← Chapters

မုန်တိုင်း

Vol. 72 Ch. 1078

မုန်တိုင်း

Vol. 72 Ch. 1078

အတော်အတန်ကြာသည်အထိ တိုက်ပွဲနယ်မြေ ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေလေသည်။

နဂါးများသည် မလှမ်းမကမ်းရှိ ပုံရိပ်ကို တွေဝေရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ငေးကြည့်နေကြလေသည်။

ဤအပြင်လူသည် နဂါးရိုးတောင်ကြားမှာ တစ်လပင် မနေရသေးဘဲ နဂါးမျိုးနွယ်၏ အမျိုးမျိုးသော ကျင့်ကြံရေး နည်းစနစ်များကိုလည်း မကျင့်ကြံရသေးပေ။

ဒါ့အပြင် ဤအပြင်လူ၏ မျိုးဆက်သွေးက သန့်စင်မှု မရှိပေ။

သို့သော်လည်း ဤအပြင်လူသည် နဂါးရိုးတောင်ကြားမှာရှိသည့် နဂါးများ၏ ဂုဏ်သိက္ခာကို နင်းချေနိုင်ခဲ့သည်မှာ အတိအကျပင် ဖြစ်လေသည်။

လုံမိုက နဂါးရိုးတောင်ကြားမှာ နောက်ထပ် နှစ်တစ်ရာကျော် သို့မဟုတ် နှစ်တစ်ထောင်ကြာသည်အထိ ဆက်လက်ကျင့်ကြံမည်ဆိုလျှင် သူက ဘယ်လောက်တောင် သန်မာလာမလဲ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။

ဦးချိုနဂါးတစ်ကောင်က ဘေးတိုက်တစ်ချက်ကြည့်ပြီးနောက်.. သူ့ဘေးနားရှိ ကလန်သားတစ်ယောက်ကို တီးတိုးပြောဆိုလိုက်လေသည်။

“လုံမိုက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ ထွက်လာခဲ့ပြီလို့ အကြီးဆုံးသခင်မလေးကို သွားပြန်ပြောလိုက်.. နောက်ပြီး သူက အားမနည်းဘူး.. နည်းနည်း ကိုင်တွယ်ရခက်တယ်လို့.. သူမကို သတိထားဖို့ ပြောလိုက်ဦး”

“သိပါပြီ”

ထိုကလန်သားက ချက်ချင်းလှည့်ထွက်၍ ဦးချိုနဂါးမျိုးရိုးနယ်မြေဘက်သို့ ဦးတည်သွားခဲ့လေသည်။

ကျန်ရှိနေသော မီးပဒေသာနဂါးအချို့သည် အကြည့်ချင်း ဖလှယ်ပြီးနောက်.. တိတ်တဆိတ် ခေါင်းညိတ်ကာ အ​လောတကြီး ထွက်ခွာသွားကြလေသည်။

တိုက်ပွဲနယ်မြေတွင် ဆူဇီမိုက မြေပြင်ပေါ်တွင် လဲကျနေသော လုံချိုးကို ဆက်လက်၍ အရေးမလုပ်တော့ပေ။

သူက လုံချိုး၏ နာမည်ကိုပင် မသိပေ။

ဤမီးပဒေသာနဂါးသည် သူ၏ ပြီးပြည့်စုံသော နဂါးသွင်ပြင်ကို ထုတ်ဖော်ခဲ့သည်ဆိုမှတော့ နဂါးမျိုးနွယ်၏ စည်းမျဉ်းစည်းကမ်းအရ သူက ပြင်းထန်စွာ အပြစ်ပေးခံရပေလိမ့်မည်။

ဆူဇီမိုသည် တစ်ဘက်သို့လှည့်ပြီး တစ်ကိုယ်တော်တိမ်စိုင်၏ ဘေးသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ သူ၏အကြည့်က ရှေ့တွင် ဒူးထောက်နေသော သွေးနှောနဂါး သခင်လေး ၄ ယောက်ဆီသို့ ရောက်ရှိသွားလေသည်။

သခင်လေး ၄ယောက်သည် အံ့အားသင့် မှင်တက်နေပြီး စောစောက တုန်လှုပ်စရာ မြင်ကွင်းကနေ ရုန်းထွက်နိုင်ခြင်း မရှိကြသေးပေ။

ဆူဇီမို၏ အကြည့်ကို ခံစားမိလိုက်ပြီး သူတို့ ၄ယောက်က သတိဝင်လာကာ ချွေးစေးများ ထွက်လာခဲ့လေသည်။

သူတို့ ၄ ယောက်သည် စောစောက အညံ့ခံဖို့ ငြင်းဆန်ခဲ့ခြင်းမှာ သူတို့က ရှက်ရွံ့နေသောကြောင့် ဖြစ်လေသည်။

ပို၍ အရေးကြီးသည်မှာ မီးပဒေသာနဂါးမျိုးရိုးမှ တစ်စုံတစ်ယောက် ထွက်ပေါ်လာသည်နှင့် လုံမိုကို သေချာပေါက် ဖိနှိမ်နိုင်လိမ့်မည်ဟု သူတို့က ယုံကြည်ခဲ့ကြလေသည်။

ထိုအခါ လုံမိုသည် သူတို့ထက်ပင် အခြေအနေ ပိုဆိုးသွားနိုင်ပြီး သူက လူအများ ဟားတိုက်စရာတစ်ခု ဖြစ်လာနိုင်လေသည်။

သို့သော်လည်း မီးပဒေသာနဂါးမျိုးရိုးမှ လုံချိုးသည်လည်း ဆူဇီမို၏ ဖိနှိမ်ခြင်းကို ခံရလိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။

သူတို့သည် စောစောက ဤလူကို စတင်၍ စိန်ခေါ်ခဲ့ခြင်းကို ပြန်လည်စဉ်းစားမိသောအခါ.. ရေနဂါးသခင်လေးက ရင်ထဲမှာ ခါးသီးစွာ ခံစားလိုက်ရလေသည်။

“တောင်းပန်”

ဆူဇီမိုက စကား များများစားစား ပြောဆိုခြင်း မရှိဘဲ ထိုတစ်ခွန်းတည်းကိုသာ ပြောလိုက်လေသည်။

သို့သော်လည်း သူတို့ ၄ ယောက်က ပြင်းထန်သော ဖိအားကို ခံစားလာရလေသည်။

သူတို့က ဆက်လက်၍ ငြင်းဆန်နေမည်ဆိုလျှင် နောက်ဆက်တွဲ ရလဒ်များကို ခံနိုင်ရည်ရှိတော့မည် မဟုတ်ဟု ခန့်မှန်းမိလာကြလေသည်။

“တောင်း.. တောင်းပန်ပါတယ်”

ရေနဂါးသခင်လေးက သူ၏ခေါင်းကို ငုံ့ပြီး တိုးညင်းစွာ ပြောလိုက်လေသည်။

သူ၏အသံက တိုးညင်းသော်လည်း လက်ရှိနဂါးများ အားလုံးသည် အားကောင်းသော အကြားအာရုံ ရှိကြပြီး အဲဒါကို ရှင်းလင်းစွာ ကြားနိုင်ကြလေသည်။

အခြားသော သခင်လေး ၃ ယောက်ကလည်း ဆက်လက်၍ ပေမနေရဲတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် တောင်းပန်လိုက်ကြလေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် အေးစက်စက် နံရံကို မှီထားရင်း စိတ်ခံစားချက် မြင့်မားစွာဖြင့် သူ၏လက်သီးနှစ်ဖက်ကို ဆုပ်လိုက်လေသည်။

ဆူဇီမိုက သူ့ကို နဂါးရိုးတောင်ကြားသို့ ခေါ်ဆောင်လာခဲ့သည့်အတွက် သူက ဝမ်းသာပျော်ရွှင်နေခဲ့ရလေသည်။

သူက ဤနေရာမှာ သေသွားရမည်ဆိုလျှင်တောင် နောင်တရတော့မည် မဟုတ်ပေ။

သူ ထင်မှတ်မထားသည့် အရာမှာ ဤနေရာမှာ သူက နဂါးများ၏ လေးစားမှုကိုပင် ရရှိလာခဲ့လေသည်။

သို့သော်လည်း ဤလေးစားမှုက နဂါးများ၏ စိတ်နှလုံးထဲကနေ ထွက်ပေါ်လာခြင်း မဟုတ်ပေ။

“မင်းတို့တွေ သွားလို့ရပြီ”

ဆူဇီမိုက လက်ကာပြလိုက်လေသည်။

သခင်လေး ၄ ယောက်သည် သူတို့၏ ဒူးများက ကျိုးကြေနေသော်လည်း သူတို့က မတ်တတ်ရပ်နိုင်ဆဲ ဖြစ်လေသည်။ နာကျင်မှုကို ကြိတ်မှိတ်ခံရင်း သူတို့သည် ဒယီးဒယိုင်နှင့် လှည့်ထွက်သွားကြလေသည်။

“အားလုံးပဲ..”

ဆူဇီမိုက သူ၏ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“တစ်ကိုယ်တော်တိမ်စိုင်က ငါ့ရဲ့ အစီးအနင်းပဲ.. ငါက အကျိုးအကြောင်း မရှိဘဲနဲ့ သူ့ဘက်ကနေ ရပ်တည်ပေးမှာ မဟုတ်ဘူး”

“သူက သားရဲတွင်းရဲ့ အပြင်ဘက်မှာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရင်း ရှုံးနိမ့်သွားမယ်.. ထိခိုက်ဒဏ်ရာရသွားမယ်ဆိုရင်.. အဲဒါက သူ့ရဲ့ စွမ်းရည် မပြည့်ဝမှုကြောင့်ပဲ.. အဲဒါက တခြားသူတွေကို အပြစ်တင်လို့ မရတဲ့အတွက် ငါကလည်း ဝင်ပါမှာ မဟုတ်ဘူး”

ဤနေရာအရောက်တွင်.. နဂါးများကြားမှာ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့လေသည်။

များစွာသော နဂါးများက တစ်ကိုယ်တော်တိမ်စိုင်ကို ရန်လိုနေသော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

ဆိုလိုသည်မှာ.. သူတို့သည် မျှတစွာ တိုက်ခိုက်သရွေ့ တစ်ကိုယ်တော်တိမ်စိုင်ကို သင်ခန်းစာတစ်ခု ပေးနိုင်နေဆဲ ဖြစ်လေသည်။

ဆူဇီမိုသည် ဘာစကားမှ မပြောတော့ဘဲ တစ်ကိုယ်တော်တိမ်စိုင်ကို လှည့်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများက အားပေးမှု၊ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

ဆူဇီမိုသည် ဤနေရာမှာ တိုက်ခိုက်ခြင်းဖြင့် တစ်ကိုယ်တော်တိမ်စိုင်ကို ကယ်တင်ခဲ့သော်လည်း… တစ်ကိုယ်တော်တိမ်စိုင်သည် နဂါးရိုးတောင်ကြားမှာ ဆက်လက် ရှင်သန်နေထိုင်ချင်သည်ဆိုလျှင် သူ့အားသူကိုးရပေလိမ့်မည်။

သူက သူ့အတွက် မျှတသော အခွင့်အရေးတစ်ခုကို ဖန်တီးပေးရုံသာ ဖြစ်လေသည်။

တစ်ကိုယ်တော်တိမ်စိုင်က နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်မလား.. သို့မဟုတ် နဂါးမျိုးရိုး ၅ ခုသို့ ဝင်ရောက်နိုင်မလား ဆိုတာကတော့ သူ့အပေါ်မှာသာ မူတည်လေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမို၏ ခြေလှမ်းအတိုင်း လိုက်နိုင်မည် မလိုက်နိုင်မည်ကတော့ သူ၏ စွမ်းဆောင်ရည်ပေါ်မှာသာ မူတည်နေလေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမို၏ မျက်လုံးထဲရှိ အဓိပ္ပာယ်ကို နားလည်သွားပြီး အလေးအနက် ခေါင်းညိတ်ပြလိုက်လေသည်။

ထိုအခိုက်အတန့်တွင် သူ၏ရင်ထဲမှာ အကန့်အသတ်မဲ့သော မာန်မာနတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

အစကတော့.. သူ၏ ကျင့်ကြံခြင်းပန်းတိုင်မှာ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲပြီး နဂါးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်လာဖို့ ဖြစ်လေသည်။

သို့သော် ယခုအခါမှာတော့.. သူသည် ဆူဇီမိုနောက်သို့ လိုက်ပါနိုင်မည်ဆိုလျှင် သူ၏ အနာဂတ်က အကန့်အသတ်မဲ့လာမည်ဖြစ်ကြောင်း နားလည်လာခဲ့လေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကပင် သူ၏ အကန့်အသတ် မဟုတ်နိုင်တော့ပေ။

နဂါးများက တဖြည်းဖြည်း လူစုခွဲလိုက်ကြလေသည်။

ဆူဇီမိုသည် တစ်ကိုယ်တော်တိမ်စိုင်ကို နဂါးသားရဲတွင်းထဲသို့ ပြန်ပို့ပြီး ထွက်ခွာလာခဲ့လေသည်။

တစ်ကိုယ်တော်တိမ်စိုင်က ကျင့်ကြံဖို့အတွက် လိုအပ်လေသည်။

. . . . .

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင်.. ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်အပိုင်းသည် နဂါးဘုရင် အထီးကျန်သမုဒ္ဒရာနှင့် ဆက်စပ်နေလေသည်။

အဲဒါသည် ယင်စိတ်ဝိညာဉ်အပိုင်းမှာတုန်းက အဆင်ပြေနေဆဲဖြစ်ပြီး ဆူဇီမိုက အမှားအယွင်းမရှိဘဲ ကျင့်ကြံနိုင်ခဲ့လေသည်။

သို့သော်လည်း ယန်စိတ်ဝိညာဉ်အပိုင်းကို ရှေးကျသော ဘာသာစကားတစ်မျိုးဖြင့် ဖော်ပြထားပြီး သူတို့၏ အဓိပ္ပာယ်ကို သူက လုံးဝ နားမလည်နိုင် ဖြစ်နေလေသည်။

ထို့ကြောင့်ပင် သူသည် ယန်စိတ်ဝိညာဉ်အပိုင်းမှာ ပါရှိသည့် ဓမ္မပညာရပ် ကျတ်တီးမြေကို အပေါ်ယံမျှသာ နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

အဲဒါက သန်မာခြင်း၊ အားနည်းခြင်းနှင့် မသက်ဆိုင်ပေ။

ကျတ်တီးမြေ၏ စွမ်းအားသည် ကျင့်ကြံခြင်းအဆင့်တစ်ခု၏ ကန့်သတ်ချက်မျိုး ရှိမနေပေ။ သူသည် အဲဒါကို နိုးထဝိညာဉ်အဆင့်မှာ ထုတ်ဖော်ခဲ့တုန်းက ကျတ်တီးမြေ၏ စွမ်းအားသည် ဓမ္မဝိသေသ တာအိုအရှင်များပေါ်မှာပင် သက်ရောက်စေနိုင်လေသည်။

အဲဒါက ကျတ်တီးမြေ၏ ကြောက်စရာကောင်းသော အချိုးအစား ဖြစ်လေသည်။

သို့သော်လည်း ကျတ်တီးမြေ၏ စွမ်းအားက အရမ်းကြီး သန်မာသည် မဟုတ်ပေ။

ကျတ်တီးမြေ၏ အလယ်မှာဆိုလျှင်တောင်.. လျော့ကျသွားမည့် ဘဝသက်တမ်းက အသက်တစ်ရှိုက်စာမှာ နှစ်တစ်ရာ ဖြစ်လေသည်။ ကျတ်တီးမြေ၏ သက်ရောက်မှု အစွန်အစပ်မှာဆိုလျှင် အဲဒါက လျစ်လျူရှု၍ ရသလောက်နီးပါးပင်။

မူလနတ္ထိများ၏ ဘဝသက်တမ်းက နှစ်ငါးထောင် ရှိလေသည်။

ဓမ္မဝိသေသ တာအိုအရှင်များက နှစ်တစ်သောင်း ဘဝသက်တမ်း ရှိလေသည်။

ကျတ်တီးမြေသည် ဘဝနေဝင်ခါနီးအရွယ်မှာ ရှိနေသည့် ကျင့်ကြံသူများအပေါ်မှာ ကြီးမားသည့် ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။

အရင်တုန်းက.. ငရဲမီးစံအိမ်မှ ဓမ္မဝိသေသ တာအိုအရှင်တစ်ပါးသည် ကျတ်တီးမြေ၏ လွှမ်းခြုံခြင်းခံရပြီးနောက် တိတ်တဆိတ် သေဆုံးသွားခဲ့ရလေသည်။

သို့သော်လည်း သူတို့၏ အထွတ်အထိပ်အရွယ်မှာ ရှိနေသည့် မူလနတ္ထိ တာအိုသက်ရှိများဖြစ်စေ.. ဓမ္မဝိသေသ တာအိုအရှင်များဖြစ်စေ.. ဘဝသက်တမ်း နှစ်တစ်ရာက များစွာသိသာမှု မရှိပေ။

သူတို့သည် လုံလောက်အောင် သန်မာသည်နှင့်အမျှ ကျတ်တီးမြေ၏ သက်ရောက်မှုကနေ သေချာပေါက် ရုန်းထွက်နိုင်ကြလေသည်။

အဲဒါကြောင့် ဆူဇီမိုသည် နဂါးမျိုးနွယ်မှာ ကျင့်ကြံမည့် အခွင့်အလမ်းကို အသုံးချကာ ကျတ်တီးမြေ၏ လျှို့ဝှက်ချက်ကို နားလည်ဆင်ခြင်နိုင်မလား.. ၎င်း၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မလား.. သိချင်မိလေသည်။

ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ် အပိုင်းတွင် ထိုဓမ္မပညာရပ် တစ်ခုတည်းသာလျှင် ပါရှိလေသည်။

ထို့ကြောင့် ဤဓမ္မပညာရပ်၏ စွမ်းအားက သေချာပေါက် အားမနည်းနိုင်ပေ။

အဲဒီမှာ ကျတ်တီးမြေအပြင်.. ယန်စိတ်ဝိညာဉ်အပိုင်းမှာ နောက်ထပ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုတော့ ရှိသေးလေသည်။

ဆူဇီမိုသည် ကျတ်တီးမြေနှင့် ပတ်သက်၍ အနည်းအကျဉ်းမျှသာ နားလည်ဆင်ခြင်နိုင်သေးလေသည်။

သို့သော်လည်း ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကိုတော့ များစွာပို၍ ရှုပ်ထွေးနက်နဲသော ရှေးဟောင်းဘာသာစကားဖြင့် ဖော်ပြထားပြီး သူက အဲဒါကို လုံးဝ နားမလည်နိုင်ပေ။

ယန်စိတ်ဝိညာဉ်အပိုင်းတွင် ဖော်ပြထားချက်အရ.. ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်၏ စွမ်းပကားက ပို၍ပင် ကြောက်စရာကောင်းလေသည်။

ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် ယန်စိတ်ဝိညာဉ်အပိုင်းတစ်ခုလုံး၏ အနှစ်သာရလည်း ဖြစ်လေသည်။

ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ဘက်ပြန်ကြေးခွံဟု​ ခေါ်လေသည်။

နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိမိသူ မည်သူမဆို သေရပေလိမ့်မည်။

သူသည် နဂါးမျိုးနွယ်မှ ဘက်ပြန်ကြေးခွံ၏ လျှို့ဝှက်ချက်ကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရေးခွန်အားက နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်လာပေလိမ့်မည်။

ဆူဇီမိုသည် ထိုကဲ့သို့သော မျှော်လင့်စောင့်စားမှုဖြင့် မီးပဒေသာနဂါးမျိုးရိုးနယ်မြေဆီသို့ ပြန်လည်ဦးတည်လာခဲ့လေသည်။

ထိုအခိုက်အတန့်တွင်.. မီးပဒေသာနဂါးမျိုးရိုးနယ်မြေတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်ကို သူက မသိရှိပေ။

အဲဒါသည် ဝဲဂယက်တစ်ထောင်ကို ဖြစ်ပေါ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ ကြီးမားသည့် အုတ်အော်သောင်းတင်းကို ဖြစ်ပေါ်လာစေခဲ့လေသည်။

အစကတည်းက မီးပဒေသာနဂါးများက ဆူဇီမိုကို နှစ်သက်သဘောကျခြင်း မရှိကြပေ။

ယခု ဆူဇီမိုက သွေးနှောနဂါးများကို နှိမ်နင်းပြီး မီးပဒေသာနဂါးမျိုးရိုးမှ လုံချိုးကိုလည်း ဖိနှိမ်ခဲ့လေသည်။ များစွာသော မီးပဒေသာနဂါးများက ဒေါသူပုန်ထလာကြလေသည်။

မီးပဒေသာနဂါးမျိုးရိုးနယ်မြေအတွင်းတွင်.. နောက်ထပ် မုန်တိုင်းတစ်ခုက သူ့ကို စောင့်ဆိုင်းနေသည်ကို ဆူဇီမိုက မသိရှိသေးပေ။

All Chapters