မျိုးဆက်သွေးဖိနှိမ်ခြင်း
Vol. 72 Ch. 1074
မလှမ်းမကမ်းတွင် နီရဲနေသောဆံပင်များနှင့် အရိုင်းဆန်သော အမူအရာများရှိသည့် မီးပဒေသာနဂါးအချို့သည် ဖြစ်ပျက်သမျှကို တည်ငြိမ်စွာဖြင့် စောင့်ကြည့်နေကြလေသည်။
“စိတ်ဝင်စားစရာပဲ...”
ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သူ မီးပဒေသာနဂါးမျိုးရိုးမှ လူငယ်တစ်ယောက်သည် လှောင်ပြုံးပြုံး၍ တီးတိုးရေရွတ်လိုက်လေသည်။ သူ၏နောက်ဘက်ရှိ မီးပဒေသာနဂါးတစ်ကောင်က မျက်မှောင်အနည်းငယ်ကြုတ်၍ လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။
“အစ်ကိုကြီးချိုး အဲ့ဒီလုံမိုက ကြည့်ရတာတော့ ကိုင်တွယ်ရနည်းနည်းခက်မယ့်ပုံပဲ...”
လုံချိုးဟုခေါ်သော လူငယ်၏မျက်လုံးထဲတွင် အထင်အမြင်သေးမှုက ထင်ဟပ်လာပြီး သူက ထူးမခြားနားပုံစံဖြင့် မှတ်ချက်ပြုလိုက်လေသည်။
“သွေးနှောနဂါးတွေကို အနိုင်ကျင့်နိုင်တာက ဘာမှပြောလောက်စရာမဟုတ်ဘူး..”
“အဲ့ဒါအမှန်ပဲ...”
နောက်ထပ်မီးပဒေသာနဂါးတစ်ကောင်က လှောင်ရယ်လိုက်လေသည်။
“ဒီနေရာမှာရှိတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေအရဆို သွေးနှောနဂါးအဖွဲ့အစည်းလေးခုရဲ့ သခင်လေးတွေက သေချာပေါက်ရောက်လာမှာပဲ...”
“လုံမိုက သွေးနှောနဂါးသခင်လေးတွေကို မကျော်ဖြတ်နိုင်ဘူးဆိုရင် သူက အစ်ကိုချိုးရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့မထိုက်တန်ဘူး...”
တစ်ဖက်မှာတော့ ဦးချိုမဲ့နဂါးမျိုးရိုးနှင့် ဦးချိုနဂါးမျိုးရိုးမှ နဂါးများသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ ရောက်ရှိလာခါစဖြစ်လေသည်။
“အဲ့ဒီလုံမိုက အစွမ်းအစတချို့တော့ ရှိသားပဲ...”
“သူက အဲ့လောက်ပဲရှိတာဆိုရင်တော့ ဘာမှမဟုတ်သေးဘူး...”
ဆူဇီမိုသည် နဂါးတစ်ရာကျော်ကို ဖိနှိမ်ပြခဲ့သော်လည်း သူ၏တိုက်ခိုက်ရည်ခွန်အားက မဟာမျိုးရိုးငါးခုမှ နဂါးများ၏ မျက်လုံးထဲတွင် ဘာမှမဟုတ်သေးပေ။
မဟာမျိုးရိုးငါးခုမှ နဂါးများအားလုံးသည် ထိုကဲ့သို့သော ခွန်အားရှိကြလေသည်။
သို့သော်လည်း စောစောက ဆူဇီမိုပြသခဲ့သော တိုက်ခိုက်ရည်ခွန်အားသည် သူ၏ အစစ်မှန်ခွန်အား၏ သုံးဆယ်ရာခိုင်နှုန်းပင် မရှိသေးသည်ကို ဤနဂါးများက မသိကြပေ။
ဘေးပတ်ဝန်းကျင်ရှိ သွေးနှောနဂါးများက ရှေ့သို့ဆက်မဆက်ရဲကြတော့ပေ။
ဆူဇီမိုက နဂါးတစ်ရာကျော်ကို တစ်ယောက်တည်းဖြင့် ဖိနှိမ်နိုင်သည်ဆိုလျှင် သူတို့ရှေ့ဆက်တက်ပါက အနိုင်ကျင့်ခံရရုံသာ ရှိပေလိမ့်မည်။
တိုက်ပွဲနယ်မြေတွင် မြေပြင်ပေါ်မှာပြန့်ကျဲနေသော နဂါးများသည်လည်း ရှေ့သို့ဆက်မတက်ရဲကြတော့ပေ။
ဤနေရာမှာ နဂါးများက ပို၍ပို၍ စုဝေးလာကြလေသည်။
ရေနဂါးမျိုးရိုးမှသခင်လေး ရောက်လာမှသာလျှင် ဤကိစ္စက အဆုံးသတ်မည်ဖြစ်ကြောင်း နဂါးများအားလုံးက သိထားလေသည်။
ဆူဇီမိုက တစ်ကိုယ်တော်တိမ်စိုင်ဘက်သို့ လှည့်ပြီးပြောလိုက်လေသည်။
“ငါနောက်ကျသွားတာ စိတ်မကောင်းပါဘူး...”
“သခင် အဲ့လိုပြောစရာမလိုပါဘူး....”
တစ်ကိုယ်တော်တိမ်စိုင်က ရယ်မောလိုက်လေသည်။
“ကမ္ဘာဦးစိမ့်စမ်းကနေ ကျုပ်ထွက်လာတုန်းက.ကျုပ်ဘယ်လောက်တောင် စိတ်လှုပ်ရှားခဲ့ရလဲ ခင်ဗျားမသိဘူး... ကျုပ်က နဂါးရိုးတောင်ကြားကို တကယ်ကြီးရောက်နေတာကို တွေ့လိုက်ရတယ်”
“ကျုပ်က ဒီနေရာမှာ ဘယ်လောက်ပဲ ခံစားရခံစားရ နောင်တရမှာမဟုတ်ဘူး”
“အင်း....”
ဆူဇီမိုကခေါင်းညိတ်လိုက်လေသည်။
“နဂါးမျိုးနွယ်မှာ ခွန်အားကသာ အရာရာပဲ... ငါမင်းကို ကူညီပေးနိုင်တယ်ဆိုတာက အကန့်သတ်ရှိတယ်... မင်းက ဒီနေရာမှာ ရှင်သန်နေထိုင်ချင်ရင် မင်းကိုယ်မင်းပဲ မှီခိုအားထားရလိမ့်မယ်...”
ဆူဇီမိုသည် ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည်မှာ တစ်ကိုယ်တော်တိမ်စိုင်က ရေနဂါးမျိုးရိုးမှ နဂါးများနှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်နေသောကြောင့်မဟုတ်ပေ။
နဂါးများကြားမှာ စွမ်းရည်မပြည့်ဝမှုကြောင့် ရှုံးနိမ့်ခြင်းသည် သာမန်သာဖြစ်လေသည်။
ဆူဇီမို တကယ်တမ်းဒေါသထွက်သွားသည်မှာ ထိုနဂါးများသည် တစ်ကိုယ်တော်တိမ်စိုင်ကို ကျင့်ကြံ၍ သန်မာလာဖို့ပင် အခွင့်အရေးမပေးသောကြောင့် ဖြစ်လေသည်။
သူတို့သည် တစ်ကိုယ်တော်တိမ်စိုင်ကို ဒဏ်ရာများကနေ ပြန်လည်သက်သာခွင့်ပင်မပေးပေ။
အဲ့ဒါက တရားမျှတမှုမရှိပေ။
ဤနေရာက တရားမျှတမှုမရှိမှတော့ သူသည် တစ်ကိုယ်တော်တိမ်စိုင်အတွက် မျှတသည့်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရပေလိမ့်မည်။
“မပူပါနဲ့သခင်....”
တစ်ကိုယ်တော်တိမ်စိုင်၏အကြည့်က ခိုင်မာပြတ်သားနေလေသည်။
“ကျုပ်က အချိန်အတိုင်းတာတစ်ခုထိ ကျင့်ကြံနိုင်တာနဲ့ ကျုပ်က နဂါးတစ်ကောင်အဖြစ် သေချာပေါက် အသွင်ပြောင်းလဲနိုင်လိမ့်မယ်...”
ခဏမျှရပ်တန့်ပြီးနောက် တစ်ကိုယ်တော်တိမ်စိုင်၏ အကြည့်သည် မလှမ်းမကမ်းရှိ မျိုးရိုးငါးခုမှ နဂါးများပေါ် ဆင်းသက်သွားခဲ့လေသည်။
သူက သုန်မှုန်နေသောအမူအရာဖြင့် တီးတိုးပြောဆိုလိုက်လေသည်။
“သခင်.... မျိုးရိုးငါးခုက နဂါးတွေ ဒီကိုရောက်လာပြီဆိုတော့ ကိစ္စက ကိုင်တွယ်ရနည်းနည်းခက်ခဲလာမယ့်ပုံပဲ...”
“အဲ့ဒါက ဘာမှမဖြစ်ဘူး... ရတယ်”
ဆူဇီမိုက ဘေးဘီဝဲယာသို့တစ်ချက်ကြည့်ပြီးနောက် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
ထိုနဂါးများသည် သူ့ကိုပြဿနာမရှာသေးသရွေ့ သူက အရေးလုပ်လိမ့်မည်မဟုတ်ပေ။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့လေသည်။
အဲ့ဒီမှာ သွေးနှောနဂါးမျိုးရိုးမှ နဂါးများသာမဟုတ်ဘဲ မျိုးရိုးငါးခုမှ နဂါးများစွာသည်လည်း ရောက်ရှိလာကြလေသည်။
မရေမတွက်နိုင်သော အကြည့်များသည် ပြင်းထန်သော ရန်လိုစိတ်နှင့်အတူ ဆူဇီမိုပေါ်သို့ ကျရောက်လာကြလေသည်။
စိတ်နှလုံးအားပျော့သော မည်သူမဆို နဂါးများ၏ ဝန်းရံခြင်းကို ခံရပါက ကြီးမားသည့်ထိုဖိအားကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏နောက်မှာ ထိုင်နေသော တစ်ကိုယ်တိမ်စိုင်ပင်လျှင် မသက်မသာခံစားရလေသည်။
မြွေနဂါးတစ်ကောင်အနေဖြင့် သူသည် နဂါးအုပ်စုကို မဆိုထားနှင့် နဂါးတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံရလျှင်ပင် ပြင်းထန်သောဖိအားကို ခံစားရပေလိမ့်မည်။
သို့သော်လည်းဆူဇီမိုက သက်တောင့်သက်သာရှိနေပြီး သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်၍ သူ၏အသက်ရှုနှုန်းကို ချိန်ညှိနေလေသည်။ ထိုစဥ်မှာပင် နဂါးများကြားမှ ရုတ်ရုတ်သဲသဲ အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
နဂါးများက ဘေးဘက်သို့ ချဲပေးလိုက်ပြီး ဘရိုကိတ်ဝတ်စုံများကိုဝတ်ဆင်ထားသော နဂါးတစ်အုပ်စုက လျှောက်လှမ်းဝင်ရောက်လာလေသည်။ ရှေ့ကနေ ဦးဆောင်လာသော လူလေးယောက်သည် ထက်ရှသောအကြည့်များရှိပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ဖြာထုတ်ပေးနေကြလေသည်။
“သခင်လေး ၄ ယောက်က ရောက်လာကြပြီပဲ...”
“ကိစ္စကတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ...”
“ရေနဂါးမျိုးရိုးက သခင်လေးက ပကတိမူလနတ္ထိအဆင့်ကို ရောက်နေပြီ... သူက ဓမ္မဝိသေသ အဆင့်ကို ခြေလှမ်းဝက်ဝင်နေပြီလို့ပြောလို့ရတယ်... လုံမိုရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူးဆိုတော့ သူက လှုပ်ရှားကွက်ဆယ်ကွက်ထက် ပိုခံနိုင်မယ့်ပုံမပေါ်ဘူး...”
နဂါးများက စိတ်အားတက်ကြွလာပြီး အသည်းအသန်ဆွေးနွေးလိုက်ကြလေသည်။
ဆူဇီမိုသည် သူ၏မျက်လုံးကိုဖွင့်၍ ဖြည်းဖြည်းချင်း ထရပ်လိုက်လေသည်။
“မင်းတို့တွေထဲ... ဘယ်သူက ရေနဂါးမျိုးရိုးရဲ့သခင်လေးလဲ...”
ဆူဇီမိုက နဂါးသခင်လေးလေးယောက်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အေးစက်စက်အမူအရာနှင့် မေးလိုက်လေသည်။
အလယ်တွင်ရှိသော အပြာရောင်ဝတ်လူငယ်က ရှေ့သို့ထွက်လာပြီး အနည်းငယ်သွားဖြီးပြလိုက်လေသည်။ သူက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုကို ထုတ်ပေးပြီး လှောင်ရယ်လိုက်လေသည်။
“ငါပဲ...”
အခြားသော သခင်လေး ၃ ယောက်က လက်ပိုက်၍ ဘေးကနေ အေးစက်စွာစောင့်ကြည့်နေကြလေသည်။
“အို....”
ဆူဇီမိုက သူ၏မျက်ခုံးကိုပင့်ပြီး မေးလိုက်လေသည်။
“မင်းက တစ်ကိုယ်တော်တိမ်စိုင်ကို မင်းရဲ့အစီးအနင်းဖြစ်စေချင်တယ်လို့ ငါကြားတယ်...”
“အမှန်ပဲ....မြွေနဂါးတစ်ကောင်အနေနဲ့ သူက ငါ့ရဲ့အစီးအနင်းလုပ်ရမှာ ဂုဏ်ယူစရာပဲ...”
ရေနဂါးမျိုးရိုးသခင်လေးက လှောင်ရယ်လိုက်လေသည်။
“ဘာလဲ.... အဲ့ဒီမှာ ပြဿနာရှိလို့လား...”
“ရှိတာပေါ့...”
ဆူဇီမိုက ခေါင်းညိတ်၍ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“သူက ငါ့ရဲ့အစီးအနင်းတောကောင်ပဲ... မင်းက သူ့ကိုအညံ့ခံစေချင်တယ်ဆိုရင် ငါ့ဆီကနေ ခွင့်ပြုချက်အရင်တောင်းရလိမ့်မယ်”
“ရတယ်လေ...”
ရေနဂါးမျိုးရိုးသခင်လေးက သူ၏လက်သီးနှစ်ဖက်ကို ဆုပ်ပြီး သူ၏လည်ပင်းကြောများကို ဆန့်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်မှ အရိုးမြည်သံများက တဖြောက်ဖြောက်ထွက်ပေါ်လာပြီး သူ၏မျက်လုံးများက ခက်ထန်ကြမ်းကြုတ်သောအလင်းဖြင့် တောက်ပလာခဲ့လေသည်။
“မင်းက... ကန့်ကွက်ချင်တယ်ဆိုမှတော့... ငါက မင်းကိုလက်ခံလာအောင်ဆုံးမပေးရမှာပေါ့...”
ဘုန်း....
ရေနဂါးမျိုးရိုးမှသခင်လေး၏ မျိုးဆက်သွေးသည် တလိပ်လိပ်တက်လာပြီး သူက မြေပြင်ကို ခြေထောက်ဖြင့်ပြင်းထန်စွာ ပေါက်ချလိုက်လေသည်။ သူက ပေါက်ကွဲထွက်ပေါ်လာသော သိပ်သည်းပြင်းထန်သည့်ခွန်အားဖြင့် ဆူဇီမိုထံသို့ ခုန်ဝင်လိုက်လေသည်။
နဂါးများကြားမှာ အပိုစကားများပြောနေစရာ မလိုအပ်ပေ။ သူတို့အားလုံးက သတ်ဖြတ်ရာမှာ ပြတ်သားကြလေသည်။
ဘုန်း...
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေလေသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းမျှသာ လှမ်းလိုက်သော်လည်း ထွက်ပေါ်လာသောအသံက ပို၍ပင်ကျယ်လောင်လေသည်။
ကောင်းကင်ထယ်သွားခြေလှမ်း...
မြေပြင်က တုန်ခါသွားခဲ့လေသည်။
ဘေးပတ်ဝန်းကျင်မှာရှိသော နဂါးများသည် အငိုက်မိသွားပြီး ယိမ်းထိုးသွားကြလေသည်။
ကောင်းကင်ထယ်သွားခြေလှမ်းနှင့်အတူ ဆူဇီမို၏ခန္ဓာကိုယ်ကနေ အလွန်ကြီးမားသည့် စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး သူက ဝင်ရောက်လာသော ရေနဂါးမျိုးရိုးမှ သခင်လေးကို ဖိနှိမ်လိုက်လေသည်။
“ဟမ်....”
ရေနဂါးသခင်လေး၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။
ဆူဇီမိုအရှေ့သို့ ရောက်ရှိလာသည့်ခဏမှာပင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ့ထံသို့တိုးဝင်လာပြီး သူ၏စိတ်နှလုံးက တုန်လှုပ်ချောက်ချားလာသည်ဟု သူကခံစားရလေသည်။
အဲ့ဒီလူက လှည့်စားကွက်အချို့ရှိသည့်ပုံပင်...။
ရေနဂါးသခင်လေး၏ စိတ်ထဲတွင် ထိုအတွေးက ဝင်ရောက်လာပြီးနောက် သူ၏အမြင်အာရုံက မှောင်မည်းသွားခဲ့လေသည်။
ရွှစ်...
နတ်ဆိုးဆန်ဆန်လေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့လေသည်။ ဆူဇီမိုသည် သူ၏လက်ဝါးကို ဆန့်ထုတ်ပြီး သူ၏လက်ချောင်းများကို ဖြန့်၍ ရေနဂါးသခင်လေးအပေါ် ကြီးမားသည့် အရိပ်တစ်ခုအနေဖြင့် အုပ်မိုးကျဆင်းလာစေလေသည်။
ထိုအော်ရာက ကြောက်စရာကောင်းလွန်းလေသည်။
ရေနဂါးသခင်လေးက ဆတ်ခနဲ တုန်ယင်သွားလေသည်။
ယခင်က နဂါးတစ်ရာကျော်သည် မည်သို့မည်ပုံရှုံးနိမ့်ခဲ့ရသည်ကို သူက နောက်ဆုံးနားလည်သွားခဲ့လေသည်။
ထိုဖိအားက အရမ်းကိုကြီးမားလေသည်။
အဲ့ဒါက မျိုးဆက်သွေးနှင့် ခွန်အား၏ ပကတိဖိနှိမ်ခြင်းဖြစ်လေသည်။
“အား....”
ရေနဂါးသခင်လေးသည် ကောင်းကင်ထက်သို့ သံရှည်တစ်ချက်ဆွဲ၍ ဟိန်းဟောက်လိုက်လေသည်။ သူ၏မျိုးဆက်သွေးကို အကန့်အသတ်ထိလှည့်ပတ်ပြီး သူ၏လက်သီးနှစ်ဖက်ဖြင့် ဆူဇီမို၏လက်ဝါးကို ပစ်ထိုးလိုက်လေသည်။
ဘုန်း...
လက်သီးနှစ်ဖက်နှင့် လက်ဝါးက ထိတွေ့ရိုက်ခတ်သွားပြီး အလွန်ကျယ်လောင်သည့် အသံက ထွက်ပေါ်လာခဲ့လေသည်။
ဆူဇီမိုက တည်ငြိမ်နသော အမူအရာဖြင့် မလှုပ်မယှက်ရှိနေလေသည်။
ခဏနေပြီးနောက် ရေနဂါးသခင်လေး၏ မျက်နှာက သွေးဆုတ်သွားခဲ့လေသည်။
ဖြောက်.. ဖြောက်.... ဖြောက်...
သူ၏လက်နှစ်ဖက်ထံမှ အရိုးများကျိုးသံကို ကြားလိုက်ရလေသည်။
ဖောက်.. ဖောက်....ဖောက်....
သူ၏ လက်နှစ်ဖက်ပေါ်ရှိ အဝတ်များက စုတ်ပြဲသွားပြီး ကြောက်စရာကာင်းသောစွမ်းအား၏ ဖိနှိမ်မှုအောက်တွင် သူ၏လက်နှစ်ဖက်ပေါ်ရှိ အသားများက သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်လေသည်။
“ဘုန်း....”
ရေနဂါးသခင်လေးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ဆောင့်ကျပြီး ကြီးမားသည့် တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။
နဂါးများက တုန်လှုပ်သွားကြလေသည်။
မဟာမျိုးရိုးငါးခုမှ နဂါးများပင်လျှင် မျက်မှောင်ကြုတ်လိုက်ကြလေသည်။
လှုပ်ရှားကွက်တစ်ကွက်....
ဓမ္မဝိသေသအဆင့်သို့ ခြေလှမ်းဝက်ဝင်နေပြီးဖြစ်သော ရေနဂါးသခင်လေးသည် လုံမိုထံမှ လက်ဝါးရိုက်ချက်တစ်ခုကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။
အဲ့ဒီမှာ မည်သည့်နည်းစနစ်မှမပါရှိပေ။ အဲ့ဒါက ပကတိမျိုးဆက်သွေးဖိနှိမ်မှုတစ်ခုဖြစ်လေသည်။