ဧကရာဇ်နယ်ပယ် တစေ့တစောင်း
Vol. 37 Ch. 519
ဘာသာပြန်- The Fate
"ဒင်~ စစ်ထူကျုံးကိုဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်... သူ့ရဲ့စွမ်းရည်ဇယားကို စစ်ဆေးကြည့်မလား?"
သူ၏စိတ်အာရုံအတွင်း ထင်ဟပ်ထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်းကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူဟာ သက်ပြင်းဖွဖွချလိုက်မိသည်။ ဆင့်ခေါ်ခံပုဂ္ဂိုလ်၏ ခွန်အားမှာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို မယှဥ်ပြိုင်နိုင်လောက်ဘူးဟု သူတွေးထင်ခဲ့သော်လည်း ထိုသူ့ကို ဆင့်ခေါ်မိလိမ့်မည်ဟုတော့ ထင်မထားခဲ့ပါ။
စစ်ထူကျုံး၏ အမည်နာမကို လူအနည်းစုကသာ သိကြသော်လည်း သူ၏နာမည်ကွဲတစ်ခုကတော့ ကမ္ဘာတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားလေသည်။
အနီရောင်မြူခိုးမြူငွေ့များကြား ကခုန်နေသောဓါးသွားသည် ရူးသွပ်ဖွယ်ကောင်းလှသည်။ ကောင်းကင်ယံထိတိုင်ပျံတတ်နိုင်သော ဝိုင်ကောင်းတစ်ခွက်ကိုလည်း ကိုင်ဆောင်ထားသည်။
ထိုသူဟာ နေမင်းနှင့်လမင်းကို ဆော့ကစားနိုင်သူဖြစ်ပြီး တိမ်တိုက်များအကြား၌ လှဲလျောင်း၍ သေရည်သောက်ရင်း ကမ္ဘာလောကကြီးကိုလည်း ဟစ်ကြွေးပြီးရယ်မောခဲ့ဖူးသည်။
လီရှောင်းယောင်၏ဆရာသခင်ဖြစ်သော သေရည်သောက်ကျူးဓါးနတ်ဘုရား စစ်ထူကျုံးသည် သေရည်ယမကာကို ဘဝအလားစွဲမက်လှသူဖြစ်သည်။ သူ၏ဓါးပညာမှာလည်း ပြိုင်ဘက်ကင်းလောက်အောင် ထူးခွန်လေသည်။ သူဟာ ဤလောကကြီးအတွင်း၌ ပထမတန်းစား ဓါးဆရာသခင်တစ်ယောက်ဖြစ်ပါ၏။ သူဟာ ဒိုင်ရန်နိုက်ဆက်စ်ဓါးသိုင်းကွက်ကိုလည်း ကိုယ်တိုင်တီထွင်ဖန်တီးခဲ့လေသည်။ (ဒိုင်ရန်နိုင်ဆက်စ်က ဂရိရဲ့ သေရည်နတ်ဘုရားတစ်ပါးဖြစ်ပါသည်။)
စစ်ထူကျုံးအတွက်ကတော့ ယမကာများကို ပို၍သောက်သုံးလေလေ ပိုမိုသန်မာသော.ခွန်အားများကို ရရှိလေလေဖြစ်သည်။ သူဟာ အရက်ကို မသောက်သုံးရပါက နေမထိထိုင်မသာဖြစ်လေ့ရှိ၏။
"စစ်ဆေးလိုက်!"
ဝမ်ဖုန်းက တုံ့ဆိုင်းမှုမရှိပြောလိုက်သည်။
"ဒင်~ စစ်ထူကျုံးရဲ့ စွမ်းရည်ဇယားက အောက်ပါအတိုင်းဖြစ်ပါတယ်။
အမည် - စစ်ထူကျုံး
ဘွဲ့ - သေသောက်ကျုးဓါးနတ်ဘုရား
ကျင့်ကြံမှု - ချန်ခွမ်းသူတော်စင်အထွတ်အထိပ်
ချန်ခွမ်းအဆင့်အထူးစွမ်းအားများ - ဓါးသိုင်းပညာ ၊ ဝမ်ကျန်းကျွယ် ၊ ကောင်းကင်ဘုံဓါး ၊ ဓါးနတ်ဘုရား ၊ သေသောက်ကျူးအမတအရှင် ။
သေစေနိုင်သော လျှို့ဝှက်သိုင်းကွက် - ဒိုင်ရန်နိုက်ဆက်စ်
ချန်ခွမ်းအဆင့် လက်နက် - ယမကာအင်မော်တယ်ဓါးသွား ၊ ပျော်ရွှင်မှုသေရည်အိုး
(မှတ်ချက်။ ။ စစ်ထူကျုံးက ဒိုင်ရန်နိုက်ဆက်စ်ကို အသုံးပြုလိုက်လို့ရှိရင် သူဟာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များနဲ့ ရင်ဆိုင်နိုင်ပါတယ်)"
သူ၏အရှေ့မှောက်တွင် ထွက်ပေါ်လာသော စွမ်းရည်ဇယားကို စစ်ဆေးကြည့်လိုက်ပြီး ဝမ်ဖုန်း၏ မျက်နှာထက်၌ စိတ်ကျေနပ်နေသော အကြည့်တစ်ခုပေါ်လာခဲ့သည်။ စစ်ထူကျုံးဟာ ကျန်းမင်လိုမျိုး ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များကို ချန်ခွမ်းသူတော်စင်အဆင့် စွမ်းအားဖြင့် ယှဥ်ပြိုင်နိုင်စွမ်းရှိပါသည်။
"ဒင်~ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အသန်မာဆုံးပုဂ္ဂိုလ်က ချန်ခွမ်းသူတော်စင် အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့တာကြောင့် ပထမအစောင့်အရှောက်လီပိုင်ကိုလည်း ဧကရာဇ်နှလုံးသားအထွတ်အထိပ်အဆင့်ထိ မြှင့်တင်ပေးလိုက်ပါပြီ ၊ ဒုတိယအစောင့်အရှောက် ရှီကန်းတန်ကိုတော့ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကို မြှင့်တင်ပေးလိုက်ပါပြီ"
"ဒါ့အပြင် ပထမဂိုဏ်းအစောင့်အရှောက်သားရဲ၊ ကိုးမြီးမြေခွေးရဲ့ကျင့်ကြံမှုကိုလည်း ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ထိ အလိုအလျောက် မြှင့်တင်ပေးလိုက်ပါတယ် ၊ ဒုတိယအစောင့်အရှောက် အမှောင်လောကတောက်တျဲသားရဲကိုတော့ ဧကရာဇ်နှလုံးသားအထွတ်အထိပ်အဆင့်ထိ မြှင့်တင်ပေးလိုက်ပါတယ်"
ဤအချိန်တွင် စနစ်၏အေးစက်သောအသံက ထပ်မံ၍ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်း၏ မျက်ဝန်းများက ဝင်းလက်တောက်ပသွားခဲ့သည်။ သူက လျင်မြန်စွာမေးမြန်းလိုက်သည်။
"စနစ်~ ပျက်သုန်းခြင်းဧကရာဇ်နယ်မြေကို ဘယ်လိုမျိုးပိုင်းခြားထားသလဲ?"
ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်..... မွန်မြတ်ဘုံလောကတစ်ခုလုံးတွင်တောင် ထိုအဆင့်ကိုရောက်ရှိရသော စွမ်းအားရှင်ဟူ၍ များများစားစားမရှိပါ။ ထို့အတွက်ကြောင့် ဝမ်ဖုန်းဟာလည်း ထိုအဆင့်အကြောင်းကို တိပစွာ သိရှိထားခြင်းမရှိပါချေ။ လက်ရှိသိရှိထားသော သတင်းအချက်အလက်များအရ ခုနှစ်ပြည်ထောင်၏ ဧကရာဇ်မင်းများနှင့် ကောင်းကင်တာအိုမျိုးနွယ်စုခွဲငါးစု၏ မျိုးနွယ်စုခေါင်းဆောင်များကသာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေကြသည်။ အခြားသောသူများကတော့ ထိုအဆင့်သို့ရောက်ရှိခြင်းမရှိကြပါ။
ဟုတ်ပါပေသည်။ အချို့သော ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်များက လျှို့ဝှက်စွာတည်ရှိနိုင်ကြောင်း ဝမ်ဖုန်းသိထားပါသည်။ အထူးသဖြင့် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဂိုဏ်းချုပ်ကဲ့သိုသော တည်ရှိမှုများဖြစ်ကြသည်။
ယခုအချိန်တွင် စနစ်ကို အဆင့် ၁၄ ထိမြှင့်တင်နိုင်ခဲ့ရာ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင်လည်း ပျက်သုန်းခြင်းဧကရာဇ်သုံးပါးရရှိလာခဲ့ပြီဖြစ်သည်။ သူတို့အနက် နှစ်ယောက်ဟာ ဆန္ဒရှိသလို ထွက်ပေါ်လာနိုင်ခြင်းမရှိကြသော်လည်း ၎င်းက အင်မတန်မှ ကြံ့ခိုင်သန်စွမ်းနေဆဲသာ...။ လက်ရှိရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကို ခုနှစ်ပြည်ထောင်ကတောင် လေးစားရပါလိမ့်မည်။
" ဧကရာဇ်အဆင့်...... ကောင်းကင်နဲ့ကမ္ဘာမြေပြင်ကို သဟဇာတဖြစ်အောင် ပေါင်းစုနိုင်ရင် ထိုပုဂ္ဂိုလ်တွေကို ဧကရာဇ်တွေလို့ခေါ်ဆိုကြပါတယ်... ကျင့်ကြံသူတစ်ယောကိရဲ့ ဖွဲ့တည်ပြီးတဲ့ မြင့်မြတ်တဲ့ဝိညာဥ်က ကောင်းကင်နှင့်ကမ္ဘာမြေတမျှ ကျယ်ပြန့်နက်ရှိုင်းလာမယ်ဆိုရင် ၊ အဲ့ဒီဝိညာဥ်က ခန္ဓာကိုယ်ကို.ထွင်းဖောက်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကို မီးပြင်းဖိုအဖြစ် ဖော်ဆောင်ကာ မိမိကိုယ်ကို အသွင်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် အဲ့ဒါကို ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကိုရောက်ရှိသွားပြီလို့ ခေါ်ဆိုပါတယ်"
"ဧကရာဇ်တစ်ပါးရဲ့ စိတ်ဝိညာဥ်ကို ဖွဲ့တည်နိုင်ပြီဆိုရင်တော့ အဲ့ဒီအဆင့်ကို မူလဧကရာဇ်အဆင့်လို့ ခေါ်တွင်ပါတယ် ၊ ဧကရာဇ်တစ်ယောက်ရဲ့နှလုံးသားကို နားလည်နိုင်ပြီဆိုရင်တော့ ဧကရာဇ်နှလုံးသားအဆင့်လို့ ခေါ်တွင်တယ် ၊ ကိုယ်တွင်းအင်္ဂါရပ်တွေကို ပြန်လည်သန့်စင်ပြီးရင်တော့ ဘုံနန်းရှင်ဧကရာဇ်အဆင့်လို့ခေါ်ပါတယ် ၊ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရိုးအဆစ်တွေကို ကောင်းကင်နဲ့ကမ္ဘာမြေရဲ့ သွေးကြောတွေလိုမျိုး ဖွဲ့စည်းနိုင်ပြီဆိုရင်တော့ အဲ့ဒီအဆင့်ကို နိယာမဧကရာဇ်အဆင့်လို့ခေါ်ပါတယ် ၊ အဲ့ဒီရဲ့နောက်မှာတော့ တော်ဝင်ဧကရာဇ်အဆင့် ၊ ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့် ၊ ကြယ်စင်ဧကရာဇ်အဆင့် ၊ ဧကရာဇ်ဘိုးဘေးအဆင့်ဆိုပြီး အဆင့်တိုင်းလာပါတယ်... အဲ့ဒီရဲ့နောက်ပိုင်အဆင့်တွေကို သိရှိဖို့ဆိုရင်တော့ ပိုင်ရှင့်ရဲ့ကျင့်ကြံမှုက ပိုပြီးမြင့်မားလာဖို့လိုအပ်ပါတယ်"
စနစ်၏ အသံက ဝမ်ဖုန်း၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။ အနှီ ပျက်သုန်ခြင်းဧကရာဇ်နယ်ပယ်သည် ဝမ်ဖုန်းမျှော်လင့်ထားသည်ထက် ပိုမို၍ သန်မာနေခဲ့သည်။ စနစ်ဖော်ပြခဲ့သောအဆင့်များကတောင် ၈ ဆင့်ရှိနေခဲ့သည်။ စနစ်ရဲ့ ဆိုလိုစကားအရဆိုရင် ဒီထက်ပိုပြီးတော့တောင် ကျန်ရှိနေသေးတာလား?... အဲ့ဒါက ဟုန်မန်နတ်ဘုရားနယ်ပယ်ထက် တစ်ဆင့်ပဲနိမ့်ကျတဲ့ နယ်ပယ်ကြီးဖြစ်ဖို့ ထိုက်တန်ပါတယ်လေ... ။
ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ဆိုတာထက် နတ်ဘုရားနယ်ပယ်ကို တက်လှမ်းဖို့အတွက် လှေခါးထစ်တစ်ခုဟုပြောဆိုလျှင် ပိုမိုမှန်ကန်ပါလိမ့်မည်။၎င်းက လူသားနှင့် မသေမျိုးများကြားရှိ မတူကွဲပြားမှုများကို ကျဥ်းမြောင်းသွားစေခဲ့သည်။
ဒုတိယအစောင့်အရှောက် ရှီကန်းတန်သည် ဘုံနန်းရှင်ဧကရာဇ်အထွတ် အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ၎င်းမှာ ဧကရာဇ်နယ်ပယ်၌ တတိယမြောက်အဆင့်ကြီးဖြစ်လေသည်။ ထိုအဆင့်သည် ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကတွင်တော့ ပုရွက်ဆိတ်တစ်ကောင်လို သေးနုပ်နိုင်သော်ငြားလည်း မွန်မြတ်ဘုံလောကအတွင်း၌တော့ အကြွင်းမဲ့ ပြိုင်ဘက်ကင်းကြီးဖြစ်ပါသည်။
အင်ပါယာ၇ခု၏ ဧကရာဇ်မင်းမြတ်များနှင့် ကောင်းကင်တာအိုမျိုးနွယ်စု ၅ စု၏ မျိုးနွယ်ခေါင်းဆောင်းများသည် ဘယ်အဆင့်ကို ရောက်ရှိနေသလဲဆိုတာ ဝမ်ဖုန်းမသိသော်လည်း သူတို့ဟာ မွန်မြတ်ဘုံလောကအတွင်း၌ မွေးဖွားခဲ့ခြင်းဖြစ်ရာ သူတို့၏ ကျင့်ကြံမှုမှာလည်း.အရမ်းကြီးမမြင့်မားနိုင်ပါ။ ဤမွန်မြတ်ဘုံလောကကြီးသည် အင်မတန်သန်မာသော ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်များ၏ အရှိန်အဝါကို အံတုရင်ဆိုင်နိုင်စွမ်းမရှိပါချေ။ ထို့အတွက်ကြောင့် သူတို့ဟာလည် ရှီကန်းတန်ထက် ပိုကောင်းမည်မဟုတ်ပါ။
"စနစ်~ ထီကံစမ်းဖို့အတွက် ဂိုဏ်းအမှတ် သုံးထရီလီယံကို အသုံးပြုလိုက်ပါ။ ရရှိလာတဲ့ ကျင့်ကြံမှုတွေကို ဒီဂိုဏ်းချုပ်နဲ့ ဂိုဏ်းအကြီးအကဲတွေအပေါ် ကောင်းချီးပေးမယ်... အရှိန်အဝါတွေကိုတော့ ဖုံးကွယ်ထားပါ"
ဝမ်ဖုန်း၏မျက်ဝန်းများမှာ တောက်ပလာခဲ့ပြီး အံကိုကြိတ်လျက် ပြောဆိုလိုက်သည်။
သူ အရင်က ဂိုဏ်းအမှတ်များကို စုဆောင်းနေခဲ့၍ ၊ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဌာနခွဲများကို ဆက်တိုက်ဆိုသလိုဖျက်ဆီးခဲ့၍ မဟုတ်ပါက သူ့တွင် ထီကံစမ်းရန်တောင် ဂိုဏ်းအမှတ်လုံလုံလောက်လောက်ရှိနေမှာမဟုတ်ပါ။
"ဒင်~ စစ်ထူကျုံးရဲ့ ကျင့်ကြံမှုဆယ်ပုံတစ်ပုံကို ရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်"
"ဒင်......!"
"ဒင်~ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်... ထီကံစမ်းမှု ပြီးဆုံးပါပြီ ၊ ကျင့်ကြံမှုတွေကိုအလိုအလျောက် ကောင်းချီးပေးလိုက်ပါပြီ"
"ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကိုရောက်ရှိနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်... ယဲ့ကူချန်၊ ကောကျင့် ၊ တုကူချိုးပိုင် ၊ ရှောင်းစန်ရှောင်း ၊ နဲ့ဖုန်း ၊ ပုကျင်းယွင်နဲ့ ဖောင့်ပန်း တို့၇ယောက်ကလည်း ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကိုရောက်ရှိသွားပါပြီ ၊ ကြွင်းကျန်ရစ်တဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေအားလုံးကတော့ ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပါပြီ"
စနစ်၏ အသံသည် တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်း၏ နှလုံးသားလေးကို ခုန်လှုပ်စေခဲ့သည်။ ဂိုဏ်းအမှတ် သုံးထရီလီယံနဲ့တောင် ဂိုဏ်းအကြီးအကဲတွေအားလုံးကို ချန်ခွမ်းသူတော်စင် အထွတ်အထိပ်ကို ရောက်ရှိဖို့ မလုံလောက်သေးဘူးလား... ဒါက ဂိုဏ်းအမှတ် သုံးထရီလီယံကြီးတောင်လေ...။
ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိပြီးပါက ဂိုဏ်းအကြီးအကဲများကို.အဆင့်မြှင့်တင်ပေးဖို့အတွက် ဂိုဏ်းအမှတ်ဘယ်လောက်များများလိုအပ်မလဲဆိုတာကို ဝမ်ဖုန်းတစ်ယောက်.မတွေးဆရဲတော့ပါ။
ငွေရှာရမယ်.... ငါကျိန်းသေပေါက် ငွေရှာရမယ်!!
ဝမ်ဖုန်းသည် အဝေးတစ်နေရာရှိ အနက်ရောင်နန်းတော်ကြီးကို ပြန်လည်၍ လှမ်းကြည့်လိုက်ကာ သူ၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။လက်ရှိ သူ၏အမြင်အာရုံတွင် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏.ဂိုဏ်းခွဲသည် ဂိုဏ်းအမှတ် များ ရရှိရန် ကရိယာတန်ဆာပလာတစ်ခုသာ ဖြစ်နေခဲ့သည်။
သူဟာ ချန်ခွမ်းသူတော်စင်အဆင့်ကိုမရောက်သေးသော အကြီးအကဲများအား ကမ္ဘာဘောလုံးလေးအတွင်းမှ ဆင့်ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကိုရောက်ရှိနေသော ယဲ့ကူချန်တို့အုပ်စုကိုလည်း ဆင့်ခေါ်လိုက်သည်။
ဤအချိန်၌ ဝမ်ဖုန်း၏.ဘေးပတ်လည်တွင် ချန်ခွမ်းသူတော်စင်အထွတ်အထိပ် ၉ ယောက်ရှိနေခဲ့ပြီး ဝမ်ဖုန်းအပါအဝင်ဆိုပါက စုစုပေါင်း ဆယ်ယောက်ဖြစ်သည်။ ဤကဲ့သို့အရေအတွက်ကို အင်ပါယာကြီး ၇ ခုကတောင် အထင်အမြင်သေးရဲမှာမဟုတ်ပါ။
"ကောကျင့်... သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ဂိုဏ်းခွဲကို မင်းလက်ထဲ လွှဲအပ်လိုက်ပြီ.."
ဤကဲ့သို့ ကြီးမြတ်သောခွန်အားဖြင့်ဝမ်ဖုန်းဟာ သေးနုပ်သော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဂိုဏ်းခွဲကို မတိုက်ခိုက်လိုတော့ပါ။ ထို့အတွက်ကြောင့် သူ့ဘေးနားရှိကောကျင့်ကို တာဝန်လွှဲပြောင်းပေးလိုက်သည်။
"ကောင်းပါပြီဂုဏ်းချုပ်..."
ကောကျင့်က တုံ့ပြန်လိုက်ကာ အဝေးတစ်နေရာရှိနန်းတော်ကြီးထံသို့ လမ်းလျှောက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရိပ်အမျိုးမျိုးဖြင့် ပြောင်းလဲသွားခဲ့ပြီး ခြေတစ်လှမ်းတည်းဖြင့် နန်းတော်ကြီးများ၏ အထက်ကောင်းကင်ယံ၌ ပြန်လည်၍ထွက်ပေါ်လာခဲ့သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားကြီးသည် သူ့ထံမှ ပျံလွင့်လျက်ရှိလေသည်။
"ဘုန်း!!"
ကမ္ဘာလောကကြီး တစ်ခုလုံးသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ပတ်ဝန်းကျင်လေထုဟာ အရူးအမူးတုန်ခါလာခဲ့သည်။ လောကကြီးဟာ ကောကျင့်၏စွမ်းအားကို ကြောက်လန့်နေသည့်ပုံပေါ်သည်။
"ဘယ်လိုပုဂ္ဂိုလ်ကများ ကျုပ်တို့သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ ဂိုဏ်းခွဲကိုရောက်ရှိလာရတာလဲ?..."
ထိုစွမ်းအားကိုခံစားလိုက်ရသည့်အခါ ဂိုဏ်းခွဲကိုစောင့်ရှောက်နေသော ချန်ခွမ်းဧကရာဇ်အဆင့်စွမ်းအားရှင်၏ အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားပြီး အလောသုံးဆယ်ပြောဆိုလိုက်သည်။ သူ၏အသံဟာ တောင်တန်းတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမဂိုဏ်းခွဲမှ စွမ်းအားရှင်များစွာကို တုန်လှုပ်သွားစေခဲ့သည်။
သို့သော်လည်း ကောကျင့်ဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်ကို စိတ်ထဲတောင်ထည့်မထားဘဲ လက်တစ်ဖက်ကို အသာအယာဆန့်တန်းလျက် ဖိနှိပ်ချလိုက်သည်။
အဆိုပါဖိအားသည် အင်မတန်မှ ပေါ့ပါးပုံပေါ်သော်လည်း တစ်ခဏအတွင်း၌ မိုင်ထောင်ချီပတ်ပတ်လည်ရှိ သဘာဝစွမ်းအားများသည် စုစည်းသွားခဲ့ကြသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကို ဖုံးကွယ်နေသောဧရာမလက်ဖဝါးကြီးသည် ကောင်းကင်ယံထက်၌ ဖြစ်ထွန်းလာခဲ့ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို.ဖိချေတော့မည်ကဲ့သို့ ဖြစ်နေခဲ့ချေသည်။
၎င်းဧရာမလက်ဖဝါးကြီးသက်ဆင်းလာမှုနှင့်အတူ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမဂိုဏ်းခွဲတစ်ခုလုံးလည်း အငွေ့ပျံသွားခဲ့သည်။ လူများပင်ဖြစ်စေ အဆောက်အအုံများပင်ဖြစ်စေ စိစိညက်ညက်ကြေမွသွားခဲ့သည်။
ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်တစ်ယောက်တည်းကသာ ရှင်သန်နိုင်ခဲ့ပါသည်။ သို့သော်လည်း သူဟာ လက်ဖဝါးကြီး၏ ဆက်လက်ဖိနှိပ်ခြင်းကို ခံနေရသည်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်သည် အလန့်တကြား ရှင်သန်ရန် ရုန်းကန်ပါသော်ငြားလည်း ၎င်းဖိအားမှ မလွတ်မြောက်နိုင်ခဲ့ပါ။
ချန်ခွမ်းသူတော်စင်အထွတ်အထိပ်စွမ်းအားရှင်သည် အင်မတန်မှကြောက်လန့်ဖို့ကောင်းလေသည်။
ကောကျင့်ဟာ အမူအရာမဲ့စွာရှိနေခဲ့သည်။ သူက လက်ကိုဆန့်တန်းလျက် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်ကို ဖမ်းဆုပ်လိုက်သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမစွမ်းအားရှင်၏ မှတ်ဉာဏ်များကို မွှေနှောက်လိုက်ပြီးနောက် သူဟာ ထိုသူ့ကို တိုက်ရိုက်ပဲ ချေမွပစ်လိုက်တော့သည်။ သွေးမြူထုကြီးတစ်ခုသည် တောင်ထိပ်ပေါ်၌ ပေါက်ကွဲသွားခဲ့သည်။ မွန်မြတ်ဘုံလောကအတွင်းရှိ ဂိုဏ်းတိုင်းလိိုလိုကြောက်လန့်ရသော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဂိုဏ်းခွဲကြီးတစ်ခုသည် ဤသို့ဤပုံနှယ် ဖျက်ဆီးခံလိုက်ရချေပြီ။
"ဒင်~ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်...ရှန်ရှန့်ကျုံဂိုဏ်းရဲ့အကြီးအကဲကောကျင့်ကသတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ဂိုဏ်းခွဲတစ်ခုကို ဖျက်ဆီးခဲ့တဲ့အတွက် ဂိုဏ်းအမှတ် ၈၀၀ဘီလီယံကို လက်ခံရရှိပါတယ်.. ဒါ့အပြင် ချန်ခွမ်းနယ်ပယ်အခြေခံဆင့်ခေါ်ခွင့် လေးကြိမ်ကိုလည်း ဆုချလိုက်ပါတယ်"
ကောကျင့်သည် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဌာနခွဲကို ဖျက်ဆီးပြီးနောက် စနစ်၏အေးစက်သောအသံက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
"ဂိုဏ်းချုပ်... ချန်ခွမ်းဧကရာဇ်ရဲ့ မှတ်ဉာဏ်ကတစ်ဆင့် အခြားသတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ ဌာနခွဲသုံးခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်"
ကောကျင့်၏ပုံရိပ်က ဝမ်ဖုန်း၏ အရှေ့သို့ရောက်ရှိလာခဲ့ပြီး ပြောဆိုလိုက်သည်။
"ကောင်းတယ်...!"
ဝမ်ဖုန်းဟာ ကောကျင့်ကို လေးစားစွာလှမ်းကြည့်လိုက်သည်။ ထို့နောက်မှသူသည် ကြွင်းကျန်ရစ်သော အကြီးအကဲများကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
"ကောကျင့် ၊ နဲ့ဖုန်း ၊ ပုကျင်းယွင် မင်းတို့သုံယောက်က ကျန်ရစ်နဲ့ဌာနခွဲသုံးခုကို ဆက်လက်ဖျက်ဆီးကြပါ..အဲ့ဒီနောက်မှာ မြင့်မြတ်တဲ့စန်းရိမြို့တော်ကိုလာရောက်ပြီး ငါ့ကိုတွေ့ဆုံပါ..."
ချန်ခွမ်းသူတော်စင် စွမ်းအားရှင်သုံယောက်သည် ဌာနခွဲသုံးခုကို ဖျက်ဆီးနိုင်တာထက်တောင် ကျော်လွန်နေပြီဖြစ်သည်။ ဌာနခွဲလေးများလောက်ကိုတော့ ဝမ်ဖုန်းက ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားချင်ပါ။
"ကောင်းပါပြီ.. ဂိုဏ်းချုပ်!"
ကောကျင့်တို့သည် တစ်ယောက်ပြီးတစ်ယောက် ဂါရဝပြုလိုက်ကြကာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ နောက်ထပ်ဂိုဏ်းခွဲသုံးခုကို ဖျက်ဆီးရန်ထွက်ခွာသွားခဲ့ကြသည်။
မင်းသမီးလန်လင်းကို ရန်စမိလိုက်တာကြောင့် မြင့်မြတ်သော စန်းရိအင်ပါယာက ကလဲ့စားချေမလာသေးခင်မှာတောင် လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းတစ်ဂိုဏ်းကြောင့် အကြီးအကျယ်ပျက်စီးရတော့မည်ဆိုတာကို သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက ဘယ်တုန်းကမှ တွေးထင်ထားခဲ့မှာမဟုတ်ချေ!!
"မြင့်မြတ်တဲ့စန်းရိမြို့တော်ကို သွားကြရအောင်"
ကောကျင့်တို့တွေထွက်ခွာသွားပြီးနောက် ဝမ်ဖုန်းက တုံ့ဆိုင်းခြင်းမရှိဘဲ လက်ကိုခါယမ်းလိုက်လျက် ယဲ့ကူချန်တို့ကို ဦးဆောင်လိုက်ကာ မြင့်မြတ်သော စန်းရိမြို့တော်ရှိရာသို့ ဦးတည်းထွက်ခွာလာခဲ့သည်။ သူက လီချင်းတို့နှင့်တွေ့ဆုံပြီး လက်ရှိချန်ခွမ်းဘုံလောက၏ အခြေအနေများကို သိရှိစူးစမ်းလိုနေသည်။