ဝှိုက်စွာ ပြောဆိုခဲ့ပါသည်။

သို့သော်လည်း သူ၏စကားလုံးများက ရှိရှိသမျှလူတိုင်းကို အဘယ်မျှလောက် ထိတ်လန့်သွားစေခဲ့သည်ကိုတော့ ကုချိုးတစ်ယောက် မသိခဲ့ပါ။အဲ့ဒီလူက မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ကုချိုးထက်တောင် ပိုပြီးတော့ ကောင်းမွန်နေတာလား။ ကုချိုးကတောင် လီချင်းလောက် မကောင်းမွန်ဘူးတဲ့လား။

ဒါဆိုရင် အဲ့ဒီလီချင်းမှာ ဘယ်လိုမျိုးထိတ်လန့်ဖို့ကောင်းတဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားတာလဲ။

အချိန်တစ်ခုထိတိုင်အောင် စစ်ပွဲဘုရင်ရော၊ ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်၌ရှိသော စွမ်းအားရှင်ကြီးများရောပါ ထိတ်လန့်ခြောက်ခြားသွားကြသည်။ သူတို့ဟာ ရှန်ရှန်ကျုံအမည်ရသောဂိုဏ်းကို ပိုမို၍ သိလိုစိတ် ပြင်းပြလာခဲ့ကြသည်။

ကုချိုးက သူတို့ကို လိမ်ညာနေတယ်လို့ ဘယ်သူကမှ မတွေးထားကြပါဘူး။ ကုချိုးဟာ မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဂန္တဝင်ပါရမီရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့သူဖြစ်သည်။ သူ့လိုလူက အကြောင်းအရင်းမရှိဘဲ ဘာလို့နှိမ့်ချနေရမှာလဲ။

အမှန်တကယ်မှာလဲ ကုချိုးဟာ အပိုစကားပြောဆိုခဲ့ခြင်းမဟုတ်ပါ။ရှန်ရှန်ကျုံဂိုဏ်း၏တပည့်များအနက်တွင် သူလေးစားရသည့် တစ်ယောက်တည်းသောသူမှာ ဂိုဏ်းတူအကိုကြီး လီချင်းသာ ဖြစ်ပါသည်။ဟုတ်တာပေါ့..ဝမ်ရွှယ်ကလေးလို မကောင်းဆိုးဝါးဆန်သည့် ပါရမီရှင်လေး နောက်တစ်ယောက်လည်း ရှိနေပါသေးသည်။

ကျန်တဲ့တပည့်များအားလုံးကိုတော့ ကုချိုးက သူ့ထက်တော်တယ်လို့ ထင်မထားပါဘူး !

...............

လီချင်းသည် မွန်မြတ်မှုခုနှစ်ပါးစေတီအတွင်းသို့ ဝင်ရောက်သွားသည့်အခါ ရှန်ရှန်ကျုံဂိုဏ်းမှ ရောက်လာသောကုချိုးက မွန်မြတ်မှုခုနှစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့သည်ဆိုသော သတင်းသည် မြင့်မြတ်သောစန်းရိအင်ပါယာတစ်ခွင်ကို ပျံ့နှံ့သွားခဲ့ကာ ကျင့်ကြံသူပေါင်းများစွာကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

" လက်ရှိဧကရာဇ်မင်းမြတ်ကလွဲပြီးတော့ မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်တဲ့သူ ရှိနေလိမ့်ဦးမယ်လို့ ငါတော့ ထင်မထားမိခဲ့ဘူး "

" အဲ့တာက ရာစုနှစ်ရဲ့ အကောင်းမွန်ဆုံး ပါရမီရှင်တစ်ယောက်ပဲ "

" ဒါနဲ့ ရှန်ရှန်ကျုံဂိုဏ်းဆိုတာ ဘယ်ကဂိုဏ်းလဲ ငါတော့ မကြားဖူးသလိုပဲနော် "

" ဟုတ်တယ်....ကုချိုးလို ဂန္တဝင်ပါရမီရှင်တစ်ယောက်ကိုတောင် သင်ကြားပေးနိုင်ခဲ့တာဆိုတော့ အဲ့ဒီဂိုဏ်းက မကြားဖူးတာတော့ မဖြစ်သင့်ဘူးလေ "

အံ့သြသင့်မှုများနဲ့ မသေချာမရေရာသော ဆွေးနွေးသံများသည် မြင့်မြတ်သောစန်းရိအင်ပါယာတစ်ခွင်မှ ထွက်ပေါ်လျက်ရှိသည်။ကျင့်ကြံသူ အားလုံးအားလုံးလိုလိုသည် ရှန်ရှန်ကျုံဟူသော ဂိုဏ်၏ အမည်နာမကို မှတ်မိလိုက်ကြသည်။

ကုချိုး၏အမည်နာမ မြင့်တက်လာခြင်းနဲ့အတူ ရှန်ရှန်ကျုံဂိုဏ်း၏အမည်နာမဟာလည်း မြင့်မြတ်သောစန်းရိအင်ပါယာကြီးကို ကိုင်လှုပ်နိုင်ခဲ့ပါသည်။၎င်းသတင်းက အခြားအင်ပါယာကြီး ခြောက်ခုထံသို့တောင် တိုးညှင်းစွာ ပျံ့လွင့်သွားခဲ့သည်။

ကုချိုးသည် မြင့်မြတ်သောအင်ပါယာတစ်ခုတွင် ရှန်ရှန်ကျုံဂိုဏ်း၏ အမည်နာမကို သူ့နည်းသူ့ဟန်ဖြင့် ပျံ့လွင့်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် မြင့်မြတ်သောစန်းရိအင်ပါယာ၏တောအုပ်ကြီးတစ်ခုအတွင်းတွင် ဝမ်ဖုန်းနဲ့ သူ၏အဖွဲ့သားများသည် မိုးထိအောင်မြင့်မားသော တောင်ထိပ်တစ်ခုပေါ်၌ သက်ဆင်းလိုက်ကြသည်။သူတို့ဟာ မနီးမဝေးတွင်ရှိနေသော ပိန်းပိတ်အောင်မှောင်မဲသည့် အနက်ရောင်နန်းတော်ကြီးကို အေးစက်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

ဤသည်မှာ လီရှောင်းယောင်စုံစမ်းနိုင်ခဲ့သော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ တတိယမြောက်ဂိုဏ်းခွဲ ဖြစ်သည်။ ပထမနှစ်ခုကိုတော့ ဝမ်ဖုန်းတို့အဖွဲ့က ဖျက်စီးခဲ့ပြီးလေပြီ။ယခုအချိန်တွင် ဝမ်ဖုန်း၏ဘေးနား၌ စောနက ဆင့်ခေါ်ခဲ့သော လျန်ချန်းကျိနဲ့ ကျန်းမင်တို့နှစ်ယောက် ထပ်ပေါင်းရှိနေခဲ့ကြသည်။

" ဒင်....ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းနဲ့စနစ်ကို အဆင့်မြှင့်တင်တဲ့ လိုအပ်ချက်များ ပြည့်စုံသွားပါပြီ။ ဂိုဏ်းအမှတ်တွေ အသုံးပြုပြီး အဆင့်မြှင့်တင်မလား။ "

ဝမ်ဖုန်းက လီရှောင်းယောင်တို့ကိုဦးဆောင်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ နောက်ဆုံးဌာနခွဲကို ဖျက်စီးတော့မည့်အချိန်တွင် စနစ်၏အေးစက်သောအသံက သူ၏စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ဒါက ဝမ်ဖုန်းကို လုံးဝ ကြောင်အသွားစေခဲ့သည်။

" စနစ်...ဘာတွေဖြစ်နေတာလဲ "

ဂိုဏ်းနဲ့စနစ်ကို အဆင့်မြှင့်တင်ရန်လိုအပ်ချက်မှာ ချန်ခွမ်းဘုရင်ဆယ်ယောက်ကို သတ်ဖြတ်ရန်ဖြစ်သည်။ဤလိုအပ်ချက်ကိုတော့ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဂိုဏ်းခွဲနှစ်ခုကို ဖျက်စီးလိုက်ပြီးနောက် ပြီးပြည့်စုံသွားခဲ့ပါသည်။သို့ပါသော်လည်း နောက်ထပ်လိုအပ်ချက်တစ်ခုမှာ ရှန်ရှန်ကျုံဂိုဏ်း၏အမည်နာမက အနည်းဆုံးအင်ပါယာတစ်ခု၌ ပျံ့လွင့်ကျော်ဇောဖို့ ဖြစ်လေသည်။

အဲ့ဒီလိုအပ်ချက်ကို စနစ်က ပယ်ချပေးလိုက်တာလား။

" ဒင်....ရှန်ရှန်ကျုံဂိုဏ်းရဲ့ ကုချိုးက မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့ပြီး မြင့်မြတ်တဲ့စန်းရိအင်ပါယာတစ်ခွင်ကို လှိုင်းဂယက်ထစေခဲ့ပါတယ်။ရှန်ရှန်ကျုံဂိုဏ်းရဲ့ အမည်နာမက မြင့်မြတ်တဲ့စန်းရိအင်ပါယာမှာ ကျော်ဇောလာတာကြောင့် လိုအပ်ချက်ကို ပြည့်မှီသွားခဲ့တာပါ။ "

" မွန်မြတ်မှုခုနှစ်ပါးစေတီတွေဟာ အင်ပါယာကြီးခုနှစ်ခုရဲ့ ချန်ခွမ်းသူတော်စင်အဆင့် စွမ်းအားရှင်ကြီးခုနှစ်ယောက် ဖန်တီးခဲ့တဲ့ ရတနာပစ္စည်းတွေ ဖြစ်ပါတယ်။ သူတို့ကိုတော့ ပါရမီရှင်တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးဖို့ အသုံးချပါတယ် "

စနစ်၏ရှင်းပြသံက စိတ်အာရုံအတွင်း ပျံ့လွင့်လာခဲ့ကာ ဝမ်ဖုန်းဟာ နောက်ဆုံးမှာ သိနားလည်သွားခဲ့သည်။တစ်ချိန်တည်းမှာပင် သူဟာ အင်မတန်မှ စိတ်ကျေနပ်လာခဲ့သည်။သူ၏တပည့်ကုချိုးဟာ အနည်းငယ်ကြောင်တောင်တောင်နိုင်သော်လည်း အရေးကြီးသော ကိစ္စရပ်များတွင်တော့ အသုံးဝင်ပါသေးသည်။သူဟာ ရှန်ရှန်ကျုံဂိုဏ်းကို ကြီးမားစွာ အကျိုးပြုခဲ့လေသည်။

" စနစ်.....အဆင့်မြှင့်တင်ကြရအောင် "

ဝမ်ဖုန်းက လက်ကို ဝှေ့ရမ်းလျက် လီရှောင်းယောင်နဲ့အခြားသူများကို အနားယူရန်အချက်ပြလိုက်ကာ တချိန်တည်းမှာပင် စနစ်ကို တိုးတိတ်စွာ အမိန့်ပေးလိုက်သည်။

ဤတစ်ကြိမ်အဆင့်မြှင့်တင်မှုသည် သူ့ကို မွန်မြတ်ဘုံလောကတစ်ခွင်လုံး၌ စွမ်းအားကြီးလာစေလိမ့်မည်။ထို့အတွက်ကြောင့် သူဟာ စိတ်ကျေနပ်ပျော်ရွှင်နေမိသည်။

" ဒင်....ဂိုဏ်းနဲ့စနစ်ကို အဆင့်မြှင့်တင်ဖို့အတွက် ဂိုဏ်းအမှတ် (1) ထရီလီယမ်ကို အလိုအလျောက်အသုံးပြုလိုက်ပါတယ်။ "

" ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းနဲ့စနစ်ကို အဆင့်(14) ကို အောင်မြင်စွာ မြှင့်တင်ပြီးပါပြီ "

တစ်ခဏကြာသည့်အခါ စနစ်၏အေးစက်သည့်အသံသည် ဝမ်ဖုန်း၏နားစည်များအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။ " အဆင့်မြှင့်တင်ပြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြောပြစမ်းပါအုန်း "

" စနစ်ကို အဆင့်(14) ကိုမြှင့်တင်ပြီးပါပြီ။ချန်ခွမ်းနယ်ပယ်ရဲ့ အန္တိမဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ "

" ချန်ခွမ်းနယ်ပယ်အခြေခံဆင့်ခေါ်ခွင့်နှစ်ကြိမ်ကို ပေါင်းစပ်ပြီး အန္တိမဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြောင်းလဲရရှိနိုင်ပါတယ် "

" ချန်ခွမ်းနယ်ပယ်အန္တိမဆင့်ခေါ်ခွင့်က အနည်းဆုံးချန်ခွမ်းကပ်ဘေးအဆင့်စွမ်းအားရှင်ကို ဆင့်ခေါ်မှာဖြစ်ပြီး အမြင့်ဆုံးချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကို ဆင့်ခေါ်ပေးမှာပါ "

" ဒါ့အပြင် ချန်ခွမ်းနယ်ပယ်ဆင့်ခေါ်ခွင့်ရဲ့ ကန့်သတ်မှုကို ပယ်ဖျက်လိုက်ပါပြီ "

" ချန်ခွမ်းနယ်ပယ်အန္တိမဆင့်ခေါ်ခွင့်သုံးကြိမ်ကို ပေါင်းစပ်ပြီး ချန်ခွမ်းသူတော်စင်အထွတ်အထိပ်မှာရှိတဲ့ စွမ်းအားရှင်တစ်ယောက်ကို တိုက်ရိုက်ဆင့်ခေါ်နိုင်ပါတယ် "

" ဒင်.....ဂိုဏ်းက အဆင့် (14)ကို ရောက်ရှိသွားပါပြီ။ဂိုဏ်းရဲ့တပည့်အားလုံးကို ဘေးထွက်ဆိုးကျိုးမရှိဘဲ အဆင့်ကြီးတစ်ဆင့်ဆုချတဲ့အနေနဲ့ မြှင့်တင်ပေးပါမယ်။ဒါ့အပြင် လင်ရှန်းစေတီကိုလည်း ဆုချပေးလိုက်ပါတယ်။ လင်ရှန်းစေတီက မွန်မြတ်မှုခုနှစ်ပါးစေတီလို တူညီတဲ့သက်ရောက်မှု ရှိပါတယ်။အဲ့တာက ဂိုဏ်းတပည့်တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်နှစ်ပတ်လုံးဆင့်ခေါ်တိုက်ခိုက်နေရင် ဂိုဏ်းတပည့်များစွာရဲ့ ပါရမီစွမ်းအားကို တိုးတက်စေနိုင်ပါတယ်။ "

" ဒါ့အပြင် ကမ္ဘာဘောလုံးလေးရဲ့ အကျယ်အဝန်းကိုလည်း မြှင့်တင်ပေးလိုက်ပါပြီ။ကောင်းကင်နဲ့ မြေပြင်အတွင်းမှာရှိတဲ့စွမ်းအားတွေကိုလည်း နှစ်ဆတိုးမြှင့်ပေးလိုက်ပါတယ်။ဂိုဏ်းတပည့်တွေနဲ့ အကြီးအကဲတွေရဲ့ အရေအတွက်ကတော့ မပြောင်းလဲဘဲ ကျန်ရှိပါမယ် "

စနစ်၏အေးစက်သော အသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းကို လျို့ဝှက်စွာ ပျော်မြူးသွားစေခဲ့သည်။ဤတစ်ကြိမ် အဆင့်မြှင့်တင်မှုသည် သူ၏ရှန်ရှန်ကျုံဂိုဏ်းတစ်ခုလုံးကို မွန်မြတ်ဘုံလောကအတွင်း၌ ပြိုင်ဖက်ကင်းဖြစ်လာစေရန် လုံလောက်ချေသည်။ သူ၏ရှန်ရှန်ကျုံဂိုဏ်းတွင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်မှ မရှိသေးသော်လည်း ချန်ခွမ်းနယ်ပယ်တွင်တော့ ပြိုင်ဖက်ကင်းနေပြီးသား ဖြစ်သည်။

" စနစ်....ချန်ခွမ်းနယ်ပယ်အခြေခံဆင့်ခေါ်ခွင့် ခြောက်ကြိမ်ကိုပေါင်းစပ်ပြီး အန္တိမဆင့်ခေါ်မှု သုံးကြိမ်အဖြစ် ပြောင်းလဲလိုက်ပါ။အန္တိမဆင့်ခေါ်ခွင့် သုံးကြိမ်စလုံးကို ပေါင်းစပ်ပြီး ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကို ဆင့်ခေါ်နိုင်တဲ့ ဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြောင်းလဲလိုက်ပါ။ "

ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု တောက်ပသွားပြီး ချက်ချင်းပြောဆိုလိုက်သည်။

စနစ်ဟာ အဆင့်မြှင့်တင်သွားပြီးနောက် သူဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ တတိယမြောက်ဂိုဏ်းခွဲကို ဖျက်စီးရန် အလျင်မလိုတော့ပါ။သူဟာ ကိုယ်ပိုင်ခွန်အားကို တိုးမြှင့်ရန် ဦးစားပေးခဲ့သည်။ဘာပဲဖြစ်ဖြစ် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ဂိုဏ်းခွဲက အဲ့ဒီမှာ ရှိနေမှာပါပဲလေ။သူတို့ လုံးဝကို ထွက်ပြေးမလွတ်မြောက်နိုင်ပါဘူး။

" ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကို ဆင့်ခေါ်နိုင်တဲ့ ဆင့်ခေါ်ခွင့်တစ်ကြိမ်ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ "

" ဆင့်ခေါ်လိုက်ပါ "

ဝမ်ဖုန်းဟာ တုံ့ဆိုင်းခြင်းမရှိဘဲ နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။လီရှောင်းယောင်နဲ့ အခြားသူများကို ချန်ခွမ်းနယ်ပယ်၏ ကန့်သတ်ထားသော ဆင့်ခေါ်ခွင့်များဖြင့် ဆင့်ခေါ်ခဲ့တာကြောင့် သူတို့ဟာ ထီကံစမ်းမှုတွင် အကျုံးမဝင်ခဲ့ပါ။ သူအမှန်တကယ် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်စွမ်းအားရှင်ကို ဆင့်ခေါ်နိုင်သည့်အခါမှသာ ထီကံစမ်းမှု၌ အကျုံးဝင်မှာ ဖြစ်သည်။ထိုအရာက သူ၏ခွန်အားကိုသာမက ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများ၏ ခွန်အားကိုလည်း တိုးတက်စေလိမ့်မည်။

All Chapters