← Chapters

သွေးရောင်မျက်နှာ ပြန်လည်ပေါ်ထွက်လာခြင်း

Vol. 72 Ch. 1068

သွေးရောင်မျက်နှာ ပြန်လည်ပေါ်ထွက်လာခြင်း

Vol. 72 Ch. 1068

ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သော်လည်း သူ၏အတွေးများက ပို၍ပို၍ ရှုပ်ထွေးလာလေသည်။

“ကျုပ်ရဲ့မေးခွန်းက ရိုင်းပျသွားရင်ခွင့်လွှတ်ပါ... ဒါပေမယ့် ခင်ဗျားက ဘာလို့ မသေခဲ့တာလဲ...”

ဆူဇီမိုသည် မွေးနီတစ္ဆေကိုကြည့်ပြီး အနည်းငယ်အားနာနေဟန်ဖြင့် မေးလိုက်လေသည်။

မွေးနီတစ္ဆေက မဟာချွမ်အင်ပါယာကို ဖျက်ဆီးခဲ့ပြီး များစွာသော အသက်များကို သေကြေပျက်စီးစေခဲ့ကာ တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်ကိုလည်း ဖျက်ဆီးပစ်ခဲ့လေသည်။

သူက သူချစ်လှစွာသောသားအတွက် လက်စားချေခြင်းဖြစ်လျှင်တောင် ဤကဲ့သို့ ရုန့်ရင်းရင်းကြမ်းတမ်းသော ပြစ်မှုက ခွင့်လွှတ်၍မရနိုင်ပေ။ လွန်ခဲ့သည့်နှစ်တစ်သောင်းက ကပ်ဘေးမှာ သူက ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်ခဲ့တာလဲ...။

မွေးနီတစ္ဆေ၏ ခွန်အားက တကယ့်ကို ကြောက်စရာကောင်းလေသည်။

သူ၏ခွန်အားသက်သက်နှင့်ပင် သူသည် မဟာချွမ်အင်ပါယာကို ညတွင်းချင်းချေမှုန်းသုတ်သင်ခဲ့ပြီး ထိပ်သီးဂိုဏ်းကြီး နှစ်ဂိုဏ်းကိုပါ ဖျက်ဆီးပစ်ခဲ့လေသည်။

သို့သော်လည်း ထိုစဥ်တုန်းကအခြေအနေအရ မွေးနီတစ္ဆေက ဖိနှိမ်ခံခဲ့ရပုံ ရလေသည်။

ဤကဲ့သို့သော အခြေအနေအောက်မှာ သူက ဘယ်လိုလုပ်အသက်ရှင်နေနိုင်သေးတာလဲ...။

ကိုယ်တော်ယွမ်ပေသည် မွေးနီတစ္ဆေကိုကြည့်လိုက်လေသည်။

ခဏမျှငြိမ်သက်နေပြီးနောက် မွေးနီတစ္ဆေသည် ပြန်လည်တည်ငြိမ်လာပုံရလေသည်။ မွေးနီတစ္ဆေက ဂုဏ်ယူဝံ့ကြွားသော အမူအရာဖြင့် ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

“အဲ့ဒီအချိန်တုန်းက မဟာချွမ်အင်ပါယာ ၊ တာမင်းကျောင်းတော်နဲ့ ဖာဟွားကျောင်းတော်မှာ ငါ့ကိုယှဥ်နိုင်တဲ့သူ တစ်ယောက်မှမရှိခဲ့ဘူး... မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်တောင်မှ ငါ့ကိုမယှဥ်နိုင်ခဲ့ဘူး...”

တစ်ချိန်တုန်းက ယန်ပေးချန်သည် ထိုအကြောင်းကို ဆူဇီမိုအားပြောပြခဲ့ဖူးလေသည်။

ဘိုးဘေးနဂါးတစ်ကောင်၏ ခွန်အားသည် လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးနှင့် ယှဥ်နိုင်ကြောင်း ယန်ပေးချန်က ပြောခဲ့ဖူးလေသည်။ သူက လိမ်ညာခြင်းမဟုတ်ခဲ့သည်မှာ သိသာလေသည်။

“ကြီးမားတဲ့တိုက်ပွဲတစ်ခုပြီးတဲ့နောက် လူသားမျိုးနွယ်က ဧကရာဇ်တွေက နောက်ဆုံးမှာ သတိဝင်လာခဲ့ပြီး ဖာဟွားကျောင်းတော်က ဓမ္မဧကရာဇ်တစ်ပါးကလည်း ရောက်ရှိလာခဲ့တယ်...”

ဓမ္မဧကရာဇ်အကြောင်းကို ပြောဆိုချိန်တွင် မွေးနီတစ္ဆေသည် သူ၏ မျက်လုံးထဲရှိ မာန်မာနကို ပြန်လည်ရုပ်သိမ်းပြီး သူ၏မျက်နှာက တည်တံ့လာခဲ့လေသည်။

“အဲ့ဒီအချိန်တုန်းက ငါ့ကိုဘယ်သူမှ မတားနိုင်ခဲ့ဘူး... လူသားမျိုးနွယ်က ဧကရာဇ်တွေတောင် မတားနိုင်ခဲ့ဘူး...”

“ငါက ဓမ္မဧကရာဇ်နဲ့ အကြိတ်အနယ်တိုက်ခိုက်ခဲ့ပြီးတော့ ငါတို့နှစ်ယောက်စလုံးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်...”

ခဏမျှရပ်တန့်ပြီးနောက် သူသည် မျက်မှောင်အနည်းငယ်ကြုတ်၍ အေးစက်စက် နှာတစ်ချက်မှုတ်လိုက်လေသည်။

“ငါက ဒဏ်ရာအပြင်းအထန်ရရှိပြီးတော့ ငါ့ရဲ့အားအနည်းဆုံးအချိန်မှာ သီကလန်ရဲ့ မျိုးနွယ်စုခေါင်းဆောင်က ရောက်လာပြီးတော့ ငါ့ကိုချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်...”

သူသည် ဓမ္မဧကရာဇ်တစ်ပါးနှင့် အကြိတ်အနယ်တိုက်ခိုက်၍ အပြင်းအထန်ဒဏ်ရာရရှိနေစဥ်မှာ မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရပါက ဘယ်လောက်တောင် အန္တရာယ်များခဲ့မလဲ စဥ်းစားကြည့်နိုင်လေသည်။

မွေးနီတစ္ဆေက ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် သီမျိုးဆက်ကို မုန်းတီးနေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

လွန်ခဲ့သည့်တစ်လကျော်က သူသည် သီကလန်မှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရရှိစေခံ့ရုံသာမက သူသည် ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့လေသည်။

သို့သော်လည်း တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်ဘက်မှ ကြည့်မည်ဆိုလျှင် သီကလန်မျိုးနွယ်စုခေါင်းဆောင်၏ ပြုမူလှုပ်ရှားမှုသည် သူတို့ကိုကူညီပေးခဲ့ခြင်းနှင့် တူလေသည်။

ထို့ကြောင့်ပင်လျှင် လွန်ခဲ့သည့်နှစ်တစ်ရာကျော်က သီယင်းသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ရောက်ရှိလာပြီး ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို ဖတ်ရှုသည့်အခါ ကိုယ်တော်ယွမ်ပေက မတားဆီးခဲ့ခြင်းဖြစ်လေသည်။

မွေးနီတစ္ဆေက ဆက်ပြောလိုက်လေသည်။

“ငါက အဲ့ဒီနေရာမှာ အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီးတော့ လောကကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ်.... ငါက ဓမ္မဧကရာဇ်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တယ်... အဲ့ဒီနောက်ပိုင်း သီကလန်မျိုးနွယ်စုခေါင်းဆောင်ကြောင့် ထပ်ပြီးတော့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်... ငါက အဲ့ဒီဒဏ်ရာတွေနဲ့သေခဲ့ရမှာ..”

“အဲ့ဒါကို မြင်တွေ့ခဲ့တဲ့လူတိုင်းကလည်း ငါက သေချာပေါက် သေမှာပဲလို့ တွေးထင်ခဲ့ကြတယ်... ဒါပေမယ့်လို့ ဓမ္မဧကရာဇ်က ငါ့အသက်ရှင်ဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့လိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားကြမှာမဟုတ်ဘူး”

ထိုအကြောင်းကိုပြောဆိုချိန်တွင် မွေးနီတစ္ဆေ၏ မျက်လုံးများသည် အဆုံးမဲ့သော စိတ်ခံစားချက်များနှင့် ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။

သူ၏ မောက်မာဝံ့ကြွားသော စရိုက်အရ သူ၏မျက်လုံးထဲတွင် ရိုသေလေးစားသောအရိပ်အယောင်ကို တွေ့မြင်ရသည်မှာ တကယ့်ကိုရှားရှားပါးပါး ဖြစ်လေသည်။

မွေးနီတစ္ဆေက ပြောလိုက်လေသည်။

“အတိအကျပြောရရင်တော့... ငါအသက်ရှင်ဖို့အတွက် ဓမ္မဧကရာဇ်က သူ့ကိုယ်သူစွန့်လွှတ်စတေးခဲ့တာပဲ...”

ကိုယ်တော်ယွမ်ပေက သက်ပြင်းချလိုက်လေသည်။

“ဓမ္မဧကရာဇ်က သူ့ဘဝရဲ့နောက်ပိုင်းနှစ်တွေကို ရောက်ရှိနေခဲ့ပြီ... သူ့မှာ ဘဝသက်တမ်းများစွာ မကျန်ရှိတော့ဘူး... အဲ့ဒါကြောင့် သူက မွေးနီတစ္ဆေကို ကယ်တင်ဖို့အတွက် သူ့ရဲ့ အထွတ်အထိပ်ဓမ္မစွမ်းအားတွေကို ထုတ်ဖော်ပြီးတော့ သူ့ကိုယ်သူ စွန့်လွှတ်စတေးခဲ့တယ်... အဲ့ဒါက သူ့ရဲ့ အသက်ကိုနှုတ်ယူသွားခဲ့တယ်...”

“ဘာလို့လဲ.....”

ဆူဇီမိုက အလိုလိုမေးလိုက်မိလေသည်။

မွေးနီတစ္ဆေ၏အမူအရာက မှိန်ဖျော့သွားပြီး သူက ခေါင်းကိုငုံ့လိုက်လေသည်။

“ငါလည် အဲ့တုန်းက အဲ့ဒီမေးခွန်းကို မေးခဲ့ဖူးတာပဲ.... ဓမ္မဧကရာဇ်ပြန်ပြောတဲ့ စကားတစ်လုံးချင်းစီကို ငါက ​မှတ်မိနေသေးတယ်...”

ဆူဇီမိုက နားစွင့်ထားလိုက်လေသည်။

“ဒကာလုံရန်... ဒီကပ်ဘေးမှာ ခင်ဗျားကိုလည်း အပြစ်တင်လို့မရဘူး... ခင်ဗျားကလည်း သားကောင်ပဲ... ကျုပ်ခင်ဗျားကိုကယ်တင်တယ်ဆိုတာ ဒီကိစ္စအတွက်နဲ့ မြောက်ပိုင်းဒေသရဲ့ ကျင့်ကြံရေးလောကမှာ နဂါးမျိုးနွယ်က စစ်ပွဲကို မစတင်စေချင်တဲ့ မျှော်လင့်ချက်နဲ့ပဲ... ဒီကိစ္စက ဒီမှာပဲ အဆုံးသတ်ပြီးတော့ မြောက်ပိုင်းဒေသမှာ နောက်ထပ်သတ်ဖြတ်မှုတွေဖြစ်မလာဖို့ ကျုပ်မျှော်လင့်မိတယ်...”

ဆူဇီမိုသည် မှင်တက်သွားပြီး သူ၏မျက်လုံးများက အဆုံးမဲ့သော တုန်လှုပ်မှုဖြင့် ပြည့်နှက်လာခဲ့လေသည်။

သူသည် သုသာန်၏အနက်ပိုင်းထဲရှိ မွေးနီတစ္ဆေမကြာခဏစောင့်ကြပ်နေသော မြေပုံငယ်တစ်ခုစီသို့ လှမ်းကြည့်လိုက်လေသည်။

မြေပုံငယ်ပေါ်တွင် သစ်သားပြားတစ်ခုကို စိုက်ထူထားပြီး ၎င်းပေါ်တွင် ဓမ္မဧကရာဇ်ဆိုသော စာလုံးကို ရေးထိုးထားလေသည်။

ဆူဇီမို၏ မျက်လုံးထဲတွင် ထိုသစ်သားပြားသည် ရုတ်တရက် မြင့်မြတ်ထည်ဝါလာပြီး လောကကို သန့်စင်ပေးနိုင်သည့် ဗုဒ္ဓအလင်းရောင်ခြည်များကို ဖြာထုတ်ပေးလာသည်ဟု ထင်မိလေသည်။

အဲ့ဒါက ဗုဒ္ဓကျောင်းတော်များ၏ စစ်မှန်သော အကြင်နာမေတ္တာဖြစ်လေသည်။

အဲ့ဒါက လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ စစ်မှန်သော သဘောထားကြီးမြတ်မှု ဖြစ်လေသည်။

မွေးနီတစ္ဆေသည် ထိုကဲ့သို့ ယုတ်ရင်းကြမ်းတမ်းသော ပြစ်မှုကို ကျူးလွန်ခဲ့လျှင်ပင် ဗုဒ္ဓကျောင်းတော်များမှ ဧကရာဇ်တစ်ပါးအနေဖြင့် သူက ခွင့်လွှတ်နိုင်နေဆဲဖြစ်လေသည်။

သူသည် မဟာကပ်ဘေးတစ်ခုကို ရှောင်လွှဲနိုင်ဖို့အတွက် သူ့ကိုယ်သူပင် စွန့်လွှတ်စတေးခဲ့လေသည်။

ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။

“ဓမ္မဧကရာဇ်က သူ့ရဲ့နောက်ပိုင်းနှစ်တွေကို ရောက်ရှိနေပြီဆိုပေမယ့်လို့ သူ့မှာ ဘဝသက်တမ်းနှစ်တစ်သောင်း ကျန်ရှိနေသေးတယ်... သူက နောက်ဆုံးခြေလှမ်းကို ဆက်လှမ်းမယ်ဆိုရင်တောင် ကောင်းကင်ဘုံကပ်ဘေးရဲ့စွမ်းအားကို ခုခံနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်... အဲ့ဒါနဲ့ သူ့ဘဝကို စောစောစီးစီး အဆုံးသတ်ပြီး မရေမတွက်နိုင်တဲ့အသက်တွေကို ကယ်တင်ပေးခဲ့တာပဲ...”

သူ့ရဲ့ နောက်ပိုင်းနှစ်တွေကို ရောက်ရှိနေပြီဆိုလျှင်တောင် သူ့မှာ ဘဝသက်တမ်းနှစ်တစ်သောင်း ကျန်ရှိနေသေးလေသည်။ သို့သော်လ​ည်း ဓမ္မဧကရာဇ်သည် မြောက်ပိုင်းဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ဖလှယ်ရယူရန် မွေးနီတစ္ဆေကို ကယ်တင်ဖို့အတွက် သူ၏နှစ်တစ်သောင်း ဘဝသက်တမ်းကို စွန့်လွှတ်ခဲ့လေသည်။

ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။

“ဓမ္မဧကရာဇ် ပြောခဲ့တာက မှန်တယ်... မွေးနီတစ္ဆေ သေဆုံးသွားပြီလို့ သတင်းပျံ့နှံ့သွားတာနဲ့ နဂါးမျိုးနွယ်စစ်တပ်က မြောက်ပိုင်းဒေသကို ရောက်ရှိလာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်ချင်ခဲ့တယ်... ဒါပေမယ့်လို့ သူတို့ကို မွေးနီတစ္ဆေက ဖျောင်းဖျပြီးတော့ နောက် ပြန်ဆုတ်စေခဲ့တယ်...”

“အဲ့ဒီအချိန်ကစပြီး မွေးနီတစ္ဆေက နဂါးသင်္ချိုင်းတောင်ကြားမှာ နေခဲ့တာပဲ... သူက သူ့ရဲ့ခန္ဓာကိုယ်ကို ချိန်းကြိုးတွေနဲ့တုတ်နှောင်ပြီးတော့ သုသာန်မှာရှိတဲ့ အုတ်ဂူတွေကို အဖော်ပြုပေးရင်း နောင်တရဆင်ခြင်နေခဲ့တယ်..”

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။

ဓမ္မဧကရာဇ်သည် မွေးနီတစ္ဆေ၏ အသက်ကိုကယ်တင်ပေးခဲ့ရုံသာမက သူက ထိုသူ၏ သတ်ဖြတ်လိုစိတ်ကိုပါ ဖြတ်တောက်ပေးခဲ့လေသည်။

ဓမ္မဧကရာဇ်၏ ရွေးချယ်ဆုံးဖြတ်မှုကြောင့်မဟုတ်လျှင် မွေးနီတစ္ဆေက ​သေဆုံးသွားမည်ဖြစ်ပြီး နဂါးမျိုးနွယ်စစ်တပ်က လက်စားချေဖို့အတွက် မြောက်ပိုင်း​ဒေသသို့ရောက်ရှိကာ သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်ပေလိမ့်မည်။

ထိုအခါ မဟာချွမ်အင်ပါယာကပ်ဘေးမဟုတ်တော့ဘဲ မြောက်ပိုင်းဒေသတစ်ခုလုံး၏ ကပ်ဘေးဖြစ်လာနိုင်လေသည်။

ဤဖြစ်ရပ်များအားလုံး၏ နောက်ကွယ်မှာ ကြိုးကိုင်နေသည့် စွမ်းအားကြီးသော တစ်စုံတစ်ယောက်ရှိနေနိုင်ကြောင်း ဆူဇီမိုက ခံစားမိလေသည်။

ဓမ္မဧကရာဇ်ကြောင့်သာမဟုတ်လျှင် မြောက်ပိုင်းဒေသကပ်ဘေးကနေ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ကပ်ဘေးအဖြစ်သို့ပါပြောင်းလဲသွားနိုင်လေသည်။ ထိုအချိန်ကျလျှင် အရာရာတိုင်းက နောက်ပြန်ဆုတ်လို့ရတော့မည်မဟုတ်ပေ။

အဲ့ဒါကို ဘယ်သူက ကြိုးကိုင်ခြယ်လှယ်ခဲ့တာပါလိမ့်....။

သီကလန်ရဲ့ မျိုးနွယ်စုခေါင်းဆောင်များလား....

ဓမ္မဧကရာဇ်ကြောင့်သာမဟုတ်လျှင် မွေးနီတစ္ဆေသည် သီကလန် မျိုးနွယ်စုခေါင်းဆောင်၏ ချောင်းမြောင်းတိုက်ခိုက်မှုဖြင့် အသတ်ခံရပေလိမ့်မည်။ ထိုအခါနောက်ဆက်တွဲရလဒ်များက စဥ်းစားမကြည့်နိုင်အောင်ပင်။

သို့သော်လည်း သီကလန် မျိုးနွယ်စုခေါင်းဆောင်သည် ဤဖြစ်ရပ်တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ခဲ့သော်လည်း သူသည် ဖြစ်စဥ်တစ်ခုလုံးကို ကြိုးကိုင်ခြယ်လှယ်ခဲ့သည့် နောက်ကွယ်မှတစ်စုံတစ်ယောက်မဟုတ်နိုင်ကြောင်း ဆူဇီမိုက ခံစားမိလေသည်။

ဤကပ်ဘေးတစ်ခုလုံးကို ကြိုးကိုင်ခြယ်လှယ်ခဲ့သည့် တခြားတစ်စုံတစ်ယောက် ရှိနေပေဦးမည်။

အတန်ကြာစဥ်းစားတွေးတောပြီးနောက် ဆူဇီမိုက ရုတ်တရက်မေးလိုက်လေသည်။

“ဆရာ... လွန်ခဲ့တဲ့နှစ်သောင်းအတွင်း ကျင့်ကြံသူများစွာက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေကို ဝင်ရောက်လာပြီး သေဆုံးခဲ့ကြတယ်... အဲ့ဒီအကြောင်းကို ဆရာသိလား”

“အစကတော့ ငါမသိခဲ့ဘူး....”

ကိုယ်တော်ယွမ်ပေက ခေါင်းခါပြလိုက်လေသည်။

“ဟမ်....”

ဆူဇီမိုသည် ကိုယ်တော်ယွမ်ပေ၏ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားပြီး ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

ကိုယ်တော်ယွမ်ပေက ဆက်ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က အဲ့ဒီဒကာမ ဒီနေရာကိုရောက်လာမှပဲ ငါနဲ့ မွေးနီတစ္ဆေအပြင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နောက်ထပ်ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုပုန်းကွယ်နေတာကို ငါတို့သိခဲ့ရတယ်...”

ထိုနေရာအရောက်တွင် ဆူဇီမိုက ကြက်သီးမွေးညင်းများထလာခဲ့လေသည်။

ကိုယ်တော်ယွမ်ပေပြောသည့် ဒကာမသည် တျဲယွဲ့ဖြစ်သည်မှာ သိသာလေသည်။ သို့သော်လည်း ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေအပြင် နောက်ထပ်ကြောက်စရာကောင်းသည့် တည်ရှိမှုက ဘယ်သူပါလဲ..။

“အဲ့ဒီကြောက်စရာကောင်းတဲ့တည်ရှိမှုက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြရဲ့ သွေးကန်ထဲမှာ အရမ်းကိုသိုသိုဝှက်ဝှက်နဲ့ ပုန်းကွယ်နေခဲ့တယ်... မွေးနီတစ္ဆေနဲ့ငါတောင်မှာ အဲ့ဒါကို အာရုံမခံနိုင်ခဲ့ဘူး”

ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။

“အဲ့ဒီဒကာမက သူ့ကိုဖမ်းခေါ်သွားခဲ့တယ်...”

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နှစ်တစ်သောင်းကြာနေခဲ့ပြီးတာတောင် ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေသည် တတိယပုဂ္ဂိုလ်ရှိနေသည်ကို မသိရှိခဲ့ကြပေ။

“သူက ဘယ်သူလဲ...”

ဆူဇီမိုကမေးလိုက်လေသည်။

“ငါမသိဘူး... ငါမြင်လိုက်တာတော့ အဲ့ဒီဒကာမ တိုက်ခိုက်လိုက်တဲ့အချိန် သွေးကန်ရဲ့အထက်မှာ သွေးရောင်လူသားမျက်နှာတစ်ခု ပေါ်ထွက်လာတာပဲ...”

ကိုယ်တော်ယွမ်ပေက ပြောလိုက်ခြင်းဖြစ်လေသည်။

All Chapters