မူလ စိတ်ဝိညာဉ်အဆင့်
Vol. 43 Ch. 640
ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော် ရဲ့လင်းချန်က စိတ်ပျက်စွာ ခေါင်းခါလေသည်။ သူ၏ ညာလက်ကို လက်သည်းပုံစံ ပြောင်း၍ တစ်မီတာ အလျားရှိသော လေခွင်းဓား ချီစွမ်းအင်ကို တိုက်ခိုက်လိုက်သည်။
“သူက ဘာလုပ်ချင်တာလဲ”
“သူ ပြန်မတိုက်ဘူးလား၊ သူ သေချင်နေတာလား”
ဟော်ရှန်နှင့် အခြားသူများ တွေဝေကုန်သည်။ ရဲ့လင်းချန်က ချီစွမ်းအင် တိုက်ခိုက်မှုကို သူ၏ သေမျိုး ခန္ဓာကိုယ်နှင့် ရင်ဆိုင်ချင်နေလေသလား။
သို့သော် သူတို့၏ အတွေးကို ပေါက်ထွက်မတတ် ဖြစ်စေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသောအခါ သူတို့၏ အမူအရာများက ထပ်မံ၍ ပြောင်းလဲသွားလေသည်။
ရဲ့လင်းချန်သည် ထိုအံ့ဩစရာ ကောင်းလောက်အောင် ပြင်းထန်သော ချီစွမ်းအင်အား လေထဲတွင်သာ ထိန်းလိုက်သဖြင့် ယင်းက သူ့လက်ဝါးပေါ်၌ ငြိမ်သက်နေသည်။ သူသည် လေထဲမှနေ၍ အရာအားလုံးကို ဖျက်ဆီးနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည့် တစ်မီတာရှည်သော လေခွင်းဓားအား ရပ်တန့်လိုက်လေသည်။
ရဲ့လင်းချန်၏ လက်တွင် သီးသန့်ကမ္ဘာတစ်ခု ဖြစ်တည်နေသည်ဟု ထင်မှတ်ရပြီး သူက ၎င်းအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်လေသည်။
အပြင်လူ၏ အမြင်တွင် ရဲ့လင်းချန်ကို ဦးတည်ထားသော တိုက်ခိုက်မှုက သူ့လက်ထဲတွင် ဖမ်းချုပ်ခံလိုက်ရခြင်း ဖြစ်သည်။ ချီစွမ်းအင်က ပုံသဏ္ဌာန်မဲ့သော်လည်း လူတစ်ယောက်၏ ဖမ်းချုပ်ခြင်း ခံလိုက်ရလေသည်။ ထိုခံစားချက်က လူတိုင်းကို ကျောချမ်းသွားစေခဲ့သည်။
ထို့အပြင် တစ်မီတာ အလျားရှိသော လေခွင်းဓားသည် ဆက်တိုက် ကြီးထွားလာပြီး နှစ်မီတာသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ဒေါသတကြီး မြည်ဟီးနေသော လေတိုးသံကိုပင် လူအများက ကြားနေရသည်။
ယင်းသည် သူ၏ ကျင့်ကြံခြင်းမှ စိတ်ဝိညာဉ်စွမ်းအင်ကို နဂါးဖမ်းလက်နှင့် ပေါင်းစပ်လိုက်သည့် ရလဒ် ဖြစ်လေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဟော်ရှန်က အလန့်တကြား အော်ဟစ်လာသည်။
သူ၏ လေခွင်းဓားက အခြားသူတစ်ယောက်၏ အနိုင်ပိုင်းခြင်း ခံလိုက်ရသည်။ ယင်းသည် သူ့တစ်ဘဝလုံး တစ်ခါမှ မခံစားဖူးသည့် အရာတစ်ခုပင်။ ယင်းကား လူတစ်ယောက်က လေကို ဖမ်းနိုင်လိုက်သည်ဟု ထင်မှတ်ရသည်။
“ဒါက သိုင်းပညာရှင်တစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး၊ ဒီလို ထူးဆန်းတဲ့ သိုင်းပညာမျိုး ဘယ်လိုလုပ် ဒီလောကမှာ ရှိနိုင်မှာလဲ”
ဟော်ရှန်က တစ်ကိုယ်တည်း ရေရွတ်ကာ ကြက်သီးထလာ၏။
ကျင့်ကြံခြင်းက ရဲ့လင်းချန်အား သူ့အနီးဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်အား အလွန်တကူ ထိန်းချုပ်နိုင်စေခဲ့သည်။ သူသည် လေဝိညာဉ် ခန္ဓာကိုယ်ကို မရသေးသော်လည်း လေကို မထိန်းချုပ်နိုင်ဟု မဆိုလိုချေ။ သို့သော်လည်း လေဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသကဲ့သို့ မလွယ်ကူပါ။ သို့ရာတွင် ဟော်ရှန်၏ တိုက်ခိုက်မှု၌ စိတ်ဝိညာဉ် စွမ်းအင် များများမပါသဖြင့် ရဲ့လင်းချန်က ယင်းကို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်က သိုင်းပညာတစ်ခုတည်းနှင့် ကြိုးစားကြည့်မည်ဆိုပါက အလွန် ခက်ခဲပေလိမ့်မည်။
“သွားလိုက်”
ရဲ့လင်းချန်က စိတ်ဓာတ်ကျနေသော ဟော်ရှန်ကို ကြည့်ရန်ပင် စိတ်မပါချေ။ သူသည် လက်ကောက်ဝတ်ကို အသာလှုပ်၍ နှစ်မီတာ ရှည်လျားသော လေခွင်းဓားအား ဟော်ရှန်ထံ ပြန်ပစ်လွှတ်လိုက်သည်။
လေခွင်းဓား၏ အရှိန်က အလွန်အမင်း မြန်ဆန်လှသည်။ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး ၎င်း၏ အရိပ်ကိုသာ မြင်လိုက်ရသည်။
“အား…”
ဤသည်ကိုမြင်သော် ဟော်ရှန် ခေါင်းမွေးထောင်သွားလေသည်။ သူ့ခန္ဓာကိုယ်အား မကောင်းသော နမိတ်တစ်ခုက လွှမ်းခြုံလာသည်ဟု ခံစားလိုက်ရသည်။ ၎င်းကို ရှောင်တိမ်းရန် မဖြစ်နိုင်ဘဲ သူ့တွင် ရှိသမျှ အရာအားလုံးနှင့် ထိုတိုက်ခိုက်မှုကို ပြန်ရင်ဆိုင်ရုံသာ ရှိကြောင်း သူ သိနေသည်။ သူသည် ခြေထောက်ကို မြေကြီးနှင့် အသာပွတ်၍ ပင့်သက်ရှိုက်လိုက်သည်။ ထို့နောက် သူက လွှားခနဲ ခုန်၍ ပြန်လည် ကန်ထုတ်လိုက်လေသည်။
ထိုကန်ချက်ကြောင့် အချင်းဝက်မျှရှိသော လေခွင်းဓားတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက အရှေ့သို့ ဦးတည်ပျံ သန်းနေပြီး သံကိုပင် ချက်ချင်း ဖြတ်တောက်နိုင်လောက်သည်။
“ဝုန်း”
လေခွင်းဓားနှစ်ခု ထိပ်တိုက်ဆုံသောအခါ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကို ကြားလိုက်ရပြီး လေပြင်းများ တိုက်ခတ်လာလေသည်။
လူအုပ်ကြီးက လေပြင်းကို တောင့်ခံ၍ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။ ရဲ့လင်းချန်၏ လေခွင်းဓားတွင် အင်အား ပိုများနေပြီး ဟော်ရှန်၏ ရင်ဘတ်သို့ တည့်တည့်မတ်မတ် ထိုးခွင်းလာသည်။ ဟော်ရှန်သည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ အနောက်သို့ လွင့်သွားလေသည်။ သူသည် လေထဲ၌ စက်ဝန်းပြတ်တစ်ခုကို ဖန်တီးလိုက်ပြီးမှ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာ၏။
“အကြီးအကဲဟော်”
မိုမိသားစုများက အလန့်တကြား အော်ဟစ်လာပြီး သူတို့၏ မျက်နှာတွင် သွေးမရှိတော့ချေ။
ဟော်ရှန်မှာမူ ဘယ်ဘက် ပခုံးမှစ၍ ညာဘက်ခါးအထိ ဟက်တက်ကွဲနေသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေသည်။ ယင်းသည် အနိဋ္ဌာရုံ မြင်ကွင်းတစ်ခု ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှ အရိုးများကိုပင် အခြားသူများ မြင်နေရလေသည်။ သူသည် အသက်ရှင်ရုံသာ ရှင်နေသည့် အဖြစ်မျိုး ရောက်နေပြီး နောက်ဆုံး ထွက်သက်အတွက် ရုန်းကန်နေရသည်။
တိတ်ဆိတ်ခြင်းက လွှမ်းမိုး၍လာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် မိသားစုများအားလုံး ကျောရိုးတစ်ခုလုံး ချမ်းစိမ့်သွားပြီး တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာလေသည်။
စက္ကန့် နှစ်ဆယ်ပင် မကြာလိုက်သော အချိန်လေးအတွင်းမှာပင် အံ့ဖွယ်ကောင်းသော ဟော်ရှန်သည် ပြင်းထန်သော ဒဏ်ရာများနှင့် သေမင်းတံခါးဝသို့ ရောက်သွားခဲ့ရသည်။
တစ်ဖက်တွင်မူ ရဲ့လင်းချန်က ဘာကိုမှ မလုပ်ချေ။ သူသည် အလေးအနက်ပင် မထားဘဲ ဟော်ရှန်၏ တိုက်ခိုက်မှုကို တန်ပြန်ရုံမျှသာ ဖြစ်ပြီး လေခွင်းဓားအား ခွန်အားများများစားစားပင် မသုံးလိုက်ဘဲ ဓားပျံအဖြစ် ပြန်လည် အသုံးပြုခဲ့သည်။ ထိုတည်ငြိမ်သော ဟန်အမူအရာက အလွန် အေးဆေး တည်ငြိမ်လွန်းလှပေသည်။
“အခု ကျုပ်ကို ဘယ်အဆင့်လို့ ခင်ဗျား ထင်လဲ”
ရဲ့လင်းချန်က နေရာတွင်သာ ရပ်မြဲအတိုင်း ရပ်၍ တည်ငြိမ်စွာ မေးလာသည်။
ထိုအခိုက်တွင် ဘေးပတ်လည်မှလူများအားလုံး ရဲ့လင်းချန်ကို ထပ်၍ အထင်မသေးရဲတော့ချေ။ သူတို့သည် သူနှင့်ပင် အကြည့်ချင်း မဆုံရဲတော့ချေ။ သက်တော်စောင့်က ဟန်ပြသက်သက်သာ ဖြစ်ပြီး ပညာရှင် အစစ်အမှန်က နတ်ဆေးဆရာဝိုင် ဖြစ်နေလိမ့်မည်ဟု သူတို့ထဲက ဘယ်သူမှ ထင်မထားမိချေ။
*ဒါက … ကြောက်ဖို့ကောင်းလွန်းတယ်*
အံ့ဩစရာကောင်းသော နတ်ဆေးဆရာဝိုင်က သိုင်းပညာရှင် အကျော်အမော်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
*မူလ စိတ်ဝိညာဉ်အဆင့်များလား*
သူတို့ထဲက လူတော်တော်များများသည် နဖူး၌ ချွေးစေးများ စို့တက်လာပြီး တံတွေးကို မနည်း မျိုချနေရသည်။
“သူက အဲ့လောက်တောင် သန်မာတာပဲ”
စုချင်းရွှယ်သည် တဖြည်းဖြည်း စိတ်ပြန်ငြိမ်လာသည်။ သူမ၏ လှပသော မျက်ဝန်းများက ရဲ့လင်းချန်ဘက် ဦးတည်နေပြီး သူမနှုတ်ခမ်းက မယုံကြည်နိုင်မှုကြောင့် အနည်းငယ် ပွင့်ဟနေ၏။ ဘတ်စ်ကားပေါ်မှ ရဲ့လင်းချန် ကြွားလုံးထုတ်ခဲ့သော စကားများက သူမနားထဲ ပဲ့တင်ထပ်လာသည်။ သူ နောက်ပြောင်နေခဲ့ခြင်း မဟုတ်ခဲ့ပါလား။
မိသားစုကြီးငါးခု၏ သခင်ကြီးများ မျက်မှောင်ကြုတ်နေကြသည်။ ရဲ့လင်းချန် ပြသခဲ့သော ခွန်အားက သူတို့ ခန့်မှန်းမှုထက် ကျော်လွန်နေ၏။
ဟော်ရှန်က သက်ရောက်မှု အပြင်းထန်ဆုံး ဖြစ်သည်။ သူ၏ အတွေးထဲ၌ နောင်တရစိတ်တို့ ဖြစ်ပေါ်နေသည်။ နတ်ဆေးဆရာဝိုင်က ထိုမျှ အစွမ်းအစ ရှိလိမ့်မည်ဟု သူ ထင်မထားမိပေ။ ထို့အပြင် သာမန်ကာလျှံကာ ဖမ်းချုပ်၍ ပြန်ပစ်လိုက်ခြင်းမှလွဲ၍ ရဲ့လင်းချန်သည် သူတို့အား အခြား ဘာသိုင်းကွက်မျှ မပြခဲ့ချေ။ ယင်းတစ်ခုတည်းကပင် အလွန် အံ့ဩစရာ ကောင်းလှနေလေပြီ။
*ဒါ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ*
ဟော်ရှန် စိတ်ထဲ၌ တွေးတောနေသည်။ သို့သော် သူသည် ရဲ့လင်းချန်၏ အမေးနှင့် ကြုံလိုက်ရသည်။
“မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်က ဘာလဲဆိုတာကို ခင်ဗျား ပြောပြဖို့ ရှိသေးတယ်”
ရဲ့လင်းချန်၏ အကြည့်ကို မြင်ပြီးနောက် ဟော်ရှန်၏ နှလုံးခုန်နှုန်းက မြင့်တက်လာပြီး ကြောက်စိတ်တို့ လွှမ်းခြုံ လာသည်။
သို့သော် သူသည် သိုင်းပညာရှင်တို့၏ လောကတွင် လူဟောင်းတစ်ယောက် ဖြစ်လေသည်။ သူသည် စိတ်ကို ပြန်စုစည်း၍ ရှတတ အသံနှင့် ပြန်ပြောလိုက်သည်။
“မစ္စတာဝိုင်၊ အရင်က ကျုပ်တို့ မိုမိသားစုရဲ့ ရန်လိုမှုကို ခွင့်လွှတ်ပေးပါ၊ ကျုပ်တို့ အရှုံးကို ဝန်ခံပါတယ်၊ မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်ဆိုတာက အတွင်းအားအဆင့်နဲ့ မူလ စိတ်ဝိညာဉ်အဆင့် ကြားက ကြားခံအဆင့်လေး တစ်ခုပါ”
“အတွင်းအား ကျွမ်းကျင်မှုကို စဦးအဆင့်၊ အလယ်အလတ်အဆင့်၊ ကျွမ်းကျင့်အဆင့်နဲ့ မူလ စိတ်ဝိညာဉ် တစ်ပိုင်း အဆင့် ဆိုပြီး ခွဲခြားထားပါတယ်၊ အဲ့ထက်ကျော်တဲ့အဆင့်က မူလ စိတ်ဝိညာဉ်အဆင့်ပါ”
ရဲ့လင်းချန် မျက်ခုံးပင့်သွားသည်။ သူ ထင်ထားသည့်အတိုင်းပင် မူလ စိတ်ဝိညာဉ်အဆင့်သည် အတွင်းအားထက် ကျော်လွန်သော အဆင့် ဖြစ်လေသည်။ မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်သည် မရမက ထည့်ထားသည့်အဆင့်သာ ဖြစ်မည့်ပုံပင်။
သို့သော် ဟော်ရှန်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ထိတ်လန့်စေမည့် သတင်းတစ်ခုအား သူတို့ကို ပြောလာသည်။
“ငါတို့ မိုမိသားစုရဲ့ သခင်ကြီးက မူလ စိတ်ဝိညာဉ်အဆင့်ကို မကြာသေးခင်ကမှ ချိုးဖောက်သွားနိုင်ခဲ့တယ်”
ထိုစကားက တိတ်ဆိတ်မှုကို ချက်ချင်း ဖြိုခွင်းလာပြီး လူတိုင်းအား ပင့်သက်ရှိုက်မိသွားစေသည်။
“မူလ စိတ်ဝိညာဉ်အဆင့်လား၊ မိုသခင်ကြီးက အဆင့်ချိုးဖောက်သွားပြီလား”
“မိုသခင်ကြီးက လွန်ခဲ့တဲ့ သုံးနှစ်က တံခါးပိတ် ကျင့်ကြံနေပြီးတော့ လူလုံးထွက်မပြခဲ့ဘူးလို့ ငါ ကြားခဲ့တယ်၊ သူ တကယ်ပဲ အဆင့်ချိုးဖောက်မှုမှာ အောင်မြင်သွားတာလား”
“ဒါက စီချွမ်-တိဘက်ဒေသတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေမှာပဲ”
“ဒါက ကြောက်ဖို့ကောင်းလွန်းတယ်၊ မိုမိသားစုက တကယ်ကို ဒီမှာ အကြီးဆုံး မိသားစုပဲ၊ ကြောက်စရာ ကောင်းလိုက်တဲ့ အင်အား”
မိသားစုကြီးတိုင်းက အချင်းချင်း တိုင်ပင်ပြောဆိုနေကြသည်။ သူတို့၏ မျက်လုံးများတွင် အားကျမှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေ၏။
ထိုအခိုက်တွင် မိသားစုကြီးလေးခု၏ သခင်ကြီးများက အချင်းချင်း ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများတွင် စိုးရိမ်မှုတို့နှင့် ပြည့်နှက်နေ၏။ မိုသခင်ကြီးသာ မူလ စိတ်ဝိညာဉ်အဆင့်ကို အမှန်တကယ် ချိုးဖောက်သွား နိုင်ခဲ့သည်ဆိုလျင် သူတို့၌ လုံးဝ အခွင့်အရေး မရှိတော့ပေ။ သူတို့သည် မိုမိသားစု၏ ဝါးမျိုခြင်းကို ခံရလောက်သည်။
“မူလ စိတ်ဝိညာဉ်အဆင့်လား”
ရဲ့လင်းချန်တစ်ဦးတည်းသာလျင် တည်ငြိမ်နေ၏။ မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်က မည်မျှ သန်မာသလဲ ဆိုသည်ကို သူ သိချင်နေမိသည်။ သူသည် သိုင်းပညာကို လေ့ကျင့်သော်လည်း သိုင်းပညာရှင်၏ မတူညီသော သိုင်းပညာအဆင့်များကိုမူ ဘာမှမသိချေ။ သူသည် စနစ်၏ ဦးဆောင်မှုကို လိုက်ရုံသက်သက်သာ ဖြစ်သည်။ အဓိက အချက်မှာ သူ လျှောက်လှမ်းနေသော လမ်းက ကျယ်ပြန့်လာခဲ့ခြင်း ဖြစ်သည်။ သူသည် သိုင်းပညာလမ်းကြောင်းမှ သွေဖည်သွားသည်ဟု ဆိုနိုင်ပေသည်။ သိုင်းပညာမှ မတူညီသော သိုင်းအဆင့်များက သူ့အတွက် ဘာမှမဟုတ်ချေ။