← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

Ace ကျင့်ကြံခြင်းနည်းလမ်းနှစ်ခုအတွက် သူခိုးမှတ် ၁၁၀မှတ် ပေးလိုက်ပြီးနောက် အရင်တုန်းကလိုပင် ကျင့်ကြံခြင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ သူ့ခေါင်းထဲသို့ဝင်လာတော့သည်။

မှတ်ဉာဏ်များ တစ်ခုပြီးတစ်ခု သူခေါင်းထဲသို့ ဝင်လာပြီး ငါးမိနစ်အကြာတွင် သူမျက်လုံးများကို ဖွင့်လိုက်သည်။

‘ဒီကျင့်ကြံခြင်းနည်းစနစ်က တကယ်ပဲ သူခိုးတစ်ယောက်အတွက်လား။’ သူမှင်သက်စွာ တွေးလိုက်သည်။ သူအရင်က ကျင့်ကြံခြင်းနည်းစနစ်များကို မတွေ့ခဲ့ဘူးသော်လည်း ဤကောင်းကင်ဘုံသူခိုးနည်းစနစ်ကို မြင်ပြီးနောက် ဤစနစ်သည် ဤကမ္ဘာမှမဟုတ်ဟု သူ့ကို ပို၍ ယုံကြည်စေသည်။

အဘယ်ကြောင့်ဆိုသော် အကယ်၍ တစ်ယောက်ယောက်သည် ဤနည်းစနစ်ဖြင့် ကျင့်ကြံချင်လျှင် ပုံမှန်လက်တွေ့ကျသော ချီကို အသုံးပြု၍မရဘဲ ကောင်းကင်ဘုံချီကို စုပ်ယူရန်လိုပေသည်။ ကောင်းကင်ဘုံချီသည် မည်သူမှအသုံးပြု၍ မရသောချီဖြစ်ပြီး ပို၍အရေးကြီးသည်မှာ ကောင်းကင်ဘုံချီသည် သက်ရှိတိုင်းအတွက် ပိတ်ပင်ထား၏။ သို့သော်လည်း ဤနည်းစနစ်သည် ကောင်းကင်ဘုံမှပင် ခိုးယူနိုင်စွမ်းရှိပြီး တားမြစ်ထားသည့် နည်းစနစ်တစ်ခုဖြစ်သည်။

ထို့ကြောင့် ကောင်းကင်ဘုံသူခိုးနည်းစနစ်နှင့် ပတ်သက်သော မှတ်ဉာဏ်များကိုရပြီးနောက် သူအလွန်အံ့သြသွားခြင်းပင်။

‘အကယ်၍ ဒီနည်းစနစ်ကို ကျင့်ကြံချင်ရင် ကောင်းကင်ဘုံကနေလည်း ငါခိုးယူရလိမ့်မယ်။ သူ့ရဲ့ နာမည် ‘ကောင်းကင်ဘုံသူခိုး’ နဲ့ သူခိုးအတွက် အံဝင်ခွင်ကျဖြစ်စေတဲ့ နည်းပညာလို့ ခေါ်ထိုက်ပါပေတယ်။ ငါဒီနည်းစနစ်ကို မကျင့်ကြံဖို့ ရွေးချယ်လို့ရပေမယ့် မကျင့်ကြံဘူးဆိုရင် သာမန်ထက် ထူးကဲတဲ့သူတစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးကို လွှဲချော်သွားလိမ့်မယ်။’ သူအံ့သြမှင်သက်စွာ တွေးလိုက်သည်။

ဤလမ်းကြောင်းကို ရွေးချယ်ပြီးသွားလျှင် ပြန်လှည့်လာ၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏မှတ်ဉာဏ် ထဲတွင် ဤနည်းစနစ်ကို ကျင့်ကြံသူကို ကောင်းကင်ဘုံသူခိုးဟုခေါ်သည်။

ထိုသူသည် ကောင်းကင်ဘုံ၏ ရန်သူဖြစ်လာကာ ကျင့်ကြံခြင်းနယ်ပယ်တွင် အဆင့်တက်ချင်သည့်အချိန်တိုင်း ကောင်းကင်ဘုံ၏ ဒေါသနဲ့ ရင်ဆိုင်ရမည်ဖြစ်သည်။

သူကောင်းကင်သို့ ကြေငြာခဲ့သောအချိန်ကို ရုတ်တရက် မှတ်မိလိုက်သည်။ ‘ငါ့မှာသာ ခိုးယူနိုင်တဲ့ စွမ်းအားရှိရင် ကောင်းကင်ဘုံကနေ ခိုးယူပစ်မယ်။’ သူ၏ ကလေးဆန်သောစကားလုံးများကို ပြန်မှတ်မိသွားသည့်အခါ အံကြိတ်လိုက်မိသည်။

ထိုအချိန်တုန်းက သူအလွန်သောကရောက်နေခဲ့တာကြောင့် ဒေါသဖြင့် ထိုစကားလုံးများကို ပြောခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မကြာခင်တွင်ပင် ထိုသို့စွမ်းအားမျိုးကို သူလက်ဝယ်ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခုတွင် ထိုစွမ်းအားကို အသုံးပြုမည်လား မပြုဘူးလားဆိုသည်ကို ရွေးချယ်ရုံသာ လိုတော့သည်။

သူရယ်မောလိုက်မိသည်။ “ ဟားဟားဟား ကောင်းကင်ဘုံ မင်းက ငါချစ်ရတဲ့သူတွေကို ခိုးယူခဲ့ပေမယ့် ငါဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ပြောင်းလဲသွားပြီ။ အခု မင်းဆီကနေ ခိုးယူနိုင်တဲ့စွမ်းအား ငါ့မှာရှိနေပြီ။ အဲဒီတော့ ငါဘာလို့ တုံ့ဆိုင်းနေရမှာလဲ။ အခုကစပြီးတော့ မင်းကောင်းကင်ဘုံနဲ့ ငါ Ace က ရန်သူတွေဘဲ!!” သူမောက်မာစွာ ကြေညာလိုက်သည်။

ကောင်းကင်ဘုံ၏သူခိုးသည် မွေးဖွားလာတော့မည်ဖြစ်သည်။

သူ့ဘဝ၏ ရွေးချယ်မှုကြီးကို ပြုလုပ်ပြီးနောက် စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ ထို့နောက် ကောင်းကင်ဘုံသူခိုးနည်းစနစ်နှင့် ပတ်သက်သောမှတ်ဉာဏ်ကို လေးနက်စွာ စတင်၍ဖတ်တော့သည်။

“ကောင်းကင်ဘုံသူခိုးနည်းစနစ်အပိုင်းတစ်မှာ နှစ်ပိုဒ်ရှိပြီးတော့ တစ်ိပုဒ်က ခန္ဓာကိုယ်အတွက်ဖြစ်ပြီး နောက်တစ်ပိုဒ်က စိတ်ဝိညာဥ်အတွက်ပဲ။ စနစ်ကအဲ့အကြောင်းကို မလိမ်ခဲ့ဘူး။” မှတ်ဉာဏ်များကိုဖတ်နေရင်းဖြင့် သူရေရွတ်လိုက်သည်။

ပထမအပိုဒ်ကို ‘ကောင်းကင်ဘုံသလင်းကျောက်ခန္ဓာကိုယ်’ဟု ခေါ်သည်။ ၎င်းသည် ကမ္ဘာပေါ်မှ သိုင်းကျင့်ကြံခြင်း နည်းလမ်းပင် ဖြစ်သည်။ ကွာခြားသည်မှာ သာမန်လက်တွေ့ကျသော ချီကို သုံးရမည့်အစား ကောင်းကင်ဘုံချီကို အသုံးပြုရခြင်း ဖြစ်သည်။ ထိုကျင့်ကြံခြင်းကို ‘ကြီးမားသောနယ်ပယ်ရှစ်ခု’ အဖြစ်ခွဲခြားထားပြီး ထိုရှစ်ခုလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်နယ်ပယ်အသေးလေးများ ထပ်ရှိသည်။

ကျင့်ကြံခြင်း၏ ပထမဆုံနယ်ပယ်ဖြစ်သော ‘ကောင်းကင်ဘုံတံခါးများ’ ကို ကိုယ်ပိုင်ဖွင့်လှစ်ခြင်းနယ်ပယ် ဟုလည်း သိကြသည်။ သူ့တွင် နယ်ပယ် အသေးလေးငါးခုရှိသည်။ ‘ကောင်းကင်ဘုံအရေပြား’ ‘ကောင်းကင်ဘုံကြွက်သားများ’ ‘ကောင်းကင်ဘုံအရိုးများ’ ‘ကောင်းကင်ဘုံအင်္ဂါအစိတ်အပိုင်းများ’ နှင့် ‘ကောင်းကင်ဘုံနှလုံးသား’ တို့ဖြစ်သည်။

“ ‘ကောင်းကင်ဘုံတံခါးများ’ရဲ့ တံခါးတွေအားလုံးကို ဖွင့်ပြီးသွားရင် ကောင်းကင်ဘုံချီတွေကို ငါပိုပြီးသိုလှောင်လာနိုင်လိမ့်မယ်။ ကောင်းကင်ဘုံတံခါး နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ရင် ချီစီးဆင်းတဲ့ ခန္ဓာကိုယ်လမ်းကြောင်းတွေ ပွင့်သွားလိမ့်မယ်။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒီကျင့်ကြံခြင်းတစ်ခုလုံးက ငါ့ကို ဆွဲဆောင်နေတယ်။” သူ စိတ်အားထက်သန်မှုအပြည့်ဖြင့် ဖတ်လိုက်ကာ ဤကျင့်ကြံခြင်းနည်းစနစ်ကို ချီးကျူးလိုက်သည်။

“အရင်တစ်ခေါက် ညီမလေးရဲ့ အချက်အလက်ကို ကြည့်တဲ့အချိန်တုန်းက သူမက ပထမတံခါးကို ဖွင့်ပြီးသွားပြီ။ ငါသူမကိုသွားတွေ့ချင်တယ်ဆိုရင်တော့ အလုပ်ကြိုးစားဖို့လိုတယ်။” သူဖိအားနည်းနည်းခံစားလိုက်ရသော်လည်း ပို၍ပင် ဆုံးဖြတ်ချက်ခိုင်မာသွားသည်။

ကောင်းကင်ဘုံသူခိုး နည်းစနစ်၏ အပိုင်းတစ်၊ ဒုတိယအပိုဒ်ကို ‘ကောင်းကင်ဘုံအနက်ရောင်လေဝိညာဉ်’ ဟုခေါ်သည်။ ၎င်းသည် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနည်းလမ်းဖြစ်ပြီး ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းလမ်းလို မည်သည့်နယ်ပယ်မှ မရှိသော်လည်း သူ့တွင် စိတ်ဝိညာဥ်ပုံစံငါးမျိုးရှိသည်။

“ ပထမဆုံးပြောင်းဖို့လိုတဲ့ပုံစံက ‘ပုံစံမဲ့လေဝိညာဉ်ဗဟိုချက်’။ အဲဒါပြီးရင် ‘အဝါရောင်ပုံစံ’၊ ‘လိမ္မော်ရောင်ပုံစံ’၊ ‘အနီရောင်ပုံစံ’၊ ‘ရွှေရောင်ပုံစံ’ နဲ့ ‘အနက်ရောင်ပုံစံ’ ဆိုတဲ့ အရောင်ငါးမျိုးပုံစံကို ပြောင်းရမယ်။”

Ace ကောင်းကင်ဘုံသူခိုးနည်းစနစ် အပိုင်းတစ် အပြည့်အစုံကို ဖတ်ပြီးသွားပြီးနောက် လေအေးများကို တဝကြီးရှူသွင်းလိုက်သည်။ ထိုအပိုင်းတစ်သည် သူ့ကိုဤကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိစေရန်အတွက် လုံလောက်ပေသည်။

ကောင်းကင်ဘုံသူခိုးနည်းစနစ်မှ စိတ်လှုပ်ရှားမှုများ အနည်းငယ်လျော့ကျသွားပြီးနောက် အရိပ်ကိုယ်ပွားသိုင်းကို အာရုံစိုက်မှုအပြည့်ဖြင့် ဖတ်ရှုလိုက်သည်။

“ဟမ်?” ထိုအရိပ်ကိုယ်ပွားသိုင်းတွင် ‘အခြေခံအရိပ်ဓားရည်ရွယ်ချက်’ ဟု ခေါ်သော အပိုင်းတစ်ခုတည်းသာရှိကာ ထိုအပိုင်းတွင် ပထမနယ်ပယ် ဓားအဖြစ်လက်မောင်း၊ ဒုတိယနယ်ပယ် လက်ချောင်းဓား၊ တတိယနယ်ပယ် စိတ်ထဲမှဓား နှင့် နောက်ဆုံးနယ်ပယ် အရိပ်၏ဓားရည်ရွယ်ချက် ဟူသော နယ်ပယ်လေးခုပါရှိသည်။

“ဆိုတော့ ဒါက သူခိုးမှတ် ၁၀မှတ်ကနေရတဲ့ နည်းစနစ်ပေါ့။” ကောင်းကင်ဘုံသူခိုးနည်းစနစ်ကို အရင်ဆုံးဖတ်လိုက်တာကြောင့် ဤနည်းစနစ်ကိုအနည်းငယ်စိတ်ပျက်သွားခဲ့သည်။

သို့သော်သူမသိသည်မှာ ဤနည်းစနစ်မှ စကားလုံးများက သင်ပေးသည်မှာ ‘လက်နက်ရည်ရွယ်ချက်’ဖြစ်သည်။ ထိုအရာမှာ သွေးထွက်သံယိုစစ်ပွဲဖြစ်စေနိုင်သော အရိပ်ရည်ရွယ်ချက်ဖြစ်သည်။ လက်နက်ရည်ရွယ်ချက်ကို ဖတ်ရုံဖြင့် သင်ယူလို့မရပေ။ ဒြပ်စင်အမျိုးအစားများက ပို၍ မရနိုင်ပေ။

‘လက်နက်ရည်ရွယ်ချက်’ သည် သဘာဝအတိုင်း ဖြစ်ပေါ်လာသောကြောင့် မည်သူမျှ မသင်ကြားပေးနိုင်ပေ။ ထို့ကြောင့် ထူးခြားအံ့ဖွယ်ကောင်းသောနည်းစနစ်ကို ရရှိခဲ့သော်လည်း စိတ်ပျက်သည်ဟု သူပြောခဲ့ခြင်းပင်။ စကားလုံးများဖြင့်သာ အရာအားလုံးကိုသင်ယူနိုင်ပါက ကမ္ဘာပေါ်မှထိပ်တန်းကျွမ်းကျင်သူများသည် ဒေါသထွက်ရခြင်းများ လျော့နည်းနေပေလိမ့်မည်။

“အနည်းဆုံးတော့ ဒီနည်းစနစ်ကငါ့ကို ကိုယ်ပွားဓားနဲ့ ချီဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အခြေခံကို သင်ပေးနေပါသေးတယ်လေ။ အဲဒီတော့သူ့စျေးနဲ့ တန်ပါတယ်။ ဒီနည်းစနစ်ကို စပြီးတော့ လေ့ကျင့်မယ်ဆိုရင် ငါဓားကိုယ်ပွားလိုတယ်။ စနစ်ကနေဝယ်လို့ရပေမယ့်လည်း အဲဒါတွေကစျေးကြီးတယ်။ စနစ်ကပစ္စည်းတွေ မသုံးဘဲနဲ့လည်း ငါလုပ်နိုင်ပါသေးတယ်။ ငါ့မှာ ပိုက်ဆံမရှိတာလည်း မဟုတ်ဘူးဆိုတော့ လက်နက်ဈေးကနေ သွားဝယ်လိုက်လို့ရတယ်။ အရေးပေါ်အခြေအနေတွေအတွက် သူခိုးမှတ်ကို ငါသိမ်းထားဖို့လိုတယ်။” သူ၏ နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်သည်။

တစ်ညနေခင်းလုံး စိတ်လှုပ်ရှားနေပြီနောက် နောက်ဆုံးတွင် သူစိတ်တည်ငြိမ်သွားသည်။ ယနေ့ညတွင် ကောင်းကင်ဘုံသူခိုးနည်းစနစ်ကိုစတင်၍ ကျင့်ကြံတော့မည်ဖြစ်တာကြောင့် သူ၏ညစာကို စောစောစားလိုက်သည်။

ညအချိန်သို့ ရောက်နေပြီဖြစ်တာကြောင့် နေရာတိုင်းတွင် တိတ်ဆိတ်နေသည်။

Ace စိတ်တည်တည်ငြိမ်ငြိမ်ထားလိုက်ကာ သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူမျက်လုံးများကို မှိတ်လိုက်သည်နှင့် သူ့စိတ်ထဲတွင် ကောင်းကင်ဘုံသူခိုးနည်းစနစ်၏ ပထမအပိုဒ်ဖြစ်‌သော ‘ကောင်းကင်ဘုံသလင်း‌ကျောက်ခန္ဓာကိုယ်’ကိုရွတ်ဖတ်လိုက်သည်။

‘ခန္ဓာကိုယ်ဆိုတာ သက်ရှိများအားလုံးအတွက် အုတ်မြစ်ဖြစ်တယ်။ သို့သော်လည်း ကောင်းကင်ဘုံက လူတိုင်းရဲ့ခန္ဓာကိုယ်ကို ချို့ယွင်းချက်များ အများအပြားဖြင့် ပြုလုပ်ခဲ့တယ်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်သော စွမ်းအားများကို မရစေချင်တာကြောင့်ပင်။ ကောင်းကင်ဘုံသည် လူတိုင်းဆီမှ ခိုးယူ၏။ မွေးကင်းစမှာပင် သူတို့၏ ကျန်းမာမှုလုပ်ပိုင်ခွင့်ကို ခိုးယူသည်။ အသက်ရှည်ရှည်နေနိုင်‌သော သူတို့၏လုပ်ပိုင်ခွင့်ကို ကောင်းကင်ဘုံက ခိုးယူသည်။ သူတို့၏ဘဝကိုပင် ခိုးယူ၏။ အဆုံးမရှိသော ထာဝရအကြီးမားဆုံးသူခိုးသည် ကောင်းကင်ဘုံကိုယ်တိုင်ပဲ ဖြစ်တယ်။ ငါ့ရဲ့မလိုလားမှုကတော့ ပုံးကွယ်နေတဲ့ ရတနာဆီကို ဦးတည်နေတဲ့လမ်းကြောင်းကို ငါဖြတ်တောက်ပစ်မယ်။ သူများဆီကနေ ခိုးယူနေတဲ့ ပုံးကွယ်နေတဲ့ရတနာကနေ ငါစွမ်းအားကိုရယူမယ်။ ပြီးရင် အဲဒီစွမ်းအားကို ငါ့ရဲ့ထာဝရတည်ရှိနေမယ့် စွမ်းအားအဖြစ် ပြောင်းလဲမယ်။ ငါခိုးယူမယ်။ ငါထာဝရဖြစ်လာတဲ့ အချိန်ထိ ခိုးယူမယ်...’

Ace မတတ်နိုင်စွာ ကောင်းကင်ဘုံသူခိုးကျမ်းစာကို ရွတ်ဆိုလိုက်သည်။ ထိုအရာများသည် အမှန်များဖြစ်၏။ ထိုအရာများသည် ကောင်းကင်ဘုံ၏ ညစ်ညမ်းသော လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တာကြောင့် ကောင်းကင်ဘုံအတွက် ဓားများလိုပင်ဖြစ်သည်။

ကောင်းကင်ဘုံသူခိုးနည်းစနစ်ကို စတင်၍ ကျင့်ကြံပြီးနောက် သူအိပ်မွေ့ချခံရသော အခြေအနေသို့ ရောက်သွားသည်။ အချိန်များကုန်သွားပြီးနောက် Ace ထိုင်နေသော နေရာတစ်ဝိုက်ဆီသို့ အနက်ရောင်မြူများစတင်၍ ဖြစ်ပေါ်လာသည်။ ထိုအနက်ရောင်မြူများသည် ကောင်းကင်ဘုံချီများပင် ဖြစ်သည်။

ချီသည် ကောင်းကင်ဘုံမှ ခိုးယူခံခဲ့ရခြင်းကြောင့် ကောင်းကင်ဘုံချီသည် အနက်ရောင်ဖြစ်သည်။

လူကြီးများသည် တစ်စုံတစ်ယောက်ဆီမှ ခိုးယူခဲ့လျှင် ကောင်းကင်ဘုံမှ ကျိန်စာသင့်လိမ့်မည်ဟု ပြောကြသော်လည်း အကယ်၍ သင်က ကောင်းကင်ဘုံမှ ခိုးယူခဲ့လျှင်ရော? သေချာပေါက် သင်သည်ကောင်းကင်ဘုံနှင့် ဆက်နွှယ်နေသော သက်ရှိတိုင်းဆီမှ အမဲလိုက်ခြင်းခံရပေလိမ့်မည်။ ထိုအကြောင်းပြချက်ကြောင့်ပင် ကောင်းကင်ဘုံသူခိုးနည်းစနစ်သည် တားမြစ်ထားသော နည်းစနစ်ဖြစ်ခြင်းဖြစ်သည်။

ထိုနည်းစနစ်ကိုကျင့်ကြံလျှင် ကောင်းကင်ဘုံချီများကို ရရှိမည်ဖြစ်ပြီး လူတိုင်းထက် သန်မာလာလိမ့်မည် ဖြစ်သော်လည်း ပို၍မြင့်မားသော အဆင့်များဆီသို့ ရောက်ရှိရန် ကြိုးစားသည့်အချိန်တိုင်း ကောင်းကင်ဘုံ၏ ကျိန်စာသင့်ပေလိမ့်မည်။ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို သင်ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

သင်သန်မာလာရန် ကြိုးစားသည့်အချိန်တိုင်း ကောင်းကင်ဘုံက သင့်ကိုအဆုံးသတ်ရန် ကြိုးစားလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်ကောင်းကင်ဘုံချီများကို ရရှိခဲ့လျှင် အခြားသူများလိုမဟုတ်ပဲ ပြီးပြည့်စုံသောသူတစ်ယောက် ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ဘုံသည် ဤကဲ့သို့သော စွမ်းအားကို တည်ရှိရန် ခွင့်မပြုခြင်းပင်။

ကောင်းကင်ဘုံချီများသည် Ace ၏ ခန္ဓာကိုယ်ကို ထိလိုက်သောအချိန်တွင် စတင်၍ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကာ သွေးကြောများထဲသို့ ပျံ့နှံ့သွားသည်။ ယခုတွင်သူသည် ကောင်းကင်ဘုံသူခိုးတစ်ယောက် အစစ်မှန်ဖြစ်လာပြီ ဖြစ်သည်။

ထိုအချိန်တွင် မည်းနှက်နေသော မျက်လုံးတစ်စုံသည် ညအမှောင်ထဲတွင် ရှိနေကာ ထိုမျက်လုံးကြီးများသည် ရွှေရောင်ကောင်းကင်ကမ္ဘာကြီး၏ ကြယ်များနှင့်ကောင်းကင်ကြီးကို ဖုံးနိုင်သည်အထိ ကြီးမားလေသည်။ ထိုမျက်လုံးများသည် အနက်ရောင်ကောင်းကင်ဘုံချီများ ရှိနေသော ဦးတည်ရာသို့ ကြည့်လိုက်သည်။ ထို့နောက် ထိုအရာသည် သာမန်လူသားတစ်ယောက်သာ ဖြစ်ကြောင်း မြင်သွားသည့်အခါ ပျောက်ကွယ်သွားတော့သည်။

ရွှေရောင်ကောင်းကင်ကမ္ဘာကြီး၏ အပေါ်မှ မျက်လုံးများ ပျောက်ကွယ်သွားပြီးနောက် Ace၏ နှဖူးပေါ်တွင် နက်ပြာရောင်မျက်လုံးပုံစံ ပေါ်လာသည်။ ထိုအရာကို သူသတိမပြုမိသလို မည်သို့မှလည်း မခံစားရပေ။ ထိုနက်ပြာရောင်မျက်လုံးများသည် မကြာခင်က ပျောက်ကွယ်သွားခဲ့သော ကောင်းကင်ပေါ်မှ မျက်လုံးကြီးများ၏ ဦးတည်ရာသို့ အေးစက်စွာ စိုက်ကြည့်လိုက်သည်။ နောက်တခဏတွင် ထိုမျက်လုံးသည်လည်း Ace၏ နှဖူးပေါ်မှ ပျောက်ကွယ်သွားတော့သည်။

Ace ကို ကောင်းကင်ဘုံမှ လူသားရန်သူတစ်‌ယောက်အဖြစ် သတ်မှတ်လိုက်သည်ကို သူသတိမထားမိပေ။ ယခုတွင် ကောင်းကင်ဘုံမှ အခွင့်အရေးရတိုင်း သူ့ကိုအဆုံးသတ်ရန် ကြိုးစားတော့မည် ဖြစ်သည်။

ယခုတွင် Ace သည် ကောင်းကင်ဘုံချီများကြောင့် ကောင်းကင်တွင် ပျံသန်းနေရသလို ခံစားနေရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကင်ဘုံချီများမှ သန့်စင်ဆေးကြောပြီး ဖြစ်သည်။ ထို‌ကြောင့် သူ၏အရေပြားမှနေ၍ အနက်ရောင်အရာများ စတင်၍ထွက်လာသည်။ ထိုအရာများသည် သူ့ခန္ဓာကိုယ်၏ အညစ်အကြေးများပင် ဖြစ်သည်။

၎င်းသည် ကောင်းကင်ဘုံချီ၏ အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်ကို ပြီးပြည့်စုံစေကာ သန့်စင်ပေးနိုင်စွမ်း ရှိသည်။

Ace သည် ကျင့်ကြံခြင်းထဲတွင် စိတ်နှစ်နေခဲ့ကာ အချိန်များကုန်လွန်သွားသည်ကို သတိမထားမိခဲ့ပေ။ ၁၀နာရီကြာ ကုန်လွန်သွားပြီးနောက် နေထွက်လာပြီး ကောင်းကင်သည်လည်း လင်းထိန်းလာသည်။

တဲအိမ်လေးထဲတွင် Ace သည် အနက်ရောင် ဖယောင်းရုပ်တုနှင့် တူနေ၏။ တစ်ညလုံး သူကျင့်ကြံနေခဲ့ကာ ချိုသာပြီး အေးစက်သောအသံတစ်ခုကို မကြားခင်အထိ သူ့မျက်လုံးများကို မဖွင့်သေးပေ။

[ဂုဏ်ယူပါတယ်။ ကောင်းကင်ဘုံတံခါးများရဲ့ ပထမတံခါး၊ ကောင်းကင်ဘုံအရေပြားတံခါးကို ဖွင့်လှစ်ခြင်းက အောင်မြင်သွားပါပြီ။ သင်၏ သိုင်းကျင့်ကြံခြင်းအဆင့်ကလည်း မြင့်တက်သွားပါပြီ။]

All Chapters