← Chapters

နင် ငါ့ဖေဖေတွေကို ရိုက်ရဲတယ်

Vol. 71 Ch. 1105

နင် ငါ့ဖေဖေတွေကို ရိုက်ရဲတယ်

Vol. 71 Ch. 1105

ဒဏ္ဍာရီထဲတွင် အင်မော်တယ်များနှင့် နတ်ဘုရားများကြားမှ တိုက်ပွဲမှာ အနိုင်ရရှိသွားသောဘက်သည် ရှေးဟောင်းကောင်းကင်ဘုံတာအိုကို ဖွဲ့စည်းခဲ့သည်ဟု ဆိုထားသည်။ ၎င်းတို့ကို အထွတ်အမြတ်နည်းလမ်းများဖြင့် ဖွဲ့စည်းထားခဲ့ပြီး ဖိနှိပ်ရန်နှင့် ကာကွယ်ရန်အတွက် ဤလောကထဲသို့ ထည့်သွင်းခဲ့သည်။

၎င်းတို့က ဟွမ်ကောင်းကင်ဘုံကို ဖိနှိပ်ပြီး တားမြစ်ချက်ကို ဖုံးကွယ်ထားကာ အရာအားလုံးကို ကျင့်ကြံသူများအတွက် သင့်လျော်သော ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ၎င်းတို့မှာ ကျင့်ကြံသူများကို ကာကွယ်ပေးရန် တာဝန်ရှိသည်။

၎င်းတို့တစ်ယောက်ချင်းစီတိုင်းမှာ ရှည်လျားသော သမိုင်းကြောင်းရှိပြီး ကိုယ်ပိုင်ဒဏ္ဍာရီများစွာကို ပိုင်ဆိုင်ထားကြသည်။ ထိုခေတ်တွင် ၎င်းတို့က ဥပဒေသများသို့ အသွင်ပြောင်းလဲသွားကြပြီး ဝမ်ကူးကုန်းမြေထဲသို့ နိယာမများကို ထည့်သွင်းပေးခဲ့ကြသည်။ ယင်းက ကျင့်ကြံသူများကို ဤလောကထဲမှာ ပိုပြီးလွယ်ကူချောမွေ့စွာ ရှင်သန်ကြီးထွားလာစေခဲ့သည်။ ထိုနည်းဖြင့် သူတို့က မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တိုးတတ်ပြန့်ပွားစေပြီး နောက်ဆုံးမှာ ဤလောက၏ အရှင်သခင်များဖြစ်လာကြလိမ့်မည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာပြီးနောက် ရှေးဟောင်းကောင်းကင်ဘုံတာအို၏ ကာကွယ်ပေးမှုအောက်မှာ ဝမ်ကူးကုန်းမြေထဲတွင် မျိုးနွယ်တစ်စုပြီးတစ်စု ပေါ်ပေါက်လာကြသည်။ တဖြည်းဖြည်း မျိုးနွယ်စုများသည် ထောင်သောင်းချီ တိုးပွားလာကြပြီး အသင်္ချေအရေအတွက်သို့ ရောက်ရှိသွားကြသည်။

ဝမ်ကူးကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေခဲ့သော ရှေးဘုရင်တိုင်းသည် ရှေးဟောင်းကောင်းကင်ဘုံတာအို၏ အသိအမှတ်ပြုခံရသော တည်ရှိမှုများ ဖြစ်ကြသည်။

အဓိကအနေဖြင့် ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခုသည် ဝမ်ကူးကုန်းမြေ၏ အစောင့်အကြပ်များအဖြစ် တည်ရှိကြသည်။

အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ဝမ်ကူးကုန်းမြေထဲတွင် မင်းဆက်များသည် တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားကြသည်။ အသင်္ချေမျိုးနွယ်စုများသည်လည်း မြင့်တစ်ခါ ကျတစ်လှည့် တွေ့ကြုံခဲ့ကြသည်။ ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခုသည်သာ ရှေးခေတ်ကာလမှစတင်၍ ဝမ်ကူးကုန်းမြေ၏ တိုးတတ်လာမှုနှင့် ဆုတ်ယုတ်သွားမှုကို အကြိမ်ကြိမ် မျက်မြင်တွေ့ခဲ့ကြရသည်။

ထိုအတောအတွင်း ရှေးဟောင်းကောင်းကင်ဘုံတာအိုများကို ဒေါသထွက်စေခဲ့သော ကိစ္စတချို့လည်း ရှိခဲ့ဖူးသည်။

ဥပမာ ဝမ်ကူးကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေခဲ့သော ရှေးဟောင်းဝိညာဉ်အင်ပါယာသည် သူ၏ နောက်ပိုင်းနှစ်များတွင် ရူးသွပ်သွားပြီး ရှေးဟောင်းကောင်းကင်ဘုံတာအိုကို ပိုင်ဆိုင်နိုင်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခု၏ အစစ်အမှန်ခန္ဓာကိုယ်များက ဆင်းသက်လာကြပြီး သူ့ကို ဖိနှိပ်လိုက်ကြသည်။

ရှေးဟောင်းဝိညာဉ်မင်းဆက်တစ်ခုလုံး ပြိုလဲပျက်စီးသွားပြီး ရှေးဟောင်းဝိညာဉ်မျိုးနွယ်သည် ကျိန်စာသင့်ခဲ့သည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာသည်လည်း ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ရှေးဟောင်းကောင်းကင်ဘုံတာအိုက ဝမ်ကူးကုန်းမြေမှာ မည်မျှအဆင့်မြင့်မားကြောင်း မြင်နိုင်ပေသည်။

သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီးရောက်ချလာပြီးနောက် အရာအားလုံး ပြောင်းလဲသွားသည်။ နတ်ဘုရားမျက်နှာပျက်ကြီးသည် ကောင်းကင်ဘုံတာအို၏ အထက်မှာ ရှိသည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် ဤသည်မှာ အင်မော်တယ်များနှင့် နတ်ဘုရားများကြားမှ နောက်ထပ်တွေ့ဆုံမှု ဖြစ်သည်။

ရလဒ်သည်တော့ ရှေးဟောင်းကောင်းကင်ဘုံတာအိုများက ဤနေရာမှာ ဆက်လက်ရှိနေသေးသော်လည်း ၎င်းတို့က အပြင်းအထန် ဖိနှိပ်ခံလိုက်ရပြီး အားနည်းသွားကြသည်။ ၎င်းတို့က အလွန်အမင်း အားနည်းသွားသောကြောင့် ဝမ်ကူးကုန်းမြေတစ်ခုလုံးသို့ ဒြပ်နှောများ ကျူးကျော်ဝင်ရောက်လာခြင်းကို မတားဆီးနိုင်ခဲ့ကြပေ။

နတ်ဘုရားမျက်နှာပျက်ကြီးသည် အရာအားလုံးကို ပြောင်းလဲပစ်လိုက်သည်။ သူ့အရှေ့တွင် သက်ရှိအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။ ရှေးဟောင်းကောင်းကင်ဘုံတာအိုသည်ပင် ရုန်းကန်နေရပြီး ၎င်းတို့၏ တာဝန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရုံမျှ ဆောင်ရွက်နိုင်ကြသည်။ သို့သော်လည်း ၎င်းတို့အားလုံးသည် ကျူးကျော်ခံနေရသော ကံတရားမှ မလွတ်မြောက်နိုင်ကြပေ။

ထိုအကြောင်းအရင်းကြောင့်ပင် လီဇီဟွားက ကောင်းကင်ဘုံတာအိုကို ဆင့်ခေါ်နိုင်စွမ်းရှိသော်လည်း တိုက်ပွဲမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဘုံတာအိုသည် နတ်ဘုရားမျက်နှာပျက်ကြီးကြောင့် အားနည်းသွားခဲ့သည်။

သို့သော်လည်း ယနေ့မှာတော့ ခြားနားသွားသည်။ ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခုသည် အတိတ်တွင် လီဇီဟွား ဆင့်ခေါ်ခဲ့စဉ်ကထက် ပိုပြီးအားနည်းသွားကြသော်လည်း နီလာနတ်သမီး၏ ပြိုင်ဘက်သည် လီဇီဟွားတစ်ယောက်တည်း မဟုတ်တော့ပေ။

မီးလျှံလနှင့် မီးလျှံကြယ်အပြင် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဝင်ရောက်လာမှုကြောင့် နီလာနတ်သမီးသည် သေခြင်းရှင်ခြင်းကဒ်ဘေးဖြင့် ရင်ဆိုင်လာရသည်။

နီလာနတ်သမီးသည် အမှန်တကယ် အလွန်သန်မာပြီး ကြောက်စရာကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ တစ်ခါက သူသည် အဆင့်မြင့်နတ်ဘုရားသုံးပါးကို ဝါးမျိုဖူးသည်။ သူသည် ဝမ်ကူးကုန်းမြေထဲမှာ ပုန်းအောင်းနေခြင်းမရှိဘဲ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော နတ်ဘုရားအနည်းစုထဲမှ တစ်ပါးဖြစ်သည်။

နတ်ဘုရားများသည် တစ်ယောက်ကိုတစ်ယောက် ဝါးမျိုနိုင်ကြသည်။ သို့ဖြစ်၍ နတ်ဘုရားအများစုသည် သူတို့၏ ခြေရာလက်ရာများကို မထုတ်ဖော်ချင်သောကြောင့် အပြင်ထွက်လာရန် ဆန္ဒမရှိကြပေ။ ဥပမာ မီးစာကုန်းမြေ၏ အရှင်သခင်၊ နတ်ငါးနှင့် ယခင်က ရွှီချင်းမြင်တွေ့ဖူးသော နတ်ဘုရားများဖြစ်ကြသည်။

နီလာနတ်သမီးသည်သာ သူ၏ အစွမ်းအစကို ယုံကြည်မှုရှိသောကြောင့် ထိုခြိမ်းခြောက်မှုများကို လျစ်လျူရှုထားခဲ့သည်။

သို့သော်လည်း သူက ပြိုင်ဘက်ကင်းမဟုတ်ပေ။ အကယ်၍ နတ်ဘုရားအများကြီးက ပူးပေါင်းတိုက်ခိုက်လာမည်ဆိုလျှင် သူ့အတွက် အန္တရာယ်များပေသည်။

သို့သော်လည်း နတ်ဘုရားများ၏ အကျင့်စရိုက်ကြောင့် ၎င်းတို့က ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေအလွန်နည်းပါးသည်။

သို့သော်လည်း ယနေ့မှာတော့ ဖြစ်နိုင်ခြေအလွန်နည်းပါးသော ထိုအရာက သူ့အရှေ့မှာ ထွက်ပေါ်လာလေသည်။

ဤအခိုက်အတန့်မှာ အဆင့်မြင့်နတ်ဘုရားနှစ်ပါး၊ အထွတ်အထိပ်အခြေအနေမှာမရှိသော ရှေးဘုရင်တစ်ပါးနှင့် အထွတ်အထိပ်အခြေအနေမှာရှိနေသော အုပ်ချုပ်သူတစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ နီလာနတ်သမီးသည် အရေးနိမ့်လာသည်။ ထို့ပြင် ယခု ရှေးဟောင်းကောင်းကင်ဘုံတာအိုက ဆင်းသက်လာလေရာ သူ့အတွက် သေခြင်းရှင်ခြင်းအခြေအနေသို့ ကျရောက်သွားစေသည်။

အထူးသဖြင့် ရှေးဟောင်းကောင်းကင်ဘုံတာအို၏ အရေအတွက်က မှားယွင်းနေသည့်အခါ ဖြစ်သည်။

နီလာနတ်သမီးက ယင်းကို ရှာတွေ့သွားသကဲ့သို့ လီဇီဟွားနှင့် အဆင့်မြင့်နတ်ဘုရားနှစ်ပါးသည်လည်း ရှာတွေ့သွားကြသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးသည် အပြင်းအထန် လှုပ်ခါသွားသည်။

သူက ရှေးဟောင်းကောင်းကင်ဘုံတာအိုကို အနားလည်ဆုံးလူဖြစ်သည်။ သို့ဖြစ်၍ ဤနေရာမှာ အပိုရှေးဟောင်းကောင်းကင်ဘုံတာအိုတစ်ခု ရှိနေကြောင်း ချက်ချင်း သူအာရုံခံမိသွားသည်။

“ ရှေးဟောင်းကောင်းကင်ဘုံတာအို(၁၀၀)လား ”

ရှေးဟောင်းဝိညာဉ်အင်ပါယာသည် အံ့ဩသွားသည်။ တစ်ချိန်တည်းမှာ လနန်းတော်၏ မြေပြင်ပေါ်တွင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် နှလုံးတုန်သွားကြသည်။ သူတို့သိထားသည်မှာ အစကတည်းက ရှေးဟောင်းကောင်ကင်ဘုံတာအိုသည် (၉၉)ခုသာ ရှိသည်။

သူတို့က အမှတ်မှားနေခြင်းမဖြစ်နိုင်သည်မှာ သေချာသည်။ သို့သော်လည်း ယခု တစ်ရာခုမြောက် ရှေးဟောင်းကောင်းကင်ဘုံတာအိုက ထွက်ပေါ်လာသည်။

နောက်ဆုံးထွက်ပေါ်လာသော ရှေးဟောင်းကောင်းကင်ဘုံတာအိုသည် ကလေးငယ်တစ်ယောက်ပုံစံဖြစ်သည်။ ၎င်း၏ အရေပြားသည် အစိမ်းရောင်ဖြစ်ပြီး ယင်းပေါ်တွင် မရေမတွက်နိုင်သော ရှေးဟောင်းအမှတ်အသားများ ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာလည်း ချွန်ထက်သော ဆူးချွန်များ ရှိသည်။ အထူးသဖြင့် ၎င်း၏ လက်နှစ်ဖက်သည် သားရဲလက်သည်းများနှင့် အလားသဏ္ဍာန်တူသည်။ မည်သူမဆို ထိုသားရဲလက်သည်းများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အရိုးခိုက်ခိုက်တုန်အောင် ချမ်းအေးသွားလိမ့်မည်။

ထိုရှေးဟောင်းကောင်းကင်ဘုံတာအိုသည် လီဇီဟွား၏ ဆင့်ခေါ်မှုကြောင့် ၎င်း၏ တာဝန်ကို ထမ်းဆောင်ရန် ဤနေရာသို့မရောက်လာခင်အထိ အိပ်မောကျနေဟန် ရသည်။ ထို့ကြောင့် ၎င်းက မိန်းမောတွေဝေစွာ နိုးနေခြင်းဖြစ်သည်။ ၎င်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ချက်ချင်း လေးဘက်ထောက်သွားလိုက်သည်။

သို့သော်လည်း ၎င်းက လေးဘက်ထောက်သွားနေစဉ် ဦးတည်ရာကို ပျောက်ဆုံးနေသည်။ ၎င်းသည် စောစောက ဤနေရာနှင့် မနီးမဝေးမှာရှိနေကြောင်း ထင်ရှားပေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းသည် ပိုပြီးဝေးကွာသော အချိန်နှင့်ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာပြီး ဤနေရာနှင့် လုံးဝသွေဖယ်သွားသည်။ ထို့ပြင် ၎င်းက အနိုင်မခံအရှုံးမပေးသော စိတ်ဆန္ဒနှင့်အတူ အရှေ့သို့ ဆက်ပြီး လေးဘက်ထောက်သွားနေသည်။

ထိုမြင်ကွင်းသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ဆွံ့အသွားစေသည်။

ရွှီချင်းနှင့် ခေါင်းဆောင်၏ အသံက သူတို့၏ နားထဲသို့ ဝင်ရောက်လာသော်လည်း လူနည်းစုသာလျှင် သူတို့၏ စကားကို အလေးထားကြလိမ့်မည်။ မည်သို့ဖြစ်ပါစေ သူတို့၏ သားက ရှေးဟောင်းကောင်းကင်ဘုံတာအိုဖြစ်သည်ဟု မည်သူက ချက်ချင်း လက်ခံယုံကြည်နိုင်မည်နည်း။

တစ်ချိန်တည်းမှာ ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခု၏ ဖိနှိပ်မှုသည် ချက်ချင်း စတင်လာသည်။

၎င်းတို့၏ ဧရာမပုံရိပ်များသည် စိတ်ကူးယဉ်ပန်းချီကားထဲသို့ တန်းမတ်စွာ ဦးတည်သွားကြပြီး ပန်းချီကားထဲသို့ မြန်ဆန်စွာ ပေါင်းစပ်သွားကြသည်။ ၎င်းတို့က ရွှီချင်းနားမလည်နိုင်သော နည်းလမ်းများကို အသုံးပြု၍ နီလာနတ်သမီးကို ဖိနှိပ်လိုက်ကြသည်။

ချက်ချင်းပင် စိတ်ကူးယဉ်ပန်းချီကားထဲမှ အနီရောင်သည် ပြိုကွဲသွားပြီး စတင်မှေးမှိန်လာသည်။ နှလုံးကွဲကြေသော စူးရှရှအော်သံသည်လည်း ပန်းချီကားထဲမှ ပဲ့တင်ထပ်လာသည်။

၎င်းတို့က တိုက်ခိုက်နေကြစဉ် ဧရာမကလေးက အဝေးသို့ ထွက်သွားနေသည်။

“ သားလေးရေ… ဖေဖေက ဒီမှာ ”

ခေါင်းဆောင်နှင့် ရွှီချင်းသည် ကောင်းကင်ပေါ်မှာ ထွက်ခွာသွားနေသော ဧရာမကလေးကို ကြည့်လိုက်ကြသည်။ သူတို့၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ခေါင်းဆောင်သည် မအော်ခေါ်ဘဲ မနေနိုင်ပေ။

“ သားလေးရေ… ဖေဖေက ဒီမှာ ”

သူက အော်ခေါ်နေရင်း ရွှီချင်းကို လှမ်းဆွဲလိုက်ပြီး သူ့ကဲ့သို့ အမြန်အော်ခေါ်ရန် ညွှန်ကြားလိုက်သည်။

ရွှီချင်းသည်လည်း တုံ့ဆိုင်းမနေပေ။ သူက နတ်ဘုရားစိတ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

“ ငါဒီမှာ ”

သူတို့အသံက ပျံ့လွင့်လာသည်နှင့်ချက်ချင်း စိတ်ကူးယဉ်ပန်းချီကားထဲမှ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသော်လည်း ကောင်းကင်ပေါ်မှာ လေးဘက်ထောက်သွားနေသော ဧရာမကလေးသည်တော့ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းက မျက်လုံးကို အပြည့်အဝ ဖွင့်လှစ်ရန် အကောင်းဆုံး ကြိုးစားလိုက်ပြီး ခေါင်းမော့လိုက်သည်။ ၎င်း၏ နားရွက်များက လှုပ်ရှားသွားပြီး ၎င်း၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာထွက်ပေါ်လာသည်။

ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားပြီး ထပ်မံအော်ခေါ်လိုက်သည်။ ရွှီချင်းသည်လည်း သူ၏ နတ်ဘုရားစိတ်အာရုံကို ဆက်လက် ထုတ်လွှတ်လိုက်ပြီး အော်ခေါ်လိုက်သည်။

မကြာမီ ဧရာမကလေး၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုက ပျောက်ကွယ်သွားပြီး အံ့အားသင့်မှုက အစားထိုးထွက်ပေါ်လာသည်။ ဤသည်မှာ ၎င်းက သူ့မိသားစုဝင်များ၏ အသံနှင့် တည်နေရာကို အတည်ပြုနိုင်သွားဟန် ရသည်။ ၎င်းက ချက်ချင်း အနောက်လှည့်လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ လေးဘက်ထောက်သွားသည်။

သူ့မိသားစုဝင်များ၏ တည်နေရာကို အတည်ပြုပြီးနောက် ဧရာမကလေးသည် ပိုပြီးကြီးမားသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး လေတဟူးဟူး တိုက်ခတ်လာသည့်အခါ ဧရာမကလေးသည် အနီရောင်လဂြိုလ်၏ လနန်းတော်ပေါ်မှာ ထွက်ပေါ်လာသည်။

၎င်းက ဤနေရာသို့ လေးဘက်ထောက်လာပြီးနောက် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထို့နောက် ၎င်းက ဗလုံးဗထွေးအသံများကို ထုတ်ဖော်လိုက်သည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက ကောင်းကင်ဘုံမိုးကြိုးသို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ထစ်ချုန်းသွားသည်။ ယင်းက ခေါင်းဆောင်နှင့် ရွှီချင်းကို သွေးအန်သွားစေသည်။

ထို့နောက် ဧရာမကလေးသည် ခြေထောက်နှစ်ဖက်ပေါ် အားပြုလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ၎င်းက ဘီလူးကြီးတစ်ကောင်နှယ် ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ယိုင်တိယိုင်တိုင် လျှောက်သွားသည်။ ဤသည်မှာ ၎င်းက သူတို့နှစ်ယောက်ထံမှ ပွေ့ဖက်ခံချင်နေပုံပေါ်သည်။

သို့သော်လည်း ၎င်းက အနားမကပ်နိုင်ခင် ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများသည် ဧရာမကလေး၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ကမ္ဘာဖျက်ဆီးမည့် မုန်တိုင်းတစ်ခုကို ဖွဲ့စည်းသွားသည်။ ယင်းက ရွှီချင်းနှင့် ခေါင်းဆောင်ကို အနောက်ဆုတ်သွားစေသည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်လည်း ထိတ်လန့်သွားကြပြီး အမြန်အနောက်ဆုတ်သွားကြသည်။

အကယ်၍ ၎င်းသာ အနားကပ်လာမည်ဆိုလျှင် နောက်ဆက်တွဲအကျိုးဆက်က မည်မျှကြီးမားလိမ့်မည်ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။

ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် ချောက်ချားသွားပြီး အမြန်အော်ပြောလိုက်သည်။

“ သားလေး သားလေး… ဒီကို မလာနဲ့ဦး… အဲ့ဒီမှာ ဆိုးသွမ်းတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်… ငါ့သားလေး အဲ့ဒီမိန်းမကြီးကို သွားပြီး ရိုက်နှက်လိုက်ပါ… အနီရောင်နဲ့တစ်ယောက်က ဆိုးသွမ်းတဲ့ မိန်းမကြီးပါ ”

ဧရာမကလေး၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ ၎င်းက ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ၎င်းက အနည်းငယ် စိတ်ဆိုးသွားပြီး စိတ်ပျက်သွားသော အရိပ်အယောင်က ၎င်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ၎င်းက ဆက်လက်ပြီး ဗလုံးဗထွေးပြောတော့မည့်အချိန် ကောင်းကင်ပေါ်မှ ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခု၏ ဖိနှိပ်မှုသည် နီလာနတ်သမီးကို နှလုံးကွဲကြေစွာ အော်မြည်သွားစေသည်။ သူ၏ အော်သံသည် အချိန်နှင့်လေဟာနယ်ကို ထိုးဖောက်သွားပြီး စိတ်ကူးယဉ်ပန်းချီကား၏ အပြင်ဘက်ထိ ပဲ့တင်ထပ်သွားသည်။

ထိုအော်သံပဲ့တင်ထပ်လာသည်နှင့်ချက်ချင်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ခန္ဓာကိုယ်သည် ယိုယွင်းပျက်စီးတော့မည့် လက္ခဏာများ ပြလာသည်။

ခေါင်းဆောင်၏ ခန္ဓာကိုယ်သည်တော့ ပေါက်ကွဲထွက်သွားပြီး ပိုးကောင်တစ်ကောင်သို့ ပြောင်းလဲသွားသည်။ ယင်းက သူ့အား ရုပ်ခန္ဓာကိုယ် ပြန်မဖွဲ့စည်းနိုင်အောင် အခက်တွေ့စေသည်။

ရွှီချင်းသည်တော့ သူက နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း စူးရှသော ထိုအော်မြည်သံကို မတားဆီးနိုင်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်တစ်ဝက်က ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။ ခရမ်းသလင်းကျောက်က သူ့ကို ဆက်လက် ကုသပေးနေသော်လည်း ပြင်းထန်သော နာကျင်မှုသည် ဆူနာမီလှိုင်းလုံးသဖွယ် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။

ထိုမြင်ကွင်းကို ဧရာမကလေးမြင်သွားသောအခါ ၎င်း၏ ခန္ဓာကိုယ်သည် ချက်ချင်း တုန်ယင်သွားသည်။ ၎င်း၏ သေးငယ်သော မျက်နှာပေါ်မှာ အဆုံးမဲ့သော ဒေါသဖြင့် ပြည့်နှက်သွားသည်။ သိသာစွာပင် ရွှီချင်းနှင့် ခေါင်းဆောင်၏ ဒဏ်ရာရရှိသွားမှုသည် ဧရာမကလေးကို ဒေါသထွက်သွားစေသည်။

၎င်းက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ဝဲကတော့ထဲမှ အနီရောင်ကို ပစ်မှတ်ထား၍ စိုက်ကြည့်လိုက်သည်။ ဝမ်းနည်းဖွယ်ကောင်းသော ဗလုံးဗထွေးအော်သံက ၎င်း၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည့်အခါ ဧရာမကလေးသည် ကောင်းကင်ပေါ်သို့ မြန်ဆန်စွာ လေးဘက်ထောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းက ကောင်းကင်ယံသို့ ရောက်ရှိသွားပြီး စိတ်ကူးယဉ်ပန်းချီကားထဲမှ ဝဲကတော့ထဲသို့ ပေါင်းစပ်သွားသည်။

၎င်း၏ ထပ်ပေါင်းအားဖြည့်ပေးမှုက နီလာနတ်သမီး၏ အခြေအနေကို ပိုပြီးဆိုးဝါးလာစေသည်။

မီးလျှံလ၊ မီးလျှံကြယ်နှင့် ရှေးဟောင်းဝိညာဉ်အင်ပါယာသည် ထိုအခွင့်အရေးကို အပိုင်အနိုင်အသုံးချ၍ သူတို့၏ နတ်ဘုရားအရင်းအမြစ်များကို အသီးသီးထုတ်လွှတ်လိုက်ကြသည်။ သူတို့က ရွှီချင်းနှင့် တခြားလူများ နားမလည်နိုင်သော နည်းလမ်းတစ်ခုဖြင့် စိတ်ကူးယဉ်ပန်းချီကားကို အမှန်တကယ် ရပ်တန့်သွားစေသည်။

ပန်းချီကားတစ်ခုတည်း ရပ်တန့်သွားခြင်းမဟုတ်ပေ။ လနန်းတော်ထဲမှ အရာအားလုံး ရပ်တန့်သွားခြင်းဖြစ်သည်။

ဤအခိုက်အတန့်မှာ နိယာမများဖြစ်စေ၊ ဥပဒေသများဖြစ်စေ၊ အချိန်နှင့်လေဟာနယ်ဖြစ်စေ ယင်းတို့အားလုံးက ချိပ်ပိတ်ခံလိုက်ရသည်။

ရွှီချင်းနှင့် တခြားလူများ၏ ပုံရိပ်များသည်လည်း ထို့အတူပင်။ အနီရောင်လဂြိုလ်ပေါ်မှ အရာအားလုံးသည် အေးခဲသွားသည်။

အချိန်နိယာမကို ဆုံးရှုံးသွားသဖြင့် အချိန်မည်မျှကုန်ဆုံးသွားကြောင်း ဖော်ပြရန် မည်သို့မှ မဖြစ်နိုင်ပေ။ ယင်းက မျက်တောင်တစ်ခတ်အချိန်ဖြစ်နိုင်သလို တစ်ဘဝလုံးစာအချိန်လည်း ဖြစ်နိုင်သည်။ နောက်အခိုက်အတန့်မှာ အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ပေါ်မှ စိတ်ကူးယဉ်ပန်းချီကားပေါ်မှာ ထွက်ပေါ်လာသည်။

အက်ကွဲကြောင်းသည် ဤလောကကြီးထဲမှာ လှုပ်ရှားနေသော တစ်ခုတည်းသောအရာ ဖြစ်လာသည်။ ယင်းက သစ်ပင်၏ အကိုင်းအခက်များသဖွယ် ပန်းချီကားပေါ်မှာ ဆက်လက် ပျံ့ပွားသွားကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က ပန်းချီကားကို အနီးကပ်သေချာကြည့်မည်ဆိုလျှင် အက်ကွဲသွားသော နေရာအားလုံးက အနီရောင်ဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။

အနီရောင်က အက်ကွဲသွားနေခြင်း ဖြစ်သည်။

နောက်ဆုံးမှာတော့ ပန်းချီကားသည် တိတ်တဆိတ် ပြိုကွဲထွက်သွားသည်။ အထဲမှ အနီရောင်အားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝမ်းနည်းကြေကွဲသော အော်မြည်သံသည် လနန်းတော်နှင့် အနီရောင်လဂြိုလ်ထံမှ ပျံ့လွင့်လာသည်။ ယင်းက လဝတ်ပြုဒေသကြီးတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး ဆက်လက် ပျံ့လွင့်သွားသည်။ ဝမ်ကူးကုန်းမြေထဲမှာ ပုန်းအောင်းနေကြသော နတ်ဘုရားသက်ရှိများနှင့် မည်သည့်နတ်ဘုရားမဆို ယင်းကို အာရုံခံနိုင်ကြလိမ့်မည်။

ဤသည်မှာ နတ်ဘုရားတစ်ပါး ကျရှုံးသွားမှုကြောင့် ဖြစ်ပေါ်လာသော အသံဖြစ်သည်။

နတ်ဘုရားတစ်ပါး ကျရှုံးသွားသည်။

အကြီးမားဆုံး ဝမ်းနည်းကြေကွဲမှုသည် အနီရောင်လဂြိုလ်ထံမှ မဟုတ်ပေ။ ယင်းအစား မီးစာကုန်းမြေထဲမှာဖြစ်သည်။ နတ်ဘုရားသေဆုံးသွားသည်နှင့်ချက်ချင်း အမည်မသိနေရာတစ်နေရာတွင်ရှိသော မီးစာကုန်းမြေထံမှ မရေမတွက်နိုင်သော ဝမ်းနည်းကြေကွဲသံများ ပေါ်ထွက်လာသည်။

မီးစာကုန်းမြေသည် တုန်ယင်သွားပြီး အထဲမှ ဝိညာဉ်များသည် ဖရိုဖရဲဖြစ်သွားကြသည်။ ဝမ်းနည်းကြေကွဲသော အော်မြည်သံများသည် ထာဝရ တိုက်ခတ်နေမည့် မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားလေသည်။

All Chapters