လုံယဲ့
Vol. 72 Ch. 1080
ရိုးသားစွာ ပြောရလျှင် ဆူဇီမိုသည် သုံးစားမရသော ထိုဂုဏ်ပုဒ်များကို လုံးဝ ဂရုမစိုက်ပေ။
အနည်းဆုံးတော့ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာသည် မက်လောက်စရာ ဆုလာဘ်များစွာကို ရရှိလေသည်။ သို့သော်လည်း သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်နှင့် ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်မှာ ဘာဆုလာဘ်မှ မရှိပေ။
အဲဒါက နဂါးများကြား ယှဉ်ပြိုင်စိန်ခေါ်မှုများကိုသာ ဆွဲဆောင်နိုင်လေသည်။
ဆူဇီမိုသည် နဂါးများကြားမှာ အေးအေးချမ်းချမ်းနှင့်သာ ကျင့်ကြံချင်လေသည်။
ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက်.. သူတို့သည် ဘိုးဘေးနဂါး နတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်ခြင်းကို ခံယူပြီး သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထလာစေမည် ဖြစ်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မတည်ငြိမ်သော အခြေအနေများက ဖြစ်ပေါ်လာနေပြီး အနာဂတ်တွင် ကြီးမားသည့် အပြောင်းအလဲ တစ်စုံတစ်ရာ ပေါ်ထွက်လာတော့မည့် အရိပ်လက္ခဏာများ ပြနေလေသည်။
ကျရောက်လာမည့် အပြောင်းအလဲများမှာ သူက ရှင်သန်နိုင်ဖို့အတွက် သူ၏ခွန်အားကို တတ်နိုင်သမျှ မြန်မြန် မြှင့်တင်ထားရပေမည်။
သို့သော်လည်း သစ်ပင်က ငြိမ်သက်ချင်လျှင်တောင် လေက ရပ်တန့်လိမ့်မည် မဟုတ်ပေ။
ယခုအချိန်တွင် သူ့အနေဖြင့် အေးအေးဆေးဆေး နေဖို့က မဖြစ်နိုင်တော့ပေ။
မလှမ်းမကမ်းတွင် သွေးနီရောင် ဘရိုကိတ်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်သည် တစ်မူထူးခြားသော အော်ရာနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။ သူရောက်ရှိလာသည့် ခဏမှာပင် ဘေးပတ်လည်ရှိ မီးပဒေသာနဂါးများသည် အလိုလို လူစုခွဲ၍ လမ်းကြောင်းတစ်ခုကို ဖွင့်ဟပေးလိုက်လေသည်။
ဤမီးပဒေသာနဂါးသည် မူလနတ္ထိအဆင့်မှာပင်ဖြစ်သော်လည်း သူသည် မီးပဒေသာနဂါးမျိုးရိုးမှာ မြင့်မားသော အဆင့်အတန်းတစ်ခုရှိပြီး အလွန်တရာ ဩဇာအာဏာရှိသည်မှာ သိသာလေသည်။
“အစ်ကိုယဲ့ ရောက်လာပြီဟေ့”
“လုံမိုက အခု ဘာလုပ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
များစွာသော မီးပဒေသာနဂါးများသည် အူမြူးအားရနေသော အမူအရာများဖြင့် ဆူဇီမိုကို ကြည့်လိုက်ကြလေသည်။
ဘရိုကိတ်ဝတ်ရုံနှင့်လူက ချဉ်းကပ်လာရင်း.. မြေပြင်ပေါ်မှာ လက်တစ်ဖက်ကျိုးရင်း အော်ဟစ်နေသော မီးပဒေသာနဂါးတစ်ကောင်နှင့် သတိလစ်နေသော နောက်ထပ် နဂါးတစ်ကောင်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။
သူက ဆူဇီမိုကို လှည့်ကြည့်လိုက်လေသည်။
ဆူဇီမိုကလည်း တည်ငြိမ်နေသော အမူအရာဖြင့် သူ့ကို ပြန်ကြည့်လိုက်လေသည်။
အခြားသော မီးပဒေသာနဂါးများနှင့်မတူဘဲ ဘရိုကိတ်ဝတ်ရုံနှင့်လူက ဆူဇီမိုအပေါ် ရန်လိုစိတ်များစွာ မပြသပေ။ ထိုအစား သူက လက်သီးနှစ်ဖက်ကို အနည်းငယ်ယှက်၍ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“ကျုပ်က လုံယဲ့ပါ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။
သူသည် လုံယဲ့၏ အမည်ကို သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်မှာ တွေ့မြင်ဖူးပြီး အဲဒါက အဆင့် ၅ ဖြစ်ပုံရလေသည်။
ဆူဇီမိုက ခေါင်းညိတ်၍ လက်သီးနှစ်ဖက်ဆုပ်ကာ ပြန်လှန်နှုတ်ဆက်လိုက်လေသည်။
“ကျုပ်.. ခင်ဗျားအကြောင်းကို ကြားပြီးပါပြီ.. နဂါးမျိုးနွယ်ကို ခင်ဗျားက အခုမှရောက်လာတာဆိုတော့ ကလန်သားတွေက ဝိုင်းကြဉ်ကြတာ ခင်ဗျားအတွက် ပုံမှန်ပါပဲ”
လုံယဲ့က ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။
“ကျုပ်က နဂါးမျိုးနွယ်မှာ အစွမ်းအစတချို့ ရှိပါတယ်.. ဒီလိုလုပ်ကြည့်လေ.. အဲဒီကလန်သားနှစ်ယောက်ကို ပြန်တောင်းပန်လိုက်.. အဲဒါဆိုရင် ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို ကျုပ်တို့က မေ့လိုက်ကြမယ်”
များစွာသော မီးပဒေသာနဂါးများက ထိုစကားကို ကြားသောအခါ ကန့်ကွက်ကြလေသည်။
“အစ်ကိုယဲ့.. အဲဒီကောင်က တော်တော်မောက်မာနေတာ”
“အဲဒါ အမှန်ပဲ.. သူက ဒီကိုရောက်တာ တစ်လပဲရှိသေးတယ်.. သွေးနှောနဂါးနယ်မြေမှာ ကြွားလုံး သွားထုတ်လာခဲ့ပြီးပြီ.. သူက ပြန်ရောက်လာတော့လည်း ကျုပ်တို့ ကလန်သားနှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်.. ကျုပ်တို့က ဒီကိစ္စကို ဒီတိုင်း ပြီးမပေးနိုင်ဘူး”
“အစ်ကိုယဲ့.. သူ့နေရာ သူသိသွားအောင် သူ့ရဲ့ မောက်မာမှုကို ရိုက်ချိုးပြလိုက်စမ်းပါ”
လုံယဲ့သည် သူ၏လက်ကို ထုတ်၍ အောက်သို့ ဖိပြလိုက်လေသည်။
နဂါးများ၏ အသံက တဖြည်းဖြည်း ငြိမ်သက်သွားကြလေသည်။
လုံယဲ့က ပြောလိုက်လေသည်။
“အားလုံးပဲ.. ကျေးဇူးပြုပြီး ကျုပ်မျက်နှာကို ထောက်ထားပါဦး.. သူက စိတ်ရင်းမှန်ကန်စွာနဲ့ တောင်းပန်လိုစိတ် ရှိမယ်ဆိုရင်.. ကျုပ်တို့က သူ့အတွက် အခက်တွေ့အောင် မလုပ်ကြတာပေါ့”
မီးပဒေသာနဂါးအချို့သည် ဆက်လက်၍ မပြောဆိုသော်လည်း စိတ်ထဲမှာ မကျေမချမ်း ခံစားနေရပြီး ဆူဇီမိုကို ရန်လိုစွာဖြင့် ကြည့်နေကြလေသည်။
“လုံမို.. သူတို့နှစ်ယောက်ကို ထူမပြီးတော့ တောင်းပန်လိုက်ပါ.. ငါတို့က ဒီကိစ္စကို ဒီမှာပဲ ထားလိုက်တော့မယ်”
လုံယဲ့သည် အမိန့်ပေးသည့် ပုံစံဖြင့် ဆူဇီမိုကို ပြောလိုက်လေသည်။
ရုတ်တရက် ဆူဇီမိုက ရယ်လိုက်လေသည်။
လုံယဲ့သည် သူ့ကို ကူညီပေးနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ သူ၏ တောင်းဆိုချက်က ကျိုးကြောင်းဆီလျော်မှု မရှိပေ။
နဂါးများအကြား တိုက်ခိုက်မှုတွင် အနိုင်ရသူက ရှုံးနိမ့်သူကို တောင်းပန်ရိုးထုံးစံ မရှိပေ။
နောက်ဆုံးမှာတော့ လုံယဲ့သည်လည်း သူ့ကို နဂါးတစ်ကောင်အဖြစ် မရှုမြင်နိုင်သေးပေ။
အဲဒါထက်.. လုံယဲ့သည် သူကဲ့သို့ အပြင်လူတစ်ယောက်အပေါ် လွှမ်းမိုးခြယ်လှယ်မှုကို ထုတ်ပြပြီး နဂါးများအကြားမှာ သူ၏ ဩဇာအာဏာကို တည်ဆောက်ချင်ရုံမျှသာ ဖြစ်လေသည်။
“ကျုပ်က ဘာလို့ တောင်းပန်ရမှာလဲ”
ဆူဇီမိုက လုံယဲ့ကို ပြုံးစစဖြင့် ကြည့်ပြီး ပြန်လှန်မေးလိုက်လေသည်။
“ဟမ်”
လုံယဲ့သည် ဆူဇီမိုကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည့်အလား သူ၏ခေါင်းကို အနည်းငယ်လှည့်၍ ကြည့်လိုက်လေသည်။ သူ၏မျက်လုံးနှစ်ဖက်က မီးတောက်များဖြင့် တောက်လောင်လာသည်ဟု ထင်ရလေသည်။
“ဘယ်လောက်တောင် ကျေးဇူးမသိတတ်လိုက်သလဲ”
“အစ်ကိုယဲ့.. သူက ခင်ဗျားမျက်နှာကိုတောင် ထောက်ထားတာ မဟုတ်ဘူး.. သူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်စမ်းပါ”
“အခွံမာသီးကို ခွဲဖို့အတွက် ပေါင်တူသုံးစရာ မလိုပါဘူး.. ကျုပ် လုပ်လိုက်မယ်”
လုံယဲ့၏ နောက်ဘက်ရှိ မီးပဒေသာနဂါးတစ်ကောင်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့တက်ကာ ဆူဇီမိုကို တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်လေသည်။
လုံယဲ့က သူ၏လက်ကို ဆန့်တန်းပြီး ထိုမီးပဒေသာနဂါးကို တားလိုက်လေသည်။ သူက ဆူဇီမိုကို စိုက်ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“လုံမို.. မင်း ဘယ်သူနဲ့ စကားပြောနေလဲ မင်းသိလား”
“ဘာမှားနေလို့လဲ..”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်လေသည်။
“နဂါးမျိုးနွယ်မှာ သန်မာတဲ့သူက အားနည်းတဲ့သူကို တောင်းပန်ရတယ်ဆိုတဲ့ စည်းကမ်းတစ်ခုများ ရှိနေလို့လား”
လုံယဲ့ကလည်း ပြုံးလိုက်လေသည်။
သို့သော်လည်း ထိုအပြုံး၏ နောက်ကွယ်တွင် ဖိနှိမ်ထားသော အမျက်ဒေါသကို လူတိုင်းက ခံစားမိနိုင်ကြလေသည်။
“မင်းက အပြင်လူတစ်ယောက်ပဲ.. ငါက မင်းကို မြင့်မြင့်မားမား သတ်မှတ်ထားလို့သာ ဒီအခွင့်အရေးကို ပေးနေတာ.. မင်းက အဲဒါကို မလိုချင်ဘူးဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့..”
လုံယဲ့၏ မျက်လုံးထဲရှိ မီးတောက်များက ပိုမိုတောက်ပလာခဲ့လေသည်။
“သူတို့ပြောတာ မှန်တဲ့ပုံပဲ.. မင်းက ကိုယ့်နေရာကိုယ် တကယ်မသိဘူးပဲ”
“ဒီနေ့ ငါက မင်းကို သွန်သင်ဆုံးမပေးရမယ်.. နဂါးမျိုးနွယ်မှာ မင်းရဲ့မျက်လုံးကို ဖွင့်လှစ်ပေးရမယ်.. ဒီမှာရှိတဲ့သူတိုင်းက မင်း ရန်စစော်ကားလို့ရတဲ့သူတွေ မဟုတ်ဘူး”
သူ့စကား မဆုံးသေးခင်မှာပင် လုံယဲ့က ရှေ့သို့တက်လှမ်းပြီး ဆူဇီမို၏ ဦးခေါင်းဆီသို့ သူ၏လက်ကို လွှဲယမ်းလိုက်လေသည်။
ရွှစ်..
သံမဏိကြာပွတ်ကို လွှဲယမ်းလိုက်သကဲ့သို့ သူ၏လက်သည် ကျယ်လောင်သော လေခွင်းသံကို ထွက်ပေါ်လာစေလေသည်။
ဆူဇီမိုက သူ၏မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်လေသည်။
သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်မှာ နံပါတ် ၅ အနေဖြင့် လုံယဲ့သည် တကယ်ကို အားမနည်းပေ။ သူ ထုတ်ဖော်လိုက်သော စွမ်းအားက အတော်လေးကို ကြောက်စရာကောင်းနေလေသည်။
တကယ်တော့ ထိုစွမ်းအားက သူ့ကို ခြိမ်းခြောက်နိုင်အောင် မလုံလောက်ပေ။
ဆူဇီမိုက လုံယဲ့၏ လက်သီးကို သူ၏ လက်သီးဖြင့် ပြန်လှန်ထိုးနှက်လိုက်လေသည်။
ဘန်း..
လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွားလေသည်။
ဆူဇီမိုက မလှုပ်မယှက်ရှိနေပြီး သူ၏ အမူအရာက ပုံမှန်သာ ဖြစ်လေသည်။ သို့သော်လည်း လုံယဲ့က ဆတ်ခနဲ တုန်ယင်သွားလေသည်။
သူသည် သူ၏ လက်သီးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်။
သူသည် ဟန်ချက်ပျက်လုနီးပါးဖြစ်ပြီး နာကျင်စွာ ညည်းတွားလိုက်ရလေသည်။
ယခုအခါမှသာလျှင်.. ဆူဇီမိုက သူတွေးထင်ထားသည်ထက် ပိုမိုသန်မာနေကြောင်း နားလည်လိုက်လေသည်။
ဝေါ..
လုံယဲ့သည် သူ၏မျိုးဆက်သွေးကို လှည့်ပတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ ဆူနာမီအသံက ထွက်ပေါ်လာခဲ့လေသည်။ သူ၏ မျိုးဆက်သွေးစွမ်းအားသည် သူ၏ခြေလက်များနှင့် အရိုးများဆီသို့ စီးဆင်းသွားပြီး သူ့လက်သီးမှ နာကျင်မှု ထက်ဝက်ကျော်က ချက်ချင်း ပျက်ပြယ်သွားခဲ့လေသည်။
ဆူနာမီသွေး..
ဆူဇီမိုသည် ဆူနာမီသွေးအဆင့်ကို ကျင့်ကြံထားသော နဂါးတစ်ကောင်နှင့် စောစောစီးစီး တွေ့ကြုံလိုက်ရလေပြီ။
လုံယဲ့သည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်တွင် နေရာတစ်ခု ရလာခဲ့ခြင်းမှာ ကြက်ကန်းဆန်အိုးတိုးခြင်း သေချာပေါက် မဟုတ်ပေ။
“လာခဲ့လေ”
လုံယဲ့၏ မျက်လုံးက တောက်ပလာပြီး သူက ဟိန်းဟောက်လိုက်လေသည်။
“ငါ့ရဲ့ အစစ်အမှန်ခွန်အား မင်းကို ပြပေးမယ်”
သူက ရှေ့သို့ တစ်ဖန်လျှောက်လှမ်းပြီး ဆူဇီမိုဆီသို့ ပြေးဝင်သွားလေသည်။
ဘန်း.. ဘုန်း.. ဘုန်း..
နေရာမှာပင် မတ်တတ်ရပ်နေရင်း ဆူဇီမိုက သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ကာ သူ၏ ခန္ဓာကိုယ်ထဲမှ ဆူနာမီအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။ အဲဒါက လုံယဲ့၏ မျိုးဆက်သွေးထက်ပင် ပို၍သန်မြန်ပြီး ခံ့ညားထည်ဝါနေလေသည်။
နဂါးများကြားမှာ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့လေသည်။
သူတို့သည် နဂါးမျိုးနွယ်၏ သန့်စင်သော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး အလွန်တရာ သန်မာသော်လည်း.. သူတို့ထဲမှ အများစုသည် ဆူနာမီသွေးအဆင့်ကို မကျင့်ကြံနိုင်ကြသေးပေ။
မသန့်စင်သော မျိုးဆက်သွေးနှင့် အပြင်လူတစ်ယောက်က ဆူနာမီသွေးအဆင့်ကို ကျင့်ကြံထားနိုင်သည်ဆိုတော့…။
ဘုန်း..
သူတို့နှစ်ယောက်သည် လူသားသွင်ပြင်ယူထားသော ကြမ်းကြုတ်တောကောင်များကဲ့သို့ ပြင်းထန်စွာ ထိတွေ့တိုက်ခိုက်လိုက်ကြလေသည်။
အသွေးအသားများက ထိတွေ့ရိုက်ခတ်၍ အရိုးများက တစ်ခုကိုတစ်ခု ကြိတ်ချေလိုက်ကြလေသည်။ သွေးချီက တလိပ်လိပ် တက်လာပြီး ကြောက်စရာကောင်းသည့် အသံတစ်သံကို ထွက်ပေါ်လာစေလေသည်။
အဲဒီနောက်.. အားလုံး၏ အကြည့်အောက်မှာပင် ပုံရိပ်တစ်ခုက လွင့်စင်ထွက်သွားလေသည်။ အဲဒါက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ် ၅.. လုံယဲ့ ဖြစ်လေသည်။
လုံယဲ့သည် မြေပြင်ပေါ်ကနေ လျင်မြန်စွာ ကျုံးထလိုက်လေသည်။ သူရရှိခဲ့သော ဒဏ်ရာများက သူ့အတွက် လျစ်လျူရှု၍ ရလေသည်။
သို့သော်လည်း ဤအရေးနိမ့်မှုက သူ့ကို အမှန်တကယ်ပင် ဒေါသူပုန်ထလာစေခဲ့လေသည်။
“ဂါး..”
လုံယဲ့သည် ဆူဇီမိုဘက်သို့ ဟိန်းဟောက်လိုက်ပြီး ရှေ့သို့တစ်ဖန် ပြေးဝင်လာခဲ့လေသည်။
ဘန်း.. ဘန်း.. ဘန်း..
သူတို့နှစ်ယောက်သည် မည်သည့်နည်းစနစ်မှ မပါဘဲ သန့်စင်သော ခွန်အားသက်သက်ဖြင့် အဆက်မပြတ် တိုက်ခိုက်လိုက်ကြလေသည်။
လုံယဲ့သည် လဲကျသွားတိုင်း ပြန်ထလာခဲ့လေသည်။
သူ၏ခန္ဓာကိုယ်ထဲရှိ နဂါးသွေးကို လှည့်ပတ်ခြင်းဖြင့် ထိုပြင်ပဒဏ်ရာများက သူ့အပေါ် များစွာသက်ရောက်မှု မရှိပေ။
သို့သော်လည်း သူတို့ရှေ့ရှိ မြင်ကွင်းက နဂါးများကို အံ့အားသင့် မှင်တက်သွားစေလေသည်။
ဆူဇီမိုသည် လုံယဲ့ကို ဤကဲ့သို့သော ပုံစံဖြင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
အဲဒါထက်.. လုံးဝ အရေးနိမ့်နေသည့်သူက လုံယဲ့ဖြစ်နေမည်ဟု မည်သူကမှ ထင်မထားကြပေ။