ဘာလို့ ငါ့ကို စောစောမခေါ်တာလဲ(က)
Vol. 71 Ch. 1102
အုပ်ချုပ်သူလီဇီဟွားနှင့် နီလာနတ်သမီးကြားမှ တိုက်ပွဲသည် စိတ်ကူးယဉ်ပန်းချီကားတစ်ခုပမာ ဆက်လက်ဖော်ပြနေဆဲပင်။
ရွှီချင်း၏ စိတ်သည် အပြင်းအထန် လှုပ်ခတ်သွားသည်။
“ အင်မော်တယ်… အုပ်ချုပ်သူ… ရွှမ်ကမ္ဘာမြေ… ဟွမ်ကောင်းကင်ဘုံ… မဟာနတ်ဘုရားလောက… ”
ခေါင်းဆောင်၏ စကားများသည် မိုးကြိုးသွားများပမာ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲသို့ ဖြတ်သန်းသွားပြီး လှိုင်းဂယက်ထသွားစေသည်။
ရွှီချင်းသည် ထိုကိစ္စများကို တစ်ခါမှ မကြားဖူးပေ။ နတ်ဘုရားကွပ်မျက်စင်ကို သူဆင်ခြင်သုံးသပ်နေစဉ်မှာသာ နီလာနတ်သမီးနှင့် အုပ်ချုပ်သူလီဇီဟွားက ဝမ်ကူးကုန်းမြေမှမဟုတ်ကြောင်း သူသိခဲ့သည်။ သူတို့သည် ဝမ်ကူးကုန်းမြေက တားမြစ်ချက်အဖြစ် သတ်မှတ်ထားသော နေရာမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ထိုနေရာကို ဟွမ်ကောင်းကင်ဘုံဟု ခေါ်သည်။
ရွှီချင်းသည် ခေါင်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့်ပတ်သက်ပြီး နေသားကျနေပြီဖြစ်သော်လည်း ယခု ခေါင်းဆောင်ထံမှ သူကြားလိုက်ရသော သတင်းအချက်အလက်များသည် သူ့အား အသက်ပြင်းပြင်းရှူသွင်းမိစေသည်။
“ စီနီယာအကိုကြီး… မင်းဘယ်လိုလုပ် ဒီလိုလျှို့ဝှက်ချက်တွေကို သိထားတာလဲ ”
ခေါင်းဆောင်သည် မူမမှန်စွာ ပြုံးလိုက်သည်။
“ ဂျူနီယာညီလေး… အဲ့ဒါက ဒဏ္ဍာရီတစ်ပုဒ်ပါလို့ အစကတည်းက ငါပြောခဲ့တယ်လေ… အဲ့ဒါကို တကယ်ကြီး မင်းယုံကြည်နေတာတော့ မဟုတ်ပါဘူးနော် ”
ရွှီချင်းသည် ခေါင်းဆောင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။
“ စီနီယာအကိုကြီး… မင်း ဘဝပေါင်းဘယ်လောက်တောင် အသက်ရှင်ခဲ့တာလဲ ”
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက ရွှီချင်း၏ အမူအရာကို စိတ်ကျေနပ်စွာ ကြည့်လိုက်ပြီး စိတ်ထဲမှာ တွေးတောလိုက်သည်။
“ ဂျူနီယာညီလေး… ဂျူနီယာညီလေး… နောက်ဆုံးတော့ မင်းရဲ့ စီနီယာအကိုကြီးက ဘယ်လောက်အံ့ဩဖို့ကောင်းတယ်ဆိုတာ နားလည်သွားပြီပေါ့ ’
ထိုသို့တွေးပြီးနောက် ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ ကောင်းကင်မရှိခင်မှာ ငါရှိတယ်… မြေပြင်မရှိခင်မှာ ငါဟာ မွေးဖွားပြီးပြီ ”
“ စီနီယာအကိုကြီး… နောက်ဆိုရင် ဝူကျန်းဝူနဲ့ သိပ်မရောပါနဲ့ ”
ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ ခေါင်းဆောင်ပြောသည့်အရာက ဒဏ္ဍာရီလော သို့မဟုတ် အဖြစ်မှန်လော ယင်းက အရေးမကြီးပေ။ တစ်ဖက်လူက ဘဝပေါင်းမည်မျှ အသက်ရှင်ခဲ့သည်မှာလည်း အရေးမကြီးပေ။
အရေးကြီးဆုံးမှာ လက်ရှိပစ္စုပ္ပန်ဖြစ်သည်။
ရွှီချင်းသည် ကောင်းကင်ပေါ်မှ နတ်ဘုရားတိုက်ပွဲကို ကြည့်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် နားလည်နိုင်စွမ်းကြောင့် ဤနတ်ဘုရားတိုက်ပွဲ၏ အစစ်အမှန်ပုံစံကို သူမမြင်နိုင်ပေ။ သို့သော်လည်း ဤတိုက်ပွဲ၏ အဓိကသော့ချက်နှင့် အဓိပ္ပာယ်ကို သူနားလည်သည်။
အထူးသဖြင့် ဤတိုက်ပွဲ၏ အဓိပ္ပာယ်ဖြစ်သည်။ ယင်းက ကျင့်ကြံသူတစ်ယောက်နှင့် နတ်ဘုရားတစ်ပါးကြားမှ တိုက်ပွဲဖြစ်သည်။ ကျင့်ကြံသူအများစုသည် သူတို့၏ ဘဝတစ်လျှောက်မှာ ထိုသို့တိုက်ပွဲမျိုး မမြင်နိုင်ကြပေ။
ဆုံးဖြတ်ချက်ပြတ်သားမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ပထမဦးဆုံး ခရမ်းသလင်းကျောက်ကို အသက်သွင်းလိုက်ပြီး ကုသခြင်းစွမ်းအင်ကို သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားစေသည်။ ထို့နောက် တားမြစ်အဆိပ်သည် သူ၏ ခန္ဓာကိုယ်ထဲမှာ ရုတ်တရက် ပေါ်လျှိုးလာပြီး မျက်လုံးထဲမှာ စုဝေးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ မျက်လုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ရွှီချင်းသည် အနီရောင်လအခွင့်အာဏာကို ထပ်မံထုတ်လွှတ်လိုက်သည်။ ထိုအခါ ပမာဏများပြားသော သွေးသည် သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ စီးကျလာပြီး သူ၏ ဘေးပတ်ပတ်လည်မှာ ဝဲကတော့တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
နတ်ဘုရားအစွမ်းနှစ်ခု၏ အားဖြည့်ပေးမှုအောက်မှာ ရွှီချင်းသည် သူ၏ အကြည့်ကို ကောင်းကင်ပေါ်မှာ အာရုံစိုက်ထားလိုက်သည်။
ကောင်းကင်ပေါ်မှ မြင်ကွင်းသည် သူ၏ အသိအမြင်မှာ ပြောင်းလဲသွားသည်။
ထိုစိတ်ကူးယဉ်ပန်းချီကားသည် ရွှီချင်း၏ မျက်လုံးထဲတွင် ပွင့်လာနေသော ပန်းတစ်ပွင့်နှယ် ဆက်လက် ဖော်ပြနေသည်။ ယင်းက ပိုပြီးကျယ်ပြန့်လာပြီး အတွင်းဘက်မှ အရောင်နှစ်ရောင်သည်လည်း ပေါင်းစပ်သွားသည်။
ထိုပေါင်းစပ်မှုသည် အချိန်အတော်ကြာမြင့်ခဲ့ပုံပေါ်သည်။ သို့သော်လည်း ယင်းက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့သည်ဟုလည်း အောက်မေ့ရသည်။
ထို့နောက် ရွှီချင်း၏ မျက်စိရှေ့မှ မြင်ကွင်းအားလုံးသည် ဝေဝါးလာသည်။ ထိုဝေဝါးမှုကြားမှာ သူက ပုံရိပ်တစ်ခုကို မသဲမကွဲ မြင်လိုက်သည်။
ထိူသူက လီဇီဟွားဖြစ်သည်။
သူက လူသားအသွင်ဖြင့် ဆက်လက်ရှိနေဆဲဖြစ်ပြီး နီလာနတ်သမီးကို အကြမ်းပတမ်း တိုက်ခိုက်နေသည်။ သူတိုက်ခိုက်လိုက်သည့်အခါတိုင်း ဝမ်ကူးကုန်းမြေ၏ နိယာမများက သူ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီး နီလာနတ်သမီးကို တရစပ် ပစ်ခတ်လိုက်သည်။
ကောင်းကင်ဘုံတာအိုသည် ဆေးမီးဖိုတစ်ခုပမာ အောက်မေ့ရပြီး လီဇီဟွားကို အဆုံးမဲ့သော တိုက်ပွဲစွမ်းအား အပ်နှင်းပေးထားသည်။
ထို့ပြင် သူတို့၏ တိုက်ပွဲသည် အချိန်နှင့်ဟင်းလင်းပြင်အမှတ်တစ်ခုတည်းမှာ ဖြစ်ပွားနေခြင်းမဟုတ်ပေ။ ယင်းအစား သူတို့က မရေမတွက်နိုင်သော အချိန်နှင့်ဟင်းလင်းပြင်များကြားမှာ တစ်ပြိုင်နက် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထိုသို့မြင်ကွင်းသည် နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်အောက်မှာ အနီရောင်လဂြိုလ်၏ ဆင့်ကဲပြောင်းလဲသွားပုံနှင့် တစ်ထပ်တည်း တူညီသည်။
ထို့ပြင် ဘေးပတ်ပတ်လည်မှာ တားမြစ်လက်နက်အများအပြားက ရွေ့လျားနေကြသည်။ ယင်းတို့တစ်ခုစီက ကမ္ဘာဖျက်စွမ်းအားကို သယ်ဆောင်လျက် နီလာနတ်သမီးဆီသို့ အကြမ်းပတမ်း တိုးဝင်သွားနေကြသည်။
သူတို့က အပြန်အလှန်တိုက်ခိုက်လိုက်သည့်အခါ ထိုတားမြစ်လက်နက်များ၏ အသွင်ပုံသဏ္ဍာန်သည်လည်း ပြောင်းလဲသွားသည်။ ယင်းတို့က လက်နက်များမဟုတ်တော့ပေ။ ယင်းအစား နတ်ဘုရားများ၏ အသွင်သဏ္ဍာန်နှင့် နှိုင်းယှဉ်နိုင်သော ပုံရိပ်များဖြစ်လာကြသည်။
ဤသည်မှာ သူတို့က အတိတ်မှာ နတ်ဘုရားများဖြစ်ခဲ့ဟန် ရသည်။
သို့သော်လည်း ယခု သူတို့က ချိပ်ပိတ်ခံထားရပြီး ထိန်းချုပ်ခံထားရသည်။
ထိုသို့တိုက်ပွဲသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ဤသည်မှာ ရွှီချင်း၏ လက်ရှိနားလည်နိုင်စွမ်းမှ အကန့်အသတ်ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ယင်းက အစစ်အမှန်တိုက်ပွဲမဟုတ်သေးပေ။ သူ၏ လက်ရှိခံနိုင်ရည်ကြောင့် အကယ်၍ သူသာ ထိုတိုက်ပွဲ၏ အစစ်အမှန်ပုံစံကို မြင်လိုက်ရမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံရနိုင်ပေသည်။
သို့တိုင် အုပ်ချုပ်သူလီဇီဟွား၏ တိုက်ခိုက်မှုကို ကိုယ်တိုင်မျက်စိဖြင့် မြင်လိုက်ရခြင်းသည် ရွှီချင်းကို ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေသည်။ ယင်းက သူ၏ နားလည်ထားမှုကို ပြောင်းပြန်လှန်လိုက်သည်ဟု ဆိုနိုင်သည်။
‘ ဒီတော့ ကောင်းကင်ဘုံတာအိုရဲ့ နိယာမတွေနဲ့ ဥပဒေသတွေကို ဒီလိုလည်း ထိန်းချုပ်လို့ရတာပဲ… အဲ့ဒါက ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ရတနာသိုက်နဲ့ သဘောတရားဆင်တူတယ်… ဘာလို့ ကောင်းကင်ဘုံတာအိုက ဆေးမီးဖိုဖြစ်နေတာလဲ… တကယ်တော့ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ လက်ထဲမှာ ဝမ်ကူးကုန်းမြေရဲ့ ရှေးဟောင်းကောင်းကင်ဘုံတာအိုကလည်း ဆေးမီးဖိုတစ်ခုပဲ ’
‘ စောစောက ခေါင်းဆောင်ပြောခဲ့တဲ့အထဲမှာ ဝမ်ကူးကုန်းမြေရဲ့ ကောင်းကင်ဘုံတာအိုကို အစောဆုံးအသုတ်က လူတွေ ပျိုးထောင်ခဲ့တာတဲ့… ဒီလိုဆိုရင် ကောင်းကင်ဘုံတာအိုက တကယ်တော့ ကျင့်ကြံသူတွေ ဖန်တီးခဲ့တဲ့ အထွတ်အမြတ်ရတနာတစ်ခုပဲ ’
‘ ကျင့်ကြံသူတွေက သူတို့ရှိနေတဲ့နေရာမှာ အရင်ဆုံး ကောင်းကင်ဘုံတာအိုကို ပျိုးထောင်လိမ့်မယ် ’
‘ ဒါဆိုရင် တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းက အဆင့်တစ်ခုထိ ရောက်ရှိသွားတဲ့အခါ သူတို့ရဲ့ ကောင်းကင်ဘုံတာအိုကို လောကရဲ့ လည်ပတ်မှုလမ်းကြောင်းပေါ် ပို့လွှတ်နိုင်လိမ့်မယ်လို့ ဆိုလိုတာလား… အဲ့ဒါက နတ်ဘုရားသားတော် သူ့ရဲ့ နတ်ဘုရားမီးတောက်ကို ထွန်းညှိတာနဲ့ အတူတူပဲလား ’
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့အနောက်မှ လျှို့ဝှက်ရတနာသိုက်သည် ဝုန်းခနဲ မြည်ဟိန်းလာသည်။ သူ၏ နားလည်သဘောပေါက်မှုက ပြောင်းလဲသွားသည့်အခါ သူ၏ လျှို့ဝှက်ရတနာသိုက်သည်လည်း လိုက်လံပြောင်းလဲသွားသည်။
သူ၏ လျှို့ဝှက်ရတနာသိုက်ထဲတွင် မိုဆာဆောသည် ဆေးမီးဖိုတစ်ခုမျှသာ မဟုတ်တော့ပေ။ ယင်းက လက်နက်တစ်ခုလည်း ဖြစ်လာသည်။
ရွှီချင်း၏ ရိတ်သိမ်းမှုသည် ထိုမျှသာ မဟုတ်ပေ။
‘ ပြီးတော့ တားမြစ်လက်နက်တွေရဲ့ တခြားအသွင်ပုံစံလည်း ရှိသေးတယ်… လက်နက်အသွင်ပုံစံက တကယ်တော့ အပေါ်ယံပဲ… အဲ့ဒါက တကယ့်အစစ်အမှန်အနှစ်သာရ မဟုတ်သေးဘူး ’
‘ တကယ့်အနှစ်သာရက… ဘာလို့နတ်ဘုရားအသွင်ပုံစံဖြစ်နေတာလဲ… မဟုတ်မှ အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာထဲမှာ ချိပ်ပိတ်ထားတဲ့ တားမြစ်လက်နက်တွေက ခေါင်းဆောင်ပြောသွားတဲ့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကြားက ဒဏ္ဍာရီလာစစ်ပွဲမှာ ကျရှုံးသွားခဲ့ကြတဲ့ နတ်ဘုရားတွေများ ဖြစ်နေမလား ’
ရွှီချင်းသည် သူ၏ စိတ်ထဲမှာ ဆုတ်ဖြဲသော စိတ်ခံစားမှုကို ခံစားမိသွားသည်။ သူ၏ အသိအမြင်နှင့် အတွေးများသည် လက်ရှိအကန့်အသတ်၏ ခံနိုင်ရည်သို့ တဖြည်းဖြည်း ရောက်ရှိသွားနေသည်။ ထို့ကြောင့် သူ၏ မျက်လုံးထဲမှ အရာအားလုံးသည် ဝေဝါးနေရာမှ စိတ်ကူးယဉ်ပန်းချီကားအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
ထိုနောက်ဆုံးအခိုက်အတန့်မှာ ရွှီချင်းသည် လီဇီဟွားနှင့် တိုက်ခိုက်နေသော နီလာနတ်သမီးကို ကြည့်လိုက်သည်။