← Chapters

ယန်စိတ်ဝိညာဉ်သို့ ဝင်ရောက်ခြင်း

Vol. 72 Ch. 1070

ယန်စိတ်ဝိညာဉ်သို့ ဝင်ရောက်ခြင်း

Vol. 72 Ch. 1070

ဆူဇီမိုသည် ဤစကားဝိုင်းအပြီး၌ သူ၏စိတ်ထဲမှာ မေးခွန်းများစွာ ရှိနေသေးလေသည်။

သို့သော်လည်း အနည်းဆုံးတော့ သူသည် သံသယအချို့ကို ဖြေရှင်းနိုင်ခဲ့လေသည်။

မဟာချွမ် အပျက်အစီးအောက်မှာ ပေါ်ထွက်လာခဲ့သော အမျိုးသမီး၏ ဂုဏ်ပုဒ်ကို သူက သိရှိခဲ့ရလေသည်။

ဒါ့အပြင်.. လွန်ခဲ့သည့် နှစ်တစ်သောင်းတွင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ဝင်ရောက်ခဲ့သော စွမ်းအားကြီးပုဂ္ဂိုလ်များ အပါအဝင် ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့သည့်သူကို သူက နောက်ဆုံး သိရှိခဲ့ရလေသည်။

မဟာချွမ်အကြံပေး၏ နည်းလမ်းများက တကယ့်ကို ကြောက်စရာကောင်းလေသည်။

သူသည် ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေ၏ အာရုံခံမှုကနေ ပုန်းကွယ်နိုင်ခဲ့သည့်အပြင် သူတို့၏ အနီးအနားမှာပင် တောင်ကြားထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူများကို တိတ်တဆိတ် သတ်ဖြတ်နိုင်ခဲ့လေသည်။

တကယ်တော့ ဆူဇီမိုကို ကျေနပ်နှစ်ခြိုက်စေသည်မှာ တျဲယွဲ့အကြောင်းကို ပို၍ နားလည်လာသောကြောင့် ဖြစ်လေသည်။

တျဲယွဲ့သည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ သိပ်ကြာကြာ မနေခဲ့ပေ။ သို့သော်လည်း သူမ ပြုလုပ်ခဲ့သည့် အရာက သူတို့သုံးယောက်အပေါ် ကြီးမားစွာ အကျိုးသက်ရောက်မှု ရှိခဲ့လေသည်။

ဆူဇီမိုအပေါ် သူမ၏ သက်ရောက်မှုကို အထူးတလည် ရှင်းပြနေစရာ မလိုပေ။

တျဲယွဲ့သာ ဝင်ရောက်မလာခဲ့လျှင် ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေသည် မဟာချွမ်အကြံပေး၏ အကောက်ကြံမှုကနေ လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။

သူတို့နှစ်ယောက်စလုံးသည် မသိလိုက်မသိဘာသာနှင့်ပင် ကပ်​ဘေးသင့်သွားနိုင်လေသည်။

မဟာချွမ်အကြံပေး၏ သရုပ်မှန်ပေါ်ထွက်လာမှုနှင့်အတူ ထိုကပ်ဘေးမှာ သူတို့သည် ပွန်းရုပ်များအဖြစ်သာ အသုံးချခြင်းခံခဲ့ရကြောင်း သူတို့နှစ်ယောက်က နားလည်လာခဲ့ကြလေသည်။

တျဲယွဲ့၏ တိုက်ခိုက်မှုသည် သူတို့နှစ်ယောက်စလုံးကို ပွန်းရုပ်များအဖြစ်ကနေ လွတ်မြောက်ခွင့်ပေးလိုက်ခြင်းနှင့် တူလေသည်။

တျဲယွဲ့သည် မဟာချွမ်အကြံပေးကို သတ်ဖြတ်ပြီးနောက်.. တောင်ကြားထဲသို့ ရောက်ရှိလာသော မင်းကျန်ကို ကိုယ်တော်ယွမ်ပေက ကယ်တင်ပြီး နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ခေါ်သွားနိုင်ခဲ့လေသည်။

မဟုတ်ပါက.. ကိုယ်တော်ယွမ်ပေ အဲဒါကို သတိမထားမိလိုက်ခင်မှာပင် မဟာချွမ်အကြံပေးက မင်းကျန်ကို တိတ်တဆိတ် သတ်ဖြတ်လိုက်နိုင်လေသည်။

“ကောင်လေး.. မင်းရဲ့ နောက်အစီအစဉ်က ဘာလဲ”

မွေးနီတစ္ဆေက မေးလိုက်လေသည်။

ဆူဇီမိုက ပြန်ပြောလိုက်လေသည်။

“ကျုပ်က အချိန်အတိုင်းအတာတစ်ခုအထိတော့ တောင်ကြားအောက်ခြေမှာပဲ ကျင့်ကြံဦးမယ်”

မွေးနီတစ္ဆေက ခေါင်းညိတ်၍ ပြောလိုက်လေသည်။

“​အင်း.. အဲဒါလည်း ကောင်းတာပါပဲ.. ဘာမှမပူနဲ့.. ငါက သီကလန်ရဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့တယ်.. သူက မသေဘဲ အသက်ရှင်နိုင်ရင်တောင် ကံကောင်းလှနေပြီ.. သူက မင်းကို လက်စားလာချေနိုင်မှာ မဟုတ်ဘူး”

ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။

“အဲဒီ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေက နောက်ကျရင် မင်းကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ရဲချင်မှ တိုက်ခိုက်ရဲတော့မှာ.. ဒါပေမဲ့လို့ မင်းက ဂရုစိုက်ရမယ်”

“သိပါပြီ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။

ဤနေ့မှစ၍ သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ ကျင့်ကြံရမည် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင်.. နဂါးအရိုးတောင်ကြားတွင်..

တစ်လတာက ကုန်ဆုံးသွားပြီး ဆူဇီမိုသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲမှာ ဖြည်းဖြည်းချင်း နိုးထလာခဲ့လေသည်။

သူသည် ကျင့်ကြံရေးလောကသို့ စတင်ဝင်ရောက်ပြီးကတည်းက ဤကဲ့သို့ အေးအေးချမ်းချမ်းနှင့် သက်သောင့်သက်သာ အနားယူအိပ်စက်ရမှုမျိုးကို မကြုံခဲ့ရပေ။

သူက တကယ့်ကို ပင်ပန်းလွန်းနေလေပြီ။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်ပြီး သူ့ဘေးရှိ ရွှေရောင်စိမ့်စမ်းရေများကို ကြည့်လိုက်လေသည်။ သူ့ခန္ဓာကိုယ်၏ ပတ်ပတ်လည်ရှိ အကန့်အသတ်မဲ့သော အသက်ဓာတ်စွမ်းအားများကို ခံစားမိမှသာလျှင် သူသည် ငေးငိုင်နေရာကနေ ဖြည်းဖြည်းချင်း နိုးထလာခဲ့လေသည်။

နောက်ဆုံးမှာတော့.. သူရောက်ရှိနေသည့်နေရာကို သူနားလည်သွားခဲ့လေသည်။

တစ်ကိုယ်တော်တိမ်စိုင်က သူ့ဘေးမှာ ရှိမနေတော့ပေ။ သူက ဒဏ်ရာများ သက်သာပျောက်ကင်းပြီး အရင်ထွက်ခွာသွားတာ ဖြစ်ရပေမည်။

ဝေါ..

ဆူဇီမိုသည် မတ်တတ်ထရပ်ပြီး သူ၏ခန္ဓာကိုယ်ကို ကြည့်လိုက်လေသည်။

သူ၏ခန္ဓာကိုယ်က လုံးဝ အကောင်းပကတိ ဖြစ်နေခဲ့လေပြီ။

အဲဒီမှာ မည်သည့်ဒဏ်ရာမှ မရှိတော့ပေ။

ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းက တကယ့်ကို စွမ်းအားကြီးမားလေသည်။

အသက်ဓာတ် ကင်းမဲ့သွားသော သူ၏ခန္ဓာကိုယ်ပင်လျှင် မူလအခြေအနေထိ ပြန်လည်ရောက်ရှိလာနိုင်ခဲ့လေသည်။

သူ၏ လှုပ်ရှားမှုတစ်ခုချင်းစီသည် မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်ကြောင်း ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိနိုင်လေသည်။

ထိုအတွေးနှင့်အတူ.. သူ၏မျိုးဆက်သွေးကို လှည့်ပတ်လိုက်လေသည်။

ဝေါ..

ဆူနာမီအသံက သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့လေသည်။

သူ၏ နဂါးမျိုးနွယ် အစစ်အမှန်ခန္ဓာကိုယ်သည် ယခင်ကထက်ပင် ပို၍ သန်မာလာခဲ့လေသည်။

ဆူဇီမိုသည် တစ်စုံတစ်ရာကို နားလည်သွားသည့်အလား.. အနည်းငယ် မှင်တက်သွားခဲ့လေသည်။

သူ၏ အသိစိတ်ထဲတွင်.. သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ပေါ်ရှိ ဒဏ်ရာများက သက်သာပျောက်ကင်းသွားခဲ့လေပြီ။

ထိုမျှသာမက.. သူ၏ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ ယင်အညစ်အကျေးများက လုံးဝ ပျောက်ကွယ်သွားပြီး သန့်စင်နေသည်ကို သူက တုန်လှုပ်စွာ တွေ့ရှိလိုက်ရလေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်ပေါ်တွင် သန့်စင်သော ယန်ချီ တစ်စွန်းတစ်စက ပေါ်ထွက်လာခဲ့လေပြီ။

ယန်စိတ်ဝိညာဉ်..

ဆူဇီမို၏ မျက်လုံးက ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်လာခဲ့လေသည်။

ဤတစ်လမှာ သူသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမှာ အိပ်စက်ရုံမျှနှင့် သူ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်ကြီးတစ်ဆင့်လုံး ကျော်ဖြတ်၍ ယန်စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်အရဆို.. ယန်စိတ်ဝိညာဉ်အဆင့်က မူလနတ္ထိအဆင့်နှင့် ညီမျှလေသည်။

တစ်နည်းအားဖြင့် ပြောရလျှင်.. သူ၏ နဂါးမျိုးနွယ် အစစ်အမှန်ခန္ဓာကိုယ်သည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာခဲ့လေပြီ။

တစ်ခါအိပ်စက်ရုံဖြင့် အဆင့်ကြီးတစ်ဆင့်ကို ခုန်တက်နိုင်ခြင်းက တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းလေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့.. ၎င်း၏ နောက်ကွယ်မှာ အကြောင်းပြချက်ကောင်းများ ရှိလေသည်။

ပထမဆုံးတစ်ချက်အနေဖြင့် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်က ၎င်း၏ အထွတ်အထိပ်မှာ ရှိနေခဲ့ပြီးလေ​ပြီ။

တာအိုအမွေအနှစ်ကုန်းမြေ၏ ဖိနှိမ်ခြင်းကြောင့်သာ မဟုတ်လျှင် သူက အနက်ရောင်ဆံပင် ယင်စိတ်ဝိညာဉ်ထက် အရင်ပင် အဆင့်ချိုးဖျက် တက်လှမ်းနိုင်ကောင်းလေသည်။

ဒုတိယတစ်ချက်အနေဖြင့် ဆူဇီမိုသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲမှာ အိပ်စက်နေခြင်း ဖြစ်လေသည်။

ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်ပေးမှုဖြင့် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်၏ ဒဏ်ရာများသည် သက်သာပျောက်ကင်းသွားပြီး အကန့်အသတ်မဲ့သော အသက်ဓာတ်အားများက ဆက်လက်တိုးဝင်လာခဲ့လေသည်။ ၎င်းက အမြုတေစိတ်ဝိညာဉ်မှာရှိသည့် အညစ်အကြေးများကို သန့်စင်ပြီး မူလနတ္ထိအဆင့်သို့ ဝင်ရောက်စေခဲ့လေသည်။

အခြားသော ကျင့်ကြံသူများဆိုလျှင် အဆင့်ကြီးတစ်ဆင့်ကို ကျော်ဖြတ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု များစွာကို လိုအပ်လေသည်။

ဒါ့အပြင် အဲဒါက ကျရှုံးသွားနိုင်ခြေလည်း ရှိလေသည်။

သို့သော်လည်း ဆူဇီမို၏ တာအိုနှလုံးသားအရ.. သူ့အနေဖြင့် သတိလစ်နေလျှင်တောင် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းရေထဲမှာ အဆင့်ချိုးဖျက်တက်လှမ်းရင်း ကျဆုံးသွားဖို့က မဖြစ်နိုင်ပေ။

သူ နိုးထလာသည်နှင့်.. သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်က ပြန်လည်သက်သာလာရုံသာမကဘဲ သူသည် မူလနတ္ထိအဆင့်သို့ပင် ဝင်ရောက်နိုင်ခဲ့လေသည်။

ဆူဇီမိုက ဝမ်းသာရွှင်ပျသွားခဲ့လေသည်။

သူသည် စိတ်ဝိညာဉ်အသိစိတ်ကို ဖြည်းဖြည်းချင်း ထုတ်ဖော်ပြီး ၎င်း၏ အကန့်အသတ်အထိ တွန်းတင်လိုက်လေသည်။

၅၀၀ ကီလိုမီတာ..

သူသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာသည့် ခဏမှာပင် သူ၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာက ၅၀၀ ကီလိုမီတာကို ကျော်လာခဲ့လေ​ပြီ။

ပုံမှန်အစောပိုင်းအဆင့် မူလနတ္ထိ တာအိုသက်ရှိတစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်သည် ကီလိုမီတာ ၅၀အထိသာ ဖြန့်ကြက်နိုင်လေသည်။

ပကတိ မူလနတ္ထိအဆင့်မှာဆိုလျှင် လူတစ်ယောက်သည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ကီလိုမီတာ ၄၀၀အထိ ဖြန့်ကြက်နိုင်ပါက ပြိင်စံရှားတစ်ယောက်ဟု သတ်မှတ်ရပေလိမ့်မည်။

သို့သော်လည်း သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်၏ စိတ်ဝိညာဉ်အသိစိတ်သည် ကီလိုမီတာ ၅၀၀ကို ကျော်လွန်သွားခဲ့လေပြီ။

“မင်းကြားပြီးပြီလား.. လွန်ခဲ့တဲ့ တစ်လက အပြင်လူနှစ်ယောက်က မီးပဒေသာ နဂါးမျိုးနွယ်ကို ဝင်ရောက်လာခဲ့တယ်”

“ငါကြားတာတော့ သူတို့ထဲက တစ်ယောက်က မြွေနဂါးတစ်ကောင်တဲ့.. အခြားတစ်ယောက်ကတော့ နဂါးတစ်ကောင်လို့တောင် သတ်မှတ်လို့ မရလောက်ဘူး.. ငါကြားတာတော့ သူ့ရဲ့ မျိုးဆက်သွေးက သန့်စင်မှု မရှိဘဲ သူ့ကို မီးပဒေသာ နဂါးမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်က သားအဖြစ် လက်ခံလိုက်ပုံရတယ်”

“လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ဖြစ်ရပ်ပြီးကတည်းက.. မီးပဒေသာ နဂါးမျိုးနွယ်က ပိုပိုပြီးတော့ အခြေအနေဆိုးလာတာပဲ.. သူတို့က မြွေနဂါးတွေနဲ့ မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ နဂါးတွေကိုတောင် လက်ခံလာကြပြီ”

သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်ပြီးနောက်.. ဆူဇီမိုသည် လှိုဏ်ဂူအပြင်ဘက်မှ အတင်းအဖျင်း ပြောဆိုသံများကို ကြားလိုက်ရလေသည်။

“ဟမ်.. သူတို့ကို လက်ခံထားတော့ရော ဘာသုံးစားလို့ ရမှာလဲ.. သူတို့က နဂါးမျိုးနွယ်မှာ ဆက်နေရင် ညှင်းပန်းနှိပ်စက်ခံနေရမှာပဲ.. သူတို့က အခြေအနေကို နားမလည်ဘူးဆိုရင် သိပ်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

“အမှန်ပဲ.. ငါကြားတာတော့ အဲဒီမြွေနဂါးက သွေးနှောနဂါးမျိုးရိုးဘက်ခြမ်းကို ရောက်သွားတယ်.. သူက အဲဒီမှာ နေ့စဉ်နဲ့အမျှ ရိုက်နှက်ခံနေရတယ်.. သူ့တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ပြည့်နှက်နေပြီးတော့ သိပ်ကြာကြာ တောင့်ခံနိုင်တော့မယ့်ပုံ မပေါ်ဘူး”

ထိုနေရာအရောက်တွင် ဆူဇီမိုက မျက်မှောင်ကြုတ်၍ သူ၏ အမူအရာက အေးစက်လာခဲ့လေသည်။

သူသည် တစ်ကိုယ်တော်တိမ်စိုင်ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းမှာ ထိုသူ့အတွက် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးချင်သောကြောင့် ဖြစ်လေသည်။ သူ့ကို ထိခိုက်ခံစားရစေဖို့ မဟုတ်ပေ။

“စကားမစပ်.. အဲဒီ မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ လုံမိုက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲမှာ ရှိနေသေးတဲ့ပုံပဲ.. အဲဒါက တစ်လကြာသွားပြီလေ.. ဟုတ်တယ်မလား”

“လခွမ်းပဲ.. ငါက နဂါးအရိုးတောင်ကြားမှာ နေလာတာဖြင့် ကြာလှနေပြီ.. ဒါပေမဲ့လို့ ငါက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီကို တစ်ခါမှ မဝင်ရောက်ခဲ့ရဘူး.. မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ ကောင်စုတ်တစ်ကောင်က ဘာလို့ ဝင်ရောက်နိုင်ရတာလဲ”

“သူ ထွက်လာရင် ငါက သူ့ကို သင်ခန်းစာကောင်းကောင်း ပေးရမယ်”

“ဟီးဟီး.. အဲဒါက ငါတို့အလှည့်တောင် ရောက်လိုက်မှာ မဟုတ်ဘူး.. မီးပဒေသာ နဂါးမျိုးရိုးက ညီအစ်ကိုတွေကလည်း အဲဒီ လုံမို ထွက်လာရင် ပညာပြဖို့ကို မစောင့်နိုင်ကြတော့ဘူး”

“လုံမိုက သူထွက်လာရင် ညှင်းပန်းနှိပ်စက်ခံရမှာကို သိလို့ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲကနေ မထွက်ဘဲနဲ့ တစ်ချိန်လုံး ပုန်းကွယ်နေတာများလား”

“အဲဒါ ဖြစ်နိုင်တယ်”

နဂါးအချို့ ဆွေးနွေးနေကြစဉ်မှာပင်.. သူတို့နောက်ဘက်နေ အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

“အားလုံးပဲ.. သွေးနှောနဂါးမျိုးရိုးနယ်မြေဘက်ကို ဘယ်ကနေသွားရလဲ ကျုပ်သိပါရစေ”

နဂါးအချို့သည် လှည့်ကြည့်လိုက်ကြပြီး သွေးနီရောင်ဆံပင်နှင့် လူတစ်ယောက်က မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရလေသည်။ သူ၏ ရုပ်ရည်သွင်ပြင်က ကြော့ရှင်းချောမောပြီး အမူအရာ ကင်းမဲ့နေလေသည်။

“ဟိုဘက်မှာ”

နဂါးတစ်ကောင်က အလိုလို လက်ညိုးထိုးပြလိုက်လေသည်။

“ကျေးဇူးပါပဲ”

သွေးနီရောင်ဆံပင်နှင့်လူက ကျေးဇူးတင်ကြောင်း ပြောဆိုပြီးနောက် လှည့်ထွက်သွားခဲ့လေသည်။ သိပ်မကြာမီ သူက လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့လေသည်။

“အား.. သူ့ကို ငါအရင်က မမြင်ဖူးပါဘူး.. ဟုတ်တယ်မလား”

“သွေးနီရောင်ဆံပင်ဆိုတော့.. သူက မီးပဒေသာ နဂါးမျိုးရိုးကပဲ ဖြစ်ရမယ်.. ဒါပေမဲ့ ငါ သူ့ကို အရင်က ဘာလို့ မမြင်ဖူးရတာလဲ”

“အဲဒါက လုံမိုများ ဖြစ်နေမလား.. “

“ဟာ.. သူပဲ ဖြစ်မှာပေါ့”

“တစ်ချက်လောက် သွားကြည့်ရအောင်”

များစွာသော နဂါးများက အလောတကြီး လိုက်ပါသွားကြလေသည်။

All Chapters