အပြတ်အသတ်ဖိနှိမ်ခြင်း
Vol. 72 Ch. 1075
ပြောရမည်ဆိုလျှင် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ ဆူဇီမိုကျင့်ကြံထားသော မျိုးဆက်သွေးသည် အသန့်စင်ဆုံးမီးပေဒေသာနဂါးမျိုးဆက်သွေးထက်ပင် ပို၍သန်မာလေသည်။
သူ့ရှေ့ရှိ ရေနဂါးသခင်လေးသည် မီးပဒေသာနဂါးမျိုးရိုး၏ မျိုးဆက်သွေးကိုပင် ယှဥ်နိုင်ခြင်းမရှိပေ။ သူက ဘယ်လိုလုပ်ပြီး ဆူဇီမိုနဲ့ တိုက်ခိုက်နိုင်ပါ့မလဲ။
ဆူဇီမိုသည် သူ၏ကိုယ်ကာယသက်သက်ပေါ်သာ မှီခို၍ ရေနဂါးသခင်လေးကို ဖိနှိမ်နိုင်ခဲ့လေသည်။
ရေနဂါးသခင်လေး၏ လက်နှစ်ဖက်က ကျိုးသွားပြီး သူ၏အသားများက စုတ်ပြဲကြေမွနေလေသည်။ သူက လူးလဲ၍ ကျုံးထလိုက်ပြီး ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်လေသည်။ သူက ရှုံးနိမ့်သွားသော်လည်း သူက ရှုံးနိမ့်ကြောင်းကို ဝန်ခံလိမ့်မည်မဟုတ်ပေ။
သူသည် ရေနဂါးမျိုးရိုး၏ သခင်လေးဖြစ်လာဖို့အတွက် သူ၏လမ်းတစ်လျှောက် တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ရပြီး ဒီထက်ပင်ပို၍ဆိုးဝါးသည့် အခြေအနေများနှင့် တွေ့ကြုံခဲ့ရဖူးလေသည်။
ဤဒဏ်ရာများက သူ့အတွက်ဘာမှမဟုတ်ပေ။
ယခု... သူကရှုံးနိမ့်သွားပြီဖြစ်သောကြောင့် သူသည် ယခုထက်ပို၍ ခက်ခက်ခဲခဲကျင့်ကြံကာ နဂါးမျိုးရိုးငါးခု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့အတွက် ကြိုးစားရမည်ဖြစ်လေသည်။
သွေးနှောနဂါးများသည် လုံလောက်အောင်သန်မာလာသည်နှင့်အမျှ သူတို့သည် နဂါးမျိုးရိုးငါးခုမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်ဖို့ အခွင့်အရေးရှိလေသည်။
တကယ်တော့ ဤစမ်းသပ်ချက်က အရမ်းကိုအန္တရာယ်များလေသည်။
ပြီးခဲ့သည့်နှစ်တစ်သောင်းအတွင်း ထိုစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့သော သွေးနှောနဂါး ဆယ်ကောင်ထက်မပိုခဲ့ပေ။ ထိုစမ်းသပ်ချက်တွင် သူတို့၏အသက်များကို အလွယ်တကူနုတ်ယူခံရနိုင်လေသည်။
“အေး.... ကောင်းတယ်”
ရေနဂါးသခင်လေးက အံကိုတင်းတင်းကြိတ်လိုက်လေသည်။
“လုံမို... မင်းမှာ အတော်အတန်အစွမ်းအစရှိသားပဲ... ဒီနေ့အရှက်ခွဲခံရတာကို ငါ့စိတ်ထဲမှာ မှတ်ထားမယ်... ငါက နောင်တစ်ချိန်မှာ မင်းကို သေချာပေါက်ပြန်စိန်ခေါ်မယ်”
“ဒီနေ့ကိစ္စကတောင် အခုချိန်ထိ မပြီးသေးဘူး...”
ဆူဇီမိုက တစ်ကိုယ်တော်တိမ်စိုင်ရှေ့သို့ လက်ညိုးထိုးပြီး မှင်သေသေဖြင့်ပြောလိုက်လေသည်။
“ဒီနေရာကိုလာပြီး... တောင်းပန်လိုက်”
“ဟားဟားဟားဟား.... “
ရေနဂါးသခင်လေးသည် ဒဏ်ရာအပြင်းအထန်ရရှိထားလျှင်တောင် သူသည် အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား ခေါင်းကိုမော့၍ ဟားတိုက်ရယ်မောလိုက်လေသည်။
“တောင်းပန်ရမယ်... ဟုတ်လား..”
ရေနဂါးသခင်လေးက လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် အေးစက်စွာမေးလိုက်လေသည်။
“လုံမို... ငါက ရှုံးသွားတယ်ဆိုပေမယ့်လို့ မင်းက ငါ့ကိုဦးညွတ်စေချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး”
“ငါ့ရှေ့မှာ မင်းက ရွေးချယ်ပိုင်ခွင့်မရှိဘူး”
ရေနဂါးသခင်လေးက အလွန်တရာမောက်မာနေဆဲဖြစ်သည်ကို ဆူဇီမိုမြင်သောအခါ သူက အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်လေသည်။ သူက ရှေ့သို့တိုးပြီး သူ၏လက်ကိုထုတ်ကာ ထိုသူ၏လည်ဂုတ်ကို ကိုင်ဆွဲ၍ ပင့်မြှောက်လိုက်လေသည်။
ရေနဂါးသခင်လေးသည် သန်မာသောကိုယ်ကာယရှိသော်လည်း ဆူဇီမို၏ လက်ထဲသို့ ကြက်ကလေးတစ်ကောင်ကဲ့သို့ စွေ့ခနဲပါသွားပြီး တစ်ကိုယ်တော်တိမ်စိုင်ရှေ့သို့ ရောက်ရှိသွားလေသည်။
“ဒူးထောက်ပြီးတောင်းပန်လိုက်...”
ဆူဇီမို၏လေသံက တည်ငြိမ်နေသော်လည်း ပြန်လှန်မေးခွန်းမထုတ်ဝံ့ပေ။
“စိတ်ကူးသားယဥ်နေလိုက်....”
ရေနဂါးသခင်လေးက မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ ခက်ထန်ကြမ်းကြုတ်သောအကြည့်နှင့်အတူ တံတွေးထွေးလိုက်လေသည်။
ဘန်းဘန်း....
ဆူဇီမိုသည် သူ၏ခြေထောက်တစ်ဖက်ကို မြှောက်ပြီး ရေနဂါးသခင်လေး၏ ဒူးနှစ်ဖက်ကို ညင်သာစွာတောက်လိုက်လေသည်။
ဒူးနှစ်ဖက်လုံးရှိအရိုးများက ချက်ချင်းပင် ကျိုးသွားခဲ့လေသည်။
“အား....”
ရေနဂါးသခင်လေးသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။
ဆူဇီမို၏ မျက်လုံးထဲတွင် သနားညှာတာမှုလုံးဝမရှိပေ။
တစ်ကိုယ်တော်တိမ်စိုင်၏ ဒဏ်ရာများနှင့်နှိုင်းစာလျှင် အဲ့ဒါက ဘာမှမဟုတ်သေးပေ။
ကံကောင်းထောင်မစွာဖြင့် တစ်ကိုယ်တော်တိမ်စိုင်က အသက်အန္တရာယ်ရှိမလာခဲ့ပေ။
တစ်ကိုယ်တော်တိမ်စိုင်သာ တစ်ခုခုဖြစ်သွားမည်ဆိုလျှင် ဆူဇီမိုက နဂါးရိုးတောင်ကြားမှာပင် သတ်ဖြတ်ရဲလေသည်။
ဆူဇီမို၏အမူအရာက အေးစက်နေပြီး အားလုံး၏ရှေ့မှောက်မှာပင် ရေနဂါးသခင်လေး၏ ဦးခေါင်းကိုဖိချလိုက်လေသည်။
ရေနဂါးသခင်လေး၏ မျက်နှာက ရှက်ရွံ့စိတ်ဖြင့် နီမြန်းသွားလေသည်။.သူက သူ၏မျိုးဆက်သွေးကိုဘယ်လိုပင် လှည့်ပတ်ပါစေ သူ၏အထက်မှဖိအားကိူ ခံနိုင်ရည်လုံးဝမရှိပေ။ သူ၏မျက်နှာက မြေပြင်ဆီသို့ ချည်းကပ်လာသည်ကို သူက ကူကယ်ရာမဲ့စွာကြည့်နေရလေသည်။
အရှက်ခွဲခံရခြင်း...
အဲ့ဒါက မကြုံစဖူး အရှက်ခွဲခံရခြင်းဖြစ်လေသည်။
ရေနဂါးသခင်လေးက စိတ်ထဲမှာမကျေမချမ်း ဖြစ်နေလေသည်။
ဆူဇီမိုသည် ရေနဂါးသခင်လေးကို တောင်းပန်စေချင်ရုံသာမက သူသည် သွေးနှောနဂါးများအားလုံးကိုပါ ထိုမြင်ကွင်းကို စောင့်ကြည့်စေလေသည်။
သူတို့က တစ်ကိုယ်တော်တိမ်စိုင်နှင့် မျှမျှတတ တိုက်ခိုက်မည်ဆိုလျှင် သူက ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း သူတို့က အရေအတွက်အားကိုးဖြင့် အနိုင်ကျင့်ချင်သည်ဆိုလျှင် သူတို့သည် ရေနဂါးသခင်လေး၏ အခြေအနေအတိုင်း အဆုံးသတ်ရမည်ဖြစ်လေသည်။
“လုံမို... မင်းက နည်းနည်းတော့ မောက်မာလွန်းရာမကျဘူးလား...”
ထိုစဥ်မှာပင် တိမ်လွှာနဂါးမျိုးရိုးမှ သခင်လေးက ရှေ့သို့ထွက်ရပ်လာပြီး ဆူဇီမိုကိုစိုက်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးနှစ်ဖက်က မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်ဖြင့်ပြည့်နှက်နေလေသည်။
ရေနဂါးသခင်လေးသည် သူ၏ဦးခေါင်းထက်မှစွမ်းအားက ပေါ့ပါးသွားသည်ဟု ခံစားရပြီး သူက ဝမ်းသာပျော်ရွှင်သွားလေသည်။
နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က ထွက်လာခဲ့လေပြီ...
ဆူဇီမို၏ သူ၏လက်ဝါးကိုလွှတ်ပေးပြီး တစ်ဘက်သို့လှည့်ကာ ခေါင်းညိတ်လိုက်လေသည်။
“မင်းကိုယ်တိုင်စပြီးရှေ့ထွက်လာမှတော့ ငါကမင်းကို တကူးတကဆွဲထုတ်စရာ မလိုတော့ဘူးပေါ့”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမို၏ပုံရိပ်က ဖျပ်ခနဲလှုပ်ရှားသွားပြီး နောက်ချန်ပုံရိပ်အချို့ ကျန်ရစ်ခဲ့လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက တိမ်လွှာနဂါးသခင်လေးရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
“မင်းလည်းဒူးထောက်လိုက်...”
ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး သူ၏ကြီးမားသည့်လက်ဝါးကို ဆန့်ထုတ်ကာ တိမ်လွှာနဂါးသခင်လေးကို ဖမ်းဆွဲလိုက်လေသည်။
တိမ်လွှာနဂါးသခင်လေး၏ အမူအရာကပြောင်းလဲသွားခဲ့လေသည်။
ဆူဇီမိုပြေးဝင်လာသောအခါ သူတို့နှစ်ယောက်ကြားကွာဟချက်က အရမ်းကိုကြီးမားကြောင်း သူက နားလည်သွားခဲ့လေသည်။ သူက ထိပ်တိုက်ရင်ဆိုင်လိုခြင်းမရှိတော့ပေ။
ရွှစ်....
တိမ်လွှာနဂါးသခင်လေးသည် ကြီးမားသည့်မြူခိုးတိမ်စိုင်တစ်ခုကိုထွေးထုတ်ပြီး ပျောက်ကွယ်သွားခဲ့လေသည်။
စောစောက တိမ်လွှာနဂါးနှင့် နှိုင်းစာလျှင် တိမ်လွှာနဂါးသခင်လေး ထုတ်ဖော်သောအတတ်က များစွာပို၍ အဆင့်မြင့်လေသည်။
တိမ်စိုင်များက ပတ်လည်ဝိုင်းသွားပြီး ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်၊ အမြင်အာရုံနှင့် အကြားအာရုံတို့က သက်ရောက်ခြင်းခံလာရလေသည်။
တိမ်လွှာနဂါးသခင်လေး၏ တည်ရှိမှုက အလှည့်အပြောင်းမြန်ဆန်နေပြီး ဆူဇီမို၏အာရုံကနေ ရှောင်ကွင်းနိုင်လေသည်။
မျိုးရိုးတစ်ခု၏ သခင်လေးတစ်ယောက် ဖြစ်လာသည့်သူများက သေချာပေါက် သာမန်အညတရများမဟုတ်ကြပေ။
ဆူဇီမို၏အမူအရာက တည်ငြိမ်နေလေသည်။
သူသည် ဤလျှို့ဝှက်အတတ်ကို ပယ်ဖျက်ဖို့အတွက် နည်းလမ်းများစွာ သူ့မှာရှိလေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူက မလှုပ်မယှက်ရပ်တန့်ပြီး သူ၏မျက်လုံးကိုပင် မှိတ်ချလိုက်လေသည်။
ရုတ်တရက်ဆိုသလို....
ဆူဇီမိုက သူ၏မျက်လုံးကိုဖွင့်ပြီး နတ်ဘုရားဆန်ဆန်အလင်းနှစ်ခုကိုထုတ်ဖော်လိုက်လေသည်။
ရုတ်တရက်သူက ဘေးတိုက်ရွေ့လျားပြီး ထိုဘက်သို့ပစ်တိုက်ချလိုက်လေသည်။
ဘန်း....
အဲ့ဒီမှာ ထုံထုံထိုင်းထိုင်းအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
တိမ်စိုင်များထဲကနေ ပုံရိပ်တစ်ခုက ပြုတ်ကျလာပြီး သူ၏ပါးစပ်ထဲကနေ သွေးများက လွင့်ပျံထွက်လာခဲ့လေသည်။ သူ၏ခန္ဓာကိုယ်တစ်ဝက်သည် ကျိုးကြေမွသွားပြီး သူ့ပုံစံက ဆိုးဆိုးဝါးဝါးဖြစ်နေလေသည်။ အဲ့ဒါက တိမ်လွှာနဂါးသခင်လေးဖြစ်လေသည်။
လှုပ်ရှားကွက်နှစ်ကွက်....
သူ၏လျှို့ဝှက်အတတ်ကို ထုတ်ဖော်ထားသော တိမ်လွှာနဂါးသခင်လေးပင်လျှင် လှုပ်ရှားကွက်နှစ်ကွက်သာလျှင် ခုခံနိုင်ခဲ့လေသည်။
ဆူဇီမို၏ များစွာသော နည်းစနစ်များထဲတွင် အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံးမှာ သူ၏ အာရုံခံသတိစိတ်ကို အသုံးချခြင်းဖြစ်လေသည်။
တိမ်လွှာနဂါးသခင်လေးသည် မည်သည့်သတ်ဖြတ်လိုစိတ်မှမရှိဘဲ လှုပ်ရှားမှုမပြုလုပ်မှသာလျှင် ဆူဇီမို၏ အာရုံခံမှုကနေ လွတ်မြောက်နိုင်ပေလိမ့်မည်။ မဟုတ်ပါက သူသည် လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်သည်နှင့်အမျှ ဆူဇီမိုက အဲ့ဒါကိုအရင်အာရုံခံမိပေလိမ့်မည်။ သူ၏ လျှို့ဝှက်အတတ်က ဘယ်လိုပင်သန်မာပါစေ... သူ၏အစစ်အမှန်ခန္ဓာကိုယ်က ထောက်လှမ်းခံရပေလိမ့်မည်။
တိမ်စိုင်များက ပျက်ပြယ်သွားပြီး ဆူဇီမို၏ပုံရိပ်က ပေါ်ထွက်လာခဲ့လေသည်။ သူက တိမ်စိုင်နဂါးသခင်လေးကို ကောက်မပြီး ရေနဂါးသခင်လေးဘေးသို့ ပစ်ထုတ်လိုက်လေသည်။
အခုမှ ဝမ်းသာပျော်ရွှင်မည်ကြံကာရှိသော ရေနဂါးသခင်လေးသည် သူ့ဘေးသို့ တိမ်လွှာနဂါးသခင်လေးပြုတ်ကျလာသည်ကို တွေ့ရှိလိုက်ရလေသည်။
ဘန်း.. ဘန်း..
ဆူဇီမိုသည် တူညီသောပုံစံဖြင့် တိမ်လွှာနဂါးသခင်လေး၏ ဒူးနှစ်ဖက်ကိုချိုးပြီး တစ်ကိုယ်တော်တိမ်စိုင်ရှေ့မှာ ဒူးထောက်ကျစေလေသည်။
သခင်လေးနှစ်ယောက်သည် အရုပ်ဆိုးအကျည်းတန်သော အမူအရာများရှိနေပြီး သူတို့၏မျက်လုံးများက မီးဝင်းဝင်းတောက်နေလေသည်။
များစွာသော နဂါးများ၏စောင့်ကြည့်မှုအောက်မှာ သူတို့အတွက်အဲ့ဒါက ကြီးကြီးမားမား အရှက်ခွဲခံရမှုဖြစ်လေသည်။
ရစ်ခွေနဂါးသခင်လေးနှင့် မိုးနဂါးသခင်လေး၏ အမူအရာကလည်း ပျက်ယွင်းလာခဲ့လေသည်။
သူတို့က တစ်စုံတစ်ရာကို ဝိုးတဝါး ခန့်မှန်းမိလာခဲ့လေသည်။
သို့သော်လည်း သူတို့၏အဆင့်အတန်းအရ ဤကဲ့သို့သောအခြေအနေမှာ နောက်ဆုတ်ဖို့က မဖြစ်နိင်တော့ပေ။
သူတို့က ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုကို ရန်စမိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ဆူဇီမိုသည် ထိုသခင်လေးနှစ်ယောက်ဘက်သို့ လျှောက်လှမ်းလာကာ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
“မင်းတို့ နှစ်ယောက်လည်း ဒီမှာလာပြီးဒူးထောက်ကြ...”
သခင်လေးနှစ်ယောက်၏ အမူအရာက.အနည်းငယ်ပြောင်းလဲသွားခဲ့လေသည်။
သူတို့တွေးထင်ထားခဲ့သည်မှာ မှန်နေလေသည်။
ဤလုံမိုသည် သခင်လေး ၄ ယောက်လုံးကို တစ်ကိုယ်တောတိမ်စိုင်ရှေ့မှာ အမှန်တကယ်ဒူးထောက်၍ တောင်းပန်စေချင်လေသည်။
“လုံမို... မင်းသိပ်ပြီးလွန်မလာနဲ့”
ရစ်ခွေနဂါးသခင်လေးက တင်းမာခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒါက မင်းတို့ကို ငါပြောရမယ့်စကားပါ”
ဆူဇီမိုက ရှေ့သို့လျှောက်လှမ်းလာပြီး သခင်လေးဆိုသူများနှင့် အချိန်ဖြုန်းလိုစိတ်မရှိတော့ပေ။ သူက ချက်ချင်းပင်တိုက်ခိုက်လိုက်ပြီး ထိုသူကို ဖိနှိမ်လိုက်လေသည်။
“မင်း....”
ရစ်ခွေနဂါးသခင်လေးသည် မတုံ့ပြန်နိုင်ခင်မှာပင် သူက ဆူဇီမို၏ထိုးချက်ဖြင့် အပြင်းအထန်ဒဏ်ရာရရှိသွားပြီး လဲကျသွားလေသည်။
ခွန်အားကွာဟချက်ကို အရမ်းကိုကြီးမားလွန်းလေသည်။
မိုးနဂါးသခင်လေးကလည်း ချမ်းသာရာမရခဲ့ပေ။ သူသည်လည်း အသက်ရှုချိန်နှစ်ချိန်ပြီးနောက် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် သခင်လေး ၄ ယောက်သည် ဆူဇီမို၏ဖိနှိမ်ခြင်းကို ခံလိုက်ရလေသည်။ ဆူဇီမိုက သွေးနှောနဂါးမျိုးရိုးတစ်ခုလုံးကို အပြတ်အသတ် ဖိနှိမ်နိုင်လိုက်လေပြီ။