← Chapters

မင်းကတော့သေချင်နေပြီပဲ

Vol. 72 Ch. 1071

မင်းကတော့သေချင်နေပြီပဲ

Vol. 72 Ch. 1071

မီးပဒေသာနဂါးမျိုးရိုး၏ ပင်မခန်းမထဲတွင်ဖြစ်လေသည်။

မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲသုံးယောက်သည် အထဲမှာထိုင်နေကြစဥ် အဖိုးအိုတစ်ယောက်က လျှောက်လှမ်းဝင်လာလေသည်။ သူက အကြီးအကဲ ၄ ဖြစ်လေသည်။

“ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ သတင်းစကားလာတယ်... လုံမိုက အခုပဲနိုးထပြီးတော့သူ့ရဲ့ဒဏ်ရာတွေက သက်သာပျောက်ကင်းသွားပြီ... နောက်ပြီး သူက မူလနတ္ထိအဆင့်ကိုရောက်နေခဲ့ပြီ...”

အကြီးအကဲ ၄ က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“အဲ့ဒီကောင်လေးက အခု သွေးနှောနဂါးမျိုးရိုးနယ်မြေဘက်ကို ထွက်သွားတယ်လို့ ငါကြားမိတယ်...”

“လုံချိုးနဲ့တခြားသူတွေကရော ဘယ်မှာလဲ...”

အကြီးအကဲ ၃ မေးလိုက်လေသည်။

အကြီးအကဲ ၄ ကပြန်ပြောလိုက်လေသည်။

“သူတို့က ရန်လိုနေတဲ့ပုံစံနဲ့ အခြားသူတွေကို ခေါ်သွားပြီ... သူတို့က လုံမိုကို တိုက်ခိုက်သတ်ဖြတ်ဖို့ထွက်သွားတာ ​ဖြစ်ရမယ်”

အကြီးအကဲလေးယောက်က အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။

“သူက နဂါးတစ်ကောင်လား... ဒါမှမဟုတ် မြွေတစ်ကောင်လားဆိုတာ ငါတို့မကြာခင် သိရတော့မှာပေါ့”

မဟာအကြီးအကဲက ပြုံးစစဖြင့် ပြောလိုက်လေသည်။

သွေးနှောနဂါးမျိုးရိုးသည် နဂါးမျိုးနွယ်မှ အလွန်တရာနိမ့်ကျသော အဆင့်အတန်းရှိလေသည်။ သူတို့သည် နဂါးအရိုးတောင်ကြားတွင် နေရာတစ်ခုကိုရရှိထားသော်လည်း သူတို့၏ နေရာက အရမ်းကိုသေးငယ်လေသည်။

ဒါ့အပြင် သွေးနှောနဂါးမျိုးရိုးမှ နဂါးများသည် နဂါးအရိုးတောင်ကြားတွင် ကန့်သတ်ချုပ်ချယ်မှုများရှိလေသည်။ သူတို့သည် နေရာတိုင်းကိုမသွားနိုင်ဘဲ များသောအားဖြင့် နဂါးမျိုးရိုးငါးခုကြားမှာ အစေခံများဖြစ်ကြလေသည်။

သူတို့၏ အဆင့်အတန်းက နိမ့်ကျလေလေ ပရမ်းပတာအခြေအနေများက ပို၍ပေါများလေလေဖြစ်လေသည်။

နဂါးမျိုးနွယ်၏ မျိုးရိုးငါးခုကြားတွင် ကလန်သားအချင်းချင်း တိုက်ခိုက်မှုများက အချိန်မရွေးဖြစ်ပွားနိုင်လေသည်။ သွေးနှောနဂါးမျိးရိုးကြားမှာဆိုလျှင် အဲ့ဒါက ပိုလို့တောင်အဖြစ်များလေသည်။

သူတို့၏ဧရိယာက သေးငယ်သော်လည်း အဲ့ဒီမှာ သွေးနှောနဂါးများစွာက နေထိုင်ကြလေသည်။ တဖြည်းဖြည်းနှင့် သွေးနှောနဂါးများကြားမှာ အဖွဲ့အစည်းလေးခုဖြစ်ပေါ်လာခဲ့လေသည်။ အဲ့ဒါက မိုးနဂါး ၊ တိမ်လွှာနဂါး ၊ ရစ်ခွေနဂါးနှင့် ရေနဂါးတို့ဖြစ်လေသည်။

ထိုအဖွဲ့အစည်းလေးခုကြားမှာ တိုက်ပွဲများက မကြာခဏဖြစ်ပွားတတ်လေသည်။

သို့သော်လည်း ဤရက်များအတွင်း ထိုအဖွဲ့အစည်းလေးခုကြားမှာ ခိုက်ရန်ဖြစ်ပွားမှုများ နည်းပါးလာခဲ့လေသည်။ အကြောင်းမှာ အပြင်လူတစ်ယောက်က သူတို့၏နယ်မြေထဲမှာ ပေါ်ထွက်လာသောကြောင့်ပင်။

ပို၍ အရေးကြီးသည်မှာ ဤအပြင်လူသည် ဤနေရာကို ခြေချခွင့်မရှိသောသူ ဖြစ်လေသည်။

ရေနဂါးမျိုးရိုးကတောင် ဤလူကိုလက်မခံနိုင်ကြပေ။

သူက မြွေတစ်ကောင်သာ​ဖြစ်ပြီး အစစ်အမှန်ရေနဂါးတစ်ကောင်ကို မီဖို့အဝေးကြီးမှာဖြစ်လေသည်။

သူတို့ကို နှိုင်းယှဥ်မည်ဆိုလျှင် မိုးနဲ့မြေလိုပင်။

သို့သော်လည်း ဤအပြင်လူသည် ဤနေရာသို့ ခြေချလာခဲ့ရုံသာမက သူသည် သူတို့လက်လှမ်းမမီသော ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းသို့ပင် ဝင်ရောက်နိုင်ခဲ့သည်ဟု များစွာသောနဂါးများက ကြားသိခဲ့ရလေသည်။

ဤအချက်က များစွာသော နဂါးများကို ပို၍ပင် မကျေမနပ်ဖြစ်လာစေလေသည်။

ပြီးခဲ့သည့်ရက်များအတွင်း မိုးနဂါးဖြစ်စေ ၊ တိမ်လွှာနဂါးဖြစ်စေ ၊ ရစ်ခွေနဂါးဖြစ်စေ သို့မဟုတ် ရေနဂါးဖြစ်စေ နဂါးမျိုးနွယ်၏ မူလနတ္ထိအဆင့်ကို ရောက်ရှိနေသူတိုင်းသည် အပြင်လူကို သင်ခန်းစာတစ်ခု လာပေးနေကြလေသည်။ သူတို့က အဲ့ဒါအတွက် မမောနိုင်မပန်းနိုင်ဖြစ်နေကြလေသည်။

လုံလောက်သည့်ခွန်အားမရှိလျှင် သူက သူတို့နှင့်အတူ ယှဥ်တွဲနေထိုင်ဖို့ အဆင့်မမီပေ။

မြွေတစ်ကောင်သည် နဂါးများနှင့်အတူနေထိုင်ခွင့်ရလိမ့်မည်မဟုတ်ပေ။

အဲ့ဒါက နဂါးမျိုးနွယ်၏ မာန်မာနဖြစ်လေသည်။ သူတို့၏ မျက်လုံးထဲတွင် မြွေနဂါးဆိုသည်မှာ မြွေတစ်ကောင်မျှသာဖြစ်လေသည်။

နဂါးသားရဲတွင်းများကို မြင့်မားသော တောင်ထွတ်တစ်ခု၏ ဘေးပတ်လည်မှာ တည်ဆောက်ထားကြလေသည်။

နဂါးသားရဲတွင်းတစ်ခုချင်းစီတိုင်းသည် အလွန်တရာကျယ်ဝန်းပြီး မြင့်မားလေသည်။ နဂါးများက အထဲမှာနေထိုင်၍ ကျင့်ကြံကြလေသည်။

ထိုအခိုက်အတန့်တွင် နဂါးသားရဲတွင်းတစ်ခု၏ရှေ့မှာ များစွာသော နဂါးများက စုဝေးနေကြလေသည်။ သူတို့က တိမ်လွှာနဂါး ၊ ရစ်ခွေနဂါး ၊ မိုးနဂါးနှင့် ရေနဂါးမျိုးရိုးတို့မှဖြစ်ပြီး အယောက်တစ်ရာနီးပါးရှိကြလေသည်။

“ဒီနေ့... အဲ့ဒီလူကို သင်ခန်းစာပေးဖို့ဘယ်သူ့အလှည့်လဲ...”

“အဲ့ဒါက ငါတို့ရေနဂါးမျိုးရိုးအလှည့်ပဲ...”

“အဲ့ဒါကို ငါလုပ်လိုက်မယ်...”

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာခဲ့လေသည်။ သူက သန်မာသောကိုယ်ကာယရှိပြီး သူ၏လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်လေသည်။ သူ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုရှိနေပြီး နဂါးသားရဲတွင်းရှေ့သို့ စိတ်အေးလက်အေးအမူအရာတစ်ခုဖြင့် လျှောက်လှမ်းသွားလေသည်။

“ဟေး... ညင်ညင်သာသာလုပ်နော် သူ့ကိုတစ်ခါတည်းတန်းပြီး မသတ်လိုက်နဲ့ဦး.... ငါတို့ တိမ်လွှာနဂါးမျိုးရိုးမှာ သူနဲ့လေ့ကျင့်ဖို့ စောင့်နေတဲ့နဂါးတွေ အများကြီးရှိသေးတယ်”

နဂါးအချို့က အော်ဟစ်ရယ်မောလိုက်ကြလေသည်။

မသိလိုက်မသိလိုက်ဘာသာနှင့်ပင် သွေးနီရောင်ဆံပင်နှင့်လူတစ်ယောက်က လူအုပ်ကြီးထဲမှာ ရောက်ရှိလာခဲ့လေသည်။ သူက ကြော့ရှင်းချောမောသော ရုပ်ရည်သွင်ပြင်ရှိလေသည်။

“ဟေ့....”

သွေးနီရောင်ဆံပင်နှင့်လူက နဂါးတစ်ကောင်၏ ပုခုံးကိုပုတ်ပြီးမေးလိုက်လေသည်။

“အဲ့ဒီမြွေနဂါးက နဂါးသားရဲတွင်းထဲမှာ ကျင့်ကြံနေတာဆိုရင် ခင်ဗျားတို့တွေက သူ့ကို အတင်းအကျပ်ထွက်လာခိုင်းလို့မရဘူးလေ... ဟုတ်တယ်မလား”

နဂါးများသည် စိတ်ရှိသလိုတိုက်ခိုက်သတ်ဖြတ်နိုင်ကြသော်လည်း အဲ့ဒီမှာ ကန့်သတ်မှုများလည်းရှိလေသည်။

မည်သည့်နဂါးမဆို သူတို့သားရဲတွင်းမှာနေထိုင်ပြီး ကျင့်ကြံနေမည်ဆိုလျှင် အခြားသောနဂါးများက သူတို့ကိုနှောင့်ယှက်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုနဂါးက သူ၏သားရဲတွင်းက ထွက်လာမှသာလျှင် အခြားသောနဂါးများက စိန်ခေါ်တိုက်ခိုက်နိုင်ပေလိမ့်မည်။

“ဟားဟား... ညီကို... ခင်ဗျားက.နဂါးမျိုးနွယ်ရဲ့ စည်းမျဥ်းစည်းကမ်းတွေအကြောင်းပြောနေတာပဲ... ဒါပေမယ့်လို့ အထဲမှရှိနေတာက မြွေနဂါးတစ်ကောင်ပဲ... သူက ဘယ်လိုလုပ်ဒီနေရာမှာနေဖို့ အဆင့်မီပါ့မလဲ..”

“သူက အထဲမှာပဲ ပုန်းနေပြီးတော့ ထွက်မလာဘူးဆိုရင် ငါတို့က သူ့ကိုအပြင်ကို ဆွဲခေါ်ထုတ်ရမာပေါ့”

ထိုသည်ကိုကြားသောအခါ သွေးနီရောင်ဆံပင်နှင့်လူသည် အမူအရာကင်းမဲ့နေသော်လည်း သူ၏အကြည့်ကပို၍ အေးစက်လာခဲ့လေသည်။

ထိုနဂါးသည် ဤလူက ရင်းနှီးပုံမရသည်ကိုမြင်သောအခါ သူက တစ်ခုခုမေးချင်မိလေသည်။

သို့သော်လည်း ထိုသူ၏အကြည့်နှင့်ဆုံမိချိန်တွင် သူ၏အော်ရာက သိသိသာသာအားနည်းသွားခဲ့လေသည်။ သူက ပြောချင်သောစကားများကို အတင်းပြန်လည်မျိုချလိုက်ရလေသည်။

အဲ့ဒါက မျိုးဆက်သွေးအရ ဖိနှိမ်မှုတစ်ခုဖြစ်လေသည်။

‘မီးပဒေသာနဂါးမျိုးရိုးက တစ်ယောက်ယောက်ဖြစ်မယ်ထင်တယ်’

သွေးနီရောင်ဆံပင်နှင့်လူ၏ ဆံပင်အရောင်ကိုသတိထားမိသောအခါ ထိုနဂါးသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ့ဘာသူတွေးလိုက်လေသည်။

“တစ်ခုခုတော့မှားနေတယ်... သူ့ပုံစံကတော့ မီးပဒေသာနဂါးမျိုးရိုးကပဲ... ဒါပေမယ့်လို့ သူ့ရဲ့မျိုးဆက်သွေးက မသန့်စင်ဘူးလို့ ငါဘာလို့ခံစားနေရတာပါလိမ့်...”

သူက ဝေခွဲမရဖြစ်နေသော်လည်း ထိုနဂါးက ထုတ်ဖော်မေးမြန်းရဲခြင်းမရှိပေ။

သွေးနီရောင်ဆံပင်နှင့်လူအနားမှာရပ်နေရင်း သူသည် ကပ်ဘေးတစ်ခုကျရောက်လာတော့မည့်အလား ရင်ထဲမှ တလှပ်လှပ်ခံစားနေရလေသည်။

သွေးနီရောင်ဆံပင်နှင့်လူက ဆူဇီမိုဖြစ်လေသည်။

တစ်ကိုယ်တော်တိမ်စိုင်၏ အခြေအနေကိုကြားသိရသောအခါ သူက ဒွိဟဖြစ်သွားခဲ့လေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ဘာပဲပြောပြော နဂါးတစ်ကောင်အဖြစ် အသွင်မပြောင်းလဲနိုင်သေးသည့်အတွက် သူက ဤနေရာမှာရှိသည့်နဂါးများကို မယှဥ်နိုင်သည်မှာ မထူးဆန်းပေ။

သို့သော်လည်း သူက သားရဲတွင်းထဲမှာ အဆက်မပြတ် ကျင့်ကြံသည်နှင့်အမျှ နဂါးချီများပေါ်ကြွယ်ဝသော ဤပတ်ဝန်းကျင်မှာ သူသည် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲလာနိုင်ဖို့အခွင့်များလေသည်။

တစ်ကိုယ်တော်တိမ်စိုင်က ဘာလို့အဲ့လောက်ထိဆိုးဆိုးဝါးဝါး ထိခိုက်ခံစားရနေရတာလဲ...။

ထိုနဂါး၏ ပြန်ဖြေစကားကိုကြားသောအခါ ဤနဂါးများသည် တစ်ကိုယ်တော်တိမ်စိုင်ကို ကျင့်ကြံဖို့ပင် အခွင့်အရေးမပေးသည်ကို ဆူဇီမိုက နောက်ဆုံးနားလည်သွားခဲ့လေသည်။

တစ်ကိုယ်တော်တိမ်စိုင်က သူတို့၏မျက်လုံးထဲမှာ ကစားစရာတစ်ခုထက်ပိုမနေပေ။

“တစ်ကိုယ်တော်တိမ်စိုင်.... ထွက်လာခဲ့စမ်း”

အဖြူရောင်ဝတ်လူငယ်က ​ကျယ်လောင်စွာထုတ်ဖော်ကြေညာလိုက်လေသည်။

“မင်းက သားရဲတွင်းထဲမှာ ပုန်းနေတာနဲ့ပဲ ဘေးကင်းလုံခြုံပြီလို့ထင်မနေနဲ့.... မင်းကမြွေတစ်ကောင်ပဲ... မင်းက ဒီနေရာမှာနေဖို့အဆင့်မမီဘူး”

“အထဲကိုသွားပြီး သူ့ကိုဆွဲထုတ်လာခဲ့ကွာ...”

များစွာသော နဂါးများက အော်ဟစ်အားပေးလိုက်ကြလေသည်။

အဖြူရောင်ဝတ်လူက အထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် သားရဲတွင်းထဲကနေ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်က ပို၍ရှင်းလင်းလာပြီး ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းလာခဲ့လေသည်။

ထိုပုံရိပ်က သားရဲတွင်း၏ ဝင်ပေါက်ဝမှာရပ်လိုက်သောအခါ ဆူဇီမိုက သူ၏မျက်လုံးကိုမှေးကျဥ်းပြီး ရင်ထဲမှာနာကျင်သွားရလေသည်။

အဲ့ဒါက တစ်ကိုယ်တော်တိမ်စိုင်ဖြစ်လေသည်။

သို့သော်လည်း သူ၏ပုံပန်းသွင်ပြင်က ရုပ်ပျက်ဆင်းပျက်နီးပါး ဖြစ်နေခဲ့လေသည်။

သူ၏ပါးနှစ်ဖက်က ယောင်ကိုင်းနေပြီး သူ၏မျက်နှာက တွန့်လိမ်စုတ်ပြဲ၍ တစ်ကိုယ်လုံးမှာ ဒဏ်ရာများရှိနေလေသည်။

ဒဏ်ရာအချို့သည် အနာဖေးများ ဖြစ်တည်လာခါစဖြစ်သော်လည်း သူ၏လှုပ်ရှားမှုကြောင့် အနာဖေးများက ကွဲထွက်သွားပြီး သွေးများက တစ်ဖန်စီးကျလာခဲ့လေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ဒဏ်ရာများဖြင့်ပြည့်နှက်၍ ဆိုးဆိုးဝါးဝါးပုံပေါက်နေလေသည်။ သို့သော်လည်း သူ၏မျက်လုံးနှစ်ဖက်က အကြောက်အလန့်ကင်းမဲ့နေပြီး စိတ်ဓာတ်ခိုင်မာမှုနှင့်မာန်မာနတို့ဖြင့် ပြည့်နှက်နေလေသည်။

“ဒီနေ့က မင်းအလှည့်လား....”

တစ်ကိုယ်တော်တိမ်စိုင်သည် ရယ်ချင်မိသည့်အလား သူ၏နှုတ်ခမ်းက ကွေးညွတ်သွားလေသည်။

သူ့မျက်နှာပေါ်ရှိဒဏ်ရာများက စုတ်ပြဲသွားပြီး သွေးများက စီးကျလာကာ တစ်နည်းတစ်ဖုံကြောက်စရာကောင်းနေလေသည်။

“လာခဲ့လေ...”

သူ၏အသံက ခြောက်ကပ်အက်ကွဲ၍ မနှစ်မြို့ဖွယ်ရာကောင်းနေလေသည်။

သူက လည်ချောင်းသံဖြင့် တစ်ချက်ဟိန်းဟောက်လိုက်လေသည်။

အဖြူရောင်ဝတ်ဆုံနှင့်လူက မှင်သေသေအမူအရာဖြင့် ပြောလိုက်လေသည်။

“သခင်လေးက ငါ့ကိုသတင်းစကားပါးခိုင်းလိုက်တယ်... မင်းက ငါ့သခင်လေးရဲ့ အစီးအနင်းတောကောင်လုပ်ဖို့ သဘောတူမယ်ဆိုရင် ငါတို့ရေနဂါးမျိုးရိုးက မင်းကိုကာကွယ်ပေးမယ်”

“လုံးဝမဖြစ်နိုင်ဘူး...”

တစ်ကိုယ်တော်တိမ်စိုင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းပယ်လိုက်လေသည်။

“ဟားဟား....”

အဖြူရောင်ဝတ်လူငယ်က လှောင်ရယ်လိုက်လေသည်။

“တစ်ကိုယ်တော်တိမ်စိုင်... မင်းက မြွေတစ်ကောင်သာသာပဲ... ငါတို့ရဲ့သခင်လေးက မင်းကိုအစီးအနင်းတောကောင်အဖြစ် လက်ခံတယ်ဆိုတာ မင်းကို မျက်နှာသာပေးထားတာပဲ... စေတနာကိုမစော်ကားနဲ့”

“မင်းတို့ရဲ့သခင်လေးက မထိုက်တန်ဘူး...”

တစ်ကိုယ်တော်တိမ်စိုင်က သွားဖြီးပြလိုက်လေသည်။

“မင်းကတော့ သေချင်နေပြီပဲ....”

အဖြူရောင်ဝတ်လူငယ်၏ အမူအရာက ညိုမည်းသွားလေသည်။ ဖျပ်ခနဲဆို သူက တစ်ကိုယ်တော်တိမ်စိုင်ရှေ့သို့ ရောက်ရှိသွားပြီး သူ၏ ကြီးမားသည့်လက်ဝါးကိုဖြန့်ကာ တစ်ကိုယ်တော်တိမ်စိုင်၏ပါးကို ရိုက်ချလိုက်လေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ဆိုးဆိုးဝါးဝါးအခြေအနေမှာရှိနေပြီး သူက သူ့ကိုယ်သူပင် ကောင်းမွန်စွာမရပ်တည်နိုင်ပေ။

သူက ထိုကဲ့သို့သောတိုက်ခိုက်မှုကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ...။

ရုတ်တရက်ဆိုသလို လေပြေတစ်ချက်က တိုက်ခတ်သွားလေသည်။

တစ်ကိုယ်တော်တိမ်စိုင်၏ရှေ့တွင် လူတစ်ယောက်က ရောက်ရှိလာခဲ့လေသည်။

ဖောက်....

ထိုလူက အဖြူရောင်ဝတ်လူ၏လက်ကို မလှုပ်မယှက်ဖမ်းဆုပ်လိုက်လေသည်။

“သေချင်နေတယ်လို့... မင်း ဘယ်သူ့ကိုပြောတာလဲ”

ထိုလူက အဖြူရောင်ဝတ်လူကို တည်ငြိမ်စွာကြည့်၍ မေးမြန်းလိုက်လေသည်။

All Chapters