← Chapters

ခွန်အား ၅၀ ရာခိုင်နှုန်း

Vol. 72 Ch. 1076

ခွန်အား ၅၀ ရာခိုင်နှုန်း

Vol. 72 Ch. 1076

နဂါးအများစုသည် ဆူဇီမိုကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

နဂါးမျိုးနွယ်မှာ ခွန်အားကသာ အရာရာဖြစ်လေသည်။

နဂါးများ၏ အသိအမှတ်ပြုမှုကို ရရှိဖို့ဆိုလျှင် သူတို့၏ ခွန်အားပေါ်မှာသာ မှီခိုရပေလိမ့်မည်။

ဤနေ့မှစ၍ အနည်းဆုံး သွေးနှောနဂါးမျိုးရိုးနယ်မြေအတွင်း နဂါးအများစုက သူ့ကို ရန်စရဲတော့မည် မဟုတ်ပေ။

ဆူဇီမိုသည် တိမ်လွှာနဂါး သခင်လေးနှင့် ရစ်ခွေနဂါး သခင်လေးတို့ကို သယ်ဆောင်ပြီး တစ်ကိုယ်တော်တိမ်စိုင်ရှေ့သို့ ရောက်ရှိလာလေသည်။ သူက သခင်လေးနှစ်ယောက်၏ ဒူးကို ကန်ချိုး၍ သူတို့ကို ဒူးထောက်ကျသွားစေလေသည်။

သခင်လေး ၄ယောက်သည် ရှုံးနိမ့်သွားကြသော်လည်း သူတို့က ဦးညွတ်ဖို့ကို ငြင်းဆန်ကြလေသည်။

သူတို့၏ မျက်လုံးထဲတွင် လုံမိုက သိပ်ကြာကြာ အားရရွှင်ပျနေနိုင်လိမ့်မည် မဟုတ်ပေ။

ဤနေရာတွင် မဟာမျိုးရိုး ၅ ခုမှ နဂါးများ ရောက်ရှိနေသည်ကို သူတို့က သတိထားမိကြလေသည်။

မလှမ်းမကမ်းတွင် မီးပဒေသာနဂါးမျိုးရိုးမှ နဂါးအချို့ပင်လျှင် တိုက်ပွဲကို စောင့်ကြည့်နေကြလေသည်။

မီးပဒေသာနဂါးမျိုးရိုးမှ နဂါးများစွာသည် လုံမိုကို သင်ခန်းစာကောင်းကောင်း ပေးဖို့အတွက် ထိုသူ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြောင်း သူတို့က ကြားသိထားရလေသည်။

သူတို့၏ ရှုံးနိမ့်မှုနှင့်အတူ တိုက်ပွဲကို စောင့်ကြည့်နေသော မီးပဒေသာနဂါးများသည် သေချာပေါက် ဝင်ပါလာတော့မည်ဖြစ်ကြောင်း သူတို့ ၄ ယောက်က ယုံကြည်ထားလေသည်။

ထိုအချိန်က လုံမို၏ အဆုံးသတ် ဖြစ်ပေလိမ့်မည်။

မီးပဒေသာနဂါးမျိုးရိုး၏ မျိုးဆက်သွေးစွမ်းအားသည် သူတို့ထက် များစွာပို၍ သန်မာပြီး အဲဒါက လုံမို၏ မသန့်စင်သော မျိုးဆက်သွေးနှင့် ယှဉ်ပြိုင်နိုင်သော တစ်စုံတစ်ရာ သေချာပေါက် မဟုတ်ပေ။

ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေသော မီးပဒေသာနဂါးအချို့က လျှောက်လှမ်းလာကြလေသည်။

သခင်လေး ၄ ယောက်သည် စိတ်အားမာန်တက်ကြွသွားပြီး သူတို့၏ ဒဏ်ရာများက သက်သာသွားသည်ဟု ထင်ရလေသည်။

ဖြောင်း ဖြောင်း ဖြောင်း..

မလှမ်းမကမ်းတွင် လက်ခုပ်တီးသံတချို့က ထွက်ပေါ်လာခဲ့လေသည်။

မီးပဒေသာနဂါးမျိုးရိုးမှ လုံချိုးသည် စိတ်လက်ပေါ့ပါးသော အမူအရာဖြင့် လျှောက်လှမ်းလာလေသည်။ သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားပြီး လှောင်ပြောင်သရော်လိုသော ပုံစံဖြင့် ထေ့ငေါ့လိုက်လေသည်။

“လုံမို.. မင်းက တကယ့်ဆရာကြီးပဲ.. မင်းက နဂါးအရိုးတောင်ကြားကို ရောက်တာ တစ်လပဲ ရှိသေးတယ်.. သွေးနှောနဂါးမျိုးရိုးတွေကိုတောင် ဖိနှိမ်နိုင်နေပြီပဲ”

“ဟားဟားဟားဟား”

“သူ့ရဲ့ မျိုးဆက်သွေးက မသန့်စင်လို့ သူ့ရဲ့ဒေါသတွေကို သွေးနှောနဂါးအချို့ပေါ် ပုံချနေတာ နေမှာပေါ့”

လုံချိုးနောက်ရှိ မီးပဒေသာနဂါးအချို့က ရယ်မောလိုက်ကြလေသည်။

နဂါးမျိုးနွယ်သည် အပြင်လူများအပေါ် အမြဲတမ်း ရန်လိုစိတ်ရှိကြလေသည်။

ဒါ့အပြင် ဤအပြင်လူ၏ မျိုးဆက်သွေးက သန့်စင်မှု မရှိဘဲ နဂါးအများစု ဝင်ရောက်ခွင့် မရှိသော ကမ္ဘာဦးရဂမ္ဘီရစိမ့်စမ်းသို့ပင် ထိုသူက ဝင်ရောက်နိုင်ခဲ့လေသည်။

ဆူဇီမို အလွန်တရာ စီးပိုးခြယ်လှယ်နေသည်မှာ နဂါးမျိုးနွယ်တွင် စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ကျင့်ဝတ်ထုံးတမ်းများ မရှိသောကြောင့် မဟုတ်ပေ။

သူက ခြေချဖို့အတွက် နေရာတစ်နေရာ လိုချင်သည်ဆိုလျှင် သူက ပကတိခွန်အားကို ပြသနိုင်ရပေမည်။

“ပြောစရာတစ်ခုခု ရှိလို့လား”

ဆူဇီမိုက အမူအရာ ကင်းမဲ့နေလေသည်။

သူတို့က မီးပဒေသာနဂါးမျိုးရိုးမှ လာသည်ကို မြင်သောအခါ သူသည် မွေးနီတစ္ဆေနှင့် ပတ်သက်ဆက်နွယ်မှုကို ထောက်ထား၍ ထိုသူတို့ကို အတိုက်အခံလုပ်လိုစိတ် မရှိပေ။

ဒါ့အပြင် မီးပဒေသာနဂါးမျိုးရိုးသည် တစ်ကိုယ်တော်တိမ်စိုင်အပေါ် ရန်စအနိုင်ကျင့်ထားတာမျိုး မရှိပေ။

“မင်းက မင်းရဲ့ အစီးအနင်းတောကောင်အတွက် ကလဲ့စားချေချင်တာ မဆိုးပါဘူး”

လုံချိုးက သူ၏မျက်နှာကို မော့၍ အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ဒါပေမဲ့လို့ ဒါက နဂါးမျိုးနွယ်ဆိုတာ မမေ့လိုက်နဲ့.. မင်းရဲ့ အစီးအနင်းတောကောင်က မြွေတစ်ကောင်ပဲ.. မင်းက ဘယ်လောက်ပဲ သန်မာသန်မာ.. သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲမပေးနိုင်ဘူး”

“ကံကြမ္မာတဲ့လား..”

ဆူဇီမိုက လှောင်ရယ်လိုက်လေသည်။

သူက ကံကြမ္မာကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။

သူသာ ကံကြမ္မာကို ယုံကြည်မည်ဆိုလျှင် သူက ဤနေ့ ဤနေရာအထိ ရောက်ရှိလာနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ဤမီးပဒေသာနဂါးအချို့ကို အရေးလုပ်ချင်စိတ် မရှိသလို သူတို့နှင့် ပဋိပက္ခလည်း ဖြစ်လိုစိတ် မရှိပေ။

ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီးနောက်.. ဆူဇီမိုက နဂါးများကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“ငါက ဒါကို တခြားရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူး.. ငါက တစ်ကိုယ်တော်တိမ်စိုင်အတွက် မျှတတဲ့ အခွင့်အလမ်းတစ်ခု ရစေချင်လို့ပဲ”

“သူက ဘယ်မျိုးဆက်သွေးပဲဖြစ်ဖြစ်.. ဘယ်မျိုးရိုးကပဲဖြစ်ဖြစ်.. သူက ဒီနေရာကိုလာပြီး သားရဲတွင်းတစ်ခု ရထားတယ်ဆိုတာ.. သူက နဂါးမျိုးနွယ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားပြီးပြီမို့ပဲ”

“မင်းတို့တွေက တစ်ကိုယ်တော်တိမ်စိုင်ကို​ တိုက်ခိုက်ချင်တယ်ဆိုလည်း ငါက ဂရုမစိုက်ဘူး”

ခဏမျှ ရပ်တန့်ပြီးနောက်.. ဆူဇီမိုက ဆက်ပြောလိုက်လေသည်။

“ဒါပေမဲ့လို့ သူက သားရဲတွင်းထဲမှာ ကျင့်ကြံနေမယ်ဆိုရင် မင်းတို့တွေက သူ့ကို နှောင့်ယှက်လို့ မရဘူး.. အဲဒါက အောက်စည်းပဲ.. အဲဒီ အောက်စည်းကို ဖြတ်ကျော်တဲ့ ဘယ်သူမဆို ဒီလိုပုံစံနဲ့ အဆုံးသတ်ရလိမ့်မယ်”

ထိုသို့ ပြောပြီးသည်နှင့် ဆူဇီမိုသည် သခင်လေး ၄ယောက်၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်ပြီး မြေပြင်ပေါ်မှာ ပြားပြားဝပ်သွားစေလေသည်။

ဘန်း..

သူတို့က ဒူးထောက်၍ ဦးချနေကြရလေသည်။

ထိုသည်ကို မြင်သောအခါ လုံချိုးနှင့် တခြားသူများ၏ အမူအရာက ညိုမည်းသွားလေသည်။

ဆူဇီမို၏ ပမာမခန့် ပြုမူမှုက သူတို့ကို ဒေါသထွက်သွားစေလေသည်။

“လုံမို.. မင်းက တခြားသူတွေကို ဂရုစိုက်နိုင်နေသေးတယ်ပေါ့”

လုံချိုး၏ အကြည့်က အေးစက်လာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“မင်းက.. မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ ကောင်စုတ်တစ်ကောင်ပဲ.. မင်းက မီးပဒေသာနဂါးမျိုးရိုးရဲ့ အသိအမှတ်ပြုမှုကို ရရှိချင်တယ်ဆိုရင်.. မင်းက ငါ့ကို အရင်ဖြတ်ကျော်ရလိမ့်မယ်”

ဆူဇီမိုက သူ၏မျက်ခုံးကို အနည်းငယ်ကြုတ်လိုက်လေသည်။

သူသည် နောက်သို့ဆုတ်ပေးထားပြီ ဖြစ်သော်လည်း တစ်ဖက်လူက ရှေ့သို့ ထပ်တလဲလဲ တိုးလာခဲ့ပြီ ဖြစ်လေသည်။

သူသည် မီးပဒေသာနဂါးမျိုးရိုးမှ နဂါးများနှင့် မည်သည့် ပဋိပက္ခမှ မဖြစ်လိုခြင်းမှာ တစ်ကိုယ်တော်တိမ်စိုင်နှင့် သူ၏ မျိုးဆက်သွေးကြောင့် ဖြစ်လေသည်။

သို့သော်လည်း လုံချိုးက ရှေ့ဆက်တိုးလာမည်ဆိုလျှင် အဲဒါက ဆူဇီမို၏ အမှား မဟုတ်တော့ပေ။

“ကောင်စုတ် ဟုတ်လား”

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

“မင်းက ငါ့ကို အဲ့လိုခေါ်ရဲမှတော့.. ငါ့ကို အပြစ်မတင်နဲ့တော့”

ဘုန်း..

ဆူဇီမိုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ခြေဆောင့်ချလိုက်ပြီး မြေပြင်က တုန်ခါသွားလေသည်။

လုံချိုးသည် သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူ၏အော်ရာက တလိပ်လိပ် တက်လာလေသည်။ သူက မြေပြင်ပေါ်မှာ မလှုပ်မယှက်နှင့် ခိုင်မာစွာ ရပ်နေပြီး လှောင်ရယ်လိုက်လေသည်။

“ကလေးကလား လှည့်ကွက်တွေပါ”

သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုက တိုက်ခိုက်လိုက်လေပြီ။

ရွှစ်..

ဧရာမ လက်ဝါးတစ်ခုက ဆင်းသက်လာပြီး လေထုက ပေါက်ကွဲထွက်သွားလေသည်။ သူ၏ ဦးခေါင်းပေါ်ကနေ အရိပ်များက အုပ်မိုးလာပြီး မွန်းကျပ်ဖွယ်ရာ အော်ရာတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

လုံချိုးသည် ဘေးကနေ စောင့်ကြည့်နေရင်း ဆူဇီမို၏ လှုပ်ရှားကွက်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးလေပြီ။

သူ၏လက်နှစ်ဖက်ကို မြှောက်ပြီး သူ၏သွေးချီကို တလိပ်လိပ် တက်လာစေလေသည်။ သူ၏ လက်နှစ်ဖက်ပေါ်ရှိ အသားများက ပြန့်ကားလာပြီး သူ၏အဝတ်များက စုတ်ပြဲသွားခဲ့လေသည်။

ကြွက်သားများ ဖုထစ်နေသော သူ၏ တုတ်ခိုင်မာကြောသည့် လက်နှစ်ဖက်သည် နီရဲနေအောင် အပူပေးထားသော ဧရာမသံတုတ်နှစ်ခုကဲ့သို့ ချစ်ချစ်တောက် အပူအော်ရာကို ထုတ်ပေးနေလေသည်။

“ဟူး..”

လုံချိုးသည် လေများကို ရှူထုတ်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို မြှောက်ကာ ဆူဇီမို၏ လက်ဝါးကို ပိတ်ဆို့တားဆီးလိုက်လေသည်။

ဘန်း..

နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်လိုက်ကြလေပြီ။

အပူလှိုင်းက ပေါက်ကွဲထွက်ပေါ်လာပြီး အဘက်ဘက်သို့ လျင်မြန်စွာ ပြန့်ကျဲသွားလေသည်။

ဆူဇီမိုသည် သွေးနီရောင်ဆံပင် တဖျပ်ဖျပ်နှင့်အတူ နေရာမှာပင် မလှုပ်မယှက် ရပ်နေလေသည်။

သို့သော်လည်း လုံချိုး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး နောက်သို့ ခြေသုံးလှမ်း ဒယီးဒယိုင် ဆုတ်လိုက်ရလေသည်။

ပထမအချီ တိုက်ခိုက်ဖလှယ်မှုမှာပင် သူက အမှန်တကယ်ပင် အရေးနိမ့်သွားရလေသည်။

ဒီတစ်ကြိမ်မှာတော့.. နဂါးများသည် လုံမိုက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ အမှန်တကယ်ပင် နားလည်လာကြလေသည်။

သွေးနှောနဂါးများကို ဖိနှိမ်နိုင်သည်က ဘာမှပြောစရာ မဟုတ်ပေ။ သို့သော်လည်း သူက မျိုးရိုး ၅ ခုမှ နဂါးများနှင့် တိုက်ခိုက်နိုင်သည်ဆိုလျှင် အဲဒါက သူ့မှာ လုံလောက်သည့် ခွန်အားရှိကြောင်း သက်သေပြနိုင်လေပြီ။

လုံချိုးသည် နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ရသော်လည်း ဟားတိုက်ရယ်မောလိုက်လေသည်။

“လုံမို.. မင်းမှာရှိတာ ဒါအကုန်ပဲလား”

လုံချိုးက ပြုံးလိုက်လေသည်။

“ငါက ခြေသုံးလှမ်းဆုတ်လိုက်ရပေမဲ့လို့.. မင်းရဲ့ လက်ဝါးရိုက်ချက်ကို ခုခံဖို့အတွက် ငါ့ရဲ့ခွန်အား ၈၀ ရာခိုင်နှုန်းပဲ သုံးရသေးတယ်”

“ငါ့ရဲ့ ခွန်အားအပြည့်ကို ထုတ်ဖော်မယ်ဆိုရင်.. မင်းက သေချာပေါက် ရှုံးနိမ့်ရလိမ့်မယ်”

“အို.. “

ဆူဇီမိုက မျက်ခုံးပင့်လိုက်လေသည်။

လုံချိုး၏ခွန်အား ဘယ်လောက်များများ ထုတ်ဖော်ထားသလဲ သူက ဂရုမစိုက်ပေ။

သူသိသည်မှာ ထိုလက်ဝါးရိုက်ချက်တွင် သူ၏ခွန်အား ၃၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့လေသည်။

“အဲ့လိုဆိုမှတော့လည်း ငါ့ဆီက နောက်ထပ် လက်ဝါးရိုက်ချက်တစ်ချက်ကို ခံယူကြည့်လိုက်ပေါ့”

ဆူဇီမိုသည် ရှေ့သို့လှမ်းတက်ပြီး သူ၏လက်ဝါးကို တစ်ဖန်ဆန့်ထုတ်ကာ တစ်ဖက်လူကို ပစ်ရိုက်လိုက်လေသည်။

ရွှစ်..

နတ်ဆိုးဆန်ဆန် လေပြင်းတစ်ချက်က တိုက်ခိုက်သွားလေသည်။

“ဂါး..”

လုံချိုးသည် သူ၏ဦးခေါင်းကို မော့၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်လေသည်။ အလွန်တရာ ကျယ်လောင်သော နဂါးဟိန်းသံက လေထဲမှာ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့လေသည်။

အဲဒီနောက်.. လုံချိုး၏ ခန္ဓာကိုယ်က ပြန့်ကားသွား​ပြီး သူ၏ အဝတ်များက စုတ်ပြဲသွားလေသည်။ သူ၏ မျိုးဆက်သွေးက ၎င်း၏ အကန့်အသတ်အထိ တွန်းတင်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင် နဂါးကြေးခွံများက ပေါ်ထွက်လာခဲ့လေသည်။

ယေဘုယျအားဖြင့်ဆိုလျှင်.. နဂါးသွေးတိုက်ပွဲမြေမှ တိုက်ပွဲများကလွဲလျှင် နဂါးများကို တစ်ဖက်နှင့်တစ်ဖက် သူတို့၏ နဂါးသွင်ပြင် အပြည့်အဝဖြင့် တိုက်ခိုက်ခွင့် ပေးမထားပေ။ သို့သော် ယခုအခါ လုံချိုးသည် နဂါးမျိုးနွယ်၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်နေခြင်း မဟုတ်ပေ။

သူ၏ လက်ရှိအခြေအနေက အရင်တုန်းက ဆူဇီမို၏ နဂါးအသွင်ပြောင်းလဲခြင်းနှင့် ဆင်တူလေသည်။ အဲဒါက နဂါးတစ်ပိုင်းသွင်ပြင်သာ ဖြစ်လေသည်။

နဂါးများအကြားတွင် နဂါးအသွင်ပြောင်းလဲခြင်း နှစ်မျိုးရှိလေသည်။ ပထမတစ်မျိုးက နဂါးတစ်ပိုင်းသွင်ပြင်ဖြစ်ပြီး ဒုတိယတစ်မျိုးက အပြည့်အဝ နဂါးသွင်ပြင် ဖြစ်လေသည်။

လုံချိုး၏ လေသံမှာ အထင်အမြင်သေးမှုက ပါရှိနေလေသည်။

သို့သော်လည်း သူက ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်တွင် မဆင်မခြင် မပြုမူရဲပေ။

စောစောက ဖလှယ်မှုဖြင့် ဆူဇီမို၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်ဖို့အတွက် သူ၏ နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲကာ သူ၏ခွန်အား အပြည့်အဝကို ထုတ်ဖော်ဖို့ သူက ပြင်ဆင်ထားခဲ့လေသည်။

လုံချိုး၏ လည်ချောင်း အနက်ပိုင်းထဲမှ ဟိန်းဟောက်သံက ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။ သူက ရှေ့သို့တိုးပြီး သူ၏လက်နှစ်ဖက်ကို မြှောက်တင်ကာ ဝင်ရောက်လာသော လက်ဝါးရိုက်ချက်ကို ခုခံလိုက်လေသည်။

ဘန်း..

အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

သူတို့နှစ်ယောက်စလုံးသည် အေးခဲသွားသည့်အလား.. နေရာမှာပင် မလှုပ်မယှက် ရပ်နေကြလေသည်။

ခဏမျှ ရပ်တန့်ပြီးနောက်.. လုံချိုး၏ ခန္ဓာကိုယ်ထဲမှ တဖျောက်ဖျောက်မြည်သံများက ထွက်ပေါ်လာခဲ့လေသည်။ အဲဒါသည် သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများ အားလုံးက ပြိုကျလာသည့်အလားပင်။

“ဖွီး..”

လုံချိုးသည် ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရလေသည်။

သိပ်သည်းပြင်းထန်သည့် ဖိအားအောက်တွင် သူ၏ နဂါးကြေးခွံ အဟများကြားထဲမှ သွေးများက စီးကျလာခဲ့လေသည်။

ဆူဇီမိုသည် သူ၏ခွန်အား ၅၀ ရာခိုင်နှုန်းကိုသာ အသုံးပြုလိုက်သော်လည်း လုံချိုးက အဲဒါကို လုံးဝ ခုခံနိုင်ခြင်း မရှိပေ။

All Chapters