← Chapters

ဘာလို့ ငါ့ကို စောစောမခေါ်တာလဲ(ခ)

Vol. 71 Ch. 1103

ဘာလို့ ငါ့ကို စောစောမခေါ်တာလဲ(ခ)

Vol. 71 Ch. 1103

နီလာနတ်သမီးသည် စောစောတုန်းကလို ချောမောလှပသော အမျိုးသမီးမဟုတ်တော့ပေ။

သူ၏ အသွင်ပုံစံကို ဖော်ပြခြင်းသည် ခက်ခဲသောကိစ္စ ဖြစ်သည်။ အရိုးရှင်းဆုံးဆိုရလျှင် သူက ငှက်မွှေးများနှင့် အသွေးအသားများကို ပေါင်းစပ်ထားသော လူသားပုံသဏ္ဍာန် သတ္တဝါတစ်ကောင်ဖြစ်သည်ဟု ရွှီချင်း ခံစားမိသည်။ ရွှီချင်း၏ အသိအမြင်ထဲမှာ နီလာနတ်သမီးသည် လှပသော အမျိုးသမီးပုံစံနှင့် အသွေးအသားငှက်မွှေးသတ္တဝါအဖြစ်သို့ တစ်လှည့်စီ ပြောင်းလဲသွားနေသည်။

တစ်ခါတစ်ရံ ယင်းတို့က အတူတကွ ပေါင်းစပ်သွားလေရာ ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏ ဘေးနားတစ်ဝိုက်တွင် လူးလွန့်လှုပ်ရှားနေသော အနီရောင်ပိုးကောင်များလည်း ရှိသေးသည်။ ထိုပိုးကောင်များသည် ရက်စက်ကြမ်းကြုတ်သော အသွင်ပုံစံရှိကြပြီး အနီရောင်လ၏ သိပ်သည်းသော စွမ်းအားနှင့် ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။

ဤသည်မှာ ၎င်းတို့က အနီရောင်လ၏ အခွင့်အာဏာမှ ပြယုဂ်ဖြစ်ဟန် ရသည်။

သူ့အနေဖြင့် ဖြစ်ဟန်ရသည်ဟု မသုံးဘဲ သေချာပေါက်ဖြစ်သည်ဟု အသုံးပြုခြင်းက ပိုပြီးသင့်လျော်လိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက ထိုပိုးကောင်များကို မြင်လိုက်သည့်အခိုက် ရင်းနှီးကျွမ်းဝင်မှုကို ခံစားမိသွားရုံသာမက ဤအခိုက်အတန့်မှာ ထိုပိုးကောင်များက သူ့ကို စိုက်ကြည့်လာနေသည်ဟု အာရုံခံမိသွားသည်။

သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခိုက် ရွှီချင်း၏ အသိစိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ သွေးသည် သူ၏ ဒွရခုနစ်ပေါက်မှ စီးကျလာပြီး ရွှီချင်းသည် အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားရသည်။ သူက သွေးတစ်ပွက်ပြီးတစ်ပွက် အန်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် အမြန်ယိုယွင်းပျက်စီးသွားသည်။ အသွေးအသားများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျလာသည်။

ကောင်းကင်သည် သူ၏ မျက်လုံးထဲမှာ စိတ်ကူးယဉ်ပန်းချီကားသို့ ပြန်ပြောင်းလဲသွားသည်။ သို့သော်လည်း သူမြင်လိုက်ရသော မြေပြင်သည် ဤအခိုက်အတန့်လေးမှာ ပုံပျက်တွန့်လိမ်သွားသည်။

မြေပြင်က မြန်ဆန်စွာ ပုံမှန်ပြန်ဖြစ်သွားသော်လည်း ထိုအခိုက်အတန့်လေးမှာ သူမြင်လိုက်ရသော မြင်ကွင်းသည် ရွှီချင်း၏ အသိစိတ်ကို ထပ်မံ ဆုတ်ဖြဲပစ်လိုက်သည်။ မရေမတွက်နိုင်သော သွေးကြောများသည်လည်း ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာကြသည်။

“ အနီရောင်လ… ”

ရွှီချင်းသည် သူ၏ ခြေဖဝါးအောက်မှ မြေပြင်ကို ကြည့်လိုက်သည့်အခါ အသက်ရှူမြန်လာသည်။ စောစောက သူမြင်လိုက်ရသော မြင်ကွင်းကို မေ့ပစ်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုမြင်ကွင်းထဲတွင် အနီရောင်လဂြိုလ်သည် မြေကြီးနှင့် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ ယင်းအစား မရေမတွက်နိုင်သော အနီရောင်ပိုးကောင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်မှာ အနီရောင်လဂြိုလ်သည် ပိုးကောင်အသိုက်အမြုံတစ်ခုနှင့် ဆင်တူပြီး အထဲတွင် မရေမတွက်နိုင်သော အနီရောင်ပိုးကောင်များ ရှိသည်။ ထို့ပြင် အကြည့်တစ်ခုက အသိုက်၏ အတွင်းပိုင်းထဲမှ ထွက်ပေါ်လာနေဟန် ရသည်။

ထိုအကြည့်သည် အေးတိအေးစက်ရှိသည်။ သို့သော်လည်း ရွှီချင်း၏ အသိအမြင်မှာ ယင်းက သူနှင့် ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားရမိသည်။

သို့သော်လည်း ပုံပျက်တွန့်လိမ်မှုက လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသောကြောင့် ရွှီချင်းသည် ဆက်လက် မစူးစမ်းနိုင်ခဲ့ပေ။

ဤအခိုက်အတန့်မှာ သူက ခရမ်းသလင်းကျောက်ကို လှည့်ပတ်လိုက်ပြီး သွေးအန်လိုက်ကာ သူ့ကိုယ်သူ ပြန်လည်ကုသလိုက်သည်။ သို့မှသာ သူက ပြန်လည်ထိန်းညှိနိုင်သွားသည်။ ထိုစဉ် ကောင်းကင်ပေါ်မှာ အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။

အဆင့်မြင့်နတ်ဘုရားမီးလျှံလသည် အခွင့်အရေးတစ်ခုကို မြင်တွေ့သွားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည့်အလား ပြန်ရောက်လာသည်။ ယခု သစ်သားတံခါးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ထို့ပြင် ဤတစ်ကြိမ်တံခါးသည် ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးကြီးမားသည်။ ဤသည်မှာ ကောင်းကင်က တံခါးဘောင်ဖြစ်သည့်အလားပင်။

ဤအခိုက်အတန့်မှာ ကောင်းကင်သည် ဆုတ်ဖြဲခံလိုက်ရပြီး တံခါးသည် ပွင့်သွားသည်။

ရှည်လျားသော ပုံရိပ်တစ်ခုသည် တံခါးထဲမှ ထွက်လျှောက်လာသည်။

ထိုပုံရိပ်ကို ပထမဆုံး ကြည့်လိုက်သည့်အခါ သာမန်ဖြစ်ဟန် ထင်ရသည်။ သို့သော်လည်း ဒုတိယအကြိမ် ကြည့်လိုက်သည့်အခါ ၎င်းက အဆုံးမရှိသည့်အလား ကျယ်ပြောပြီး ၎င်း၏ အရွယ်အစားကို ခွဲခြားရခက်ခဲစေမည့် ပုံရိပ်ယောင်တစ်ခုကို ထုတ်လွှတ်နေသည်။

၎င်း၏ ဦးခေါင်းပေါ်တွင် သမင်တစ်ကောင်၏ ဦးချိုရှိကြောင်း မြင်နိုင်ပေသည်။ ထို့ပြင် ယင်းက ဦးချိုတစ်ခုတည်းမဟုတ်ပေ။ ယင်းအစား ဦးချိုများသည် မရေမတွက်နိုင်သော သစ်ပင်အကိုင်းအခတ်များပမာ ပြွတ်သိပ်ထွက်နေပြီး ကောင်းကင်အထိ ပျံ့နှံ့နေကြသည်။

ထိုသမင်ဦးချိုများ၏ အလယ်ဗဟိုတွင် မီးခိုးရောင်ကြယ်တစ်လုံးရှိသည်။ ထိုကြယ်သည် အဖျက်အဆီးစွမ်းအားနှင့် သေခြင်းအနှစ်သာရကို သယ်ဆောင်ထားသည်။

ဦးခေါင်းသည်တော့ ယင်းက ယောင်္ကျားလော မိန်းမလော ခွဲခြားပြောရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဦးခေါင်းသည် အလွန်ကြီးမားသော မီးခိုးရောင်အရိုးခေါင်းတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ အရိုးခေါင်း၏ မျက်လုံးပေါက်ထဲတွင် မီးခိုးရောင်မီးတောက်များ တောက်လောင်နေသည်။ ပါးစပ်ရှိသင့်သော နေရာတွင် အက်ကွဲနေသော အရိုးတစ်ခု ရှိသည်။

၎င်း၏ ခန္ဓာကိုယ်သည် လူသားပုံသဏ္ဍာန်ရှိပြီး ၎င်း၏ လက်နှစ်ဖက်သည် သွေးစွန်းနေသည်။ ဤသည်မှာ သူက အနီရောင်လက်အိတ်များကို ဝတ်ဆင်ထားသည့်အလား သွေးစက်များသည် တတောက်တောက် စီးကျနေသည်။

၎င်း၏ တစ်ကိုယ်လုံးကို အဝတ်အစားများနှင့်ဆင်တူသော မီးခိုးရောင်အမွှေးများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်း၏ ဝမ်းဗိုက်တစ်ခုတည်းကိုသာ ထုတ်ဖော်ထားသည်။ ယင်းက အနက်ရောင်တွင်းနက်တစ်ခုဖြစ်ပြီး အထဲမှာ ကြယ်အလင်းရောင် တလက်လက် တောက်ပနေသည်။ ဤသည်မှာ စကြာဝဌာတစ်ခုက ထိုထဲမှာ တည်ရှိနေသည့်အလားပင်။

ဤသည်မှာ အဆင့်မြင့်နတ်ဘုရားမီးလျှံလဖြစ်သည်။

နီလာနတ်သမီးကဲ့သို့ပင် သူထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ အသွင်ပုံစံသည် ရွှီချင်းနှင့် တခြားလူများ၏ အသိအမြင်ထဲမှာ ပြောင်းလဲသွားသည်။ ယင်းက စောစောကလို အကျည်းတန် ရုပ်မဆိုးတော့ပေ။ ယင်းအစား မီးခိုးရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းအမျိုးသမီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအမျိုးသမီးသည် ပါးဖောင်းပြီး အေးတိအေးစက်နှင့် မထူးမခြားနား အမူအရာရှိသည်။ ထို့ပြင် အထင်သေးရှုံ့ချသော အရိပ်အယောင်လည်း ရှိသေးသည်။ သို့သော်လည်း ယင်းက သူ၏ အထင်သာအမြင်သာဆုံး ထူးခြားချက်ဖြစ်သည်။ ဖြစ်နိုင်သည်မှာ တချို့လူများ၏ အမြင်တွင် သူက သာမန်မျှသာဖြစ်သော်လည်း တချို့လူများ၏ အမြင်တွင်တော့ ပြိုင်ဘက်ကင်းသော ဆွဲဆောင်မှုရှိသည်။

မီးလျှံလသည် ထွက်ပေါ်လာပြီးနောက် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကောင်းကင်ပေါ်မှ စိတ်ကူးယဉ်ပန်းချီကားထဲသို့ ဝင်ရောက်သွားသည်။ သူက အထဲသို့ ပေါင်းစပ်သွားသည့်အခိုက် စိတ်ကူးယဉ်ပန်းချီကားသည် ရုတ်တရက် ပြောင်းလဲသွားသည်။

ဝဲကတော့ထဲမှာ မီးခိုးရောင်သည် အသစ်ထပ်တိုးလာပြီး အဖြူရောင်နှင့် အနီရောင်ဖြင့် အတူရောယှက်သွားသည်။ ယင်းတို့က မြန်ဆန်စွာ လှည့်ပတ်သွားသည့်အခါ တတိယအရိပ်သည် ပန်းချီကားထဲမှာ ထွက်ပေါ်လာသည်။

“ ငါ့အရင်မိန်းမက အစားပုပ်လေ… သူရောက်လာမယ်ဆိုတာ သေချာပေါက် ငါခန့်မှန်းထားပြီးသား ”

ခေါင်းဆောင်သည် အနောက်သို့ အနည်းငယ် ဆုတ်သွားပြီး ရွှီချင်း၏ ဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူက ကောင်းကင်ပေါ်မှ ပန်းချီကားကို ကြည့်နေရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ ဘယ်လိုလဲ… ငါ့အရင်မိန်းမက မလှဘူးလား… လှတယ်မလား ”

ရွှီချင်းသည် ပန်းချီကားကို ကြည်နေရင်း ခေါင်းဆောင်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူက မည်သို့ပြောရမည်မှန်း မသိတော့ပေ။

ဘေးမှ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်တော့ တည်ကြည်လေးနက်နေကြသည်။ အစမှအဆုံးအထိ သူတို့က တိုက်ပွဲပေါ်မှာသာ အာရုံစိုက်နေကြသည်။ သို့ဖြစ်၍ အားညိုကို အာရုံစိုက်ရန် သူတို့မှာ အချိန်မရှိကြပေ။

သို့သော် အချိန်မြစ်၏ ဘေးမှ ပဉ္စမသမီးတော်၏ ကောင်းချီးပေးမှုကြောင့် အသက်ပြန်ရှင်လာသော အဌမသားတော်သည် ခေါင်းဆောင်၏ စကားကို ကြားပြီးနောက် သူက အားအင်ချည့်နဲ့နေသည့်တိုင် ပြန်မပြောဘဲ မနေနိုင်ပေ။

“ ငါတို့တွေ မျက်လုံးမကန်းသေးပါဘူး… အဲ့ဒီမွန်းစတားအိုကြီးရဲ့ ပုံပန်းသဏ္ဍာန်ကို ငါတို့မြင်နိုင်ပါတယ်… အားညို… မင်းရဲ့ အကြိုက်က အဲ့လောက်ထူးဆန်းမယ်လို့ ငါတကယ် လုံးဝမထင်ထားဘူး ”

“ မင်းက ဒီလိုဟာမျိုးကိုတောင် လက်ခံနိုင်တယ်… ”

“ ဒါပေမဲ့ ငါအရမ်းသိချင်နေတာ တစ်ခုရှိတယ်… သူ့ရဲ့ ဝမ်းဗိုက်က အပေါက်က မင်းလက်ချက်လား ”

အဌမသားတော်သည် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သူ၏ လျှာစောင်းထက်မှုကို မဆုံးရှုံးသွားခဲ့ပေ။ သူ၏ စကားက ခေါင်းဆောင်၏ နားထဲသို့ ဝင်ရောက်သွားသောအခါ ခေါင်းဆောင်သည် မျက်နှာရှုံ့မဲ့သွားသည်။

“ အဖိုးရှစ်… ”

ခေါင်းဆောင်သည် အဖိုးရှစ်ကို ကြည့်လိုက်သည်။

အဌမသားတော်သည် အတွေးနက်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ ကြည့်ရတာ အဲ့ဒါက တကယ်ပဲ မင်းလက်ချက်ဖြစ်မယ်… ဒါကြောင့် သူက မင်းကို အဲ့ဒီလောက် မုန်းတီးနေတာကို… သူက ဒီရောက်လာတာတောင် မင်းကို တစ်ချက်မကြည့်သွားဘူး… အားညို ငါတို့ကို လျှို့ဝှက်ချက်ပြောပြစမ်းပါ… မင်း သူ့အပေါ် အမှားတစ်ခုခုလုပ်ခဲ့တာမလား ”

“ တကယ်လို့ ငါတို့က မင်းကို ချုပ်နှောင်ပြီး မင်းရဲ့ အရင်မိန်းမဆီ သွားပို့လိုက်မယ်ဆိုရင် သူက အရမ်းဝမ်းသာသွားမယ်ထင်တယ်… အဲ့ဒီအခါ သူက တိုက်ခိုက်ဖို့ ပိုပြီးစိတ်အားတတ်ကြွလာလောက်တယ် ”

အဌမသားတော်၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ပဉ္စမသမီးတော်နှင့် မင်းသမီးမင်မိန်သည် ခေါင်းဆောင်ကို လှည့်ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့က အဌမသားတော်၏ စကားကို ချင့်ချိန်စဉ်းစားနေသည့်အလားပင်။

ခေါင်းဆောင်သည် ထိတ်လန့်သွားပြီး အမြန်ပြောသည်။

“ မဟုတ်ဘူး… မဟုတ်ဘူး… တကယ်တော့ ငါက နောက်နေတာပါ… အဆင့်မြင့်နတ်ဘုရားမီးလျှံလက ငါ့အရင်မိန်းမမဟုတ်ပါဘူး… ငါက ပေါက်ပန်းလေးဆယ်‌ လျှောက်ပြောနေတာပါ… ”

ခေါင်းဆောင်သည် အဖိုးရှစ်နှင့် တခြားလူများ သူ့အား လက်ခံယုံကြည်စေရန် မက်မွန်သီးတစ်လုံးကို အမြန်ထုတ်လိုက်ပြီး တစ်ကိုက် ကိုက်စားလိုက်သည်။

“ ငါက မက်မွန်သီးကို ကြိုက်တယ်… ငါ့ထောင်ထောင်က ဖုန်းဟိုင်ဒေသငယ်မှာ ငါ့ကို စောင့်နေတယ် ”

အဌမသားတော်သည် ခေါင်းဆောင်၏ စကားကို ယုံကြည်ပုံမပေါ်ချေ။ အိမ်ရှေ့စံမင်းသားသည် ခေါင်းဆောင်ထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။

“ အဌမညီတော်၏ အကြံကို ငါတို့စဉ်းစားသင့်တယ် ”

ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ဆက်လက် ရှင်းပြတော့မည့်အချိန် နဝမသားတော်က ရုတ်တရက် ပြောသည်။

“ နောက်တစ်ယောက်ရောက်လာပြီ ”

နဝမသားတော်က စကားပြောလိုက်သည်နှင့်ချက်ချင်း ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။ ဤသည်မှာ ကန့်လန့်ကာတစ်ခုက ကောင်းကင်ကို လွှမ်းခြုံသွားသည့်အလားပင်။

ထိုကန့်လန့်ကာပေါ်တွင် ပန်းချီကားတစ်ချပ် ထွက်ပေါ်လာသည်။

ထိုပန်းချီကားသည် စောစောက အမှောင်ထုနှင့်ဆန့်ကျင်ဘက် နွေးထွေးသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ပန်းချီကားထဲတွင် ပြာလဲ့လဲ့ကောင်းကင်နှင့် ကြည်လင်သော ပင်လယ်တစ်စင်း ရှိသည်။ ပင်လယ်ထက်မှ ကောင်းကင်ပေါ်တွင် မရေမတွက်နိုင်သော ငါးများနှင့် ပုစွန်များက ပျံသန်းနေကြပြီး ဝေလငါးများက လွင့်မျောနေကြသည်။ ဤသည်မှာ လှပသော မြင်ကွင်းတစ်ခုဖြစ်သည်။

ပင်လယ်အောက်တွင် မရေမတွက်နိုင်သော ငှက်များက ကူးခတ်နေကြသည်။

ကောင်းကင်နှင့် ပင်လယ်ကြားမှာ တင်ပျဉ်ခွေလျက် ထိုင်နေသော ရုပ်တုတစ်ခုရှိသည်။

ရုပ်တုသည် အလွန်ကြီးမားသော ဧရာမရွှံ့မြေခွေးဖြစ်သည်။ သူက ဝတ်ရုံနီကို ဝတ်ဆင်ထားသည်။ ထို့ပြင် ရုပ်တုမှ ထုတ်လွှတ်နေသော ရွှေရောင်အလင်းသည် ကျယ်ပြောသော ပင်လယ်နှင့် ကောင်းကင်ကို အလင်းပြန်စေပြီး မွန်မြတ်သန့်စင်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဤသည်မှာ သူက လောက၏ အရှင်သခင်ဖြစ်သည့်အလား သူ့အား မြင်လိုက်ရသူတိုင်းကို ကြည်ညိုလေးစားစိတ် အလိုလိုဖြစ်ပေါ်စေသည်။

ဤအခိုက်အတန့်မှာ သူ၏ မျက်တောင်သည် အနည်းငယ် လှုပ်ခါသွားသည်။ သူက ညင်သာစွာ မျက်လုံးဖွင့်လိုက်ပြီးနောက် ကြော့ရှင်းတင့်တယ်သော ခြေလှမ်းများနှင့်အတူ ပန်းချီကားထဲမှ ထွက်လျှောက်လာသည်။ သူ၏ ခန္ဓာကိုယ်မှလည်း တုနှိုင်းမဲ့သော ညှို့ဓာတ်ကို ထုတ်လွှတ်နေသည်။

သူက အပြင်သို့ ထွက်လျှောက်လာသည့်အခိုက် သူ၏ အသွင်ပုံစံသည်လည်း ပြောင်းလဲသွားသည်။ သူက ကြော့ရှင်းတင့်တယ်သော အမျိုးသမီးပုံစံသို့ ပြောင်းလဲသွားသည်။ ပါးလွှာသော အနီရောင်ဇာဝတ်စုံက သူ၏ ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေရာ ပိုပြီးအားကောင်းသော ညှို့ဓာတ်ကို ထွက်ပေါ်လာစေသည်။

သူ့မှာ မို့မောက်သော ရင်ဘက်နှင့် ဖြောင့်စင်းသော ခြေတံများ ရှိသည်။ သူက လမ်းလျှောက်လာနေစဉ် အမြှီးသည် သူ၏ အနောက်မှာ လှုပ်ယမ်းသွားသည်။ ဤသည်မှာ သူနှင့်ပတ်သက်သော အရာအားလုံးက ညှို့ဓာတ်ကိန်းအောင်းနေသည့်အလားပင်။

အထူးသဖြင့် အနီရောင်ဇာဝတ်စုံက အလွန်ပါးလွှာလေရာ သူ၏ ဖြူဖွေးသော ခြေတံနှစ်ခုက အနည်းငယ် ဟသွားသည့်အခိုက် အလွန်အသည်းယားဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ယင်းက တုနှိုင်းမဲ့သော အလှကို ဖြစ်ပေါ်စေပြီး ဆန့်ကျင်ဘက်လိင်များကို နှလုံးခုန်မြန်သွားစေသည်။

ထို့ပြင် သူ့မှာ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကောက်ကြောင်းများလည်း ရှိသည်။ ယင်းက အလွန်စွဲမက်ဖွယ်ကောင်းလေရာ သူ့အား မြင်လိုက်ရသူတိုင်းကို တစ်သက်မမေ့စေနိုင်သော စိတ်ခံစားမှုမျိုး ကျန်ရစ်စေလိမ့်မည်။

ဤသည်မှာ ညှို့ဓာတ်က အရိုးများထဲထိ ကိန်းအောင်းနေသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူ၏ အလှအပသည် ယောင်္ကျားများကို တစ်ချိန်လုံး ဆွဲဆောင်ထားနိုင်ဟန်ရပြီး သူတို့၏ သည်းခံနိုင်စွမ်းကို စိန်ခေါ်နေဟန် ရသည်။

ဤအခိုက်အတန့်မှာ သူက ပန်းချီကားထဲမှ ကြော့ရှင်းတင့်တယ်စွာ ထွက်လျှောက်လာပြီး လနန်းတော်ဆီသို့ ဝင်ရောက်သွားသည်။ သူက လူတိုင်း၏ အရှေ့မှာ ထွက်ပေါ်လာသည့်အခိုက် တိုက်ပွဲကို ချက်ချင်း အာရုံမစိုက်ပေ။ ယင်းအစား သူ၏ ညှို့ဓာတ်မျက်ဝန်းသည် ဘေးပတ်ဝန်းကျင်သို့ ဖြတ်ကျော်သွားပြီး ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။

ဆွဲဆောင်မှုရှိသော ရယ်မောသံက ပျံ့လွင့်လာသည်။

“ လူဆိုးလေး… မင်းထွက်သွားပြီးကတည်းက မမရဲ့ လောကကြီးဟာ မင်းကို လွမ်းတာရယ် မင်းကို စောင့်မျှော်နေတာရယ်နဲ့ပဲ လည်ပတ်နေတယ် ”

“ ဘာလို့ မမကို စောစောမခေါ်တာလဲ… မမက မင်းကို တစ်ချိန်လုံး စောင့်နေတာ ”

သူက စကားပြောလိုက်သည့်အခါ သူ၏ အကြည့်ထဲတွင် အပြုံးရိပ်ယောင်၊ ညှို့ဓာတ်နှင့် ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည်တော့ ဆက်လက် နှုတ်ဆိတ်နေသည်။

ခေါင်းဆောင်သည် နှလုံးတုန်သွားသည်။ သူက ပန်းချီကားထဲမှ မီးခိုးရောင်အရိပ်ကို ကြည့်လိုက်သည်။ ထို့နောက် ရွှီချင်းတစ်ယောက်တည်းသာ သူ့မျက်လုံးထဲမှာရှိသော ချောချောလှလှ အမျိုးသမီးကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူက မည်သို့ပြောရမည်မှန်း မသိတော့ပေ။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် ခေါင်းဆောင်ကို ဝိုင်းကြည့်လိုက်ကြသည်။ အထူးသဖြင့် အဌမသားတော်ပင်။ သူက အားညိုကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ ကွာခြားမှုက နည်းနည်း ကြီးမားလွန်းတယ် ”

All Chapters