မင်းတို့ရဲ့ သခင်လေးကို ငါ့ကို လာတွေ့ခိုင်းလိုက်
Vol. 72 Ch. 1073
“ဒါက…”
“အဲဒါက အရမ်းကို လွယ်ကူလွန်းမနေဘူးလား”
လုံမို၏ခွန်အားသည် သူတို့ တွေးထင်ထားသည်ထက် များစွာပို၍ ကြောက်စရာကောင်းနေကြောင်း နဂါးများက တဖြည်းဖြည်း သဘောပေါက်လာခဲ့လေသည်။
တိမ်လွှာနဂါးမျိုးရိုး၏ လျှို့ဝှက်အတတ်ဖြစ်သော တိမ်လွှာရောထွေးခြင်းသည် လုံမို၏ မျက်လုံးထဲတွင် ဟန်ပြသက်သက်မျှသာ ဖြစ်လေသည်။
ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားလေသည်။ အဲဒါကို ကမ္ဘာဦးမျိုးနွယ် ၉ စုမှ အမွေအနှစ် ကျင့်ကြံရေးနည်းစနစ်များပင် မယှဉ်နိုင်ဘူးဟုဆိုလျှင် လွန်ရာကျမည် မဟုတ်ပေ။
အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် မည်သည့် စက္ခုနည်းစနစ်မှ မပါဝင်သော်လည်း သူ၏အမြင်အာရုံက အရမ်းကို အားကောင်းနေပြီး တိမ်လွှာများကို ဖောက်ထွင်း၍ မြင်နိုင်လေသည်။
ဒါ့အပြင်.. ဆူဇီမိုသည် မီးပဒေသာ နဂါးမျက်လုံးကို ကျင့်ကြံထားသည့်အပြင် သူ၏ ညာဘက်မျက်လုံးထဲမှာ မီးပဒေသာကျောက်တုံး ရှိနေလေသည်။
ဖျောက်.. ဖျောက်.. ဖျောက်…
ရုတ်တရက်.. ဆူဇီမို၏ ဦးခေါင်းထက်တွင် နက်မှောင်နေသော တိမ်စိုင်များက ပေါ်ထွက်လာပြီး မိုးများက သည်းထန်စွာ ကျဆင်းလာလေသည်။
အပ်များ.. ဓားများကဲ့သို့ မိုးပေါက်များက ဆူဇီမိုအပေါ်သို့ ကျဆင်းလာခဲ့လေသည်။
မိုးနဂါးမျိုးရိုးမှ လူငယ်တစ်ယောက်က တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။ သို့သော်လည်း သူက ဆူဇီမိုကို အနီးကပ်တိုက်ခိုက်ခြင်း မဟုတ်ပေ။ ထိုအစား သူက ခပ်လှမ်းလှမ်းမှာ ရပ်၍ မိုးနဂါးမျိုးရိုး၏ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်လေသည်။
“ဟမ်..”
ဆူဇီမိုက သူ၏ခေါင်းကို မော့လိုက်ပြီး သူ၏မျက်လုံးများက ကြည်လင်တောက်ပနေလေသည်။ သူက ကျဆင်းလာသော မိုးပေါက်များကို အကြောက်အလန့် ကင်းမဲ့စွာ မျက်နှာချင်းဆိုင်ပြီး ရုတ်တရက် အော်လိုက်လေသည်။
“ပျက်ပြယ်စမ်း”
ဝုန်း..
သူ၏အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့လေသည်။
ဆူဇီမို၏ ဦးခေါင်းထက်တွင် ရစ်ဝဲနေသော တိမ်ညိုတိမ်မည်းများသည် ကျယ်လောင်သော မြည်သံနှင့်အတူ ပျက်ပြယ်သွားပြီး ကျဆင်းလာသော မိုးပေါက်များကလည်း ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား.. ဘေးဘက်သို့ ပြန့်ကျဲသွားလေသည်။
မိုးများက သည်းထန်စွာ ရွာဆင်းလာသော်လည်း ဆူဇီမိုအပေါ်သို့ မည်သည့်မိုးပေါက်ကမှ ကျမလာခဲ့ပေ။
နဂါးများက တုန်လှုပ်သွားရလေသည်။
လုံမိုသည် နေရာကနေ လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ဟိန်းဟောက်လိုက်ရုံမျှသာ ဖြစ်လေသည်။ ဒါတောင် မိုးနဂါးမျိုးရိုး၏ လျှို့ဝှက်အတတ်က ပျောက်ကွယ်သွားရလေသည်။
အဲဒါက ဘယ်လိုစွမ်းအား အမျိုးအစားပါလိမ့်..။
အဲဒါက မျိုးဆက်သွေး ဖိနှိမ်မှုပေပဲလား..။
အဲဒါက မဖြစ်နိုင်ပေ..။
မဟာနဂါးမျိုးရိုး ၅ခုပင်လျှင် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် မျိုးဆက်သွေးကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် လုံမို၏ မျိုးဆက်သွေးက သန့်စင်မှု မရှိပေ။ သူက ဘယ်လိုလုပ် အဲလောက်ထိ ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်ဖော်နိုင်ရတာလဲ..။
မိုးနဂါးမျိုးရိုးမှ လူငယ်သည် နေရာမှာပင် မှင်တက်၍ သူ၏စိတ်က ဗလာကျင်းသွားလေသည်။
ဆူဇီမို၏ အမူအရာက ခါတိုင်းလိုပင် တည်ငြိမ်နေလေသည်။ သူ၏ လက်တစ်ဖက်ကို နောက်ပစ်၍ သူက တစ်ဖက်လူ၏ရှေ့သို့ ရောက်ရှိလာပြီး သူ၏လက်ဝါးကို ဆန့်ထုတ်ကာ ဖိချလိုက်လေသည်။
ဘန်း..
မိုးနဂါးမျိုးရိုးမှ လူငယ်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ အဝတ်အစားများက စုတ်ပြဲသွားလေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသည့် လက်ဝါးရာတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ သူက လွင့်စင်ထွက်သွားပြီး သူ၏ အရွတ်များနှင့် အရိုးများက စုတ်ပြဲကျိုးပြတ်၍ မြေပြင်ပေါ်မှာ လဲကျကာ ပြန်ထမလာနိုင်တော့ပေ။
တကယ်တော့ ဆူဇီမိုသည် ဒေါသထွက်နေသော်လည်း သူ့မှာ ဆင်ခြင်တုံတရား ရှိနေသေးလေသည်။
သူ၏ တိုက်ခိုက်မှုများက သေကွင်းသေကွက်ကို မချိန်ရွယ်ပေ။
နဂါးသွေးတိုက်ပွဲမြေကလွဲလျှင် နဂါးမျိုးနွယ်၏ အခြားနေရာများမှာ သတ်ဖြတ်ခြင်းကို တားမြစ်ထားလေသည်။
သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုများက အရမ်းကို ပြင်းထန်လေသည်။
သူ တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်တိုင်း အရွတ်များနှင့် အရိုးများက စုတ်ပြဲကျိုးပဲ့ကုန်လေသည်။ နဂါးမျိုးနွယ်၏ စွမ်းအားကြီးသော မျိုးဆက်သွေးနှင့်ပင်လျှင် ထိုကဲ့သို့သော ဒဏ်ရာများကို ကုသဖို့အတွက် အနည်းဆုံး လဝက်လောက် အချိန်ယူရပေလိမ့်မည်။
တစ်ခဏအတွင်း.. နဂါးများက ကြောင်အမှင်တက်နေကြလေသည်။
သို့သော်လည်း ဆူဇီမိုက ရပ်တန့်ခြင်း မရှိပေ။ သူက အပျင်းပြေ လမ်းလျှောက်နေသည့်အလား နဂါးအုပ်ဆီသို့ လျှောက်လှမ်းသွားပြီး သူ၏လက်ကို တစ်ဖန်ဆန့်ထုတ်၍ ရစ်ခွေနဂါးမျိုးနွယ်မှ လူငယ်တစ်ယောက်ကို ဖိနှိမ်လိုက်လေသည်။
ဒီတစ်ကြိမ်တွင်တော့ ဆူဇီမိုက အရင်စ၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
“မင်း..”
ရစ်ခွေနဂါးမျိုးနွယ်မှ လူငယ်သည် ဒေါသထွက်သွားလေသည်။ သူသည် ဆူဇီမို၏ နည်းလမ်းများမှာ မှင်တက်နေသော်လည်း ဤကဲ့သို့ ရန်စစော်ကားမှုကို သည်းခံလိမ့်မည် မဟုတ်ပေ။
ရုတ်တရက်.. ရစ်ခွေနဂါးမျိုးနွယ်မှ လူငယ်သည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး အနက်ရောင် မြူခိုးတစ်လုံးကို ထွေးထုတ်လိုက်လေသည်။
မြူခိုးများက အနံ့ပြင်းထန်ပြီး ထွက်ပေါ်လာသည့် ခဏမှာပင် တရှဲရှဲ အသံများကို ထုတ်ပေးလာလေသည်။
လေထဲရှိ စိတ်ဝိညာဉ်ချီများသည် ထိုမြူခိုးဖြင့် တိုက်စားခံလိုက်ရလေသည်။
ရစ်ခွေနဂါးမျိုးနွယ်၏ မျိုးဆက်သွေးတွင် အဆိပ်ဓာတ်ပါဝင်ပြီး သူတို့က အဲဒါကို ကောင်းကောင်း အသုံးချနိုင်လေသည်။
သို့သော်လည်း သူက ဘယ်လိုပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်နေရသလဲ နားမလည်သေးပေ။
ဆူဇီမို၏ အစစ်အမှန် နဂါးခန္ဓာကိုယ်၏ မျိုးဆက်သွေးအရ တော်ရုံတန်ရုံ အဆိပ်က သူ့ကို လုံးဝ ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
ဆူဇီမိုသည် နက်မှောင်နေသော မြူခိုးများကို ဖြတ်လျှောက်လာခဲ့လေသည်။ သူ၏ လက်ဝါးက လုံးဝ ရပ်တန့်သွားခြင်း မရှိဘဲ ရစ်ခွေနဂါးမျိုးနွယ်မှ ထိုလူငယ်အပေါ် ကျဆင်း၍ သူ့ကို လွင့်စင်ထွက်သွားစေလေသည်။
ဖောင်း..
ရစ်ခွေနဂါးမျိုးနွယ်မှ လူငယ်သည် ပါးစပ်အပြည့် သွေးများကို ထွေးထုတ်ပြီး နေရာမှာပင် သတိလစ်သွားခဲ့လေသည်။
ဆူဇီမိုသည် နဂါးအုပ်ထဲသို့ တိုးဝင်သွားပြီး သူသွားလေရာ နေရာတိုင်း အသားစများနှင့် သွေးများက ပြန့်ကျဲသွားခဲ့လေသည်။ နဂါးများ အားလုံးသည် လွင့်စင်ထွက်ကုန်ပြီး မည်သူကမှ သူ့ကို မတားဆီးနိုင်ကြပေ။
နဂါး ၁၀၀ ကျော်သည် တစ်ခဏအတွင်းမှာပင် ဆူဇီမို၏ လက်ချက်ဖြင့် ဒုက္ခိတများ ဖြစ်ကုန်ကြလေသည်။
အဲဒါက အပြင်ဘက်ရှိ ကျင့်ကြံရေးလောကမှာသာဆိုလျှင် ဤကဲ့သို့သော အခြေအနေနှင့် ကြုံတွေ့ရပါက.. ကျန်ရှိနေသော ကျင့်ကြံသူများက နောက်ဆုတ် ထွက်ပြေးကုန်ကြပေလိမ့်မည်။
သို့သော်လည်း နဂါးမျိုးနွယ်ကြားမှာ အားနည်းသော မျိုးဆက်သွေးနှင့် သွေးနှောနဂါးများပင်လျှင် နောက်ဆုတ်ကြခြင်း မရှိပေ။
နောက်မဆုတ်ခြင်း၏ ရလဒ်က သွေးသံရဲရဲဖြင့် ဖိနှိမ်ခံရခြင်းပင် ဖြစ်လေသည်။
ဆူဇီမိုသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး လှုပ်ရှားမှု တစ်ခုချင်းစီကိုသာ အသုံးပြုလေသည်။ သူ၏ လက်ဝါးတစ်ဖက်ဖြင့် သူက လူတိုင်းကို ဖိနှိမ်နိုင်လေသည်။
သို့သော်လည်း နဂါး ၁၀၀ ကျော်ကျော်ထဲတွင် မည်သူကမှ ထိုလှုပ်ရှားကွက်တစ်ကွက်ကို ခံနိုင်ရည်မရှိကြပေ။
ပကတိ ဖိနှိမ်ခြင်း..
တစ်ကိုယ်တော်တိမ်စိုင်၏ သားရဲတွင်းသို့ ရောက်ရှိလာကြသော မည်သည့်နဂါးကမှ အပြစ်မကင်းစင်ကြပေ။
သူတို့အားလုံးသည် တစ်ကိုယ်တော်တိမ်စိုင်ကို အရင်က အနိုင်ကျင့်ခဲ့ကြဖူးလေသည်။
တစ်ခဏအတွင်းမှာပင် နဂါး ၁၀၀ ကျော်က ဆူဇီမို၏ ဖိနှိမ်ခြင်းကို ခံလိုက်ရလေသည်။
သူတို့အားလုံးက သတိလစ်သူလစ်.. မြေပြင်ပေါ်မှာ လဲကျသူလဲကျနှင့် မကြာမကြာ စူးစူးဝါးဝါး အော်ဟစ်နေကြလေသည်။
သူက သူ၏ လမ်းကြောင်းတစ်လျှောက် အရာရာတိုင်းကို ဖိနှိမ်သွားခဲ့လေပြီ။
တိုက်ပွဲနယ်မြေတွင် သွေးချီက တထောင်းထောင်း ထနေလေသည်။
အဲဒီမှာ ဆူဇီမိုကလွဲလျှင် ရေနဂါးမျိုးနွယ်မှ လူငယ်တစ်ယောက်သာလျှင် နေရာမှာ မတ်တတ်ရပ်ကျန်နေလေသည်။
ထိုသူ၏ရှေ့သို့ ရောက်ရှိလာပြီးနောက်.. ဆူဇီမိုက ဘာစကားမှ မပြောဘဲ တည်ငြိမ်နေသော အကြည့်ဖြင့် အမူအရာကင်းမဲ့စွာ သူ့ကို စိုက်ကြည့်လိုက်လေသည်။
သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေလေသည်။
ရေနဂါးမျိုးနွယ်မှ လူငယ်သည် ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူ၏လက်နှစ်ဖက်က အနည်းငယ် တုန်ယင်နေလေသည်။ သူက ချွေးများဖြင့် စိုရွှဲနေလေပြီ။
သူ့မှာ နဂါးတစ်ကောင်၏ ဂုဏ်သိက္ခာရှိနေသေးသော်လည်း သူ့အနေဖြင့် ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝ မကြောက်မလန့်ဘဲ နေနိုင်ဖို့က မဖြစ်နိုင်ပေ။
သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင် ရပ်နေကြသော်လည်း ရေနဂါးမျိုးနွယ်မှ လူငယ်သည် သူ၏ခေါင်းကို မော့၍ ကြည့်ရဲခြင်း မရှိပေ။
ဆူဇီမို၏ ကြောက်စရာကောင်းသော အော်ရာနှင့် ရင်ဆိုင်ရချိန်တွင် ထိုလူသည် သူ၏ခေါင်းကို ငုံ့ထားပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိပေ။ သူက မြေပြင်ပေါ်မှာ ဒူးထောက်ချင်စိတ်ပင် ပေါက်နေလေသည်။
သူ့ရှေ့မှလူသည် သူ၏ ဝိညာဉ်နှင့် မျိုးဆက်သွေး အနက်ပိုင်းထဲရှိ အကြောက်တရားကို လှုံ့ဆော်ပေးနေလေသည်။
ထိုအခိုက်အတန့်တွင် ဤနေရာမှာ ဖြစ်ပွားခဲ့သော ရုတ်ရုတ်သဲသဲ အခြေအနေသည် အခြားသော သွေးနှောနဂါးများစွာကို ဆွဲဆောင်မိသွားခဲ့လေသည်။
တကယ်ဆို မလှမ်းမကမ်းတွင် မဟာမျိုးရိုး ၅ ခုမှ နဂါးအချို့ပင်လျှင် ရှိနေကြလေသည်။
ဒုတ်..
နဂါးတိုင်း၏ ရှေ့မှောက်မှာပင် ရေနဂါးမျိုးနွယ်မှ လူငယ်သည် ရုတ်တရက် ဒူးထောက်ကျသွားလေသည်။ သူသည် အကန့်အသတ်မဲ့သော အကြောက်တရားနှင့် ဖိအားကို ကြိတ်မှိတ်ခံစားနေရသည့်အလား.. သူ၏ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်နေလေသည်။
ထိုမြင်ကွင်းက များစွာသော နဂါးများကြားမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာစေလေသည်။
သူ့အနေဖြင့် နဂါးများကို ဖိနှိမ်နိုင်သည်က တစ်ချက်သက်သက်ဖြစ်ပြီး သူက လက်တစ်ဖက် နောက်ပစ်ထားလျက်နှင့် ရေနဂါးတစ်ကောင်ကို သူ့ရှေ့မှာ ဒူးထောက်ကျသွားစေသည်က နောက်ထပ် တစ်ချက်သက်သက် ဖြစ်လေသည်။
“ထွီ..”
နဂါးတစ်ကောင်သည် အထင်အမြင်သေးသည့် အမူအရာဖြင့် တံတွေးတစ်ချက်ထွေးပြီး လှောင်ရယ်လိုက်လေသည်။
“ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲ.. မင်းက မနိုင်ဘူးဆိုရင်လည်း ဒူးထောက်စရာတော့ မလိုဘူးလေ.. နဂါးတစ်ကောင်ရဲ့ ဂုဏ်သိက္ခာကို မညစ်နွမ်းစေနဲ့”
“ဟမ့်.. ငါ့အထင်တော့ အဲဒီရေနဂါးက သိပ်ပြီးကြာကြာ အသက်ရှင်နိုင်မယ့်ပုံမပေါ်ဘူး.. တခြားရေနဂါးတွေက သူ့ကို ညှင်းပန်းနှိပ်စက်လို့ သူက သေချာပေါက် သေရမှာပဲ”
ရေနဂါးမျိုးနွယ်မှ လူငယ်သည် သူ့ဘေးပတ်လည်ရှိ အသံများကို ကြားသောအခါ ပို၍ခါးသက်စွာ ခံစားလာရလေသည်။
သူတို့သည် သွေးနီရောင်ဆံပင် ဤလူငယ်နှင့် မရင်ဆိုင်ရသေးသရွေ့ သူတို့သည် ဤဖိအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုသည်ကို နားလည်နိုင်ကြမည် မဟုတ်ပေ။
သူက အဲဒါကို လုံးဝ ခံနိုင်ရည်မရှိတော့ပေ။
သွေးနီရောင်ဝတ်လူသည် မဟာမျိုးရိုး ၅ ခုထဲမှ နဂါးများထက်ပင် ပို၍ ကြောက်စရာကောင်းသည်ဟူသော ခံစားချက်ကို သူ့အား ပေးနေလေသည်။
“ငါ မင်းကို ဘာလို့ မတိုက်ခိုက်ဘဲ ချန်ထားခဲ့တာလဲ မင်းသိလား”
ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်လေသည်။
“မ… မသိပါဘူး”
ရေနဂါးမျိုးနွယ်မှ လူငယ်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏အသံက ခဏမျှ ရပ်တန့်သွားလေသည်။
ဆူဇီမိုက ပြောလိုက်လေသည်။
“မင်းတို့ ရေနဂါးမျိုးနွယ်က သခင်လေးကို ငါ့ကို လာတွေ့ခိုင်းလိုက်”
သူ၏လေသံက တည်ငြိမ်နေသော်လည်း အဲဒါက ပြန်လှန်မေးခွန်း မထုတ်ဝံ့အောင် လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။
“ဟုတ်ကဲ့..”
ဘာကြောင့်ရယ်မသိ.. ရေနဂါးမျိုးနွယ်မှ လူငယ်သည် အဲဒါကို အလိုလို လက်ခံသဘောတူလိုက်လေသည်။
ထိုလူသည် သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသည့်အလား.. ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ချက်ချင်း လှည့်ထွက်ရဲခြင်း မရှိပေ။
သူက ခေါင်းကိုငုံ့၍ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားလေသည်။ ခြေလှမ်း အနည်းငယ်ခွာပြီးမှ သူက တစ်ချိုးတည်း လှည့်ထွက်သွားလေသည်။