လွန်ခဲ့သည့် နှစ်တစ်သောင်းမှ ပညာရှင်
Vol. 72 Ch. 1066
ဆူဇီမိုသည် ဖြည်းဖြည်းချင်း လှည့်၍ သူ့နောက်ဘက်ရှိ တောင်ကြားကို ကြည့်လိုက်လေသည်။
သူသည် ရုတ်တရက် တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရလာခဲ့လေသည်။
သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က.. သူသည် တောင်ကြားအောက်ခြေမှာ ဘာတွေရှိနေမလဲ သိချင်သောကြောင့် တောင်ကြား၏ အနက်ပိုင်းထဲသို့ ဝင်ရောက်ခဲ့ဖူးလေသည်။
တောင်ကြားက ကွေ့ပတ်နေပြီး သိပ်မကြာခင် သူက ပြန့်ကျဲနေသော အလောင်းတွေကို တွေ့ခဲ့ရလေသည်။
နောက်ပိုင်းမှာ.. သူသည် ဆိုးယုတ်တစ္ဆေများ၏ အမဲလိုက်ခြင်းကိုခံရပြီး သေလုမတတ် ဖြစ်ခဲ့ရလေသည်။ ကံကောင်းထောက်မစွာဖြင့် မင်းကျန်က အချိန်မီ ရောက်ရှိလာပြီး သူ့ကို ကယ်တင်ခဲ့လေသည်။
အဲဒါပြီးနောက် သူက ထိုနေရာသို့ ထပ်ပြီး မသွားဖြစ်ခဲ့တော့ပေ။
ယခု ဤမေးခွန်းက သူ၏စိတ်ထဲသို့ ဝင်ရောက်လာသောအခါ.. ဆူဇီမိုသည် ခဏမျှ စဉ်းစားပြီးနောက် မညီညာသော ကျောက်သားနံရံတစ်လျှောက် တက်လှမ်းကာ တောင်ကြား၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လိုက်လေသည်။
သိပ်မကြာမီ.. သူ့ရှေ့ရှိ မြင်ကွင်းကို တစ်ဖန်ပြန်လည် မြင်တွေ့လိုက်ရလေသည်။
အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေလေသည်။
တကယ်ဆို သူတို့ထဲမှ အလောင်းအချို့သည် နှစ်တစ်သောင်းကြာပြီးတာတောင် ပုပ်သိုးဆွေးမြည့်ခြင်း မရှိဘဲ အကောင်းအတိုင်း ကျန်ရှိနေလေသည်။
လတ်ဆတ်သော သွေးစက်အချို့ကလည်း သူ့ဘေးပတ်လည်ရှိ နံရံပေါ်မှာ ပြန့်ကျဲနေလေသည်။
အရင်တုန်းက.. ထိုသွေးစက်အချို့အတွင်း ပါဝင်သော စွမ်းအားသည် ဆူဇီမိုကို သတ်လုနီးပါး ဖြစ်စေနိုင်ခဲ့လေသည်။
သို့သော် ယခုအခါမှာတော့ ဆူဇီမို၏အကြည့်က သွေးစက်အချို့ပေါ်သို့ ရောက်ရှိသောအခါ သူသည် အနည်းငယ် မသက်မသာ ခံစားရရုံမှလွဲ၍ သိပ်မကြာခင် အဲဒါနှင့် အသားကျသွားလေသည်။
သူသည် ခဏမျှ ရပ်တန့်ပြီးနောက်.. ရှေ့သို့ ဆက်လက် လျှောက်လှမ်းလိုက်လေသည်။
ရုတ်တရက်ဆိုသလို လေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့လေသည်။
ဖိုသီဖတ်သီ ဆံပင်များနှင့် သွေးစွန်းနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က သူ့နောက်မှာ ပေါ်ထွက်လာခဲ့လေသည်။ သူမ၏ မျက်လုံးက ဗလာကျင်းနေပြီး သူမ၏ နီရဲနေသော လျှာကို ထုတ်လိုက်လေသည်။
လွန်ခဲ့သည့် နှစ်တစ်ရာကျော်က.. သူ၏ ကျင့်ကြံမှုသည် ပျက်စီးသွားခဲ့ပြီး သူက ဤဆိုးယုတ်တစ္ဆေကြောင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ဖူးလေသည်။
သို့သော် ယခုအခါမှာတော့.. သူသည် မူလနတ္ထိအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျင့်ကြံရေးလောကတွင် ပညာရှင်တစ်ဦးဟု သတ်မှတ်နိုင်လေသည်။ ဆိုးယုတ်တစ္ဆေတစ်ကောင်က သူ့ကို ဘယ်လိုကြောင့် ထိခိုက်ဒဏ်ရာရရှိစေနိုင်မှာလဲ။
“ဟမ့်”
ဆူဇီမိုက လှည့်ပင်မကြည့်ဘဲ ငေါက်ငမ်းလိုက်လေသည်။
“မင်းက ကိုယ်ထင်ပြရဲသေးတယ်ပေါ့.. ငါက ဒီနေ့ မင်းကို ပြန်ဝင်စားခြင်းစက်ဝန်းထဲ ပို့ပေးမယ်”
သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မင်းဝမ်ဆုတောင်းပုတီးသည် ဝင်းလက်တောက်ပသွားပြီး ထိုအလင်းရောင်က အဖြူရောင်ဝတ် အမျိုးသမီးတစ္ဆေကို ချက်ချင်းပင် လွှမ်းခြုံသွားလေသည်။
အဆုံးမဲ့သော ရွှေရောင်အလင်းတစ်ခုက အဖြူရောင်ဝတ် အမျိုးသမီးတစ္ဆေ၏ ခန္ဓာကိုယ်ကို ထက်ရှသော ဓားတစ်လက်ကဲ့သို့ ထိုးဖောက်သွားလေသည်။
အဖြူရောင်ဝတ် အမျိုးသမီးတစ္ဆေ၏ ခန္ဓာကိုယ်မှ သွေးများက ပန်းထွက်လာခဲ့လေသည်။
ဆိုးယုတ်ချီများနှင့် ဤတစ္ဆေသည် အသွေးအသားကိုပင် စုဖွဲ့ထားနိုင်လေသည်။
“အား..”
အဖြူရောင်ဝတ် အမျိုးသမီးတစ္ဆေသည် စူးစူးဝါးဝါး အော်ဟစ်၍ ရွှေရောင်အလင်းများကြား ရုန်းကန်ကာ နောက်ဆုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ဝိညာဉ်တစ်စွန်းတစ်စက ဤလောကကနေ ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့လေပြီ။
အလောင်းများအပေါ် နင်းဖြတ်၍ ဆူဇီမိုက ရှေ့သို့ လျှောက်လှမ်းလာခဲ့လေသည်။
ဤတိုက်ခိုက်ဖလှယ်မှု အပြီး၌.. မည်သည့် ဆိုးယုတ်တစ္ဆေကမှ ရှေ့သို့ ထွက်ပေါ်လာရဲခြင်း မရှိတော့ပေ။
သိပ်မကြာမီ.. ဆူဇီမိုက သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
သူသည် တောင်ကြား၏ အစွန်းတစ်ဖက်သို့ ရောက်ရှိလာခဲ့လေပြီ။
လမ်းတစ်လျှောက်တွင် နေရာတိုင်းမှာ အလောင်းများ ရှိနေလေသည်။ ထိုစဉ်က တိုက်ပွဲတွင် ဤနေရာမှာ ကျင့်ကြံသူ ဘယ်လောက်များများ မြုပ်နှံခံထားရသလဲ သူ,မသိပေ။ အော်ရာများက အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်းလေသည်။
ဆူဇီမို၏အကြည့်က မလှမ်းမကမ်းရှိ တွင်းပေါက်တစ်ခုဆီသို့ ရွေ့လျားသွားလေသည်။
အရိုးဖြူဖြူများကြားတွင် တွင်းပေါက်တစ်ခု ရှိနေသည်မှာ များစွာထူးခြားမှု မရှိပေ။
သို့သော်လည်း ဤတွင်းပေါက်က အနည်းငယ် ထူးဆန်းနေလေသည်။
တွင်းပေါက်၏ အပေါ်ယံမှာရှိသော မြေဆီလွှာသည် အနည်းငယ် စိုစွတ်နေလေသည်။ အဲဒါသည် တစ်ချိန်က သွေးများဖြင့် စွန်းထင်းနေခဲ့ပုံရပြီး နီညိုရောင်သမ်းနေလေသည်။
ထိုတွင်းပေါက်သည် အရင်တုန်းက လတ်ဆတ်သော သွေးများဖြင့် ပြည့်နှက်ခဲ့ဖူးသည့်အလားပင်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လတ်ဆတ်သော သွေးများသည် ခမ်းခြောက်သွားပြီး ထိုကဲ့သို့ နက်ရှိုင်းသော တွင်းတစ်ခုသာလျှင် ကျန်ရစ်ခဲ့ပုံရလေသည်။
ရုတ်တရက် ဆူဇီမို၏ စိတ်ထဲတွင် ဝိုးတဝါး အတွေးတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
သို့သော်လည်း သူက အဲဒါကို မဖမ်းဆုပ်မိခင်မှာပင် ထိုအတွေးက ပျက်ပြယ်သွားခဲ့လေသည်။
အဲဒီမှာ နောက်ထပ်ထူးခြားတာ ဘာမှမရှိတော့ပေ။
ဆူဇီမိုက သူ၏ခေါင်းကို ခါယမ်း၍ ပြန်လှည့်ထွက်လာခဲ့လေသည်။
သိပ်မကြာမီ သူက ရှေးဟောင်းဘုရားကျောင်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
သူသည် ခန်းမ၏ နောက်ဖေးဘက် သုဿာန်ဆီသို့ တန်း၍ ဝင်သွားခဲ့လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကိုယ်တော်ယွမ်ပေကလည်း အဲဒီမှာရှိနေပြီး သုဿာန်ထဲရှိ ဝိညာဉ်များကို ငြိမ်းချမ်းစေဖို့အတွက် တရားစာများကို ရွတ်ဖတ်သရဇ္ဈာယ်နေလေသည်။
ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီး ဝင်ရောက်လာသည်ကို မြင်သောအခါ ကိုယ်တော်ယွမ်ပေက ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။
“အားပါးပါး.. ဒီခန္ဓာကိုယ်က တကယ်မဆိုးဘူးပဲ”
သုဿာန်၏ အနက်ပိုင်းထဲမှ မွေးနီတစ္ဆေ၏ အသံက ထွက်ပေါ်လာခဲ့လေသည်။
မွေးနီတစ္ဆေထံမှ ဤကဲ့သို့ ချီးကျူးမှုကို ရရှိခြင်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာသလဲ သိသာလေသည်။
ဆူဇီမိုသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မဟာချွမ် အပျက်အစီးအောက်ခြေတွင် တွေရသော အမျိုးသမီးအကြောင်းကို ပြန်ပြောပြလိုက်လေသည်။
“ဆရာ.. အဲဒီအမျိုးသမီးက ဘယ်သူလဲ သိလား”
“ငါထင်တာ မမှားဘူးဆိုရင်.. သူမက အရင်တုန်းက မဟာချွမ်အင်ပါယာရဲ့ ကြင်ရာတော်ယု ဖြစ်လိမ့်မယ်”
ကိုယ်တော်ယွမ်ပေက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
“မဟာချွမ်အင်ပါယာကနေ အသက်ရှင်လျက် ကျန်ရစ်ခဲ့တာက သူမတစ်ယောက်တည်းပဲ ရှိတော့မယ်ထင်တယ်”
“ကြင်ရာတော် ယုလား..”
ဆူဇီမိုက ညင်သာစွာ ရေရွတ်လိုက်လေသည်။
သူသည် ထိုအမျိုးသမီးအကြောင်း တွေးမိသောအခါ.. သူမက အလွန်တရာ ရက်ရက်စက်စက် လှပသည်ကို ဝန်ခံရပေလိမ့်မည်။
ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။
“ကြင်ရာတော်ယုက အစကတော့ မော်တယ်တစ်ယောက်ပဲ.. ဒါပေမဲ့လို့ သူမက အရမ်းကို လှပတဲ့အတွက် အနီးနားမှာရှိတဲ့ တိုင်းပြည်တွေနဲ့ ပြည်နယ်တွေကို လှုပ်ခတ်သွားစေခဲ့တယ်.. မဟာချွမ်အင်ပါယာရဲ့ ဧကရာဇ်က သူမကို တွေ့တဲ့အခါ တုန်လှုပ်သွားပြီးတော့ သူမကို နန်းတော်ဆီကို ဖိတ်ခေါ်ခဲ့တယ်.. သူက သူမကို ကြင်ရာတော်ယုဆိုတဲ့ ဘွဲ့ကို ပေးအပ်ခဲ့တယ်.. အဲဒီအချိန်ကစပြီး သူမနဲ့ နှိုင်းယှဉ်ရင် မိဖုရားတွေ အားလုံးက မှေးမှိန်သွားရတယ်”
“သူမက ကြင်ရာတော်ဘွဲ့ကို ခံယူခဲ့ပေမဲ့လို့ သူက သူမကို လုံးဝ အတိုက်အခံ မလုပ်ရဲဘူး.. သူက သူမကို လေးလေးစားစားနဲ့ ဆက်ဆံပေးခဲ့တယ်.. တစ်နေ့မှာ ကြင်ရာတော်ယုက သူ့ကို ချစ်ခင်စုံမက်လာလိမ့်မယ်လို့ သူက မျှော်လင့်ခဲ့တယ်”
မဟာချွမ်အင်ပါယာသည် အလွန်တရာ ကျယ်ပြန့်ပြီး ထိုစဉ်က မြောက်ပိုင်းဒေသ၏ အကြီးမားဆုံး အဖွဲ့အစည်းကြီးတစ်ခုဟု သတ်မှတ်နိုင်လေသည်။ ၎င်းနယ်မြေအတွင်းမှာ ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းဖြစ်သော တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်တို့ တည်ရှိခဲ့ဖူးလေသည်။
မဟာချွမ်ဧကရာဇ်သည် ထိုခေတ်ထိုအခါက ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်နိုင်လေသည်။
ထိုသို့ဆိုလျှင်တောင် သူက ကြင်ရာတော်ယု၏ နှလုံးသားကို မသိမ်းပိုက်နိုင်ခဲ့ပေ။
ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။
“ကြင်ရာတော်ယုက နန်းတော်ရဲ့ အနက်ပိုင်းထဲမှာပဲ နေခဲ့တယ်.. သူမက တခြားမိဖုရားတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ် မရှိဘူး.. အဲဒါကြောင့် သူမက တစ်ချိန်လုံး တစ်ယောက်တည်းပဲ ရှိနေခဲ့တယ်.. သူမ ပျင်းရိငြီးငွေ့သွားမှာကို စိုးရိမ်တဲ့အတွက် မဟာချွမ်ဧကရာဇ်က စိတ်ဝိညာဉ်မြေခွေးတစ်ကောင်ကို ဖမ်းဆီးပြီးတော့ သူမကို အဖော်ပြုစေခဲ့တယ်”
ထိုစကားကို ကြားရချိန်တွင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
ကိုယ်တော်ယွမ်ပေက ဆူဇီမို၏စိတ်ကို ဖတ်မိနိုင်သည့်အလား ခေါင်းညိတ်ပြလိုက်လေသည်။
“မဟာချွမ် အပျက်အစီးအောက်မှာ သေဆုံးသွားခဲ့တဲ့ မီးမြေခွေးက ကြင်ရာတော်ယုနဲ့ အဖော်ပြုပေးခဲ့တဲ့ စိတ်ဝိညာဉ်မြေခွေးပဲ”
“ကြင်ရာတော်ယုက အဲဒီ စိတ်ဝိညာဉ်မြေခွေးနဲ့ အရမ်းကို ရင်းနှီးမှုရှိတယ်.. မြေခွေးလေးက အဲဒီ စိတ်ဝိညာဉ်မြေခွေးရဲ့ ကလေးပဲ.. အဲဒါကြောင့် အရင်က မြေခွေးလေးကို ဂရုစိုက်ဖို့ ငါ မင်းကို သတိပေးခဲ့တာပဲ”
ရုတ်တရက် ဆူဇီမိုက နားလည်သဘောပေါက်သွားခဲ့လေသည်။
စိတ်ဝိညာဉ်မြေခွေး သေဆုံးခဲ့စဉ်က ကြင်ရာတော်ယုက နိုးထခဲ့ပေလိမ့်မည်။ သူမက ထိုကိစ္စနှင့် ပတ်သက်၍ စိတ်ထဲမှာ မလုံမလဲ ခံစားနေရပြီး မြေခွေးလေးကို စောင့်ရှောက်ပေးချင်ပေလိမ့်မည်။
သူမ၏ ရင်ထဲတွင် မြေခွေးလေးက သူမ၏ တစ်ဦးတည်းသော ဆွေမျိုး ဖြစ်ပေလိမ့်မည်။
ဆူဇီမိုက မေးလိုက်လေသည်။
“ကြင်ရာတော်ယုက မော်တယ်တစ်ယောက်ဆိုပြီး သူမက ဘာလို့ အဲ့လောက်ထိ သန်မာနေရတာလဲ”
ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။
“နန်းတော်ထဲကို မဝင်ရောက်ခင်အထိတော့ ကြင်ရာတော်ယုက မော်တယ်တစ်ယောက်ပဲ.. နန်းတော်ထဲကို ဝင်ရောက်လာပြီးတဲ့နောက် သူမက ကျင့်ကြံရေး ဓမ္မအစီအရင်များစွာနဲ့ ထိတွေ့ခွင့်ရခဲ့ပြီး သူမမှာ စိတ်ဝိညာဉ်အရင်းအမြစ်တစ်ခု ရှိတယ်ဆိုတာရယ်.. သူမက အရမ်းကို ပါရမီရှိတယ်ဆိုတာကို နားလည်သွားခဲ့တယ်”
“သူမက နှစ်နှစ်ထောင်နဲ့ ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်”
“အို..”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်လေသည်။
ပေါင်းစည်းခန္ဓာအဆင့် ကျင့်ကြံသူများသည် ဘဝသက်တမ်း နှစ်နှစ်သောင်း ရှိကြလေသည်။
နှစ်နှစ်ထောင်နှင့် ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းနိုင်သည်ဆိုခြင်းမှာ အလွန်တရာ ကြောက်စရာကောင်းသော ကျင့်ကြံမှုအမြန်နှုန်းဖြစ်လေသည်။
ခဏမျှ စဉ်းစားပြီးနောက်.. ဆူဇီမိုက မေးလိုက်လေသည်။
“ကြင်ရာတော်ယုရဲ့ ကျင့်ကြံမှုအဆင့်က အဲဒီအဆင့်ထိ ရောက်သွားတယ်ဆိုတော့.. သူမအနေနဲ့ မဟာချွမ်ဧကရာဇ်ကို လက်ခံဖို့ ပိုပြီးခက်ခဲသွားမှာပဲ.. ဟုတ်တယ်မလား”
ကိုယ်တော်ယွမ်ပေက ခေါင်းညိတ်လိုက်သော်လည်း တစ်ဖန် ခေါင်းပြန်ခါလိုက်လေသည်။
“ဧကရာဇ်က သူမကို နှစ်နှစ်ထောင်ကြာအောင် စောင့်ဆိုင်းခဲ့တဲ့အတွက် ကြင်ရာတော်ယုက နည်းနည်းတော့ ကြွေသွားပုံရတယ်”
ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။
“မဟုတ်ရင် သူမရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ခွန်အားအရ သူမ ထွက်သွားချင်တယ်ဆိုရင် မဟာချွမ်ဧကရာဇ်တောင်မှ သူမကို တားနိုင်မှာ မဟုတ်ဘူး”
“အဲဒီနောက်ပိုင်း ဘာတွေဖြစ်သွားခဲ့သလဲ”
ဆူဇီမိုက မေးလိုက်လေသည်။
ကိုယ်တော်ယွမ်ပေက ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီး သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှု တစ်စွန်းတစ်စက ပေါ်ထွက်လာခဲ့လေသည်။
“နောက်ပိုင်းမှာတော့ မဟာချွမ်ဧကရာဇ်က ကောင်းကင်ဘုံရဲ့ အမျက်သင့်ပြီး လူတွေရဲ့ အမုန်းတရားကို ခံယူရမယ့် ကိစ္စတစ်ရပ်ကို ကျူးလွန်ခဲ့တယ်.. ကြင်ရာတော်ယုကလည်း သူ့ကို လုံးဝ စွန့်ပယ်ခဲ့တယ်.. အဲဒီဖြစ်ရပ်က လွန်ခဲ့တဲ့ နှစ်တစ်သောင်းက မဟာကပ်ဘေးကို ဖြစ်ပေါ်စေခဲ့တာပဲ.. ရလဒ်ကတော့ မဟာချွမ်အင်ပါယာက ဖျက်ဆီးခံလိုက်ရတယ်”