မင်းယုံကြည်ချက်က ဘယ်ကလာတာလဲ
Vol. 43 Ch. 639
“သူ ဦးနှောက်သေနေတာများလား”
ရဲ့လင်းချန်၏ တည်ငြိမ်သော တုံ့ပြန်မှုကြောင့် လူတိုင်း အံ့ဩသွားကြသည်။
“သူ ပြေးလို့မရနိုင်ဘူးဆိုတာကို သိလို့ ဆက်ပြီး ဟန်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ်”
စုအန်းရွှမ်က ပြောလိုက်သည်။ သူ၏ အမူအရာက သိပ်မကောင်းပေ။ ယခုတစ်ခေါက်၌ စုမိသားစုသည် တော်တော်လေး ဆုံးရှုံးမှု ကြီးမားခဲ့သည်။
“ဒါ သူ့အမှား မဟုတ်ပင်မယ့်လဲ သူက အရမ်း မောက်မာလွန်းပြီးတော့ အကူအညီ ကောင်းကောင်း မရှာနိုင်ခဲ့ဘူး၊ သက်တော်စောင့် ကျသွားတာနဲ့ သူ့အတွက်လဲ အဆုံးသတ်ပြီ”
“အဲ့ mask အောက်မှာ သူ ငိုနေလောက်ပြီ ထင်တယ်”
လူတစ်ယောက်က နောက်ပြောင်လာ၏။
ရဲ့လင်းချန်သည် သူ ရပ်နေသော နေရာတွင်သာ ရပ်နေပြီး ဟော်ရှန်ကို ကြည့်နေသည်။ သူ၏ အကြည့်များက တည်ငြိမ်နေပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်တဲ့လား၊ အဲ့ဒါ ဘာအဆင့်လဲ”
စစ်သည်တော်ဌာနက အတွင်းအားနှင့် ပတ်သက်၍ ပြောသည်ကို သူ ကြားဖူးသော်လည်း မူလ စိတ်ဝိညာဉ်အဆင့်နှင့် ပတ်သက်၍ သူ့အား ဘာမှမပြောခဲ့ကြချေ။
“ဟားဟား၊ သေတော့မယ်လူကို အချိန်ကုန်ခံပြီး ပြောနေလို့ မလိုဘူး”
ဟော်ရှန်က ရယ်မောလိုက်သည်။
“မင်းက သာမန်လူတစ်ယောက်ပဲကို သိုင်းပညာလောကနဲ့ ပတ်သက်ပြီး သိချင်နေသေးတာလား”
“ငါ့ရှေ့မှာ ဒူးထောက်ပြီး ဆေးညွှန်းကို လွှဲပေးလိုက်၊ ဒါဆို ငါ မင်းကို နာကျင်မှုမရှိဘဲ သေရအောင် လုပ်ပေးမယ်”
ထိုသို့ပြောပြီးသည်နှင့် သူက လက်နောက်ပစ်၍ ရဲ့လင်းချန်အား အထင်သေးစွာ ကြည့်၍ သူ ဒူးထောက်လာသည်ကို စောင့်နေသည်။
“လေကို ဓားလိုသုံးပြီး တိုက်ခိုက်ဖို့ မင်းရဲ့ လမ်းလျှောက်ပုံကို ထိန်းပြီး ဖုံးကွယ်ထားရတာ၊ မင်းရဲ့ အရည်အချင်းနဲ့ဆို မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲ”
ရဲ့လင်းချန်က ခေါင်းခါ၍ ရယ်နေသည်။
ရဲ့လင်းချန၏် စကားကြောင့် ဟော်ရှန် မျက်မှောင်ကြုတ်သွားသည်။ သူ တအံ့တဩ ပြန်မေးလိုက်သည်။
“မင်း ဘာပြောချင်တာလဲ”
“ခင်ဗျားရဲ့ အရည်အချင်းက သာမန်ပါပဲ၊ ဒါတောင် ခင်ဗျားက ကျုပ်ရှေ့မှာ ကြွားဝါရဲတာလား”
ရဲ့လင်းချန်၏ စကားက ခံစားချက် ကင်းမဲ့နေပြီး မသိလျင် ရိုးရှင်းသော အချက်တစ်ခုကို ပြောနေသလိုပင်။ သို့သော် သူ့စကားက ဘေးပတ်မှ လူများအား ရင်တုန်သွားစေသည်။
သူ့ဘေးမှ စုချင်းရွှယ်သည် နားထဲ တဝီဝီ မြည်သံကို ကြားနေရပြီး ရဲ့လင်းချန်၏ ရဲတင်းသော စကားကြောင့် အလွန်အမင်း အံ့ဩနေ၏။
အခြားသူများသည် သူ့အား လူသေသဖွယ် ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“မင်းထိုက်နဲ့မင်းကံပဲ”
ဟော်ရှန်က အော်ဟစ်လာသည်။
သူ့ဘေးနားမှ လေထုက ပို၍ အရှန်ပြင်းလာပြီး သူ့ခြေထောက်နား၌ စုဝေးလာသည်။ ထို့နောက် သူသည် ဝုန်းခနဲ လှုပ်ရှားလာပြီး ညာခြေထောက်ကို မြှောက်၍ ရဲ့လင်းချန်အား လှမ်းကန်လေသည်။
သူသည် ရဲ့လင်းချန်နှင့် ဆယ်မီတာမျှ ဝေးကွာသော်လည်း ထိုကန်ချက်က လေထုအား ဖောက်ပြန်လာစေကာ ပြင်းထန်သော လှိုင်းတစ်ခုက ရဲ့လင်းချန်ထံသို့ ပြေးဝင်လာလေသည်။
အစောပိုင်းက သူ၏ သာမန်ကာလျှံကာ ကန်ချက်သည် အလီအား လွှင့်ထွက်သွားစေသည်အထိ သန်မာနေပြီး ချီစွမ်းအင် အနည်းငယ်နှင့်တင် သစ်ပင်အား ထက်ပိုင်းပြတ်သွားစေသည်။ နတ်ဆေးဆရာဝိုင်ဆိုလျှင် အဘယ်သို့ ဖြစ်လာမည်နည်း။
ထိုသို့သော သာမန် ခန္ဓာကိုယ်နှင့်ဆိုလျင် သူ တစ်စစီ ဖြစ်သွားလောက်သည်။
“ဟော်ရှန် တကယ် စိတ်တိုနေပြီ၊ သူက ဆေးညွှန်းကိုတောင် ဂရုမစိုက်တော့ဘူး”
“အဲ့ကောင်လေးရဲ့ သေတွင်းတူးတဲ့ အရည်အချင်းက တကယ်ကို ကောင်းတာပဲ၊ ဒီနှစ်တွေမှာ ဟော်ရှန် နာမည်ကြီးလာတာက သူ့ခွန်အား သက်သက်ကြောင့်ပဲ မဟုတ်ဘူး၊ မရေတွက်နိုင်တဲ့ သွေးတွေကိုပါ ခင်းခဲ့လို့ပဲ၊ သူက ဟော်ရှန်ကို စိတ်ရှည်တဲ့လူ ဖြစ်မယ်လို့ ထင်နေတာလား”
လူတော်တော်များများက ခေါင်းခါယမ်း၍ သက်ပြင်းချနေသည်။
သူတို့ထဲတွင် ပျော်သူပျော်၊ ဝမ်းနည်းသူ ဝမ်းနည်း ဖြစ်နေသော်လည်း ဤဒုက္ခမှ ရဲ့လင်းချန် ပြေးလွတ်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားပေ။
ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် ညာလက်ကို အသာမြှောက်၍ အေးအေးလူလူ လက်သီးဆုပ်လိုက်သည်။ ထို့နောက် သူက အသာအယာ လက်သီးဖြင့် ထိုးလိုက်လေသည်။
ထိုလက်သီးချက်သည် သာမန်ကာလျှံကာပင်။ ၎င်းသည် ခနော်နီခနော်နဲ့ လက်သီးချက်ဟု ထင်ရပြီး ကလေးများ ကြားမှ ရန်ပွဲဟုပင် ထင်မြင်ရလေသည်။ ယင်းက ကလေးကစားသလိုပင်။
သို့သော် သူ၏ လက်သီးချက်က သူ့ထံ ဦးတည်လာနေသော ချီစွမ်းအင်နှင့် ထိပ်တိုက် တွေ့သောအခါ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ချက်ချင်း ပေါက်ကွဲသွားလေသည်။
ထိုချီစွမ်းအင်လှိုင်းက ချက်ချင်း ပျက်စီးသွားလေသည်။ ထို့နောက် ရဲ့လင်းချန်၏ လက်သီးမှ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်ကာ ဟော်ရှန်ထံသို့ ဆူနာမီလှိုင်းသဖွယ် ရိုက်ခတ်လာသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဟော်ရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာ ပျောက်ကွယ်သွားပြီး ချောက်ချားခြင်းတို့ အစားထိုး ဖြစ်ပေါ်လာ၏။ ထို့နောက် သူသည် တစ်စက္ကန့်လေးမျှ အချိန်မဆွဲရဲဘဲ ခြေထောက် နှစ်ဖက်လုံးဖြင့် ခုန်ကန်လိုက်သည်။ ထိုအခါမှသာ ရဲ့လင်းချန်၏ တိုက်ခိုက်မှုကို သူ ချေဖျက်နိုင် သွားလေသည်။
သို့သော် သူ သက်ပြင်းမချနိုင်ခင်မှာပင် ခြေထောက်တစ်ဖက်က လေပေါ် ဝဲလာကာ သူ့အနားသို့ ကပ်လာ၏။
“ဒုန်း”
ထိုကန်ချက်က ဟော်ရှန်၏ ပခုံးသို့ အတိအကျ ကျဆင်းလာပြီး တစ်ကိုယ်လုံး ဘောလုံးသဖွယ် လွင့်ထွက်သွား လေသည်။
ဟော်ရှန် ညည်းတွားမိကာ လေထဲ၌ ခြေကိုဆောင့်၍ သူ့ကိုယ်သူ ဟန်ချက်ညီအောင် မနည်း ကြိုးစားပြီးမှ မြေကြီးပေါ် ပြန်ကျလေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မှုလွတ်ကာ အနောက်သို့ ရွေ့နေဆဲပင်။ သူ၏ ခြေလှမ်းများကြောင့် မြေကြီးပေါ်၌ ခြောက်လက်မ အနက်ရှိသော ချိုင့်များ ဖြစ်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းလည်း မှင်တက်ကုန်၏။
စုချင်းရွှယ် ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။
“သ…သ…သူ …”
စုထျန်းဟုန် မျက်လုံးပြူးကျယ်ကာ သူ မြင်လိုက်ရသည့်အရာကို မယုံနိုင် ဖြစ်နေသည်။
စုအန်းရွှမ်၏ အမူအရာက အေးခဲသွားပြီး မည်သို့ တုံ့ပြန်ရမလဲမသိ ဖြစ်နေလေသည်။
မိသားစုကြီးများမှ လူများသည်လည်း ကြက်သေ သေကုန်သည်။ သူတို့၏ မျက်နှာတွင် အမူအရာပေါင်းစုံ ဖြစ်ပေါ်နေပြီး ကျောက်ရုပ်သဖွယ် ဖြစ်နေကြသည်။
*ငါ ထင်သားပဲ*
စုချင်းယောင် စိတ်ထဲမှ ရေရွတ်နေသည်။ နတ်ဆေးဆရာဝိုင်၏ ပုံမှန်မဟုတ်သော ယုံကြည်ချက်က သက်တော်စောင့်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ သူကိုယ်တိုင်ကြောင့်သာ ဖြစ်သည်။ လူတိုင်းက သူ့အား အထင်မှားခဲ့ကြသည်။
ပန်းခြံတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေသည်။ အသံဟူ၍ ကန်ရေပြင်ကို ဖြတ်၍ တိုက်ခတ်လာသော လေညင်းသံသာ ရှိသည်။
ထို့နောက်တွင်မူ မှင်တက်နေသော လူအားလုံး၏ အရှေ့မှာပင် ရဲ့လင်းချန်က အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သူသည် ဟော်ရှန်ထံသို့ တစ်လှမ်းချင်း အေးအေးလူလူ လျှောက်နေသည်။ mask အောက်မှ သူ၏ တည်ငြိမ်သော အသံကို ကြားနေရသည်။
“မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်တဲ့လား၊ ခင်ဗျားရဲ့ ခွန်အားက တော်တော်လေး စိတ်ပျက်ဖို့ ကောင်းနေ သေးတယ်”
ရဲ့လင်းချန်က သူ့ထံ လျှောက်လာနေသည်ကို မြင်သောအခါ ဟော်ရှန်၏ အမူအရာက လေးနက်ကာ စိတ်ရှုပ်ထွေး လာသည်။ သို့သော် ယင်းက သူ၏ ကြမ်းကြုတ်ရက်စက်မှုကို နှိုးဆွပေးလိုက်သလိုလည်း ဖြစ်သွားလေသည်။ သူသည် ခြေနှစ်ဖက်လုံးကို ဆောင့်နင်းကာ အရှေ့သို့ မြားသဖွယ် ပြေးတက်သွားသည်။
“မင်းလို ကလေးတစ်ယောက်က မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်ကို ရောက်နေလိမ့်မယ်လို့ ငါ မယုံဘူးကွ”
ရဲ့လင်းချန်၏အသံက လူကြီးသံ အပြည့်အဝ မပေါက်သေးသဖြင့် ငယ်နေသေးသည်မှာ သေချာလှသည်။ သူ သိုင်းပညာကို လေ့ကျင့်ခဲ့လျင်တောင်မှ မည်မျှ ကြာနိုင်ဦးမည်နည်း။
ချက်ချင်းဆိုသလိုပင် ဟော်ရှန်၏ အတွေးထဲ၌ အတွေးများစွာ ဖြစ်ပေါ်နေပြီး ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။ ထိုအတောအတွင်း သူ၏ ခြေထောက်များအား အနားမပေးဘဲ လေထဲ၌ ဆက်တိုက် လှုပ်ရှားနေသဖြင့် သူ၏ ချီစွမ်းအင်ကြောင့် တစ်မီတာ အလျားရှိသော လေဓားတစ်ခု ဖြစ်ပေါ်လာသည်။ လေတိုက်သံက ပြင်းထန်လာပြီး လေဓားက အရာအားလုံးကို ဖြတ်တောက်နိုင်သည့်ပုံစံဖြင့် ရဲ့လင်းချန်ထံသို့ ပျံသန်းသွားသည်။
ဟော်ရှန်ထံမှ ထိုတိုက်ကွက်သည် မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်၏ အင်အားကို ပြီးပြည်စုံစွာ ဖော်ပြနေသည်။
ထိုလေဓား၏ အင်အားသည် အတွင်းအားထက် သာလွန်လေသည်။ တစ်နည်းပြောရလျင် ၎င်းတွင် အတွင်းအားတင် မကဘဲ စိတ်ဝိညာဉ် စွမ်းအင်ပါ ရောနှောနေသည်။ ယင်းက အနည်းငယ်မျှသာ ဖြစ်သော်လည်း အတွင်းအားအဆင့်ထက် သာလွန်နေလေပြီ။
ယင်းကား မူလချီစွမ်းအင်နှင့် ကျင့်ယူထားသော ချီစွမ်းအင်တို့ကြားမှ ခြားနားချက် ဖြစ်သည်။ အရည်အသွေးကို ယှဉ်လိုက်လျင် မူလ ချီစွမ်းအင်၏ အင်အားက ကျင့်ယူထားသော ချီစွမ်းအင်ထက် ဆယ်ဆ ပိုသာပေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် သိုင်းပညာရှင်များ၏ မျက်လုံးတွင်း၌ ကြောက်စိတ်များကို မြင်နေရသည်။ ထိုတိုက်ကွက် တစ်ခုတည်းကတင် သူတို့ကို သေရေးရှင်ရေး အခြေအနေသို့ တွန်းပို့နိုင်လေသည်။
“ဒီတိုက်ခိုက်မှုအဆင့်နဲ့ဆိုရင် ဟော်ရှန်ရဲ့ အင်အားက ငါ ထင်ထားတာထက် ပိုသန်မာနေတာပဲ”
စုထျန်းဟုန်က ရေရွတ်လာသည်။ အခြား မိသားစုကြီး လေးခု၏ သခင်ကြီးများအားလုံးသည် မူလစိတ်ဝိညာဉ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ထိုသို့သော တိုက်ခိုက်မှုမျိုးကို သူတို့ လုပ်နိုင်စွမ်း ရှိသော်လည်း ဟော်ရှန်ကဲ့သို့ သက်သက်သာသာ ထုတ်ဖော်နိုင်မည် မဟုတ်ပါ။
ထိုတိုက်ကွက်၏ ချီစွမ်းအင်သည် သာမန်ကျည်ဆံထက် သာလွန်ကာ ရဲ့လင်းချန်၏ အသက်ကို သိမ်းယူချင်နေ၏။
“သတိထား”
စုချင်းရွှယ် အော်ပြောလိုက်မိသည်။
သူတို့၏ အကြည့်အောက်၌ ရဲ့လင်းချန်သည် နေရာ၌ တည်ငြိမ်စွာ ရပ်နေပြီး လေပြင်းကြောင့် သူ၏ အဝတ်အစားများက တဖျပ်ဖျပ် လွင့်နေလေသည်။ သူသည် အန္တရာယ်ကို သတိမမူမိပုံရပြီး ဘာမျှမလှုပ်ရှားချေ။
*သူက ငါ့လို မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့် မဟုတ်ဘူးဆိုရင် သေချာပေါက် သေမှာပဲ*
ဟော်ရှန်က အေးစက်စွာ စောင့်ကြည့်၍ တစ်ကိုယ်တည်း တွေးနေလေသည်။