ဧရာမကလေး
Vol. 71 Ch. 1104
ခေါင်းဆောင်သည် တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း မည်သည့်စကားမှ သူမပြောနိုင်ခင် ကောင်းကင်ပေါ်မှ ရွှံ့မြေခွေးသည် ဆွဲဆောင်မှုရှိသော ခြေလှမ်းများနှင့်အတူ လျှောက်လှမ်းလာသည်။ သူက ခါးကို ညှို့ဓာတ်ပြင်းစွာ ဘယ်ညာလှုပ်ယမ်းလိုက်သည်။ သူက ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း သူ၏ တင်နှင့်ရင်က နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားကြသည်။
သူက နူးညံ့စွာ စကားပြောလိုက်သည့်အခါ သိမ်မွေ့ညင်သာမှုသည် သူ၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။
“ လူဆိုးလေး… မင်း တော်တော်ပိန်သွားတာပဲ… ဒီအတောအတွင်း မမကို လွမ်းနေလို့များလား ”
ရွှီချင်းသည် တုံ့ဆိုင်းသွားပြီး အရိုအသေပေးရန် မတ်တတ်ရပ်လိုက်သည်။
“ နှုတ်ဆက်ပါတယ် အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ် ”
သူ၏ စကားက ရွှံ့မြေခွေး၏ မျက်လုံးထဲ၌ စိတ်ပျက်သော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာစေသည်။
“ ကြည့်ရတာ မောင်လေးက မမကို သတိမရတဲ့ပုံပဲ ”
ဤအခိုက်အတန့်မှာ သူ၏ ရောက်ရှိလာမှုက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို သတိကြီးစွာ ထားမိစေသည်။
အဆုံးမဲ့သော မနာလိုမှုသည် ခေါင်းဆောင်၏ နှလုံးသားထဲမှာ ပြည့်နှက်သွားသည်။ သူက ကောင်းကင်ပေါ်မှ မီးခိုးရောင်ကို အလိုအလျောက် ကြည့်လိုက်သည်။ ၎င်းအတွက် သူပေးဆပ်ခဲ့သော ထိုဘဝက မထိုက်တန်ကြောင်း ခံစားမိသွားသည်။ သူတို့နှစ်ယောက်စလုံးက အဆင့်မြင့်နတ်ဘုရားများဖြစ်သော်လည်း မည်သို့ကြောင့် ထိုမျှကွာခြားနေရသနည်း။
တစ်ယောက်သည် သူ့ကို လျစ်လျူရှုထားပြီး သတ်ပစ်ချင်နေသည်။ တခြားတစ်ယောက်သည်တော့ သူ၏ မျက်လုံးနှင့် နှလုံးသားထဲမှာ သူ့ဂျူနီယာလေးအပေါ် အတွေးများဖြင့်သာ ပြည့်နှက်နေသည်။
ထိုမျှက ကိစ္စမရှိပေ။ အရေးကြီးဆုံးမှာ တစ်ယောက်၏ ရုပ်အသွင်ပုံစံသည် လုံးဝဆိုးဝါးပြီး တခြားတစ်ယောက်သည် အလွန်အမင်း ချောမောလှပသည်။
ယင်းက ခေါင်းဆောင်၏ နှလုံးကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ အထူးသဖြင့် သူက တစ်ဖက်လူ၏ စကားကို ကြားလိုက်ရသည့်အခါ ဖြစ်သည်။ စီနီယာအကိုကြီးတစ်ယောက်အနေဖြင့် သူက ရွှီချင်းကိုယ်စား ပြန်ဖြေကြားသင့်သည်ဟု ခံစားမိသည်။ ထို့ကြောင့် သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ချောင်းဟန့်လိုက်သည်။
“ မမမီးလျှံကြယ်… ငါ့ဂျူနီယာညီလေးက နည်းနည်း ရှက်တတ်လို့ပါ… သူ့ကိုယ်စား ငါပြန်ဖြေပေးပါ့မယ်… သူက မမကို အရမ်းပဲ သတိရပါတယ် ”
ရွှံ့မြေခွေးသည် မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းဆောင်ကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။
“ ကျောက်ကပ်လေး… ငါ့ကို စကားလာမပြောနဲ့… မောင်လေး အထင်လွဲသွားမှာကို ငါမလိုချင်ဘူး… ဒီတော့ ငါနဲ့ဝေးဝေးကို ထွက်သွားစမ်း ”
ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ယခင်ဘဝပေါင်းများစွာမှာဖြစ်စေ သို့မဟုတ် ဤဘဝမှာဖြစ်စေ မည်သူမှ သူ့ကို ‘ ကျောက်ကပ်လေး ’ဟု မခေါ်ခဲ့ဖူးပေ။ အကယ်၍ သူသာ တစ်ဖက်လူကို အနိုင်ယူနိုင်မည်ဆိုလျှင် ဤအခိုက်အတန့်မှာ သူ့ကို ဒေါသတကြီး ရိုက်နှက်ပစ်လိမ့်မည်။
သို့သော်လည်း သူတို့ကြားမှ အဆင့်ကွာခြားမှုကို စဉ်းစားပြီးနောက် ခေါင်းဆောင်သည် တိတ်တဆိတ် ခေါင်းငုံ့လိုက်ပြီး ရွှီချင်း၏ အနောက်သို့ လျှောက်သွားသည်။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ရွှံ့မြေခွေး၏ ပြောစကားနှင့် နှိုင်းယှဉ်လျှင် အဖိုးရှစ်ကမှ အနည်းငယ် တော်သေးသည်ဟု သူခံစားမိသည်။
ရွှံ့မြေခွေးသည် ရွှီချင်းကို ကြည့်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ သူက ဆက်လက် စကားပြောတော့မည့်အချိန် ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ စကားသံက ထွက်ပေါ်လာသည်။
“ ပျံတံတံမြေခွေးမ… နင်လာမှာလား မလာဘူးလား ”
ရွှံ့မြေခွေးသည် ရွှီချင်းကို ပြုံးပြလိုက်သည်။
“ မောင်လေး… မမ အရင်သွားတိုက်ခိုက်လိုက်ဦးမယ်… ပြီးကျမှ စကားပြောကြမယ် ”
သူက စကားပြောလိုက်ပြီးနောက် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယမ်းလိုက်ပြီး ကောင်းကင်ပေါ်မှ စိတ်ကူးယဉ်ပန်းချီကားဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ သူက ပန်းချီကားထဲသို့ ပေါင်းစပ်သွားသည့်အခါ ပန်းရောင်သည် ပန်းချီကားထဲမှာ အသစ်ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ အရောင်လေးရောင်က အတူတကွ ပေါင်းစပ်သွားပြီး ကောင်းကင်ကို အပြင်းအထန် လှုပ်ခါသွားစေသည်။
ပန်းချီကားထဲမှ ဝဲကတော့သည် ပိုပြီးမြန်ဆန်စွာ လှည့်ပတ်လာသည်။ မည်သူမဆို ပန်းချီကားထဲမှ အနီရောင်က ဖိနှိပ်ခံနေရကြောင်း ဝေဝေဝါးဝါး မြင်နိုင်လိမ့်မည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ နီလာနတ်သမီးသည် သူ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ လီဇီဟွားက သူနှင့် ထိပ်တိုက်တိုက်ခိုက်နေပြီး မီးလျှံလနှင့် မီးလျှံကြယ်က လီဇီဟွားကို အနောက်မှ ထောက်ပံ့ပေးနေသော်လည်း သူတို့သည် နီလာနတ်သမီးကို အပြည့်အဝ မဖိနှိပ်နိုင်သေးပေ။
တဖြည်းဖြည်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။ ခေါင်းဆောင်သည်လည်း အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။ အဆုံးမှာတော့ သူက အံတင်းတင်းကြိတ်လိုက်သည်။
“ ဒင်းက အရေးကြီးအခြေအနေရောက်ရင် ငါ့ကို မှီခိုအားထားနေရတုန်းပဲ ”
“ ငါ့အရင်မိန်းမက အရမ်းအားနည်းလွန်းတယ် ”
“ ဂျူနီယာညီလေး… ငါ့ကို တစ်ချက်လောက် ကူညီပေးပါ… ဒီဟာနဲ့ ငါ့ခေါင်းကို ခေါက်ပေးပါ… အားနည်းနည်းထည့်ပြီးတော့ ခေါက်ပါ ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် ကျိုင်းတုတ်တစ်ချောင်းကို ထုတ်လိုက်ပြီး ရွှီချင်းထံသို့ ပစ်ပေးလိုက်သည်။
ရွှီချင်းသည် ကျိုင်းတုတ်ကို ဖမ်းယူလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။ ကျိုင်းတုတ်သည် လုံးဝအပြာရောင်ဖြစ်ပြီး ဆွဲဆောင်မှုရှိသော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေသည်။ တစ်စုံတစ်ယောက်က ယင်းကို တစ်ခါကြည့်မိသွားလျှင် အကြည့်ရှောင်လွှဲရန် ခက်ခဲလိမ့်ပေမည်။
ထိုကျိုင်းတုတ်သည် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းတွင် ခေါင်းဆောင်၏ ယခင်ဘဝ၏ ညာဘက်နားရွက်မှ ဖြစ်ပေါ်လာသော ခန္ဓာကိုယ်၏ လက်နက်တစ်ခုဖြစ်သည်။
“ မဟာယဇ်ပူဇော်အိမ်မက်ကျိုင်းတုတ် ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ ဟုတ်တယ်… ငါ့အရင်ဘဝမှာ ပြင်ဆင်ထားတဲ့ အိမ်မက်ပုံရိပ်တွေကို နီလာနတ်သမီးဆီ ပို့လွှတ်ဖို့ စီစဉ်နေတာပဲ… အဲ့ဒါက သူ့ရဲ့ လူသားသဘာဝကို ပြန်နိုးထလာစေပြီး နှစ်ဖက်ညီမျှမှုအခြေအနေကို ကျိုးပျက်သွားစေလိမ့်မယ် ”
ခေါင်းဆောင်၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။ သူ၏ စကားဆုံးသွားသည့်အခါ အပြာရောင်ပိုးကောင်တစ်ကောင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သူ၏ အင်္ကျီလက်များက တဖျပ်ဖျပ်လှုပ်ယမ်းသွားသည်။ ထို့နောက် သူက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ထူးဆန်းသော ကဟန်တစ်မျိုးကို ပြုလုပ်လိုက်သည်။
ယင်းက ရိုးရာဓလေ့နှင့်ဆင်တူသည်။ သူက လနန်းတော်၏ မြေပြင်ပေါ်မှာ မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။
သူက ဆက်လက် ကခုန်နေစဉ် ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေသည်။ သူက မည်သည့်အရာကို ရွတ်ဆိုနေကြောင်း မည်သူမှ မကြားနိုင်သော်လည်း ယင်းက အလွန်ရှုပ်ထွေးနက်နဲကြောင်း အာရုံခံနိုင်ပေသည်။
ထိုမြင်ကွင်းသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ အဌမသားတော်က ထိုမြင်ကွင်းကို မြင်သွားသောအခါ ထူးဆန်းသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ စိတ်ဝင်စားစရာပဲ… ”
ခေါင်းဆောင်က တတွတ်တွတ် ရွတ်ဆိုပြီး ကခုန်နေသည်နှင့်အမျှ အရောင်အသွေးစုံလင်သော မြူခိုးဘောလုံးများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ တဖြည်းဖြည်း ထွက်ပေါ်လာကြသည်။ ယင်းတို့က အတူတကွ ပေါင်းစပ်သွားသည့်အခါ ဝေဝါးသော မြင်ကွင်းတစ်ခုစီက ထိုရောင်စုံမြူခိုးများအတွင်းမှာ ထွက်ပေါ်လာကြပြီး မရေမတွက်နိုင်သော ပုံရိပ်များက တစ်ခုနှင့်တစ်ခု ရောနှောသွားကြသည်။
ထိုပုံရိပ်အားလုံးသည် အိမ်မက်များဖြစ်သည်။
တချို့အိမ်မက်များသည် လှပပြီး တချို့သည် ဝမ်းနည်းဖွယ်ကောင်းသည်။ တချို့သည် နာကျင်မှုဖြင့် ပြည့်နှက်နေပြီး တချို့သည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နှက်နေသည်။ ယင်းတို့ထဲမှာ လူသားသဘာဝ၏ ရှုထောင့်အားလုံး ပါဝင်သည်။
ကျင့်ကြံသူများအတွက် ထိုအိမ်မက်များသည် မရေမတွက်နိုင်သော ဘဝများနှင့်ဆင်တူသည်။ အကယ်၍ ယင်းတို့အားလုံးက သူတို့၏ စိတ်ထဲသို့ တိုးဝင်လာမည်ဆိုလျှင် သူတို့က ပြန်လည်မွေးဖွားခြင်းသို့ ဝင်ရောက်သွားပြီး ဘဝပေါင်းမျိုးစုံကို တွေ့ကြုံနေရသည့်အလား ခံစားကြရလိမ့်မည်။ သူတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးသွားခဲ့သည့်အလား ခံစားကြရလိမ့်မည်။
အကယ်၍ ထိုကိစ္စက ပြင်းထန်မည်ဆိုလျှင် သူတို့ကိုယ်သူတို့ အသိစိတ်ဆုံးရှုံးသွားကြလိမ့်မည်။
သို့သော်လည်း နတ်ဘုရားများအတွက် ထိုအိမ်မက်များ၏ အဓိပ္ပာယ်သည် ကျင့်ကြံသူများနှင့် ခြားနားသည်။
နတ်ဘုရားအဖြစ်မွေးဖွားလာသူများအတွက်တော့ ယင်းက ကိစ္စမရှိပေ။ သို့သော်လည်း မွေးဖွားပြီးမှ နတ်ဘုရားဖြစ်လာသူများတွင် သူတို့၏ လူသားသဘာဝ၊ သားရဲသဘာဝနှင့် နတ်ဘုရားသဘာဝသည် ညီမျှမှုအခြေအနေဆီသို့ ရောက်ရှိနေကြသည်။ အကယ်၍ ထိုထဲမှ တစ်ခုခုက တိုးပွားလာမည်ဆိုလျှင် ထိုညီမျှမှုအခြေအနေသည် ပျက်စီးသွားလိမ့်မည်။
ထို့ကြောင့် မွေးဖွားပြီးမှ နတ်ဘုရားဖြစ်လာသူများအတွက် လူသားသဘာဝ၏ ထိုအိမ်မက်များသည် အလွန်ပြင်းထန်သော အဆိပ်အတောက်များ ဖြစ်သည်။
သို့သော်လည်း ပုံမှန်အခြေအနေမှာဆိုလျှင် ထိုသို့အဆိပ်သည် နတ်ဘုရားအပေါ် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရအောင် မပြုလုပ်နိုင်ပေ။ သူတို့က နတ်ဘုရားသဘာဝဖြင့် အရာအားလုံးကို ဖိနှိပ်ရန် သူတို့၏ နတ်ဘုရားမီးတောက်ကို ချက်ချင်း လောင်ကျွမ်းစေရုံသာ လိုအပ်သည်။ ယင်းက ညီမျှမှုအခြေအနေဆီသို့ ပြန်ရောက်သွားစေလိမ့်မည်။
သို့သော်လည်း ယခု နီလာနတ်သမီးသည် လီဇီဟွားနှင့် အဆင့်မြင့်နတ်ဘုရားနှစ်ပါးကို ခုခံတိုက်ခိုက်နေရသောကြောင့် ထိုသို့ညီမျှမှုကျိုးပျက်သွားခြင်းသည် သူ့အတွက် အလွန်အရေးကြီးသည်။
ရွှီချင်းသည် ထိုအရာအားလုံးကို နားလည်သည်။ ထို့အတူ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်လည်း နားလည်ကြသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူတို့အားလုံး မျက်လုံးဝင်းလက်သွားကြသည်။ အိမ်ရှေ့စံမင်းသားသည် ထိုကိစ္စကို စဉ်းစားပြီးနောက် အသက်ရှူငွေ့တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ အသိအမြင်စွမ်းအားသည် ခေါင်းဆောင်၏ မြူခိုးထဲသို့ ပေါင်းစပ်သွားသည်။
မြူခိုးသည် ပိုပြီးလှုပ်ရှားထကြွလာသည်။ ယင်းက အသိအမြင်စွမ်းအားကို စုပ်ယူပြီးနောက် ပိုပြီးသိပ်သည်းလာသည်။
မင်းသမီးမင်မိန်သည် နှုတ်ဆိတ်သွားပြီး အချိန်မြစ်၏ အမျှင်တန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ယင်းက ထိုအိမ်မက်မြူခိုးထဲမှာ အချိန်နှင့်လေဟာနယ်အငွေ့အသက် ပါဝင်သွားစေသည်။
အဌမသားတော်သည် စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုး၏ အစွမ်းကို ထုတ်လွှတ်လိုက်ပြီး လူသားသဘာဝ၏ အိမ်မက်များကို ပိုပြီးစစ်မှန်လာစေသည်။ ယင်းက အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်ထက် ပိုပြီးသက်ရောက်မှုရှိသည်။
မည်သို့ဖြစ်ပါစေ အဌမသားတော်၏ အခွင့်အာဏာသည် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ယင်းက လူသားသဘာဝ၏ ပြယုဂ်ဖြစ်သည်။ ထို့ကြောင့် သူက အားဖြည့်ပေးလိုက်သည့်အခါ မြူခိုး၏ အရောင်သည် အများကြီး ပိုတောက်ပလာသည်။
ခေါင်းဆောင်၏ ယဇ်ပူဇော်အကသည် ပိုပြီးမြန်သထက် မြန်လာသည်။ မြူခိုးသည် ပိုပြီးသိပ်သည်းလာပြီး အထဲမှာ အိမ်မက်အများအပြား ပါဝင်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်သည် သူ၏ ယခင်ဘဝမှာ ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့ကြောင်း ထင်ရှားပေသည်။
အချိန်အတော်ကြာပြီးနောက် အိမ်မက်အားလုံး ဖွဲ့စည်းလာကြသည့်အခါ ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာပြီး နေရာမှာ အမူအရာကင်းမဲ့စွာ ရပ်သွားသည်။
အသံတစ်သံသည်သာ မရေမတွက်နိုင်သော အိမ်မက်များကြားထဲမှ ထိုးဖောက်ထွက်လာပြီး ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။
“ ဂျူနီယာညီလေး ”
ရွှီချင်းသည် လုံးဝမတုံ့ဆိုင်းပေ။ သူက ကျိုင်းတုတ်ကို ကိုင်ဆောင်လျက် မြူခိုးအတွင်းသို့ အမြန်တိုးဝင်သွားသည်။ နောက်အခိုက်အတန့်မှာ အိမ်မက်များသည် သူ့အရှေ့မှာ ထွက်ပေါ်လာကြသည်။ သို့သော်လည်း သူ၏ လက်ထဲမှ ကျိုင်းတုတ်သည် အပြာရောင်အလင်းကို ထုတ်လွှတ်လာပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။ ယင်းက သူ့ကို ထိုအိမ်မက်များ၏ လွှမ်းခြုံခြင်းမှ ကာကွယ်ပေးလိုက်သည်။
ရွှီချင်းသည် ရှေ့ဆက်သွားသည်။ မကြာမီ သူက အိမ်မက်တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်သွားပြီးနောက် ခေါင်းဆောင်၏ ဘေးသို့ ရောက်ရှိသွားသည်။ ထို့နောက် သူက လက်ထဲမှ ကျိုင်းတုတ်ကို မြှောက်တင်လိုက်ပြီး ခေါင်းဆောင်၏ ဦးခေါင်းပေါ်သို့ အကြင်နာမဲ့စွာ ထုချလိုက်သည်။
စောစောတုန်းက ခေါင်းဆောင်သည် ရွှီချင်းကို အားစိုက်ထည့်ပြီး ရိုက်ရန် မှာကြားသွားခဲ့သည်။ ထို့ကြောင့် ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေဘဲ အားကုန်အသုံးပြုလိုက်သည်။ သူက ထုရိုက်လိုက်သည့်အခါ ခေါင်းဆောင်၏ ဦးခေါင်းသည် တိုက်ရိုက် ပေါက်ကွဲသွားသည်။
သို့သော်လည်း အသွေးအသားများ ပြန့်ကျဲမထွက်လာပေ။ ယင်းအစား အရေအတွက်များပြားသော ပူဖောင်းများသာ သူ၏ ဦးခေါင်းထဲမှ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားကြသည်။ ထို့နောက် ပူဖောင်းများသည် ဘေးပတ်ဝန်းကျင်မှ မြူခိုးအတွင်းသို့ ဖြတ်ကျော်သွားပြီး ကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က ကောင်းကင်ပေါ်မှ စိတ်ကူးယဉ်ပန်းချီကားပေါ်သို့ ရောက်ရှိသွားပြီး အက်ကွဲသွားကြသည်။
ပူဖောင်းများ၏ အက်ကွဲမှုသည် ပန်းချီကားထဲမှ ဝဲကတော့ကို ပြောင်းပြန်လှည့်ပတ်သွားစေသည်။ နှလုံးကွဲကြေသော အော်မြည်သံသည်လည်း ဝဲကတော့ထဲမှ မြည်ဟိန်းထွက်လာသည်။ ပူဖောင်းအားလုံးက အက်ကွဲသွားပြီးနောက် ကောင်းကင်ယံမှ ဝဲကတော့သည် ပရမ်းပတာဖြစ်လာသည်။
ဝဲကတော့ထဲမှ မျက်လုံးသည် စတင်သွေးစီးကျလာသည်။ မျက်လုံးထဲမှ သွေးနီရောင်နှလုံးသည် မြန်ဆန်စွာ ခုန်လာသည်။
မျက်တောင်များ၏ အချင်းချင်း ထိခတ်မှုမှ ဖြစ်ပေါ်လာသော ဖရိုဖရဲပုံရိပ်များသည် အရိပ်များသဖွယ် တစ်ယောက်နှင့်တစ်ယောက် စတင်ဝါးမျိုနေကြသည်။
ခေါင်းဆောင်၏ တိုက်ခိုက်မှုသည် ထိုနတ်ဘုရားတိုက်ပွဲကို အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာစေသည်။
သူသိမ်းဆည်းထားသော အပြာရောင်ပိုးကောင်က လူးလွန့်လှုပ်ရှားသွားသည့်အခါ ခေါင်းဆောင်၏ ပုံရိပ်သည် မြန်ဆန်စွာ ပြန်ဖွဲ့စည်းသွားသည်။ သူက ရွှီချင်း၏ ဘေးသို့ လျှောက်သွားသည်။
“ အဲ့ဒီလူသားသဘာဝ အိမ်မက်တွေက အဖွားကြီးနီလာနတ်သမီးကို ဒဏ်ရာကြီးကြီးမားမား ရစေလိမ့်မယ် ”
ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
ထိုအခိုက်အတန့်မှာ တစ်ချိန်လုံး ပုန်းအောင်းနေပြီး အခြေအနေကို စောင့်ကြည့်နေသော ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ပုံရိပ်က ထွက်ပေါ်လာသည်။
၎င်းက မျက်လုံးတစ်လုံးမဟုတ်တော့ပေ။ ယင်းအစား အနီရောင်သွေးမျက်လုံး ရာထောင်ချီဖြစ်သည်။ ၎င်းတို့အားလုံးက လောဘရမ္မက်စိတ်ဆန္ဒနှင့်အတူ အရပ်မျက်နှာအသီးသီးမှ ပျံသန်းထွက်လာကြပြီး ကောင်းကင်ယံမှ ဝေဝေဝါးဝါး ဝဲကတော့ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
၎င်းတို့က ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း နောက်ထပ်အရောင်တစ်ရောင် အသစ်ထွက်ပေါ်လာသည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဝင်ရောက်လာမှုကြောင့် စိတ်ကူးယဉ်ပန်းချီကားသည် ပိုပြီးဝေဝါးလာပြီး မြင်ကွင်းတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ နီလာနတ်သမီး၏ အသွေးအသားငှက်မွှေးပုံရိပ်များ၊ မီးလျှံလ၏ သမင်ဦးချိုခန္ဓာကိုယ်နှင့် မီးလျှံကြယ်၏ ပုံရိပ်က အတူတကွ ရောယှက်သွားနေသည်။
သို့သော်လည်း နီလာနတ်သမီးနှင့် မီးလျှံလထက်စာလျှင် မီးလျှံကြယ်၏ အသွင်ပုံစံသည် ပြောင်းလဲသွားသော်လည်း သူ၏ အကြွင်းမဲ့ဆွဲဆောင်မှုကို ထိန်းသိမ်းထားနိုင်ဆဲပင်။
အထင်သာဆုံးပုဂ္ဂိုလ်မှာ လီဇီဟွားဖြစ်သည်။
သူသည် အစမှ ယခုအထိ မူလပုံသဏ္ဍာန်ကို ထိန်းသိမ်းထားနိုင်ဟန် ရသည်။ ဤအခိုက်အတန့်မှာ သူ၏ ပုံရိပ်ထွက်ပေါ်လာသည့်အခါ သူက ညာလက်ကို မြှောက်တင်လိုက်ပြီး ဟင်းလင်းပြင်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။
ချက်ချင်းဆိုသလို လနန်းတော်သည် တုန်ခါသွားသည်။ ဧရာမပုံရိပ်ကြီးတစ်ခုသည် အချိန်နှင့်ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ကောင်းကင်ဆီသို့ လျှောက်လှမ်းလာသည်။
၎င်းသည် မီးတောက်လောင်နေသော ဧရာမဘီလူးကြီးတစ်ကောင်ဖြစ်သည်။ ၎င်းမှာ မြင်းတစ်ကောင်၏ ခန္ဓာကိုယ်၊ မိကျောင်းတစ်ကောင်၏ ဦးခေါင်းနှင့် နဂါးတစ်ကောင်၏ အမြှီးရှိသည်။ ဤအခိုက်အတန့်မှာ ၎င်းက မီးတောက်ပင်လယ်ထဲမှ ထွက်လျှောက်လာပြီး ကောင်းကင်ပေါ်သို့ ဆင်းသက်လာနေသည်။ ၎င်း၏ မျက်လုံးထဲမှာ ကြီးကျယ်မြင့်မြတ်မှု ကိန်းဝပ်နေပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ရှေးဟောင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းထွက်ပေါ်လာသည်နှင့်ချက်ချင်း နိယာမများနှင့် ဥပဒေသများက ၎င်း၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။
နောက်အခိုက်အတန့်မှာ ဒုတိယဧရာမပုံရိပ်သည် ထိုနည်းအတိုင်း ထွက်ပေါ်လာသည်။ ၎င်းသည် ဦးခေါင်းမဲ့နေသော ဘီလူးကြီးတစ်ကောင်ဖြစ်သည်။ အနက်ရောင်မျက်လုံးတစ်စုံသည် ၎င်း၏ ရင်ဘက်ပေါ်တွင် တည်ရှိပြီး ဒေါသစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ၎င်းက ပင်လယ်ကြီးကို သယ်ဆောင်လျက် ဤနေရာဆီသို့ ရောက်ရှိလာသည်။
၎င်း၏ ခန္ဓာကိုယ်မှလည်း ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ချက်ချင်းပင် တတိယ၊ စတုတ္ထ၊ ပဉ္စမ…
အစရှိသဖြင့် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။
၎င်းတို့အားလုံးက ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေကြလေရာ ကောင်းကင်တစ်ခွင်လုံး ရှေးဟောင်းအငွေ့အသက်ဖြင့် ပြည့်နှက်သွားသည်။
၎င်းတို့ထဲတွင် တည်ကြည်လေးနက်သော လူသားပုံသဏ္ဍာန်များ၊ ဝေဝေဝါးဝါး ဝိညာဉ်ပုံရိပ်များ၊ ရွှေရောင်ချိပ်တံဆိပ်များနှင့် သန္ဓေပြောင်းသားရဲများ ပါရှိကြသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အသွင်သဏ္ဍာန်သည် နတ်ဘုရားများအောက် မလျော့ပေ။ စုစုပေါင်း (၉၉)ကောင်ရှိသည်။
“ ရှေးဟောင်းကောင်းကင်ဘုံတာအို ”
ခေါင်းဆောင်သည် ဧရာမပုံရိပ်ကြီးများကို ကြည့်ရှုပြီးနောက် တိုးညင်းစွာ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာ အဝေးတစ်နေရာမှ ကောင်းကင်ယံသည် ထပ်မံလှုပ်ရှားထကြွလာသည်။ ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခုက ရောက်ရှိလာပြီးပြီဖြစ်သော်လည်း နောက်ထပ်တစ်ခုက အမှန်တကယ် ထွက်ပေါ်လာနေသည်။
ဤသည်မှာ လေးဘက်ထောက်သွားနေသော ဧရာမကလေးဖြစ်သည်။
ဧရာမကလေးသည် တအင့်အင့်ငိုသံကို ထုတ်လွှတ်နေသည်။ ယင်းက မိုးခြိမ်းသံပမာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ မျက်ရည်သည် ၎င်း၏ မျက်လုံးထဲမှ ဒလဟော စီးကျလာနေပြီး နှာခေါင်းအောက်မှ နှာရည်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကာ ပုံရိပ်ယောင် ရွှံ့တုံးအကွက်များကို ဖြစ်ပေါ်လာစေသည်။
သို့သော်လည်း ဧရာမကလေးသည် အနည်းငယ် ဝေးကွာနေသောကြောင့် ဤနေရာသို့ လေးဘက်ထောက်မလာနိုင်ဟန် ရသည်။
ဧရာမကလေးကို ကြည့်နေရင်း ခေါင်းဆောင်၏ မျက်လုံးထဲမှာ သိပ်သည်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည်လည်း ဧရာမကလေးကို သတိထားမိသွားသည်။ ဤအခိုက်အတန့်မှာ တစ်ခါမှမဖြစ်ပေါ်ဖူးသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ သားလေးလား ”
သူတို့နှစ်ယောက်သည် တစ်ပြိုင်နက် ရေရွတ်လိုက်ကြသည်။