မဟာကပ်ဘေး၏ လျှို့ဝှက်ချက်
Vol. 72 Ch. 1067
“ဘယ်လို....”
ဆူဇီမိုကမနေနိုင်ဘဲ မေးလိုက်လေသည်။
ကိုယ်တော်ယွမ်ပေက အသံကိုနှိမ့်၍ ပြောလိုက်လေသည်။
“မဟာချွမ်အင်ပါယာက မြောက်ပိုင်းဒေသမှာ ကြီးစိုးနိုင်ခဲ့တာ မဟာချွမ်ဧကရာဇ်ကြောင့်ပဲ... ဒါပေမယ့်လို့ သူ့ရဲ့အာဏာစက်က ကျယ်ပြန့်လာတာနဲ့ ဧကရာဇ်ရဲ့ရည်မှန်းချက်ကလည်း ကြီးမားလာခဲ့တယ်...”
“နောက်ပိုင်းမှာ မဟာချွမ်ဧကရာဇ်က မိစ္ဆာအဖြစ်ပြောင်းလဲမယ့် လက္ခဏာတွေပြလာခဲ့တယ်... လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ဧကရာဇ်အကြံပေးရဲ့ အကြံပြုချက်အောက်မှာ မျိုးနွယ်စုတစ်သောင်းရဲ့သွေးကို သန့်စင်ပြီးတော့ ကောင်းကင်ဘုံကို ယဇ်ပူဇော်ချင်ခဲ့တယ်..”
မျိုးနွယ်စုတစ်သောင်း၏သွေးဖြင့် ယဇ်ပူဇော်ခြင်းသည် ကြီးမားသည့်ကိစ္စကြီးဖြစ်လေသည်။
ဆူဇီမိုက တုန်လှုပ်သွားရလေသည်။
“အဲ့ဒါက ယုတ်မာရိုင်းစိုင်းတဲ့ပြစ်မှုတစ်ခုပဲ... ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းဖြစ်နဲ့ တာမင်းကျောင်းတော်နဲ့ ဖာဟွားကျောင်းတော်က အဲ့ဒါကို ကန့်ကွက်ခဲ့ကြတယ်... ဒါပေမယ့်လို့ အဲ့ဒီအချိန်တုန်းက မဟာချွမ်ဧကရာဇ်က စိတ်ကြီးဝင်ပြီးတော့ မောက်မာထောင်လွှားနေခဲ့တယ်... သူက ဘယ်သူပြောတာကိုမှ နားမထောင်ဘဲနဲ့ ယဇ်ပူဇော်ပွဲကို အတင်းအကျပ်ကျင်းပဖို့ လုပ်ခဲ့တယ်”
ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။
“အဲ့ဒီအချိန်တုန်းက မဟာချွမ်ဧကရာဇ်ရဲ့ အမိန့်အာဏာစက်အရဆို သူက မြောက်ပိုင်းဒေသမှာရှိတဲ့ မျိုးနွယ်စုတစ်သောင်းရဲ့သွေးကို စုစည်းချင်တယ်ဆိုရင် အဲ့ဒါက မဖြစ်နိုင်တာမဟုတ်ဘူး.. ဒါပေမယ့်လို့ သူက အဲ့ဒါကနဲ့တင် မကျေနပ်သေးဘူး...”
“သူက မျိုးနွယ်စုတစ်သောင်းရဲ့သွေးကို စုစည်းခဲ့ပေမယ့် အဲ့ဒီအထဲမှာ အထွတ်အထိပ်သတ္တဝါရဲ့သွေး လစ်လပ်နေတယ်လို့ခံစားရတယ်”
ထိုသည်ကိုကြားသောအခါ ဆူဇီမိုက တဖြည်းဖြည်းနားလည်သွားခဲ့လေသည်။
မျိုးနွယ်စုတစ်သောင်းတွင် အထွတ်အထိပ်သတ္တဝါမှာ နဂါးမျိုးနွယ်ဖြစ်ပေလိမ့်မည်။
သုသာန်၏ အနက်ပိုင်းထဲမှ လေးလံသိပ်သည်းသည့် ချိန်းကြိုးသံများက ထွက်ပေါ်လာခဲ့လေသည်။
နှစ်တစ်သောင်းကြာပြီးတာတောင် မွေးနီတစ္ဆေသည် ဤဖြစ်ရပ်ကို ပြန်လည်ကြားရသည့်အခါ သူ၏စိတ်ကို တည်ငြိမ်စေနိုင်ခြင်းမရှိပေ။
ကိုယ်တော်ယွမ်ပေက သက်ပြင်းချလိုက်လေသည်။
“အဲ့ဒီတုန်းက နဂါးတစ်ကောင်က ကလေးသာသာအရွယ်ပဲရှိပြီးတော့ သူက တက်ကြွနေခဲ့တယ်... သူက နဂါးအရိုးတောင်ကြားကနေ ခိုးထွက်ပြီးတော့ လူတွေနေထိုင်ရာအရပ်ကို ရောက်လာခဲ့တယ်...”
အဲ့ဒီတုန်းက မြောက်ပိုင်းဒေသမှာ နဂါးအရိုးတောင်ကြားနဲ့ အချို့နေရာတွေကလွဲရင် နေရာဒေသတစ်ခုလုံးကို ဧကရာဇ်က စိုးမိုးထားတယ်... နဂါးငယ်လေးက နဂါးအရိုးတောင်ကြားကနေ ထွက်လာတဲ့အချိန်မှာပဲ သူက မဟာချွမ်အင်ပါယာရဲ့ ပစ်မှတ်ထားခြင်းကိုခံခဲ့ရတယ်”
ထိုစဥ်မှာပင် သုသာန်အနက်ပိုင်းထဲရှိ မွေးနီတစ္ဆေသည် ဖြည်းဖြည်းချင်းထရပ်၍ ဆူဇီမိုနှင့် ကိုယ်တော်ယွမ်ပေရှိရာသို့ နာကျင်ခံစားနေရသော အမူအရာဖြင့် လျှောက်လှမ်းလာခဲ့လေသည်။
မွေးနီတစ္ဆေက အံကိုတင်းတင်းကြိတ်လိုက်လေသည်။
“အဲ့ဒီတုန်းက ယန်အာက သူ့အမေကို ဆုံးရှုံးထားပြီးတော့သူက ငယ်ရွယ်သေးတယ်... ဒါပေမယ့်လို့ သူ့ရဲ့နှလုံးသားက သန့်စင်ပြီးတော့ သူ့မှာ နဂါးမျိုးနွယ်ရဲ့ သွေးဆာရက်စက်တဲ့ သဘာဝတောင်မရှိဘူး”
“အဲ့ဒီအချိန်တုန်းက မဟာချွမ်အင်ပါယာရဲ့ အနောက်ဘက်နယ်စပ်မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပြီးတော့ လူတွေက စိုက်ပျိုးမစားသောက်နိုင်ကြတော့ဘူး... သူတို့က အငတ်ဘေးဆိုက်ပြီး သေကြေလာကြပေမယ့်လို့ အင်ပါယာက အဲ့ဒါကို ဂရုမစိုက်ခဲ့ဘူး... ယန်အာက အဲ့ဒါကို မကြည့်ရက်တဲ့အတွက် ဓမ္မပညာရပ်တစ်ခုကို တိတ်တဆိတ်ထုတ်ဖော်ပြီး လူပေါင်းများစွာကိုကယ်တင်ဖို့အတွက် မိုးရွာသွန်းစေခဲ့တယ်...”
ထိုနေရာအရောက်တွင် မွေးနီတစ္ဆေ၏ မျက်လုံးများက နီရဲလာပြီး မုန်းတီးစွာဖြင့် ပြောလိုက်လေသည်။
“ဒါပေမယ့်လို့... သူ့ရဲ့အပြုအမူက အဲ့ဒီခွေးဧကရာဇ်ရဲ့စိတ်ကို ပိုပြီးတော့ ဆွပေးသလိုဖြစ်သွားခဲ့တယ်.... သူက သူ့ရဲ့အာဏာစက်က စိန်ခေါ်ခံရတယ်လို့ ခံစားရပြီး ယန်အာကို နန်းတော်ဆီ ဖမ်းခေါ်သွားခဲ့တယ်...”
မွေးနီတစ္ဆေသည် တဆတ်ဆတ်တုန်ယင်လာပြီး ဆက်လက်၍ပြောဆိုနိုင်ခြင်း မရှိတော့ပေ။
ထိုစဥ်က မဟာချွမ်ဧကရာဇ်၏ အမိန့်အာဏာစက်အရ ဤနဂါးငယ်သည် နန်းတော်ထဲမှာ ဘယ်လောက်တောင်ညင်းပန်းနှိပ်စက်ခံခဲ့ရမလဲ စဥ်းစားကြည့်နိုင်လေသည်။
ကိုယ်တော်ယွမ်ပေက ဆက်ပြောလိုက်လေသည်။
“အဲ့ဒီတုန်းက မဟာချွမ်အင်ပါယာမှာရှိတဲ့ မြို့သူမြို့သားတွေကတောင် သွေးနားထင်ရောက်လာကြတယ်... သူတို့ရဲ့ဧကရာဇ်က မျိုးနွယ်စုတစ်သောင်းကို အုပ်စိုးပြီးတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကိုပါ အုပ်ချုပ်နိုင်တော့မယ်လို့ သူတို့က ထင်မှတ်ခဲ့ကြတယ်...နန်းတော်ထဲမှာ ဧကရာဇ်ရဲ့ အမိန့်အာဏာစက်ကို ဘယ်သူကမှ မဆန့်ကျင်ရဲဘူး... ကြင်ယာတော်ယုတစ်ယောက်ကပဲ ရှေ့ကိုထွက်ရပ်လာခဲ့တယ်...”
“သူမက မဟာချွမ်ဧကရာဇ်ကို ဘယ်အရာအတွက်နဲ့မှ အသနားခံမတောင်းပန်ခဲ့ဖူးဘူး... ဒါပေမယ့်လို့ အဲ့ဒီအချိန်မှာ သူမက နဂါးငယ်နဲ့ မျိုးနွယ်စုတစ်သောင်းကိုလွှတ်ပေးဖို့ အသနားခံတောင်းပန်ခဲ့တယ်...”
ကိုယ်တော်ယွမ်ပေ ဆက်မပြောလျှင်တောင် ဆူဇီမိုက ရလဒ်ကို ခန့်မှန်းနိုင်ခဲ့လေသည်။
မဟာချွမ်ဧကရာဇ်က အဲ့ဒါကို သဘောတူခဲ့လိမ့်မည်မဟုတ်ပေ။
နဂါးငယ်ကလည်း နန်းတော်ထဲမှာ သေဆုံးခဲ့ပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် မွေးနီတစ္ဆေက မြို့တော်ကို ညတွင်းချင်းဖျက်ဆီးပြီး မရေမတွက်နိုင်သော လူများကို သေကြေပျက်စီးစေခဲ့ခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် ဘေးသို့လှည့်ကြည့်ပြီးနောက် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် အမြဲတမ်းရယ်မောလိုက် ဆူပူကြိမ်းမောင်းလိုက်ရှိနေခဲ့သော မွေးနီတစ္ဆေသည် မျက်ရည်များစီးကျနေခဲ့လေသည်။
သူသည် လူဘယ်လောက်များများကိုပဲ သတ်ခဲ့သတ်ခဲ့ သူ့ရဲ့ကလေးက ဘယ်တော့မှပြန်လာတော့မည် မဟုတ်ပေ။
မည်သူကမှ သူ့ရင်ထဲမှနာကျင်မှုကို နားလည်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ဤကပ်ဘေးအကြောင်း ပထမဆုံးအကြိမ်ကြားခဲ့ရစဥ်က သူသည် မဟာချွမ်အင်ပါယာ ၊ ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းနှင့် အသက်ပေါင်းများစွာကို ဖျက်ဆီးခဲ့သော နတ်ဆိုးနဂါးကို ရွံရှာမုန်းတီးမိလေသည်။
နောက်ပိုင်းတွင် မွေးနီတစ္ဆေသည် ထိုနတ်ဆိုးနဂါးဖြစ်သည်ကို သူခန့်မှန်းမိသည့်အခါမှာတောင် သူက ထိုသူ့အပေါ် ကောင်းမွန်သောထင်မြင်ချက်ရှိမလာခဲ့ပေ။
ယခုအခါမှသာလျှင် မွေးနီတစ္ဆေက တော်တော်သနားဖို့ကောင်းကြောင်း သူက နားလည်လာခဲ့လေသည်။ မွေးနီတစ္ဆေပေါ်သူ၏ နောက်ဆုံးမကျေနပ်မှုများကလည်း ပျောက်ကွယ်သွားခဲ့လေသည်။
ရှောင်းနင်သာ ဤကဲ့သို့သောအခြေအနေဖြင့် တွေ့ကြုံခံစားရမည်ဆိုလျှင် သူသည်လည်းပဲ မွေးနီတစ္ဆေထက်ပင် ပို၍ရူးသွပ်သောတစ်စုံတစ်ရာကို ပြုလုပ်နိုင်ကောင်းလေသည်။
အစကတည်းက ဤကပ်ဘေးကို စတင်ဖြစ်ပေါ်စေခဲ့သူမှာ မွေးနီတစ္ဆေမဟုတ်ဘဲ မဟာချွမ်ဧကရာဇ် ဖြစ်လေသည်။ သူသည် မြောက်ပိုင်းဒေသကို အုပ်စိုးခဲ့ပြီး ထောင်လွှားမောက်မာ၍ လွှမ်းမိုးခြယ်လှယ်ခဲ့လေသည်။ သူသည် မျိုးနွယ်စုတစ်သောင်းကိုနှိမ်နှင်းပြီး နဂါးမျိုးနွယ်ကိုပင် မထီမဲ့မြင်ပြုနိုင်သည်ဟု သူ့ကိုယ်သူ မှတ်ယူခဲ့လေသည်။
သို့သော်လည်း.သူက အလွန်တရာကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုကို သွားရောက်ရန်စခဲ့မိလိမ့်မည်ဟု ထင်မှတ်ထားခဲ့လိမ့်မည် မဟုတ်ပေ။
မဟာချွမ်ဧကရာဇ်၏ မိုက်မဲမှုနှင့် ဘဝင်မြင့်မှုသည် မြို့တော်နှင့်အတူ မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို သူနှင့်အတူ သေကြေပျက်စီးစေခဲ့လေသည်။
ကိုယ်တော်ယွမ်ပေက ခဏမျှ စဥ်းစားပြီးနောက် ပြောလိုက်လေသည်။
“အဲ့ဒါပြီးတဲ့နောက် ကြင်ယာတော်ယုက လုံးဝလက်လျှော့လိုက်ပြီး သူမကိုယ်သူမ ဖန်သားခေါင်းတလားထဲမှာ ချိတ်ပိတ်ခဲ့တယ်... သူမက မီးမြေခွေးနဲ့အတူ မြေအောက်အနက်ပိုင်းထဲကိုသွားပြီး အိပ်စက်နေခဲ့တယ်...”
“မီးမြေခွေးက နှစ်ပေါင်းတစ်သောင်းကြာအောင် အရမ်းကိုအထီးကျန်နေခဲ့ရတယ်... သူမက နောက်ဆုံးမှာ အဲ့ဒါကိုသည်းမခံနိုင်တော့ဘဲ အပြင်ကိုခိုးထွက်ခဲ့တယ်... သူမပြန်ရောက်လာတဲ့အခါ ကိုယ်ဝန်ပါလာခဲ့တယ်...”
ဆူဇီမိုသည် နောက်ပိုင်းဖြစ်ပျက်ခဲ့သည့်အရာများကို ကိုယ်တော်ယွမ်ပေပြောပြစရာမလိုဘဲ သိရှိထားပြီးလေပြီ။
မီးမြေခွေး၏ ရည်ရွယ်ကချက်က တကယ်တော့ ရိုးရှင်းလေသည်။
သူမသည် သူမကိုအဖော်ပြုပေးမည့် သို့မဟုတ် ကြင်ယာတော်ယုကို ဆက်လက်အလုပ်အကျွေးပြုနိုင်မည့် ကလေးတစ်ယောက်ကို လိုချင်ခဲ့ခြင်းဖြစ်လေသည်။
ကံမကောင်းစွာနှင့်ပင် သူမပြန်ရောက်လာသောအခါ သူမ၏တည်နေရာက ပေါက်ကြားသွားပြီး မိချောင်းသားရဲ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရလေသည်။
မီးတောင်ထဲကနေ လျှောက်လှမ်းထွက်လာခဲ့သော ထိုအမျိုးသမီးသည် လွန်ခဲ့သည့်နှစ်တစ်သောင်းက ဖြစ်ပွားခဲ့သော မဟာကပ်ဘေး၏ လျှို့ဝှက်ချက်နှင့်ပတ်သက်နေလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားမိပေ။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဆူဇီမိုကမေးလိုက်လေသည်။
“တာမင်းကျောင်းတော်နဲ့ ဖာဟွားကျောင်းတော်ကကော ဘယ်လိုဖြစ်ခဲ့လဲ...”
“ငါတို့ ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းက အဲ့ဒီကိစ္စမှာ တာဝန်ခံမှုကို ရှောင်လွှဲလို့ မရနိုင်ခဲ့ဘူး...”
ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။
“မဟာချွမ်ဧကရာဇ်က မျိုးနွယ်စုတစ်သောင်းရဲ့သွေးနဲ့ ယဇ်ပူဇော်ချင်ပြီးတော့ နဂါးငယ်ကို နန်းတော်ဆီဖမ်းခေါ်လာခဲ့တယ်... အဲ့ဒီအချိန်မှာ ငါတို့ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းက မျိုးနွယ်စုခေါင်းဆောင်တွေက တံခါးပိတ်ကျင့်ကြံနေပြီးတော့ ပေါ်ထွက်မလာခဲ့မိဘူး....”
“မွေးနီတစ္ဆေက ရောက်လာပြီးတော့ မြို့တော်ကိုဖျက်ဆီးတဲ့အခါမှာတော့ ငါတို့က အဲ့ဒါကို တားဆီးဖို့နောက်ကျသွားခဲ့ပြီ...”
ထိုစဥ်က တိုက်ပွဲနယ်မြေသည် နေရာတိုင်းမှာ သွေးများစီဆင်းနေပြီး နာကျင်အော်ဟစ်သံများဖြင့် သေချာပေါက် သွေးပျက်ဖွယ်ရာကောင်းနေခံပေလိမ့်မည်။
ရှေ့တွင် ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းသည် မွေးနီတစ္ဆေကို ဆက်လက်မသတ်ဖြတ်အဖို့အတွက် သေချာပေါက်တားဆီးရပေလိမ့်မည်။
တစ်ဖက်မှာတော့ မွေးနီတစ္ဆေကလည်း သူချစ်ခင်မြတ်နိုးရသောသားကို ဆုံးရှုံးထားပြီး သူ၏ဆင်ခြင်တုံတရားက ပျောက်ဆုံးနေခဲ့ပေလိမ့်မည်။
သူ့ကိုတားဆီးသော မည်သူ့ကိုမဆို သူက သေချာပေါက်သတ်ဖြတ်လာပေလိမ့်မည်။
ဤနေရာအရောက်တွင် ထိုကပ်ဘေးကို ရှောင်လွှဲ၍ မရနိုင်တော့ပေ။
ဆူဇီမိုက သူ၏မျက်ခုံးကို အနည်းငယ်တွန့်လိုက်လေသည်။
ဘာ့ကြောင့်ရယ်မသိ သူ၏ရင်ထဲတွင် ဖော်မပြတတ်သော ခံစားချက်တစ်ခုရှိနေလေသည်။
ဤကပ်ဘေးတွင် လူတိုင်းက အပြစ်ကင်းစင်သည်ဟု ထင်ရလေသည်။ အဲ့ဒါသည် မွေးနီတစ္ဆေ ၊ သူ၏ကလေး ၊ တာမင်းကျောင်းတော် ၊ ဖာဟွားကျောင်းတော်နှင့် မဟာချွမ်အင်ပါယာပင်လျှင် အတူတူပင်ဖြစ်လေသည်။
မဟာချွမ်ဧကရာဇ်ပင်လျှင် အဓိကလက်သည်တရားခံ ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။
လူတိုင်းနှင့် အဖွဲ့အစည်းတိုင်းသည် သူတို့နောက်ကွယ်ရှိမမြင်ရသော တစ်စုံတစ်ယောက်၏ ကြိုးဆွဲရာကို ကပြခဲ့ရခြင်းနှင့် တူနေလေသည်။
ဆူဇီမိုမှာ မေးခွန်းများစွာရှိနေသေးလေသည်။
ဥပမာအားဖြင့်... မွေးနီတစ္ဆေက ဘာ့ကြောင့်မသေခဲ့တာလဲ...
သူက ဘာ့ကြောင့်ဒီနေရာမှာ အကျဥ်းချခံထားရတာလဲ...
ဒါ့အပြင် အဲ့ဒါက အကျဥ်းချခံထားရသည့်ပုံစံတစ်ခုသာဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများက ဟန်ပြသက်သက်သာ ဖြစ်နေလေသည်။
ကျင့်ကြံရေးလောကတစ်ခုလုံးက မွေးနီတစ္ဆေ သေသွားပြီးဟု ဘာ့ကြောင့်ထင်မှတ်နေရတာလဲ...။
အဲဒါက သီကလန်ရဲ့ မျိုးနွယ်စုခေါင်းဆောင်နဲ့ ဘယ်လိုများပတ်သက်နေသလဲ...
ဒါ့အပြင် ပြီးခဲ့သည့်နှစ်တစ်သောင်းအတွင်း နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ဝင်ရောက်လာခဲ့သော ကျင့်ကြံသူများကို ဘယ်သူကသတ်ဖြတ်ခဲ့တာလဲ....။
အဲ့ဒါတွေက ဒဏ္ဍာရီသက်သက်ပဲလား...
ဆူဇီမိုက အဲ့ဒါကိုမယုံကြည်ပေ။
လွန်ခဲ့သည့်နှစ်တစ်သောင်းအတွင်း စူးစမ်းလိုစိတ်ကြောင့်ဖြစ်စေ၊ ရမ္မက်လောဘကြောင့်ဖြစ်စေ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ကျင့်ကြံသူများစွာက သေချာပေါက်ဝင်ရောက်ခဲ့ကြပေလိမ့်မည်။
သို့သော်လည်း လွန်ခဲ့သည့်နှစ်တစ်ရာကျော်က ဆူဇီမိုခုန်ချခဲ့သောအခါ တောင်ကြားအောက်ခြေတွင် လူသုံးယောက်သာလျှင် ရှိနေခဲ့လေသည်။ အဲ့ဒါက ကိုယ်တော်ယွမ်ပေ ၊ မွေးနီတစ္ဆေနှင့် မင်းကျန်တို့ဖြစ်လေသည်။
ထိုလူများက သေဆုံးခဲ့ကြသည်ဆိုလျှင် မင်းကျန်ကတော့ ဘာလို့ရှင်သန်ခဲ့ရတာလဲ....။
ဆူဇီမိုသည် ဤကိစ္စတွင် အလွန်အရေးပါသည့် အချက်အလက်တစ်ချို့ပျောက်ဆုံးနေသည်ဟု ခံစားမိလေသည်။