နတ်ဘုရားမျက်နှာပျက်ကြီးက နတ်ဘုရားနယ်မြေကို ကြည့်လိုက်တဲ့အခါ ဘာဖြစ်လိမ့်မလဲ
Vol. 71 Ch. 1098
နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်လုံးသည် အက်ကြောင်းတစ်ခုမျှသာ ဖွင့်လှစ်သွားသည်။
ထိုအက်ကြောင်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်သည် ဝုန်းခနဲမြည်ဟိန်းသွားသည်။ ဖော်မပြနိုင်သော နာကျင်မှုသည် ကြမ်းတမ်းသော ရေလှိုင်းလုံးများသဖွယ် သူ့အား လွှမ်းမိုးသွားသည်။
သူ၏ ခန္ဓာကိုယ်သည် နည်းနည်းချင်းစီ ပေါက်ကွဲသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များနှင့် အရိုးများသည်လည်း အက်ကွဲသွားကြသည်။
သူက ဆက်လက် မတောင့်ခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ၏ ဝိညာဉ်နှင့် ကျင့်ကြံခြင်းသည် ဤအခိုက်အတန့်မှာ မှေးမှိန်သွားနေသည့် လက္ခဏာများ ပြလာသည်။
ဤသည်မှာ သူက အရာအားလုံးကို လောင်ကျွမ်းပစ်နေသည့် ဖယောင်းတိုင်တစ်တိုင်ဖြစ်လာဟန် တူသည်။ သူက နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်ရန်အတွက် သူ့ကိုယ်သူ နတ်ဘုရားစွမ်းအင်အဖြစ် အသုံးပြုနေရသည်။
သို့သော်လည်း သူ၏ ကျင့်ကြံခြင်းသည် မလုံလောက်ပေ။ နတ်ဘုရားမျက်နှာပျက်ကြီးက အက်ကြောင်းတစ်ခုမျှသာ မျက်လုံးဖွင့်လှစ်သွားသော်လည်း သူ၏ စွမ်းအင်အားလုံးနီးပါးကို ကုန်ဆုံးသွားစေသည်။
သို့တိုင် ယင်းက အက်ကြောင်းတစ်ခုမျှသာ မျက်လုံးဖွင့်လှစ်သွားခြင်းဖြစ်သော်လည်း လနန်းတော်အတွင်းမှ လောကတစ်ခုလုံးကို အကြွင်းမဲ့တိတ်ဆိတ်ခြင်း အခြေအနေဆီသို့ ချက်ချင်း ကျရောက်သွားစေသည်။
နီလာနတ်သမီး၏ အတိတ်ပုံရိပ်သည် အော်ဟစ်ညည်းညူလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် စတင်အရည်ပျော်လာပြီး အနီရောင်မြူခိုးငွေ့ကို အဆက်မပြတ် ထုတ်လွှတ်လာသည်။ ဤသည်မှာ သူက ဖယ်ရှားခံနေရသည့်အလားပင်။
သစ်သားတံခါးသည် အပြင်းအထန် တုန်ခါလာပြီး ယိုယွင်းပျက်စီးလာသည်။ ကြောက်လန့်တုန်လှုပ်နေသော အော်သံနှင့်အတူ အနက်ရောင်အခိုးအငွေ့သည် တံခါးနောက်မှ ပေါ်ထွက်လာသည်။
“ ဘုရားသခင်… ”
( ဘာသာပြန်သူ၏ မှတ်စု: အပေါ်က စာကို engဘာသာပြန်မှာ (Father)လို့ ရေးထားပါတယ်… သူဆိုလိုချင်တာက အဖေကို ပြောတာမဟုတ်ဘဲ နတ်ဘုရားမျက်နှာပျက်ကြီးကို အဖဘုရားသခင်လို့ တင်စားပြီးပြောတာ ဖြစ်နိုင်ပါတယ်… အဲ့ဒါကြောင့် ဘုရားသခင်လို့ပဲ အတိုချုပ်ရေးပါမယ် )
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် မျက်နှာဖြူဖျော့လာကြသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်သည် ဆိုးဝါးစွာ ကျူးကျော်ဝင်ရောက်ခံနေရသည်။ ရွှီချင်း၏ လှုပ်ရှားမှုသည် ရန်သူမိတ်ဆွေ မခွဲခြားပေ။ သူတို့က ဤလောကထဲမှာ ရှိနေသရွေ့ သက်ရောက်ခံရလိမ့်မည်။
ခေါင်းဆောင်သည်လည်း သက်ရောက်ခံလိုက်ရသည်။ သူသည် သူ၏ ယခင်ဘဝမှ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့ပြီး အရေအတွက်များပြားသော အပြာရောင်ပိုးကောင်များအဖြစ် ပြောင်းလဲခဲ့သည်။ ပိုးကောင်အများစုသည် နီလာနတ်သမီးကို ခုခံတားဆီးပြီး သစ်သားတံခါးကို ကိုက်စားဝါးမျိုနေစဉ် ပျက်စီးသွားကြသော်လည်း ပိုးကောင်တချို့သည် မြေကြီးထဲမှာ ပုန်းအောင်းနေကြသေးသည်။
အစက ထိုပိုးကောင်များသည် တစ်ကောင်နှင့်တစ်ကောင် ပြန်ပေါင်းစပ်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းနေကြသည်။ သို့သော်လည်း ယခု ၎င်းတို့သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း ထိုကြောက်ရွံ့မှုသည် ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးထံမှ ဆင်းသက်လာပုံမပေါ်ပေ။ ယင်းအစား အနီရောင်လဂြိုလ်ကိုယ်တိုင်ထံမှ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်သည် အော်ဟစ်နေစဉ် သူ၏ အကြည့်က အနီရောင်လ၏ ကုန်းမြေပေါ်သို့ ကျရောက်နေသောကြောင့် ဖြစ်သည်။ သူက တစ်စုံတစ်ခုပြောချင်သော်လည်း ထူးဆန်းစွာပင် သူ၏ စကားများက မထွက်ပေါ်လာခဲ့ပေ။
ဤအခိုက်အတန့်မှာ အကယ်၍ တစ်စုံတစ်ယောက်က အနီရောင်လဂြိုလ်ကို အပေါ်စီးမှ ငုံ့ကြည့်နိုင်မည်ဆိုလျှင် လနန်းတော်၏ လောကတစ်ခုလုံး သက်ရောက်ခံနေရကြောင်း မြင်နိုင်လိမ့်မည်။
ပျက်စီးနေသော မြို့တော်သည် မြေပြင်ပေါ်မှာ တည်ရှိနေပြီး ဝေဝါးနေသည်။ ယင်းက တစ္ဆေလောကတစ်ခုပမာ တိတ်ဆိတ်နေပြီး မြူဆိုင်းနေသည်။
ကောင်းကင်သည် မှောင်ရီနေပြီး မိုးကြိုးသွားများသည် ကောင်းကင်ကို ဆုတ်ဖြဲသွားသည်။ ယင်းက တစ်လောကလုံးကို လင်းထိန်သွားစေသည်။
သို့သော်လည်း မိုးခြိမ်းသံသည် ထွက်ပေါ်မလာပေ။ မိုးသည်သာ တိတ်တဆိတ် ရွာသွန်းနေသည်။
ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည်တော့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းမရှိပေ။ ၎င်းက မည်သည့်စိတ်ခံစားချက်ကိုမှ မထုတ်ဖော်ပြပေ။ အေးစက်မှုသည်သာ ၎င်း၏ တစ်ခုတည်းသော အမူအရာဖြစ်သည်။ ဤသည်မှာ ကျင့်ကြံသူများဖြစ်စေ သေမျိုးများဖြစ်စေ သို့မဟုတ် အဆင့်မြင့်နတ်ဘုရားများပင်ဖြစ်စေ ၎င်းကို မည်သည့်စိတ်ခံစားချက်မှ မဖြစ်ပေါ်စေဟန် ရသည်။
၎င်းတို့က အများကြီး မခြားနားပေ။
ဤအခိုက်အတန့်မှာ ဒြပ်နှောများသည် နတ်ဘုရားမျက်နှာပျက်ကြီးထံမှ ပေါ်လျှိုးလာသည်။ ယင်းက အရာအားလုံး၏ ဇစ်မြစ်ဖြစ်သည့်အလား အားလုံးထံသို့ ကျူးကျော်ဝင်ရောက်လာသည်။
ထိုဒြပ်နှောများ၏ လွှမ်းမိုးဖိနှိပ်မှုနှင့် ကြောက်စရာကောင်းပုံသည် တခြားနတ်ဘုရားများ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။ အမှန်မှာ နတ်ဘုရားများသည်ပင် ထိုဒြပ်နှောများ၏ ကျူးကျော်ဝင်ရောက်ခြင်း ခံနေကြရသည်။
မည်သို့ဖြစ်ပါစေ ဝမ်ကူးကုန်းမြေတွင် နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်သည် တားမြစ်ဇုန်ကို ဖန်တီးနိုင်ပေသည်။ အကယ်၍ ၎င်းက တားမြစ်ဇုန်ကို ကြည့်လိုက်မည်ဆိုလျှင် ယင်းက တားမြစ်ဒေသကြီးအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
အကယ်၍ ၎င်းက တားမြစ်ဒေသကြီးကို ကြည့်လိုက်မည်ဆိုလျှင် ယင်းက နတ်ဘုရားနယ်မြေဖြစ်လာလိမ့်မည်။
လနန်းတော်ကိုယ်တိုင်က နယ်ဘုရားနယ်မြေတစ်ခု ဖြစ်သည်။ အကယ်၍ နတ်ဘုရားမျက်နှာပျက်ကြီးက နတ်ဘုရားနယ်မြေကို ကြည့်လိုက်မည်ဆိုလျှင် မည်သို့ဖြစ်လာနိုင်ကြောင်း မည်သူမှ မသိကြပေ။
ဝမ်ကူးကုန်းမြေတစ်ခုလုံးတွင် နတ်ဘုရားမျက်နှာပျက်ကြီး ထွက်ပေါ်လာကတည်းက ထိုသို့ကိစ္စမျိုး တစ်ခါမှ ဖြစ်ပေါ်မလာခဲ့ပေ။ နတ်ဘုရားမျက်နှာပျက်ကြီးသည် နေရာတစ်ခုကို သုံးကြိမ်သုံးခါသာ ကြည့်ရှုသည်။
၎င်း၏ အကြည့်က နယ်ဘုရားနယ်မြေကို ဖြစ်ပေါ်စေနိုင်သော်လည်း နတ်ဘုရားနယ်မြေဖြစ်ပေါ်လာပြီးလျှင် ၎င်းက ထိုနေရာကို နောက်ထပ် မကြည့်တော့ပေ။
ဤနေရာမှာ ထွက်ပေါ်လာသော နတ်ဘုရားမျက်နှာပျက်ကြီးသည် ရွှီချင်း၏ မှတ်ဉာဏ်ထဲမှ ပုံရိပ်တစ်ခုသာဖြစ်သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီးသည် အလွန်အဆင့်မြင့်သည်။ ထိုမြင်ကွင်းထဲမှ မျက်လုံးသည် နတ်ဘုရားမျက်နှာပျက်ကြီး၏ အစစ်အမှန်မျက်လုံးကို မနှိုင်းယှဉ်နိုင်သော်လည်း အတိုင်းအတာတစ်ခုထိ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။
ထို့ကြောင့် ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေ၌ နှစ်ပေါင်းမြောက်များစွာ ကြာသွားသည့်တိုင်အောင် တစ်ခါမှမဖြစ်ပေါ်လာဖူးသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်လုံးသည် နတ်ဘုရားနယ်မြေကို ကြည့်လိုက်သည်။
လနန်းတော်နှင့် အနီရောင်လဂြိုလ်တစ်ခုလုံးသည် ချက်ချင်း အေးခဲသွားပြီး အမည်မသိသော ဦးတည်ရာတစ်ခုသို့ ဆင့်ကဲပြောင်းလဲသွားသည်။
ထိုဆင့်ကဲပြောင်းလဲမှုသည် နှိုင်းယှဉ်မရအောင် နက်နဲသည်။
ပထမဆုံးအနေဖြင့် လနန်းတော်ဖြစ်စေ အနီရောင်လဂြိုလ်ဖြစ်စေ ယင်းတို့က ဝမ်ကူးကုန်းမြေ၏ အချိန်ကာလမှ သီးခြားခွဲထုတ်ခံလိုက်ရဟန် ရသည်။ အနီရောင်လဂြိုလ်တစ်ခုလုံးနှင့် လနန်းတော်သည် ချက်ချင်း ယိုယွင်းပျက်စီးသွားပြီး အသစ်တဖန်ဖွဲ့စည်းသွားသည်။
တောင်တန်းများ၊ ကျောက်ဆောင်ကျောက်တုံးများ၊ နန်းတော်နှင့် လဂြိုလ်ပေါ်မှ အရာအားလုံးသည် ပြောင်းလဲသွားကြသည်။
ထိုပြောင်းလဲမှုသည် အချိန်နှင့်ဆက်စပ်နေသည်။
အနီရောင်လဂြိုလ်ပေါ်မှ အချိန်စီးဆင်းမှုသည် ကြမ်းတမ်းလာသည်။
လဂြိုလ်ပေါ်တွင် ရံဖန်ရံခါ ရှေးဟောင်းကုန်းမြေတစ်ခု ထွက်ပေါ်လာသည်။ တစ်ခါတစ်ရံ ယင်းက အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားပြီး ဖျက်ဆီးခံလိုက်ရသည်။ ထိုအတောအတွင်း ယင်းက အစဉ်မပြတ် ဆက်လက်ပြောင်းလဲနေသည်။ ဤသည်မှာ အနီရောင်လဂြိုလ်က အလွန်မြန်ဆန်သော အလျင်နှင့်အတူ မတူညီသော အချိန်ကာလအမှတ်များဆီသို့ ခုန်ကူးသွားနေသည့်အလားပင်။
အနီရောင်လဂြိုလ်တစ်ခုတည်း ထိုသို့ဖြစ်ပျက်နေခြင်းသာ ဖြစ်သည်။ လဂြိုလ်၏ အပြင်ဘက်တွင် အရာအားလုံးသည် ပုံမှန်အတိုင်း ဆက်ရှိနေသည်။
ထိုသို့ပြောင်းလဲမှုသည် လူတိုင်းကို ထိတ်လန့်သွားစေပြီး ချောက်ချားသွားစေသည်။
တုန်ရီနေသော အသံသည် သစ်သားတံခါးနောက်မှ အဆင့်မြင့်နတ်ဘုရားမီးလျှံလထံမှ ထွက်ပေါ်လာသည်။
“ ရပ်လိုက် ”
“ ဘုရားသခင်က နတ်ဘုရားနယ်မြေကို ကြည့်လိုက်မယ်ဆိုရင် မဟာချောက်ချားမှုကို ဖြစ်ပေါ်စေလိမ့်မယ် ”
“ ရပ်လိုက် ”
အဆင့်မြင့်နတ်ဘုရားမီးလျှံလသည် စူးစူးဝါးဝါးအသံဖြင့် အော်ပြောလိုက်သည်။ ထိုအသံထဲမှာ လူတိုင်း၏ အသိစိတ်ကို ထိုးဖောက်ဝင်ရောက်နိုင်သော အစွမ်းရှိသည်။
သို့သော်လည်း အနီရောင်လသည် မရေမတွက်နိုင်သော အချိန်အမှတ်များကြားမှာ ခုန်ကူးသွားနေသောကြောင့် ထိုအသံသည် အဝေးကြီးသို့ မရောက်ရှိနိုင်ပေ။ အဆုံးမှာတော့ သူက အားညိုဆီသို့ အသံပို့လွှတ်လိုက်သည်။
နောက်အခိုက်အတန့်မှာ ပြန်လည်တည်ဆောက်ထားပြီးသော အားညို၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူ၏ အော်ဟစ်သံသည်လည်း ရပ်တန့်သွားသည်။ အကြောက်တရားသည် သူ၏ မျက်လုံးထဲမှာ အလွန်သိပ်သည်းလာသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး အမြန်ပြောသည်။
“ ချင်းလေး… မြန်မြန်ရပ်လိုက်ပါ ”
“ နတ်ဘုရားမျက်နှာပျက်ကြီးက နတ်ဘုရားနယ်မြေကို ကြည့်လိုက်တာနဲ့… နတ်ဘုရားကမ္ဘာဖြစ်ပေါ်လာလိမ့်မယ် ”
“ နတ်ဘုရားကမ္ဘာက နားလည်နိုင်တဲ့အရာမဟုတ်ဘူး… အဲ့ဒါက မဟာချောက်ချားမှုပဲ ”
ခေါင်းဆောင်သည် အလျင်စလိုပြောပြီး ရွှီချင်းဆီသို့ တွားသွားလိုက်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်း၏ အသိစိတ်သည် ဗလာနတ္ထိထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။ သူ့မှာ ကိုယ်ပိုင်အသိစိတ်နှင့် ဝိညာဉ်မရှိတော့ပေ။ ပင်ကိုယ်ဗီဇတုံ့ပြန်မှုသည်သာ သူ၏ မျက်လုံးထဲမှာ ရှိသည်။ သူက မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး အနီရောင်လဂြိုလ်၏ ပြောင်းလဲမှုများကို ကြည့်ရှုနေသည်။
သူ၏ အသိအမြင်မှာ အချိန်သည် အစမှတ်နှင့် အဆုံးမှတ်ရှိသော မျဉ်းဖြောင့်တစ်ကြောင်း ဖြစ်ပေါ်လာဟန် ရသည်။ အနီရောင်လဂြိုလ်သည် ထိုမျဉ်းကြောင်းပေါ်တွင် တည်ရှိသည်။ သို့သော်လည်း နေရာအတည်တကျ မဟုတ်ပေ။ ယင်းအစား ၎င်းက တစ်နေရာမှ တစ်နေရာသို့ ခုန်ကူးသွားနေပြီး ထိုမျဉ်းကြောင်းပေါ်မှ မည်သည်နေရာတွင်မဆို ထွက်ပေါ်လာနေသည်။
၎င်းက တစ်ခါလင်းလက်သွားသည့်အခါတိုင်း မတူညီသော အချိန်အမှတ်ပေါ်သို့ ရောက်ရှိသွားပြီး ပိုပြီးမြန်သထက် မြန်ဆန်စွာ ရွေ့လျားသွားသည်။ နောက်ဆုံးမှာတော့ ၎င်းက ဝေဝါးလာသည်။
ထိုသို့ဝေဝါးသွားနေစဉ် အပြောင်းအလဲ၏ ဒုတိယအဆင့်က ထွက်ပေါ်လာသည်။
ဒုတိယအနီရောင်လဂြိုလ်သည် အနီရောင်လဂြိုလ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။
ထို့နောက် တတိယ၊ စတုတ္ထ… နောက်ဆုံးမှာတော့ မရေမတွက်နိုင်သော အနီရောင်လဂြိုလ်များသည် ဟင်းလင်းပြင်ထဲမှ အရာအားလုံးကို သိမ်းပိုက်သွားသည်။
“ အချိန်နဲ့လေဟာနယ်… ထိန်းချုပ်မှုကင်းလွတ်သွားတယ်… ”
ခေါင်းဆောင်၏ အသံသည် ပိုပြီးတုန်ယင်လာသည်။
“ အစမှာ နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အကြည့်က အနီရောင်လဂြိုလ်ပေါ်ကို အချိန်နိယာမဆောင်ကြဉ်းပေးပြီး အချိန်ကာလကို ကမောက်ကမာဖြစ်စေတယ်… အဲ့ဒါက အနီရောင်လဂြိုလ်ကို အချိန်ကာလအမျိုးမျိုးဆီ အမြန်အဆန် ခုန်ကူးသွားစေတယ်… အဲ့ဒီနောက် လေဟာနယ်နိယာမကို ဆောင်ကြဉ်းပေးပြီး မရေမတွက်နိုင်တဲ့ လေဟာနယ်တွေနဲ့ အနီရောင်လဂြိုလ်တွေကို ဖြစ်ပေါ်လာစေတယ် ”
“ အချိန်နဲ့လေဟာနယ် ထွက်ပေါ်လာတယ်… အဲ့ဒါက တစ်ခုတည်းဟုတ်သလို မရေမတွက်နိုင်အောင် များပြားတာလည်း ဟုတ်တယ် ”
ခေါင်းဆောင်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူက တွားသွားရန် အားကုန်အသုံးပြုလိုက်သည်။
အနီရောင်လဂြိုလ်သည် မရေမတွက်နိုင်အောင် များပြားလာသည်။
အစက အနီရောင်လဂြိုလ်တစ်ခုစီသည် ၎င်းတို့၏ ကိုယ်ပိုင်အချိန်ကာလနှင့် လေဟာနယ်ထဲမှာသာ ခုန်ကူးသွားနေခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ မရေမတွက်နိုင်သော အနီရောင်လဂြိုလ်များက ထွက်ပေါ်လာသောကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အချိန်ကာလနှင့် လေဟာနယ်သည် ၎င်းတို့ကို ဆက်လက် ကန့်သတ်နိုင်ခြင်း မရှိကြတော့ပေ။
ယင်းအစား အနီရောင်လဂြိုလ်များသည် ၎င်းတို့အချင်းချင်းကြားရှိ အချိန်နှင့်ဟင်းလင်းပြင်ကြားမှ ခုန်ထွက်သွားကြပြီး ဖရိုဖရဲဖြစ်လာကြသည်။ ၎င်းတို့က အစဉ်မပြတ် ထပ်ဆင့်လွှမ်းခြုံသွားကြပြီး အပြင်သို့ ပျံ့နှံ့သွားကြသည်။ တစ်ခါတစ်ရံ အနီရောင်လဂြိုလ်ရာထောင်ချီသည် အတူတကွ ပေါင်းစပ်သွားကြသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ဝိုင်းရံသွားကြပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပြန့်ကျဲသွားကာ ကန့်လန့်ဖြတ်သွားကြသည်။
အစီအစဉ်တကျဖြစ်ခြင်းနှင့် စည်းမျဉ်းဥပဒေသများ မရှိတော့ပေ။
ထိုအတောအတွင်း ရွှီချင်းနှင့် တခြားလူများ ခံစားနေရသော ဖိအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားများဖြစ်စေ ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးသည် ညီတူညီမျှ ခံစားနေကြရသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့က ထိုသဘာဝလွန်ဖြစ်စဉ်ကို မခုခံနိုင်သလို မရင်ဆိုင်နိုင်ပေ။
သူတို့အားလုံးသည် ပြိုကွဲသွားပြီး သွေးစီးကျလာသည်။
ယင်းက ဝေဝါးနေသော အနီရောင်လဂြိုလ်များ အတူတကွ ပေါင်းစပ်သွားသည်အထိ ကြာမြင့်ခဲ့သည်။ ယင်းက အချိန်နှင့်လေဟာနယ်အားလုံးကို ဝေဝါးသွားစေသည်။
ဝေဝါးမှုပြီးဆုံးသွားပြီးနောက် ထိုနေရာတွင် တစ်စုံတစ်ခုရှိနေဟန် ရ၏။
ရွှီချင်း၏ အကြည့်သည် ရီဝေလာသည်။ သူက ထိုအရာကို အနီးကပ် သေချာကြည့်ရှုတော့မည့်အချိန် သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ အနီရောင်လဂြိုလ်သည် ချက်ချင်း အေးခဲသွားပြီး ရွေ့လျားနေခြင်းက ထပ်မံရပ်တန့်သွားသည်။
ဤနေရာမှ လဂြိုလ်တစ်ခုတည်း ရပ်တန့်နေခြင်းမဟုတ်ပေ။ တခြားအနီရောင်လဂြိုလ်များသည်လည်း ရပ်တန့်သွားကြသည်။
ချက်ချင်းပင် ၎င်းတို့အားလုံးသည် အက်ကွဲသွားကြသည်။ ဤသည်မှာ ၎င်းတို့ကို ဆက်လက် တည်ရှိစေနိုင်သော စွမ်းအင်က ကုန်ဆုံးသွားဟန် ရသည်။
အနီရောင်လဂြိုလ်များသည် အက်ကွဲသွားပြီး လုံးဝလွင့်ပြယ်သွားသည်။ ဤသည်မှာ ၎င်းတို့က ဤနေရာမှာ တစ်ခါမှ မထွက်ပေါ်လာခဲ့ဟန် ရသည်။ နောက်ဆုံးမှာတော့ ရွှီချင်းရှိနေသော အနီရောင်လဂြိုလ်တစ်ခုတည်းသာ ကျန်ရှိနေတော့သည်။ အချိန်နိယာမသည်လည်း ပျောက်ကွယ်သွားသည်။
အစောနက ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် ယခု ပြီးဆုံးသွားသည်။
နောက်အခိုက်အတန့်မှာ အနီရောင်လဂြိုလ်နှင့် လနန်းတော်သည် ပြန်ကောင်းမွန်လာသည်။ အရာအားလုံးသည် မူလအခြေအနေသို့ ပြန်ရောက်ရှိသွားသည်။ လနန်းတော်၏ မြေပြင်ပေါ်မှ အပျက်အစီးများသည်တော့ ဤအခိုက်အတန့်မှာ လွင့်ပြယ်သွားသည်။ ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည်လည်း ပျောက်ကွယ်သွားသည်။
အစမှအဆုံးအထိ ၎င်းက အက်ကြောင်းတစ်ခုမျှသာ မျက်လုံးဖွင့်လှစ်သွားခြင်း ဖြစ်သည်။
အဆုံးမှာတော့ ရွှီချင်း၏ အစွမ်းသည် ၎င်း၏ မျက်လုံးကို လုံးဝပွင့်သွားစေရန် မလုံလောက်ပေ။
နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်လိုက်သော မြင်ကွင်းသည် သူ၏ ခရမ်းသလင်းကျောက်ထဲမှာလည်း ပျောက်ကွယ်သွားသည်။
အရာအားလုံးက ပုံမှန်ပြန်ဖြစ်လာသည့်အခါ ကျန်းစီယွမ်၏ မှတ်ဉာဏ်ထဲမှ နီလာနတ်သမီး၏ ပုံရိပ်သည်လည်း လေထဲမှာ အက်ကွဲသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
အချိန်တစ်ခုကြာသွားသည့်အခါ ကျန်းစီယွမ်၏ ခန္ဓာကိုယ်က ပြန်ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်သည် နေရာမှာ မတ်တတ်ရပ်နေလျက် တုန်ယင်နေသည်။ သူ၏ တည်ငြိမ်သော အမူအရာသည် ပျောက်ကွယ်သွားပြီး အကြောက်တရားက အစားထိုးထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ အရွယ်အိုမင်းသွားပြီး တဖြည်းဖြည်း လွင့်ပြယ်သွားနေသည်။
အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ သစ်သားတံခါးသည် တုန်ယင်လာပြီး အမြန်ပုန်းအောင်းလိုက်သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်တော့ သတိမေ့နေကြသည်။
ရွှီချင်း၏ ဘေးသို့ တွားသွားရောက်ရှိလာသော ခေါင်းဆောင်သည် ပါးစပ်ဟထားသည်။ ဤသည်မှာ သူက ရွှီချင်းကို ရပ်တန့်ခိုင်းရန် သူ့ကို ကိုက်ပစ်ချင်နေဟန် ရ၏။ အရာအားလုံးက ပြောင်းပြန်လှည့်ပတ်သွားသည့်အခါ သူ၏ ပါးစပ်သည် ဖွင့်ထားလျက် ရှိနေပြီး သူ၏ မျက်လုံးသည် မိန်းမောတွေဝေနေသည်။
ထို့နောက် သူက တိုးညင်းစွာ ပြောသည်။
“ ဂျူနီယာညီလေး… နတ်ဘုရားနယ်မြေတွေမှာ ဒီလှုပ်ရှားမှုကို ထပ်မသုံးတော့ဘူးလို့ ငါ့ကို ကတိပေးပါ… ”
ရွှီချင်း၏ မျက်နှာပေါ်မှာ ပင်ပန်းနွမ်းနယ်မှုဖြင့် ပြည့်နှက်နေသည်။ သူက ယိုင်တိယိုင်တိုင် ထထိုင်လိုက်သည်။ သူက အမောတကော အသက်ရှူနေစဉ် သူ၏ နှလုံးက မရပ်မနား ခုန်ပေါက်နေကြောင်း ခံစားမိသွားသည်။ စောစောက သူသည် မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ မဟာချောက်ချားမှုကို အမှန်တကယ် အာရုံခံမိခဲ့သည်။
ဤအခိုက်အတန့်မှာ သူက ခက်ခက်ခဲခဲ ခေါင်းမော့လိုက်သည်။ ရွှီချင်းသည် ခေါင်းဆောင်ကို တစ်ချက်ကြည့်ပြီးနောက် အဝေးမှ ကျန်းစီယွမ်ကို လှည့်ကြည့်လိုက်သည်။
ကျန်းစီယွမ်၏ ခန္ဓာကိုယ်သည် လွင့်ပြယ်သွားနေသည်။ သူ၏ လက်နှစ်ဖက်နှင့် ခန္ဓာကိုယ်ထက်ဝက်ကျော်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားနေပြီ ဖြစ်သည်။ ဤသည်မှာ သူက ဤလောကထဲမှ ဖယ်ရှားခံနေရသည့်အလား ရွှီချင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားနေသည်။
သူ၏ ဦးခေါင်းပေါ်မှ ဆူးချွန်သရဖူသည်လည်း အက်ကွဲသံများကို ထုတ်လွှတ်လာပြီး ဆက်လက် ပျက်စီးသွားသည်။ သို့သော်လည်း အဆုံးမှာ သေးငယ်သော အပိုင်းအစတစ်ခု ကျန်နေသေးသည်။
ထိုသေးငယ်သော အပိုင်းအစသည် ခရမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ ယင်းက သူ၏ ခရမ်းသလင်းကျောက်မှ ထွက်ပေါ်လာသော အလင်းရောင်နှင့် အနည်းငယ် ဆင်တူသည်ဟု ရွှီချင်း ခံစားမိသည်။ ထိုအလင်းရောင် ထွက်ပေါ်လာသည့်အခိုက် ကျန်းစီယွမ်၏ ဝေဝါးနေသော ခန္ဓာကိုယ်သည် အထဲမှ ဖြည်းဖြည်းချင်း ပြန်ဖွဲ့စည်းသွားသည်။ သူက အက်ရှရှအသံဖြင့် ပြောသည်။
“ ဒီထက် နည်းနည်းပိုကြာမယ်ဆိုရင် မင်းက ငါ့ရဲ့ အဓိကခန္ဓာကိုယ်ကိုပါ ဖျက်ဆီးနိုင်လိမ့်မယ် ရွှီချင်း… ”
“ ဒါပေမဲ့ ကံမကောင်းစွာပဲ ငါ့ရဲ့ အဓိကခန္ဓာကိုယ်က ဒီမှာရှိနေတုန်းပဲ… ဒီတော့ ငါက ဘာမှမဖြစ်ဘူး ”
ထိုမြင်ကွင်းသည် ရွှီချင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သို့သော်လည်း သူ၏ အမူအရာသည် ကြီးကြီးမားမား ပြောင်းလဲသွားခြင်းမရှိပေ။ သူ၏ အကျင့်စရိုက်ကြောင့် ကိစ္စများကို သူဆောင်ရွက်သည့်အခါ နည်းလမ်းတစ်ခုတည်းကို မည်သည့်အခါမှ အသုံးပြုလေ့မရှိပေ။
ထို့ကြောင့် သူက နူးညံ့စွာ ပြောသည်။
“ အရှင်မင်းကြီး ”
ချက်ချင်းဆိုသလို ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ပုံရိပ်သည် ခန္ဓာကိုယ်ပြန်တည်ဆောက်နေသော ကျန်းစီယွမ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက မတိုက်ခိုက်ပေ။ ယင်းအစား ကျန်းစီယွမ်၏ မျက်နှာပေါ်သို့ တစ်စုံတစ်ခု တပ်ဆင်ပေးလိုက်သည်။
ထို့နောက် သူက ချက်ချင်း ပြန်ပုန်းအောင်းလိုက်သည်။
သူက ပုန်းအောင်းနေစဉ် ရွှီချင်းကို ကြောက်လန့်တုန်လှုပ်စွာ ခိုးကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာ ကျန်းစီယွမ်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူ၏ မျက်နှာပေါ်မှာ ထူးဆန်းသော ပစ္စည်းတစ်ခု ရောက်လာသည်။
ယင်းက မျက်နှာဖုံးတစ်ခုဖြစ်သည်။
အတိအကျဆိုရလျှင် ယင်းက အဖိုးအိုတစ်ဦး၏ မျက်နှာဖုံးဖြစ်သည်။ အဖိုးအို၏ အမူအရာသည် ဝမ်းနည်းကြေကွဲနေပြီး မျက်နှာပေါ်မှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။
ထိုမျက်နှာဖုံးမှာ နာမည်ရှိသည်။ ယင်းကို ကရုဏာဟုခေါ်သည်။