← Chapters

ရွှမ်ကမ္ဘာမြေနှင့် ဟွမ်ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်

Vol. 71 Ch. 1101

ရွှမ်ကမ္ဘာမြေနှင့် ဟွမ်ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်

Vol. 71 Ch. 1101

လီဇီဟွား၏ အသံထဲမှာ နက်ရှိုင်းသော ဩဇာသက်ရောက်မှုပါရှိသည်။ သူက နူးညံ့စွာ ပြောလိုက်ခြင်းဖြစ်သော်လည်း ယင်းက လနန်းတော်တစ်ခုလုံးကို တုန်ယင်သွားစေသည်။ ထိုအသံလှိုင်းများသည် နီလာနတ်သမီး၏ ဘေးပတ်ပတ်လည်မှ သွေးပင်လယ်ကိုပင် အေးခဲသွားစေသည်။

ရွှီချင်းနှင့် တခြားလူများသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြပြီး မြန်ဆန်စွာ အနောက်ဆုတ်သွားကြသည်။

နောက်လာမည့်တိုက်ပွဲသည် သူတို့ဝင်ပါနိုင်သောအရာမဟုတ်ကြောင်း သူတို့အားလုံး ရှင်းလင်းစွာ နားလည်ထားကြသည်။ ဝိညာဉ်စုစည်းခြင်းအဆင့်သည်ပင် အရည်အချင်းမပြည့်မီပေ။

နီလာနတ်သမီးသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက လီဇီဟွားကို မော့ကြည့်လိုက်သည့်အခါ သူ၏ ဟောင်းလောင်းပေါက်မျက်လုံးများထဲတွင် ကြက်သွေးရောင်မီးတောက်ဘောလုံးနှစ်လုံး ထွက်ပေါ်လာကြသည်။ ဤသည်မှာ သူက လီဇီဟွား၏ ပြန်ရှင်သန်လာခြင်းနှင့် ရောက်ရှိလာခြင်းကို လုံးဝအံ့ဩသွားခြင်းမရှိဟန် ရသည်။

“ ရွှမ်ယုံထွက်သွားပြီးတဲ့နောက် ခေတ်က ပြောင်းလဲသွားပြီ… လီဇီဟွား… နင်နိုးလာလည်း ဘာမှမထူးခြားဘူး ”

နီလာနတ်သမီးက တည်ငြိမ်စွာ ပြောသည်။ သူ၏ အသံထဲမှာ မည်သည့်စိတ်ခံစားချက်မှ မပါရှိပေ။ သူက ပျော်ရွှင်ခြင်းမရှိသလို ဝမ်းနည်းခြင်း မရှိပေ။

ထိုမြင်ကွင်းသည် မတူညီသော လူများ၏ မျက်လုံးထဲမှာ ကွဲပြားခြားနားလိမ့်မည်။

လူတစ်ယောက်စီ၏ မျက်လုံးထဲမှ ပုံရိပ်များသည် သူတို့တောင့်ခံနိုင်သော အသိအမြင်အကန့်အသတ်ပေါ်မူတည်၍ အလိုအလျောက် ပြောင်းလဲသွားကြလိမ့်မည်။ ဥပမာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ မျက်လုံးထဲတွင် သူတို့မြင်လိုက်ရသော နီလာနတ်သမီးသည် လူသားအသွင်နှင့် ငှက်မွှေးများကို ပေါင်းစပ်ထားသော သတ္တဝါတစ်ကောင်ဖြစ်သည်။ ထိုအသွင်ပုံစံသည် ပိုပြီးအကျည်းတန်ပြီး ရက်စက်ကြမ်းကြုတ်ကာ ပိုပြီးကြောက်စရာကောင်းသည်။

သူ၏ မျက်လုံးထဲမှ မီးတောက်သည်လည်း မီးတောက်မဟုတ်ပေ။ လူးလွန့်လှုပ်ရှားနေသော ကြယ်ဂြိုလ်နှစ်ခုဖြစ်သည်။

ဤသည်မှာ နတ်ဘုရားတစ်ပါးဖြစ်သည်။ သူတို့၏ မြင့်မားသော ဘဝအဆင့်အတန်းကြောင့် သက်ရှိအားလုံး၏ အမြင်မှာ နတ်ဘုရားများသည် ပုံသဏ္ဍာန်အမျိုးမျိုး ဖန်ဆင်းနိုင်ကြသည်။

ထို့ကြောင့် နတ်ဘုရားတစ်ပါးက လောကကြီးကို ဖျက်ဆီးချင်လျှင် အလွန်လွယ်ကူပေသည်။ သူတို့က သက်ရှိအားလုံး၏ မျက်စိရှေ့မှာ သူတို့၏ အစစ်အမှန်ပုံသဏ္ဍာန်ကို ထုတ်ဖော်ပြလိုက်ရုံဖြင့် သေခြင်းတရားသည် သူတို့အပေါ်သို့ ကျဆင်းလာလိမ့်မည်။

ဤသည်ကိုကြည့်လျှင် နတ်ဘုရားတစ်ပါး၏ ပုံပန်းသဏ္ဍာန်က မည်မျှအစွမ်းကြီးမားကြောင်း မြင်နိုင်ပေသည်။ အသင်္ချေမျိုးနွယ်စုများမှ သက်ရှိများသည် မည်မျှကျင့်ကြံခြင်းအဆင့် မြင့်မားပါစေ နတ်ဘုရား၏ အသွင်အပြင်သည် သူတို့၏ မျက်လုံးထဲမှာ အတူတူသာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ နီလာနတ်သမီး၏ အသံသည် ရွှီချင်းနှင့် တခြားလူများထံသို့ ကျရောက်သွားပြီး ကျယ်လောင်သော မိုးခြိမ်းသံသို့ ပြောင်းလဲသွားကာ သူတို့၏ အသိစိတ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ ချက်ချင်းဆိုသလို လူတိုင်းသည် ခုခံနိုင်စွမ်းအားလုံးကို ဆုံးရှုံးသွားကြသည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုလိုက်ကြသည့်တိုင် ယင်းကို တောင့်ခံထားနိုင်ရုံမျှသာ တတ်စွမ်းကြသည်။

ရွှီချင်းသည် ရွှံ့တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး လက်ထဲမှာ ကိုင်ထားလိုက်သည်။

ဤသည်မှာ သူ့ကို ရွှံ့မြေခွေးပေးသွားခဲ့သော ပစ္စည်းဖြစ်သည်။

ခေါင်းဆောင်သည်လည်း ဆံခြည်မျှင်တစ်ပင်ကို အမြန်ထုတ်ယူလိုက်သည်။ ဤသည်မှာ အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ တံဆိပ်တော်ဖြစ်သည်။ တစ်ဖက်လူသည် ရောက်လာပြီး ပြန်ထွက်သွားသော်လည်း ခေါင်းဆောင်သည် ထိုဆံခြည်မျှင်ကို တစ်နည်းနည်းဖြင့် ဆက်လက် သိမ်းဆည်းနိုင်ခဲ့သည်။

လီဇီဟွားသည်သာ ဘာမှလုပ်ဆောင်ရန် မလိုအပ်ပေ။ သူက လနန်းတော်ပေါ်မှာ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး နီလာနတ်သမီးကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ၏ အသံက ညင်သာစွာ ထပ်မံပျံ့လွင့်လာသည်။

“ တာဝန်က ကျန်ရှိနေသေးတယ် ”

ထိုစကားသည် နီလာနတ်သမီးကို တစ်နည်းနည်းဖြင့် လှုံ့ဆော်လိုက်ဟန် ရသည်။ နောက်အခိုက်အတန့်မှာ ပိုမိုများပြားသော သွေးသည် သူ၏ ခန္ဓာကိုယ်ထဲမှ စီးကျလာသည်။ သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ဆူးချွန်များသည် ပိုပြီးတင်းကျပ်လာကြသည်။ သူ့အနောက်ရှိ သွေးပင်လယ်ထဲမှ မရေမတွက်နိုင်သော အနီရောင်နှင်းပန်းပွင့်များသည် ပွင့်လာကြသည်။ နာကျည်းဒေါသဖြစ်သော အော်သံသည် နီလာနတ်သမီး၏ ပါးစပ်မှ တရစပ် ထွက်ပေါ်လာသည်။

“ တာဝန်ဟုတ်လား… ဘယ်တာဝန်ကို ပြောတာလဲ… ဟွမ်ကောင်းကင်ဘုံရဲ့ တာဝန်လား… ရွှမ်ကမ္ဘာမြေရဲ့ တာဝန်လား ”

“ လီဇီဟွား… ဟွမ်ကောင်းကင်ဘုံမှာ ဖြစ်ခဲ့တာတွေကို နင်မေ့သွားပြီလား ”

“ အစက ငါတို့ဟာ နတ်ဘုရားအဖြစ် မွေးဖွားလာကြတာလေ… ဘယ်သူက ငါတို့ဘိုးဘေးတွေကို ချိပ်ပိတ်ပြီး နောက်ပိုင်းမျိုးဆက်တွေကို နတ်ဘုရားရာထူး ဆုံးရှုံးစေခဲ့တာလဲ ”

လီဇီဟွားသည် မျက်လုံးမှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းယမ်းလိုက်ပြီး ပြောသည်။

“ ငါမမေ့ဘူး ”

နီလာနတ်သမီး၏ တစ်ကိုယ်လုံးသည် သွေးနီရောင်အလင်းတောက်ပလာသည်။ အနီရောင်အလင်းက ကောင်းကင်အထိ ပျံ့လွင့်သွားသည့်အခါ သူက လီဇီဟွားဆီသို့ ခြေတစ်လှမ်း တိုးလိုက်သည်။

“ ငါတို့ကို ဖိနှိပ်ဖို့အတွက် ငါတို့နတ်ဘုရားကုန်းမြေမှာ ဘယ်သူက ကောင်းကင်ဘုံတာအိုလို့ခေါ်တဲ့အရာကို ပျိုးထောင်ပေးခဲ့တာလဲ ”

“ ဝမ်ကူးကုန်းမြေအောက်မှာ ငါတို့ကို တားမြစ်ပိတ်ပင်ထားတာ ဘယ်သူလဲ… ငါတို့နတ်ဘုရားကုန်းမြေထဲမှာ ကျင့်ကြံသူတွေရဲ့ လောကကို တည်ဆောက်ခဲ့တာ ဘယ်သူလဲ ”

သူ၏ စကားသံက ဆက်တိုက် ပဲ့တင်ထပ်လာသည့်အခါ နီလာနတ်သမီး၏ အသွင်အပြင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ပြောင်းလဲသွားသည်။ သူ၏ မူလက ချောမောလှပသော အသွင်ပုံစံသည် ယခု အက်ကွဲထွက်သွားပြီး အသွေးအသားနေရာများမှာ သွေးနီရောင်ငှက်မွှေးများ တဖြည်းဖြည်း အစားထိုးထွက်ပေါ်လာသည်။

သူက ဆက်လက် ပြောသည်။

“ လီဇီဟွား… နတ်ဘုရားတစ်ပါးဖြစ်လာဖို့ ရွေးချယ်ခဲ့တဲ့ ငါ့ရဲ့ ဆုံးဖြတ်ချက်က မမှားဘူး… အတိတ်မှာ နင်မထွက်သွားခင်တုန်းက နင်က ငါနဲ့အတူတူပါပဲ… ဒါပေမဲ့ ဘာဖြစ်လို့ နောက်ကျမှ နင်က ကိုယ်ရဲ့ နတ်ဘုရားမီးတောက်ကို ငြိမ်းသတ်ပစ်ပြီး ငါတို့ရဲ့ သွေးမျိုးစက်ကို သစ္စာဖောက်ရတာလဲ ”

“ နင်က ဟွမ်ကောင်းကင်ဘုံက ရောက်လာပေမဲ့ ရွှမ်ကမ္ဘာမြေရဲ့ လူတစ်ယောက် ဖြစ်လာတယ် ”

“ ငါက ဟွမ်ကောင်းကင်ဘုံက ရောက်လာပြီး ဟွမ်ကောင်းကင်ဘုံကို ကိုယ်စားပြုနေတုန်းပဲ ”

နီလာနတ်သမီးသည် စကားဆုံးအောင်ပြောပြီးသည်နှင့် လီဇီဟွား၏ အရှေ့သို့ ရောက်ရှိသွားသည်။ ရွှီချင်း၏ မျက်လုံးထဲမှာ နီလာနတ်သမီး၏ ခန္ဓာကိုယ်သည် သိသာစွာ ပြောင်းလဲသွားနေသည်။ ချောမောလှပသော အမျိုးသမီးတစ်ယောက်၏ အသွင်ပုံစံသည် လုံးဝပျောက်ကွယ်သွားပြီး အစက သွေးဝဲကတော့ထဲမှာ ထွက်ပေါ်လာခဲ့သော ဧရာမအသွေးအသားပုံစံသို့ ပြန်ပြောင်းလဲသွားသည်။

ထို့ပြင် ဤတစ်ကြိမ်မှာ ငှက်မွှေးအားလုံးက မြန်ဆန်စွာ ပျံ့နှံ့သွားနေပြီး အသွေးအသားငှက်မွှေးများဖြင့် ဖွဲ့စည်းထားသော အတွင်းပိုင်းက ထင်ရှားစွာ ပေါ်ထွက်လာသည်။ ထိုနေရာတွင် ဧရာမအပေါက်ကြီးတစ်ခုရှိသည်။ ထိုနေရာတွင် မျက်လုံးမရှိပေ။ အဆုံးမဲ့သော သွေးသည်သာ ထိုနေရာမှ စီးကျလာနေသည်။

နီလာနတ်သမီး၏ စကားကိုကြားပြီး သူ့ကိုကြည့်နေရင်း လီဇီဟွားသည် နှုတ်ဆိတ်သွားသည်။ အဆုံးမှာတော့ သူက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ညာလက်ကို ကောင်းကင်ပေါ်သို့ မြှောက်တင်လိုက်သည်။

သူ့လက်ဝါး၏ တွန်းထုတ်မှုအောက်မှာ ကောင်းကင်သည် မရေမတွက်နိုင်သော အပိုင်းအစများသို့ အက်ကွဲထွက်သွားသည်။

အပိုင်းအစတစ်ခုစီသည် အောက်သို့ ပြုတ်ကျလာသည့်အခါ အသွင်ပြောင်းလဲသွားကြသည်။ ယင်းတို့က ကမ္ဘာမြေတုန်ဟီးစေမည့် အရှိန်အဝါများကို ထုတ်လွှတ်လျက် မရေမတွက်နိုင်သော ပုံရိပ်များသို့ ပြောင်းလဲသွားကြသည်။

ထိုထဲမှာ နေ၊ လ၊ ကြယ်များ၊ နဂါးများနှင့် ဖီးနစ်များအပြင် ရှေးဟောင်းဝိညာဉ်အမျိုးမျိုး ပါဝင်ကြသည်။ ရွှီချင်းသည် ၎င်းတို့ထဲမှာ ရွှေကျီးကန်းကိုပင် မြင်လိုက်သည်။

ထိုပုံရိပ်များထွက်ပေါ်လာသည်နှင့် ၎င်းတို့၏ အရှိန်အဝါသည် ပေါက်ကွဲထွက်လာကြသည်။ ကောင်းကင်အပိုင်းအစများမှ ဖြစ်ပေါ်လာကြသော ထိုပုံရိပ်များထဲတွင် အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာများ၏ အားလှိုင်းအတတ်အကျများ ကိန်းအောင်းနေသည်။

၎င်းတို့အားလုံးသည် အသင်္ချေမျိုးနွယ်စုများထံမှ အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာများဖြစ်ကြသည်။ ၎င်းတို့၏ အရေအတွက်သည် အနည်းဆုံး တစ်သောင်းခန့် ရှိသည်။

အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာတစ်သောင်းသည် လီဇီဟွား၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဆင့်ခေါ်ခံလိုက်ရသည်။

အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာတစ်သောင်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်းတို့၏ မူလဇစ်မြစ်အသီးသီးကို ထုတ်ဖော်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ တားမြစ်အစွမ်းများသည် ချိပ်တံဆိပ်ပြေလျော့သွားသည့်အလား ထိုပုံရိပ်များထဲမှာ ထွက်ပေါ်လာကြသည်။

တားမြစ်လက်နက်များနှင့် ရတနာများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ထိုထဲမှာ ရွှေကျီးကန်းထဲမှာ ရွှီချင်းအာရုံခံမိခဲ့သော အဖျက်အဆီးလှံလည်း ပါဝင်သည်။ ယင်းတို့အားလုံးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ဤသည်မှာ တားမြစ်လက်နက်များဖြစ်သည်။

ယင်းတို့၏ ထွက်ပေါ်လာမှုသည် ကြောက်စရာကောင်းသော အားလှိုင်းအတတ်အကျများကို လှုံ့ဆော်လိုက်သည်။ ထို့နောက် ယင်းတို့အားလုံးသည် နီလာနတ်သမီးထံသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ရွှီချင်းသည် ရွှေကျီးကန်း၏ ခန္ဓာကိုယ်မှတဆင့် အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာ၏ လျှို့ဝှက်ချက်ကို အာရုံခံနိုင်ခဲ့သည်။ သို့ဖြစ်၍ အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာတိုင်းသည် အမှန်တကယ်တော့ ချိပ်တံဆိပ်တစ်ခုဖြစ်ပြီး အထဲမှာ ကောင်းကင်ဘုံတာအိုက တားမြစ်ထားသော တစ်စုံတစ်ခုကို ချုပ်နှောင်ထားကြောင်း သူသိသည်။

ယခု သူ့မျက်စိဖြင့် ယင်းတို့ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ အတွေးများစွာသည် သူ၏ စိတ်ထဲမှာ ပြည့်နှက်သွားသည်။

ထိုသို့နတ်ဘုရားစွမ်းရည်သည် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများ စွမ်းဆောင်နိုင်သောအရာ မဟုတ်ပေ။

ထိုသို့ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အုပ်ချုပ်သူများသာ ထုတ်ဖော်နိုင်ကြသည်။

လီဇီဟွား၏ တိုက်ခိုက်မှုဖြစ်စေ နီလာနတ်သမီး၏ တန်ပြန်တိုက်ခိုက်မှုဖြစ်စေ ယင်းက လူတိုင်း၏ နားလည်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေသည်။ နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် တခြားလူများသည် သွေးတစ်ပွက်အန်လိုက်ရပြီး အံ့ဩထိတ်လန့်သော အမူအရာဖြင့် အနောက်ဆုတ်သွားကြသည်။

သူတို့၏ မျက်လုံးထဲမှ မြင်ကွင်းသည်လည်း အသိအမြင်အကန့်အသတ်ပေါ်မူတည်၍ တစ်ယောက်နှင့်တစ်ယောက် ခြားနားသွားကြသည်။

ရွှီချင်း၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသော လောကထဲမှာ လီဇီဟွားနှင့် နီလာနတ်သမီးက မရှိကြတော့ပေ။ အက်ကွဲသွားသော ကောင်းကင်သည် ယခု ဧရာမပုံရိပ်တစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။

ထိုပုံရိပ်ကို အနီရောင်နှင့် အဖြူရောင်ဖြင့်သာ ပုံဖော်ထားသည်။

ထိုအရောင်နှစ်ရောင်သည် တစ်ခါတစ်ရံ ယှက်ထွေသွားပြီး တစ်ခါတစ်ရံ ခွဲထွက်သွားသည်။ နောက်ဆုံးမှာတော့ ယင်းတို့က ဧရာမဝဲကတော့တစ်ခုအဖြစ် လှည့်ပတ်သွားကြသည်။

ထိုဝဲကတော့ထဲတွင် ပွင့်နေသော အဖြူရောင်မျက်လုံးတစ်လုံး ရှိသည်။ မျက်လုံးထဲတွင် သူငယ်အိမ်မရှိပေ။ အစဉ်မပြတ် ခုန်မြည်နေသော သွေးနီရောင်နှလုံးတစ်ခုသာ ရှိသည်။ ယင်းက ကောင်းကင်ဘုံမိုးကြိုးနှင့် ဆင်တူသော မိုးခြိမ်းသံကို ထုတ်လွှတ်နေသည်။

မျက်လုံးနားတွင် မရေမတွက်နိုင်သော မျက်တောင်များရှိသည်။ ယင်းတို့က လက်တံများနှင့် ဆင်တူပြီး ဆက်လက် ဆန့်တန်းထွက်လာကာ လှုပ်ယမ်းနေကြသည်။ ရံဖန်ရံခါ ယင်းတို့က အချင်းချင်း တွေ့ဆုံသွားကြသည့်အခါ တတိယအရောင်ဖြင့် ဖွဲ့စည်းထားသော ဝေဝေဝါးဝါးပုံရိပ်များ ဖြစ်ပေါ်လာလိမ့်မည်။

တတိယအရောင်သည် အနက်ရောင်ဖြစ်ပြီး အရိပ်နှင့်ဆင်တူသည်။ ယင်း၏ ပုံသဏ္ဍာန်သည် အစီအစဉ်မကျဘဲ ဖရိုဖရဲဖြစ်နေသည်။ ထိုပုံရိပ်များက ထွက်ပေါ်လာသည်နှင့်ချက်ချင်း တစ်ယောက်ကိုတစ်ယောက် ဝါးမျိုရန် ကြိုးစားကြလိမ့်မည်။

ဤသည်မှာ ရွှီချင်း၏ မျက်လုံးထဲမှ နတ်ဘုရားများ၏ တိုက်ပွဲဖြစ်သည်။

ထိုတိုက်ပွဲက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် သူ၏ မျက်လုံးထဲမှာ အုပ်ချုပ်သူလီဇီဟွားနှင့် နီလာနတ်သမီး၏ တိုက်ပွဲသည် စိတ်ကူးယဉ်ပန်းချီကားတစ်ချပ်နှင့် ဆင်တူပေသည်။

ပန်းချီကားထဲမှ အနီရောင်သည် နီလာနတ်သမီးကို ကိုယ်စားပြုပြီး အဖြူရောင်သည် လီဇီဟွားကို ကိုယ်စားပြုသည်။

တတိယအရောင်ကိုတော့ ရွှီချင်းနားမလည်ပေ။ ယင်းက လီဇီဟွားနှင့် နီလာနတ်သမီး၏ အရိပ်များဖြစ်ဟန် ရသည်။

ယင်းက ရွှီချင်းကို အရိပ်လေးအား ပြန်သတိရစေသည်။

“ ချင်းလေး… အခု မင်းမြင်နေရတဲ့ မြင်ကွင်းကို မှတ်ထားပါ… အဲ့ဒါက ကျင့်ကြံသူတစ်ယောက်နဲ့ နတ်ဘုရားတစ်ပါးကြားက အထွတ်အထိပ်တိုက်ပွဲပဲ ”

ရွှီချင်း၏ ဘေးမှ ခေါင်းဆောင်က ပြောသည်။ သူက လက်ထဲမှာ အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ ဆံခြည်မျှင်ကို ကိုင်ဆောင်လျက် ကောင်းကင်ကို နှစ်သက်အားရစွာ ကြည့်ရှုနေသည်။

“ တစ်ယောက်က ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်ပြရုပ်ပဲ ”

“ တခြားတစ်ယောက်က ဝမ်ကူးကုန်းမြေကို မဟာကပ်ဘေးကျရောက်စေခဲ့တဲ့ အဓိကဇစ်မြစ်ဖြစ်တဲ့ နတ်ဘုရားဖြစ်လာဖို့ကို ရွေးချယ်ခဲ့တယ် ”

“ ပထမလူရဲ့ ကျင့်ကြံခြင်းက ဘဝရဲ့ အထွတ်အထိပ်ကို ဦးတည်သွားနေတဲ့ လမ်းစဉ်ပဲ… ကျင့်ကြံသူတွေက အဆုံးစွန်အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့အခါ ဂုဏ်ပုဒ်အမျိုးမျိုး ပေးအပ်နှင်းခံရတယ်… တချို့စကြာဝဌာတွေမှာတော့ သူတို့ကို ‘ သူတော်စင်အရှင်မြတ်တွေ ’လို့ ခေါ်ကြတယ်… တချို့ကတော့ သူတို့ကို ‘ အင်မော်တယ်တွေ ’လို့ ခေါ်ကြတယ် ”

“ ဝမ်ကူးကုန်းမြေမှာတော့ အဲ့ဒီအထွတ်အထိပ်ကျင့်ကြံသူတွေကို ‘ အုပ်ချုပ်သူတွေ ’လို့ သိထားကြတယ် ”

“ အဲ့ဒါက ကျင့်ကြံသူတွေ သူတို့တစ်ဘဝလုံး လိုချင်တောင့်တနေတဲ့အရာဖြစ်ပြီး သူတို့ရဲ့ အိမ်မက်လည်းဟုတ်တယ် ”

ခေါင်းဆောင်၏ အသံက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။ ထိုအသံထဲမှာ အချိန်ကာလ၏ လေးနက်မှုနှင့် လောကဓံ၏ အနိမ့်အမြင့်သဘောတရားတို့ ပါဝင်နေလေသည်။

“ ဂျူနီယာညီလေး… တကယ်တော့ ဝမ်ကူးကုန်းမြေမှာ ပိုပြီးရှေးကျတဲ့ ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်ဆိုတာ မင်းသိလား… ”

“ ရှေးခေတ်ဒဏ္ဍာရီလား ”

ရွှီချင်း၏ နှလုံးသည် လှိုင်းထသွားသည်။

“ ဒဏ္ဍာရီအရ ဟိုးလွန်ခဲ့တဲ့အချိန်တုန်းက ဝမ်ကူးကုန်းမြေဟာ အခုလိုမဟုတ်ဘူး… အဲ့ဒီမှာ ကျင့်ကြံသူတွေမရှိဘူး… နိယာမတွေမရှိဘူး… ပြီးတော့ ကောင်းကင်ဘုံတာအိုလည်း မရှိဘူး… ”

“ ကျင့်ကြံသူတွေက အောက်နယ်မြေကနေ ရောက်လာကြတာပဲ ”

“ အောက်နယ်မြေက အထွတ်အထိပ်ကျင့်ကြံသူတွေက အင်မော်တယ်အဆင့်ကို ရောက်ရှိသွားကြတဲ့အခါ မရေမတွက်နိုင်တဲ့ စကြာဝဌာတွေနဲ့ လောကတွေဆီ ဖြတ်သန်းသွားလာကြတယ်… ဘယ်သက်ရှိမှ အင်မော်တယ်တွေကို မခြိမ်းခြောက်နိုင်ကြဘူး ”

“ သူတို့က နိယာမအားလုံးကို ထိန်းချုပ်နိုင်ပြီး မူလဇစ်မြစ်အားလုံးကို နားလည်ကြတယ်… သူတို့က အချိန်နဲ့လေဟာနယ်ရဲ့ ဘယ်အမှတ်ကိုမဆို ဖြတ်သန်းသွားလာနိုင်ပြီး အရာအားလုံးကို ပြောင်းလဲပစ်နိုင်တယ်… သူတို့က ဆန္ဒရှိသလို အရာအားလုံးကို ဖန်ဆင်းနိုင်ပြီး ပုံဖော်နိုင်တယ် ”

ဤသည်ကိုကြားသောအခါ ရွှီချင်း၏ အသိစိတ်သည် အကြီးအကျယ် လှုပ်ခတ်သွားသည်။

ခေါင်းဆောင်သည် ကောင်းကင်ယံမှ တိုက်ပွဲကို ကြည့်ရှုနေပြီး ဆက်လက် ပြောသည်။

“ သူတို့ကို အင်မော်တယ်လို့ပဲခေါ်ခေါ် အုပ်ချုပ်သူလို့ပဲခေါ်ခေါ် ဘယ်လိုပဲဖြစ်ပါစေ သူတို့ဟာ အတိုင်းအတာတစ်ခုထိ မသေမျိုးတွေပဲ… သူတို့က ထာဝရ ရှင်သန်နိုင်ကြတယ်… သူတို့ရဲ့ သက်တမ်းက ကောင်းကင်ဘုံနဲ့ အတူတူပဲ… ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့အခါ သူတို့ရဲ့ အတွေးတွေနဲ့ လိုအင်ဆန္ဒတွေလည်း ပြောင်းလဲသွားကြတယ်… သူတို့ရှာဖွေတဲ့အရာက တာအိုပဲ… တာအိုဆိုတာ ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အဆုံးသတ်ကို ကျော်လွန်သွားတဲ့ အရာပဲ ”

“ မတူညီတဲ့ အတွေ့အကြုံတွေ၊ မတူညီတဲ့ နားလည်သဘောပေါက်မှုတွေနဲ့ မတူညီတဲ့ အတွေးအခေါ်တွေပေါ်မူတည်ပြီး သူတို့ရှာဖွေကြတဲ့ လမ်းစဉ်တွေက ခြားနားသွားကြတယ်… တချို့အင်မော်တယ်တွေက အဝေးကြီးအထိ စွန့်စားသွားလာကြတယ်… တချို့အင်မော်တယ်တွေကျတော့ သူတို့ရဲ့ မူလနေရာနားမှာပဲ ရွေ့လျားသွားလာကြတယ် ”

“ ဒါကြောင့် အတိတ်ခေတ်မှာ အင်မော်တယ်တွေကို ခြိမ်းခြောက်နိုင်တဲ့လူတွေက အင်မော်တယ်တွေကိုယ်တိုင်ပဲ ”

“ အဲ့ဒါက သူတို့တွေ ရှေ့ဆက်မသွားခင်အထိပေါ့… နောက်ဆုံးမှာတော့ သူတို့က စွန့်စားသွားလာကြရင်း နယ်နိမိတ်အကန့်အသတ်စည်းကို ချိုးဖြတ်သွားပြီး အောက်နယ်မြေကနေ အထက်နယ်မြေကို ရောက်ရှိလာကြတယ်… ဒါကြောင့် နတ်ဘုရားဆိုတဲ့ အထွတ်အမြတ်တည်ရှိမှုက အင်မော်တယ်တွေရဲ့ နားလည်မှုထဲမှာ ထွက်ပေါ်လာတယ်”

“ အဲ့လိုနားလည်သွားတဲ့အခါ အရာအားလုံးပြောင်းလဲသွားတယ် ”

“ နတ်ဘုရားတွေရဲ့ တည်ရှိမှုက မရေမတွက်နိုင်တဲ့ အဲ့ဒီစကြာဝဌာတွေနဲ့ လောကတွေကို ဘယ်တုန်းကမှ ကျင့်ကြံသူတွေမပိုင်ဆိုင်ခဲ့ဘူးလို့ ဖော်ပြနေတယ် ”

“ အတိတ်မှာပဲဖြစ်ဖြစ် ပစ္စုပ္ပန်မှာပဲဖြစ်ဖြစ် အနာဂတ်မှာပဲဖြစ်ဖြစ် အရာအားလုံးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုအားလုံးက နတ်ဘုရားတွေဆီကနေ အရင်းခံခဲ့တာချည်းပဲ ”

“ လောကကို အောက်နယ်မြေနဲ့ အထက်နယ်မြေဆိုပြီး ခွဲခြားခဲ့တာလည်း နတ်ဘုရားတွေပဲ ”

“ ရွှမ်ကမ္ဘာမြေက အောက်နယ်မြေဖြစ်ပြီး ဟွမ်ကောင်းကင်ဘုံက အထက်နယ်မြေဖြစ်တယ် ”

“ ရေတွင်းထဲက ဖားသူငယ်ဆိုတဲ့ ဥပမာက ကျင့်ကြံသူတွေအတွက် အသင့်တော်ဆုံးအရာ ဖြစ်လာတယ် ”

“ အဲ့ဒီနောက် စစ်ပွဲဖြစ်ခဲ့တယ် ”

“ အဲ့ဒါက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကြားက တိုက်ပွဲဖြစ်တယ်… အောက်နယ်မြေနဲ့ အထက်နယ်မြေကြားက တိုက်ပွဲဖြစ်သလို ရွှမ်ကမ္ဘာမြေနဲ့ ဟွမ်ကောင်းကင်ဘုံကြားက တိုက်ပွဲလည်းဟုတ်တယ် ”

ခေါင်းဆောင်က နူးညံ့စွာ ပြောနေရင်း တစ်ခဏ ရပ်လိုက်သည်။

ရွှီချင်းသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ချက်ချင်း ပို့လွှတ်လိုက်သည်။

“ ရလဒ်က ဘယ်လိုဖြစ်သွားလဲ ”

“ အဲ့ဒီတိုက်ပွဲမှာ အင်မော်တယ်တွေအနိုင်ရခဲ့တယ်… ဒါပေမဲ့ သူတို့လည်း ရှုံးသွားတယ် ”

ခေါင်းဆောင်က ပြောသည်။

“ ဟွမ်ကောင်းကင်ဘုံက နစ်မြုပ်သွားပြီး ချိပ်ပိတ်ခံလိုက်ရတဲ့ တားမြစ်နေရာဖြစ်လာတယ်… ကောင်းကင်ဘုံတာအိုက မြင့်တတ်လာပြီး နိယာမတွေကို အသစ်တဖန် အဓိပ္ပာယ်ဖွင့်ဆိုခဲ့တယ်… အဲ့ဒါကို အင်မော်တယ်တွေရဲ့ အနိုင်ရရှိမှုလို့ ပြောနိုင်တယ်… ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ အောက်နယ်မြေက အင်မော်တယ်တွေက ပိုပြီးထိတ်လန့်စရာကောင်းတဲ့ အမှန်တရားတစ်ခုကို နားလည်သွားကြတယ် ”

“ အကန့်အသတ်မရှိအောင် ကျယ်ပြောလှပါတယ်ဆိုတဲ့ ဟွမ်ကောင်းကင်ဘုံက တကယ်တော့ နတ်ဘုရားတစ်ပါးရဲ့ မဟာနတ်ဘုရားလောကတစ်ခုပဲ ဖြစ်တယ် ”

“ ကျယ်ပြောလှတဲ့ ဒီအထက်နယ်မြေထဲမှာ အဲ့ဒီလို မဟာနတ်ဘုရားလောကတွေ အများကြီးပဲ ရှိတယ်… ဟွမ်ကောင်းကင်ဘုံဆိုတာ ရေခဲတုံးရဲ့ အစွန်အဖျားပဲရှိသေးတယ်… အဲ့ဒါက အသန်မာဆုံးဆိုတာနဲ့ အရမ်းအလှမ်းဝေးကွာလွန်းတယ် ”

“ အဲ့ဒီနေရာက နတ်ဘုရားတွေ တကယ်စိုးမိုးထားတဲ့ နေရာပဲ ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ခေါင်းလှည့်လိုက်ပြီး ရွှီချင်း၏ မျက်လုံးထဲကို ကြည့်လိုက်သည်။

“ လီဇီဟွားနဲ့ နီလာနတ်သမီးက… ဟွမ်ကောင်းကင်ဘုံကနေ ရောက်လာကြတာ ”

All Chapters