သားရဲတစ်ထောင်ကပ်ဆိုး
Vol. 72 Ch. 1069
ထိုသည်ကိုကြားသောအခါ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏အမူအရာက ပြောင်းလဲသွားလေသည်။
သွေးရောင်လူသားမျက်နှာ....
ဆူဇီမိုပထမဆုံးပြေးမြင်မိသည်မှာ သားရဲတစ်ထောင်တောင်ကြားရှိ နှစ်တစ်ထောင်သွေးပင်လယ်တွင် ပေါ်ထွက်ခဲ့သော သွေးရောင်လူသားမျက်နှာ ဖြစ်လေသည်။
သူသည် စောစောက တောင်ကြားထဲတွင် သွေးရောင်တွင်းနက်တစ်ခုကို တွေ့မြင်တုန်းက မြင်ဖူးသလိုလိုခံစားခဲ့ရသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ထိုသွေးရောင်တွင်းနက်က မူလက သွေးကန်တစ်ကန်ဖြစ်ခဲ့လေသည်။
သို့သော်လည်းနှစ်တစ်ရာကြာပြီးနောက် သွေးကန်က ခမ်းခြောက်သွားခဲ့လေသည်။
ဆူဇီမိုသည် နှစ်တစ်ထောင်သွေးပင်လယ်တွင် တွေ့ကြုံခဲ့ရသည်ကို ပြန်လည်စဥ်းစားပြီး ကြောက်ရွံ့လာဆဲဖြစ်လေသည်။
ထိုစဥ်တုန်းကအခြေအနေသည် အရမ်းကိုအန္တရာယ်များခဲ့လေသည်။
ဓမ္မဝိသေသ တာအိုအရှင်များနှင့်တူညီသော အဆင့်မြင့်မိစ္ဆာသားရဲ ၇ ယောက်သည် သွေးပင်လယ်၏ အောက်ခြေကနေတက်လာသော လေပူပေါင်းများကြောင့် အလွယ်တကူသတ်ဖြတ်ခြင်းခံခဲ့ရလေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုလေပူပေါင်းများက သူ့ကိုရှောင်ကွင်းသွားခဲ့လေသည်။
သူက သေချာမပြောနိုင်သော်လည်း ထိုလေပူပေါင်းများကို သွေးပင်လယ်၏အနက်ပိုင်းထဲတွင် ပုန်းကွယ်နေသော သွေးရောင်လူသားမျက်နှာက ဖန်တီးခဲ့ခြင်းဖြစ်ဖို့များလေသည်။
သို့သော်လည်း ထိုအချိန်တုန်းက သွေးရောင်လူသားမျက်နှာက သူ့ကိုဘာ့ကြောင့်ကယ်တင်ချင်ခဲ့တာလဲ... သူနားမလည်ပေ။
ယခုအခါမှာတော့ သူက ဖြစ်နိုင်ချေတစ်ခုကိုတွေးမိလာလေသည်။
တျဲယွဲ့က သွေးမျက်နှာပိုင်ရှင်ကိုမသတ်ဖြတ်ဘဲ လွှတ်ပေးခဲ့တာများလား...။ အဲ့ဒါကြောင့် သူနှင့်တျဲယွဲ့၏ ပတ်သက်ဆက်နွယ်မှုကို ထိုသူက သိရှိထားပြီး သွေးရောင်မျက်နှာပိုင်ရှင်က ဆူဇီမိုကို ကယ်တင်ခဲ့တာများလား...။
ဆူဇီမိုက မေးလိုက်လေသည်။
“အဲ့ဒီသွေးမျက်နှာပိုင်ရှင်ကို လွှတ်ပေးလိုက်တာလား....”
“ဘယ်ဟုတ်ပါ့မလဲ....”
ကိုယ်တော်ယွမ်ပေက ခေါင်းခါလိုက်လေသည်။
“အဲ့ဒီအမျိုးသမီးပြောခဲ့တဲ့စကားကို ငါမှတ်မိသေးတယ်...”
“နင့်လိုမျိုးနတ်ဆိုးသက်ရှိက ဒီကမ္ဘာမှာ မျိုးဆက်သွေးတွေကို ဝါးမျိုပြီးကျင့်ကြံနေတယ်ဆိုတော့ နင်က သေသင့်တယ်...တဲ့”
“အဲ့ဒီနောက်ပိုင်း သွေးမျက်နှာပိုင်ရှင်က အသတ်ခံလိုက်ရတာလား...”
ဆူဇီမိုကမေးလိုက်လေသည်။
ကိုယ်တော်ယွမ်ပးပေက ခေါင်းညိတ်ပြလိုက်လေသည်။
ထိုသို့ဖြင့် ဆူဇီမို၏ စောစောကအတွေးသည် ဖြစ်နိုင်ချေမရှိတော့ပြန်ပေ။
သွေးမျက်နှာပိုင်ရှင်က သေဆုံးသွားပြီဆိုလျှင် သားရဲတစ်ထောင်တောင်ကြားမှာ သူတွေ့မြင်ခဲ့ရသည့် သွေးရောင်မျက်နှာက ဘယ်သူလဲ...။
သွေးရောင်လူသားမျက်နှာက သူ့ကိုဘာကြောင့်ကူညီပေးခဲ့ရတာလဲ...။
ထိုသွေးရောင်လူသားမျက်နှာနှစ်ခုက ဘယ်လိုများပတ်သက်ဆက်နွယ်နေသလဲ..။
“အဲ့ဒီအမျိုးသမီးကြောင့်သာမဟုတ်ရင် ဒီလောက်ကြောက်စရာကောင်းတဲ့တည်ရှိမှုက ငါတို့ဘေးမှာ ပုန်းကွယ်နေတယ်ဆိုတာ ငါတို့သတိထားမိခဲ့မှာ မဟုတ်ဘူး...”
ကိုယ်တော်ယွမ်ပေက ညင်သာစွာသက်ပြင်းချလိုက်လေသည်။
ယခုအချိန်မှသာလျှင် တျဲယွဲ့သည် ဗုဒ္ဓကျောင်းတော်များ၏ အဆုံးစွန်ရတနာအသောကပန်းကို လုယူပြီး သူ၏ခန္ဓာကိုယ်ထဲမှာ ထည့်ပေးခဲ့သော်လည်း ကိုယ်တော်ယွမ်ပေက သူနှင့် စာရင်းရှင်းရမည့်အစား ဘာ့ကြောင့်သူ့ကိုကူညီပေးခဲ့သည်ကို ဆူဇီမိုက နောက်ဆုံးနားလည်လာခဲ့လေသည်။
အဲ့ဒါသည် ကိုယ်တော်ယွမ်ပေက တျဲယွဲ့ကိုကြောက်ရွံ့သောကြောင့် မဟုတ်ပေ။
အကြောင်းမှာ တျဲယွဲ့၏ တိုက်ခိုက်ပေးမှုသည် ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေတို့ကို ကယ်တင်ပေးခဲ့ခြင်းနှင့် တူညီသောကြောင့်ပင်။
မွေးနီတစ္ဆေက ပြောလိုက်လေသည်။
“သွေးနီရောင်ဝတ်အမျိုးသမီးက တိုက်ခိုက်ပြီးတဲ့နောက် အဲ့ဒီစကားကိုပြောလိုက်လို့သာ လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကပ်ဘေးက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးဆိုတာ ငါတို့နားလည်လာခဲ့ကြတယ်”
“သွေးမျက်နှာပိုင်ရှင်က ဒီကပ်ဘေးရဲ့နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်ခဲ့တာ ဖြစ်လောက်တယ်... သူက အမှောင်ထဲမှာ ပုန်းကွယ်နေပြီးတော့ ငါတို့ကိုရုပ်သေးရုပ်တွေလို ထိန်းချုပ်ကစားသွားခဲ့တာပဲ...”
ဆူဇီမိုကအသံနှိမ့်၍ ပြောလိုက်လေသည်။
“အဲ့ဒီသွေးရောင်မျက်နှာပိုင်ရှင်က မဟာချွမ်အင်ပါယာရဲ့ အကြံပေး ဖြစ်ဖို့များမယ်ထင်တယ်...”
“ဟုတ်လောက်တယ်....”
ကိုယ်တော်ယွမ်ပေက ပြန်ပြောလိုက်လေသည်။
“အဲ့ဒီကပ်ဘေးပြီးတဲ့နောက် အကြံပေးက ပျောက်ကွယ်သွားပြီးတော့ သူဘယ်ကိုရောက်သွားလဲ ဘယ်သူမှမသိကြတော့ဘူး”
သူသည် ဤကပ်ဘေးကိုဖြစ်စေဖို့အတွက် မဟာချွမ်ဧကရာဇ်ကို သွေးထိုးလှုံ့ဆော်ခဲ့သူဖြစ်လေသည်။
ဤကပ်ဘေးကြောင့် မဟာချွမ်အင်ပါယာက ဖျက်ဆီးခံခဲ့ရပြီး မဟာချွမ်ဧကရာဇ်ကလည်း သေဆုံးခဲ့ရလေသည်။
မွေးနီတစ္ဆေသည် သူ၏ချစ်ခင်မြတ်နိုးရသောသားကို ဆုံးရှုံးသွားပြီး သူကလည်း သေလုနီးပါးဖြစ်ခဲ့ရလေသည်။ ရလဒ်အနေဖြင့်သူသည် နဂါးသင်္ချိုင်းတောင်ကြားမှာ သူ့ကိုယ်သူ ချုပ်နှောင်ထားခဲ့လေသည်။
ထိပ်သီးဂိုဏ်းကြီး နှစ်ဂိုဏ်းဖြစ်သည့် တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်ကလည်း ဖျက်ဆီးချေမှုန်းခံခဲ့ရလေသည်။
ဤကပ်ဘေးတစ်ခုလုံးတွင် တစ်ဦးတည်းသော အကျိုးအမြတ်ရရှိသူမှာ သားရဲတစ်ထောင်တောင်ကြားအောက်ခြေတွင် မျိုးဆက်သွေးများကိုဝါးမျိုခြင်းဖြင့် ကျင့်ကြံခဲ့သော သွေးမျက်နှာပိုင်ရှင်ပင် ဖြစ်လေသည်။
ထူးဆန်းသော သွေးရောင်လူသားမျက်နှာက ဆူဇီမို၏ စိတ်ထဲတွင် တစ်ဖန်ပြန်လည်၍ ပေါ်လာခဲ့လေသည်။
ထိုသွေးရောင်လူသားမျက်နှာက သူ့ကိုပြုံးပြနေသည်ဟု ထင်ရလေသည်။
“ဒါက ထင်ယောင်ထင်မှားမြင်နေတာပဲ...”
ဆူဇီမိုက သူ၏ခေါင်းကိုခါယမ်းလိုက်လေသည်။
“ဘာဖြစ်လို့လဲ....”
ဆူဇီမို၏ အမူအရာပြောင်းလဲမှုကို သတိထားမိသွားပြီး ကိုယ်တော်ယွမ်ပေက စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်လေသည်။ ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“အဲ့ဒီသွေးရောင်လူသားမျက်နှာကို ကျုပ်အရင်က မြင်ဖူးတယ်...”
“ဟမ်....”
မွေးနီတစ္ဆေနှင့် ကိုယ်တော်ယွမ်ပေတို့၏ အမူအရာက ပြောင်းလဲသွားကြလေသည်။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ဆူဇီမိုက သားရဲတစ်ထောင်တောင်ကြားရှိ နှစ်တစ်ထောင်သွေးပင်လယ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အကြမ်းဖျင်းပြန်ပြောလိုက်လေသည်။
ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေသည် အကြည့်ချင်းဖလှယ်ပြီးနောက် တူန်လှုပ်နေသည့်အမူအရာများကို ထုတ်ပြလာကြလေသည်။
မွေးနီတစ္ဆေက သူ၏မျက်လုံးကို မှေးကျဥ်းပြီး တင်းမာစွာပြောလိုက်လေသည်။
“လွန်ခဲ့တဲ့နှစ်သုံးသောင်းက သားရဲတစ်ထောင်တောင်ကြားမှာ အရမ်းကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ငါကြားမိတယ်...”
“အဲ့ဒီတိုက်ပွဲက အရမ်းကိုကြောက်စရာကောင်းခဲ့တယ်... ပြောကြတာတော့ အဲ့ဒီမှာ သားရဲတစ်ထောင်တောင်ကြားက သားရဲတွေတင်မကဘဲ သားရဲနယ်မြေရှစ်ခွင်က သားရဲတွေပါ ပါဝင်ပတ်သက်ခဲ့တယ်လို့ပြောတယ်... အဲ့ဒီမှာ သားရဲမျိုးနွယ်ရဲ့ ဧကရာဇ်တွေတောင် ကျဆုံးခဲ့ကြတယ်”
“အဲ့ဒီတိုက်ပွဲက သားရဲတစ်ထောင်ကပ်ဘေးဆိုပြီးတော့ ကျော်ကြားခဲ့တယ်”
ကိုယ်တော်ယွမ်ပေက ခေါင်းညိတ်လိုက်လေသည်။
“ငါလည်း အဲ့ဒါကိုကြားဖူးတယ်....”
ဆူဇီမိုက တုန်လှုပ်နေသော အမူအရာဖြင့် သူ၏ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်လေသည်။
ထိုသို့ဆိုလျှင် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းမွေးဖွားပေါ်ထွက်လာတုန်းက သူမြင်တွေ့ခဲ့ရသော အရိုးများသည် လွန်ခဲ့သည့်နှစ်သုံးသောင်းက သားရဲတစ်ထောင်ကပ်ဘေးမှာ ကျဆုံးခဲ့ကြသော သားရဲများ၏ အရိုးများပင် ဖြစ်ပေလိမ့်မည်။
လွန်ခဲ့သည့်နှစ်တစ်သောင်းက မဟာချွမ်ကပ်ဘေးအပြီး၌ ကျဆုံးခဲ့ရသော အလောင်းများကြားတွင်လည်း သွေးရောင်လူသားမျက်နှာတစ်ခုက ပေါ်ထွက်ခဲ့ဖူးလေသည်။
သွေးရောင်လူသားမျက်နှာသည် လွန်ခဲ့သည့်နှစ်သုံးသောင်းက သားရဲတစ်ထောင်ကပ်ဆိုးအပြီး၌ ကျဆုံးခဲ့ရသော အလောင်းများကြားတွင်လည်း ပေါ်ထွက်ခဲ့ပြန်လေသည်။
အဲ့ဒါက တိုက်ဆိုင်မှုသက်သက်ပေပဲလား...
နောက်ဖေးခြံဝန်းထဲတွင် သူတို့သုံးယောက်က တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ မကောင်းဆိုးဝါးဆန်သော အေးစက်မှုတစ်စွန်းတစ်စနှင့်အတူ လေပြေတစ်ချက်က တိုက်ခိုက်လာခဲ့လေသည်။
“ငါထင်တာမမှားဘူးဆိုရင်.... အဲ့ဒီသွေးမျက်နှာပိုင်ရှင်က မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားတာဖြစ်ရမယ်”
ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။
“အဲ့ဒီအဆင့်မှာရှိတဲ့ မိစ္ဆာနည်းစနစ်တစ်ခုကပဲ ကျင့်ကြံဖို့အတွက် မျိုးဆက်သွေးတွေကို ဝါးမျိုနိုင်လိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အရင်က ကျင့်ကြံခဲ့ဖူးပြီး ထိုမိစ္ဆာနည်းစနစ် ဘယ်လောက်တောင်ကြောက်စရာကောင်းလဲ သိထားလေသည်။ သူ၏ ပြတ်သားခိုင်မာသော တာအိုနှလုံးသားနှင့်ပင်လျှင် သူသည် အဲ့ဒါကို ထုတ်ဖော်လိုက်တိုင်း သွေးဆာရက်စက်တော့မည့် စိတ်ရိုင်းများဝင်လာခဲ့လေသည်။
စွမ်းအင်ကိုစုပ်ယူရသော ခံစားချက်က အရမ်းကိုသက်တောင့်သက်သာရှိပြီး မသိလိုက်မသိခင်မှာပင် ထိုအထဲမှာ နစ်မျောသွားနိုင်လေသည်။
အဲ့ဒါကို နားလည်ပြီးနောက် ဆူဇီမိုသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးမပြုတော့ခြင်းဖြစ်လေသည်။
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက သူက အသက်ခံရလုဆဲဆဲအခြေအနေမှာ ရှိနေတာတောင် အဲ့ဒါကို သူက မထုတ်ဖော်ခဲ့ပေ။
သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်အပေါ် မှီခိုစွဲလမ်းလာသည်နှင့် သူက ထိုအထဲမှာ ရုန်းမထွက်နိုင်လောက်အောင် နစ်မြုပ်သွားလိမ့်မည်ဟု ခံစားရလေသည်။
သူက ထိုမှီခိုအားထားလိုသောစိတ်ကို ဖြတ်တောက်ပစ်ရပေလိမ့်မည်။
ကိုယ်တော်ယွမ်ပေက သူ၏ခေါင်းကိုညင်သာစွာခါ၍ သက်ပြင်းချလိုက်လေသည်။
“တာအိုအရှင်သွေးမိစ္ဆာက သေဆုံးသွားခဲ့တာနှစ်ပေါင်းသောင်းချီနေပြီဆိုပေမယ့် သူဖန်တီးခဲ့တဲ့ မိစ္ဆာနည်းစနစ်က အခုချိန်ထိ လက်ဆင့်ကမ်းပြီး ဒီလောက်ကြောက်စရာကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်လာစေခဲ့တယ်ဆိုတော့...”
ဆူဇီမို၏ စိတ်အာရုံထဲတွင် သူ ၊ နတ်ဆိုးမကျိနှင့် မိစ္ဆာအမွေခံသူများ မြေအောက်လောကတွင် တွေ့ကြုံခဲ့ရသော ရေကန်ထဲရှိ ကျောက်သားခေါင်းတလားကို ပြန်လည်အမှတ်ရလာလေသည်။
ထိုကျောက်သားခေါင်းတလားထဲမှ အရိုးစုတစ်ခုက ထွက်ပေါ်လာခဲ့သည်ကို သူက ပြန်လည်အမှတ်ရလိုက်လေသည်။
“တာအိုအရှင်သွေးမိစ္ဆာက သေချင်မှသေဦးမယ်...”
ဆူဇီမို၏အမူအရာက သုန်မှုန်နေပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“မသေဘူးဆိုတာထက် သူကပြန်ပြီးတော့ ရှင်သန်ထမြောက်လာတာ ဖြစ်နိုင်တယ်”
ဆူဇီမိုသည် ထိုစဥ်က မြေအောက်တွင်ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ပြန်ပြောလိုက်လေသည်။
“မင်းအရင်က အဲ့ဒါကိုပြောတာ ငါကြားဖူးပါတယ်... ဒါပေမယ့်လို့ ကိုယ်တော်တာမင်းနဲ့ တာအိုအရှင်သွေးမိစ္ဆာတို့ရဲ့တိုက်ပွဲက လွန်ခဲ့တဲ့နှစ်လေးသောင်းကျော်က ဖြစ်ပွားခဲ့တာပဲ... တာအိုအရှင်သွေးမိစ္ဆာက ဘယ်လိုလုပ် ဒီလောက်ကြာကြာ အသက်ရှင်ရှည်နိုင်ပါ့မလဲ... သူက အဲ့ဒီမင်းဝမ်ဆုတောင်းပုတီး တစ်စေ့အပေါ်မှာပဲ မှီခိုပြီးတော့လား....”
ကိုယ်တော်ယွမ်ပေက မျက်မှောင်ကြုတ်လိုက်လေသည်။
“ခင်ဗျားရဲ့ အမြင်မှာ ရှင်းမပြနိုင်တဲ့အချက်တွေအများကြီးရှိနေသေးတယ်”
မွေးနီတစ္ဆေက ထပ်ပြောလိုက်လေသည်။
“ဥပမာပြောရရင်... အဲ့ဒီကျောက်သားခေါင်းတလားကို ဘာလို့ချိန်းကြိုးတွေအများကြီးနဲ့ ရစ်ပတ်ထားတာလဲ... သူတို့က သူ့ကိုတိုက်ရိုက်သတ်ဖြတ်မယ့်အစား ဘာလို့အထပ်ထပ်ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာလဲ...”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
သူသည်လည်းပဲ ထိုမေးခွန်းကို ရှင်းမပြနိုင်ပေ။