ကလေးကဗျာတေး
Vol. 71 Ch. 1107
လီဇီဟွား၏ အသံသည် လဝတ်ပြုဒေသကြီးထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ဟင်းလင်းပြင်ကို ပရမ်းပတာ တုန်လှုပ်သွားစေပြီး မိုးကောင်ကင်ကို လျှပ်စီးရောင် တဝင်းဝင်း လင်းလက်သွားစေသည်။
သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီးသည် မထူးမခြားနားအမူအရာဖြင့် ဆက်လက်ရှိနေဆဲပင်။ ယခု သူက ဤနေရာကို မျက်နှာမူထားသော်လည်း မျက်လုံးဖွင့်သွားခြင်းမရှိပေ။
အော်ဟစ်ညည်းညူသံများသည် အနီရောင်လကျင့်ကြံသူများကို ဖမ်းဆီးချုပ်နှောင်ထားသော နေရာခုနစ်နေရာထံမှ ထွက်ပေါ်လာသည်။
လီဇီဟွား၏ အသံထဲမှာ အမြစ်ဖြတ်သုတ်သင်သော စိတ်ဆန္ဒ ကိန်းအောင်းနေသည်။ ချက်ချင်းပင် အနီရောင်လဗိမာန်မှ ကျင့်ကြံသူများနှင့် အနီရောင်လဗိမာန်၏ လက်အောက်မှ အင်အားစုများသည် စတင်တုန်ယင်လာကြသည်။
သူတို့၏ အရေပြားသည် သူတို့ဘာသာ ကွဲထွက်သွားပြီး အသွေးအသားများ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူတို့၏ အသွေးအသားသည် တုန်ယင်လာပြီး အရိုးများသည် တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ကျလာကြသည်။ ယင်းတို့က မြေပြင်ပေါ်မှာ တောင်ကုန်းသေးလေးတစ်ခုပမာ စုပုံသွားကြသည်။
အသွေးအသားနှင့် အရိုးများကို ဆုံးရှုံးသွားပြီးနောက် ဦးခေါင်းသည် နောက်ဆုံးအနေဖြင့် ပြုတ်ကျလာသည်။
ထိုသို့အသွေးအသားတောင်ကုန်းများသည် နေရာခုနစ်နေရာစလုံးမှာ ဖြစ်ပေါ်လာကြသည်။
ထိုအသွေးအသားတောင်ကုန်းများက တစ်ခုနှင့်တစ်ခု ပေါင်းစုစည်းသွားပြီး ကြီးမားသော အသွေးအသားတောင်ကုန်းများ ဖြစ်ပေါ်လာကြသည်။
ဧရာမအသွေးအသားတောင်ကုန်းသည် စုစုပေါင်းခုနစ်ခုရှိသည်။ သွေးနံ့သည် ပိုပြီးသိပ်သည်းလာပြီး မီးခိုးငွေ့ပမာ ကောင်းကင်ယံသို့ မြှောက်တတ်သွားသည်။
ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည် မထူးမခြားနား ရှိနေဆဲပင်။
ယင်းက လီဇီဟွား သူ၏ ခန္ဓာကိုယ်ကို မဆုတ်ဖြဲခင်အထိ ကြာမြင့်ခဲ့သည်။
လက်ရှိသူသည် နတ်ဘုရားတစ်ပါးဖြစ်သည်။
သူ့ကိုယ်သူ ဆုတ်ဖြဲခြင်းက ကောင်းကင်နှင့် မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး လေကြမ်းများ တိုက်ခတ်လာစေသည်။ သူ၏ အသွေးအသားများက အောက်သို့ ပြုတ်ကျသွားသည့်အခါ ရှစ်ခုမြောက် အသွေးအသားတောင်ကုန်းသည် မြေပြင်ပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက တဖြည်းဖြည်း မြင့်သထက် မြင့်သွားသည်။
မရေမတွက်နိုင်သော အသွေးအသားများက အတူတကွ စုပုံသွားပြီး အထွတ်အမြတ် တောင်ထွတ်တစ်ခု ဖြစ်ပေါ်လာသည်။
တောင်ထွတ်၏ အမြင့်သည် အနီရောင်လဂြိုလ်နှင့် အတူတူပင်။ အဆုံးမှာတော့ အသွေးအသားအားလုံးကို ဆုံးရှုံးသွားပြီးနောက် လီဇီဟွား၏ ဦးခေါင်းသည် တောင်ထွတ်ပေါ်မှာ မျောလွင့်သွားသည်။
အစမှအဆုံးအထိ သူ၏ အမူအရာသည် အေးစက်နေပြီး မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သူ၏ ဦးခေါင်းက တောင်ထွတ်ပေါ်သို့ ကျရောက်သွားသည့်တိုင် သူ၏ အသက်ဓာတ်မဲ့နေသော မျက်လုံးက ကောင်းကင်ပေါ်သို့ စိုက်ကြည့်နေဆဲပင်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည် ဖြည်းညင်းစွာ မျက်လုံးပွင့်လာသည်။
ရွှီချင်း၏ ခရမ်းသလင်းကျောက်ထဲမှ မြင်ကွင်းနှင့် ခြားနားသည်မှာ ဤတစ်ကြိမ်တွင် နတ်ဘုရားမျက်နှာပျက်ကြီးသည် အမှန်တကယ် မျက်လုံးဖွင့်သွားခြင်း ဖြစ်သည်။ ၎င်းက မျက်လုံးဖွင့်လိုက်သည့်အခါ တည်ငြိမ်မှုသည် ၎င်း၏ ရွှေရောင်သူငယ်အိမ်များထဲမှ ထွက်ပေါ်လာသည်။
၎င်း၏ အကြည့် ကျရောက်လာသည့်အခါ လဝတ်ပြုဒေသကြီးသည် ပုံပျက်တွန့်လိမ်လာပြီး စတင်ဝေဝါးလာသည်။
သွေးမိုးသည် လီဇီဟွား၏ အသွေးအသားတောင်ထွတ်ပေါ်သို့ ကျဆင်းလာသည်။ ကပ်ဘေးသည် နောင်တလွင်ပြင်ပေါ်သို့ ဆင်းသက်လာသည်။ ထိုနေရာသည် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ထိုအပြောင်းအလဲသည် မူလအတိုင်းပြန်မဖြစ်နိုင်သော ပြောင်းလဲမှုဖြစ်သည်။
နတ်ဘုရားအားလုံးထက် သာလွန်သော ဒြပ်နှောများသည် နောင်တလွင်ပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက မြေပြင်၊ လူတိုင်းနှင့် ဤနေရာမှ အရာအားလုံးကို ပြောင်းလဲသွားစေသည်။
နောင်တလွင်ပြင်တစ်ခုလုံးသည် တားမြစ်ဇုန်အသစ်ဖြစ်လာသည်။ ထူးဆန်းသော သက်ရှိသတ္တဝါများသည် ထိုနေရာမှာ မွေးဖွားလာကြသည်။
ထိုအသွေးအသားတောင်ကုန်းသည် တားမြစ်ဇုန်၏ အရှင်သခင်ဖြစ်လာသည်။ ၎င်းမှာ ဘဝအသစ်ရှိလာပြီး အသိစိတ်အသစ်ရှိလာသည်။
ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေမှ သက်ရှိအားလုံးသည် တုန်ယင်သွားကြသည်။ သူတို့က မည်သည့်နေရာမှာ ရှိနေပါစေ နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်လိုက်ခြင်းကို မြင်နိုင်ကြသည်။
ကြောက်ရွံ့ခြင်း၊ ချောက်ချားခြင်းနှင့် စိတ်ပျက်အားငယ်ခြင်း အစရှိသော မကောင်းသည့် စိတ်ခံစားချက်များက ဝမ်ကူးကုန်းမြေထဲမှာ ပေါ်ထွက်လာကြသည်။
ကောင်းကင်ဘုံတာအို၏ ဝေဝေဝါးဝါး ပုံရိပ်များသည်လည်း ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ၎င်းတို့က နတ်ဘုရားမျက်နှာပျက်ကြီး၏ စွမ်းအားကို ခုခံတားဆီးချင်သည့်အလားပင်။
သို့သော်လည်း ယင်းက အချည်းနှီးသာဖြစ်သည်။ ၎င်းတို့က အသံမထွက်သော အော်ဟစ်ညည်းညူမှုကို ထုတ်လွှတ်လိုက်ကြသည်။ တချို့သည် သေဆုံးသွားကြသည်။
၎င်းတို့က ဝမ်ကူးကုန်းမြေမှ ကောင်းကင်ဘုံတာအိုတစ်သိန်းဖြစ်သည်။
ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခုနှင့် မတူညီသည်မှာ နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်သည့်အခါတိုင်း ထိုကောင်းကင်ဘုံတာအိုများသည် ဖျက်ဆီးခံရလိမ့်မည်။
အနီရောင်လဂြိုလ်သည်လည်း သက်ရောက်ခံလိုက်ရသည်။
၎င်းက နောင်တလွင်ပြင်မှ ကောင်းကင်ယံတွင် တည်ရှိနေလေရာ နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ဤအခိုက်အတန့်မှာ နောင်တလွင်ပြင်သည် တစ်ခါမှမဖြစ်စဖူး တုန်ယင်နေသည်။ ရွှီချင်း၏ ခရမ်းသလင်းကျောက်ထဲမှ နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်ကြောင့် ဖြစ်ပေါ်လာခဲ့သော အနီရောင်လဂြိုလ်၏ ဆင့်ကဲပြောင်းလဲမှုသည် ဤအခိုက်အတန့်မှာ ပြန်ထွက်ပေါ်လာသည်။
နတ်ဘုရား၏ အကြည့် ပထမဆုံး ကျရောက်သွားသောနေရာသည် တားမြစ်ဇုန်ဖြစ်လာလိမ့်မည်။
ဒုတိယအကြိမ်တွင် ယင်းက တားမြစ်ဒေသကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည်။
တတိယအကြိမ်ဆိုလျှင် ယင်းက နတ်ဘုရားနယ်မြေဖြစ်လာလိမ့်မည်။
စတုတ္ထအကြိမ်ဆိုလျှင်တော့ ယင်းကို နတ်ဘုရားကမ္ဘာဟု ခေါ်သည်။
အနီရောင်လဂြိုလ်သည် စတင်ခုန်လာသည်။ အချိန်လမ်းကြောင်းတစ်ခုပေါ်တွင် ၎င်းက အစီအစဉ်မကျ ခုန်ထွက်သွားနေသည်။ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အနီရောင်လဂြိုလ်များသည် မရေမတွက်နိုင်သော အချိန်နှင့်လေဟာနယ်ထဲမှာ ထွက်ပေါ်လာကြသည်။
၎င်းတို့က တစ်ခုပေါ်တစ်ခု ထပ်ဆင့်လွှမ်းခြုံသွားပြီး ပေါင်းစပ်နေကြသည်။ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပေါင်းစပ်ပြီးနောက် ယခင်က ရွှီချင်း သေချာမမြင်ခဲ့ရသော မြင်ကွင်းသည် ဤအခိုက်အတန့်မှာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော အနီရောင်လဂြိုလ်များ၏ အနက်ပိုင်းထဲတွင် ဝေဝါးမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝေဝါးမှုသည် အမြန်ကျယ်ပြန့်လာပြီး နောက်ဆုံးမှာ အဆုံးမဲ့သော အကျယ်အဝန်းတစ်ခုအထိ ပျံ့ပွားသွားသည်။ ယင်းက မရေမတွက်နိုင်သော အနီရောင်လဂြိုလ်များကို လွှမ်းခြုံသွားသည်။
ယင်းက အနီရောင်လဂြိုလ်များကို လွှမ်းခြုံသွားပြီးနောက် အလွန်ကြီးမားသော ဧရာမမျက်နှာတစ်ခုသို့ ပြောင်းလဲသွားသည်။
ထိုမျက်နှာ၏ အသွင်ပုံစံသည် နီလာနတ်သမီးမှလွဲ၍ တခြားမဟုတ်ပေ။ ထိုမျက်နှာကို မရေမတွက်နိုင်သော အနီရောင်လဂြိုလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အနီရောင်လဂြိုလ်များက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး ထပ်ဆင့်လွှမ်းခြုံသွားသည့်အခါတိုင်း ထိုမျက်နှာပေါ်မှာ သေးငယ်သော အမူအရာများ ဖြစ်ပေါ်လာလိမ့်မည်။
သေးငယ်သော ထိုအမူအရာများက ထိုဧရာမမျက်နှာကို အသက်ဝင်နေသည့်အလား အောက်မေ့ရစေသည်။
ဤသည်မှာ ထိုမျက်နှာပေါ်မှ အမူအရာတစ်ခုစီတိုင်းက အတွေးတစ်ခု၏ လည်ပတ်မှုကို ကိုယ်စားပြုသည့်အလားပင်။ ထို့ပြင် အချိန်နှင့်လေဟာနယ်တစ်ခုသည် ထိုအတွေးပေါ်မူတည်၍ ထွက်ပေါ်လာလိမ့်မည်။
ဤသည်မှာ အနီရောင်လဂြိုလ်က အချိန်နှင့်လေဟာနယ်အများအပြားမှာ ထွက်ပေါ်လာရသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။
မတူညီသော အတွေးများက ပိုမိုများပြားသော အချိန်နှင့်လေဟာနယ်များကို ထွက်ပေါ်လာစေလိမ့်မည်။
ယင်းက ရွေးချယ်မှုများနှင့် ဆင်တူသည်။ ထိုဧရာမမျက်နှာက ရွေးချယ်မှုကို တစ်ခါပြုလုပ်တိုင်း မတူညီသော အချိန်နှင့်လေဟာနယ်တစ်ခုက ထွက်ပေါ်လာလိမ့်မည်။ ၎င်း၏ ရွေးချယ်မှုအတိုင်း ကမ္ဘာအသစ်သည် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။
ယင်းက နတ်ဘုရားကမ္ဘာဖြစ်သည်။
ဤအခိုက်အတန့်မှာ နောင်တလွင်ပြင်သည် တားမြစ်ဇုန်ဖြစ်လာပြီး အနီရောင်လဂြိုလ်သည် နတ်ဘုရားကမ္ဘာသို့ ဆင့်ကဲပြောင်းလဲသွားနေသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားမျက်နှာပျက်ကြီးသည် ဖြည်းညင်းစွာ မျက်လုံးပြန်မှိတ်သွားသည်။
အနီရောင်လဂြိုလ်ပေါ်တွင် နီလာနတ်သမီးသည် တုန်ယင်နေသည်။ နီလာနတ်သမီး၏ ဝါးမျိုခံထားရသော လီဇီဟွားသည် သိမ်မွေ့ညင်သာသော အမူအရာကို ထုတ်ဖော်ထားဆဲပင်။ သူက နာကျင်ခံစားနေသော နီလာနတ်သမီးကို ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
နောက်အခိုက်အတန့်မှာ ရွှီချင်း၊ ခေါင်းဆောင်၊ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် အနီရောင်လဂြိုလ်ပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ သူတို့က ပြန်ပေါ်လာသည့်အခါ လဝတ်ပြုဒေသကြီးထဲမှ နောင်တလွင်ပြင်၏ အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။
သူတို့ထွက်သွားသည်နှင့်ချက်ချင်း နီလာနတ်သမီး၏ အသဲကွဲကြေသော အော်သံသည် မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ တိုက်ခတ်သွားသည်။ ထိုမုန်တိုင်းအောက်မှာ လနန်းတော်သည်ပင် သက်ရောက်ခံလိုက်ရသည်။
နီလာနတ်သမီး၏ ခန္ဓာကိုယ်သည် ပြိုကွဲပျက်စီးသွားသည်။
နတ်ဘုရားကမ္ဘာ၏ ဧရာမမျက်နှာသည်လည်း မြန်ဆန်စွာ ပြောင်းလဲသွားသည်။ ယင်းက နီလာနတ်သမီး၏ မျက်နှာမဟုတ်တော့ပေ။ ယင်းအစား မျက်နှာအစိတ်အပိုင်းအားလုံးကို ဆုံးရှုံးသွားပြီး ဗလာမျက်နှာတစ်ခုသို့ ပြောင်းလဲသွားသည်။
အနီရောင်လဂြိုလ်သည် နတ်ဘုရားမျက်နှာပျက်ကြီးကြောင့် နတ်ဘုရားကမ္ဘာတစ်ခုသို့ ပြောင်းလဲသွားသည်။ သို့သော်လည်း နီလာနတ်သမီးသည် ထိုသို့ပြောင်းလဲမှုကို ထောက်ပံ့ပေးရန် စွမ်းအားမလုံလောက်ပေ။ ကောင်းကျိုးပေးသော ဆေးရည်က တစ်စုံတစ်ယောက်၏ လက်ခံနိုင်သော အတိုင်းအဆထက် ကျော်လွန်သွားပြီး များပြားလာမည်ဆိုလျှင် ဆိုးကျိုးဖြစ်စေနိုင်သော အဆိပ်ရည်သို့ ပြောင်းလဲသွားလိမ့်မည်။
နီလာနတ်သမီး၏ ယခု အခြေအနေသည် ထိုသဘောတရားနှင့် တူညီသည်။
လွန်ကြူးစွာ များပြားခြင်းသည် မလုံလောက်ခြင်းကဲ့သို့ ဆိုးဝါးပေသည်။
ထို့ကြောင့် သူက ပြိုကွဲပျက်စီးသွားသည်။ သူက အပိုင်းပိုင်းအစစ ကွဲထွက်သွားပြီး အော်ဟစ်ညည်းညူလျက် သေဆုံးသွားသည်။
အနီရောင်လဂြိုလ်သည်တော့ ပျောက်ကွယ်သွားသည်။
နောက်အခိုက်အတန့်မှာ လနန်းတော်အတွင်း၌ ရှိနေသေးသော ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ပုံရိပ်သည် ရူးသွပ်စွာ ပြေးထွက်လာသည်။ သူ၏ မျက်လုံးထဲမှာ အလိုရမ္မက်ဖြင့် ပြည့်နှက်နေသည်။ သူက မရေမတွက်နိုင်သော မျက်လုံးများသို့ ပြောင်းလဲသွားသည်။ ချောက်ချားဖွယ်ကောင်းသော ပါးစပ်ပေါက်တစ်ခုသည် မျက်လုံးတစ်လုံးစီတိုင်းမှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့က အပိုင်းပိုင်းအစစ ပြိုကွဲသွားသော နီလာနတ်သမီး၏ အသွေးအသားများကို ဝါးမျိုလိုက်ကြသည်။
နောက်အခိုက်အတန့်မှာ သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်သံများသည် မရေမတွက်နိုင်သော မျက်လုံးများထံမှ မြည်ဟိန်းထွက်လာကြသည်။ ၎င်းတို့ထဲမှ အများစုသည် ပေါက်ကွဲသွားကြသည်။ သို့သော်လည်း မျက်လုံးတချို့သည် နီလာနတ်သမီး၏ အသွေးအသားကို ကိုက်ဝါးစားပြီးနောက် မြန်ဆန်စွာ ပုန်းအောင်းလိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးများသည် လနန်းတော်ထဲမှ ပျောက်ကွယ်သွားကြသည်။
အလုံးစုံခြုံငုံကြည့်လျှင် ရှေးဟောင်းဝိညာဉ်အင်ပါယာသည် နီလာနတ်သမီး၏ ခန္ဓာကိုယ်မှ အသွေးအသား(၁၀)ရာခိုင်နှုန်းကို ဝါးမျိုသွားခဲ့သည်။
ဤသည်မှာ သူက ဆက်လက် မဝါးမျိုချင်၍ မဟုတ်ပေ။ သူ၏ လက်ရှိစွမ်းအားဖြင့် အသွေးအသား(၁၀)ရာခိုင်နှုန်းက သူ၏ အကန့်အသတ်ဖြစ်သည်။
တစ်ချိန်တည်းမှာ မီးလျှံလနှင့် မီးလျှံကြယ်သည် ရပ်ကြည့်မနေကြပေ။ သူတို့က ပြိုကွဲထွက်သွားသော နီလာနတ်သမီး၏ အသွေးအသားများဆီသို့ ပျံသန်းသွားကြပြီး (၁၀)ရာခိုင်နှုန်းစီ ရယူလိုက်ကြသည်။ သူတို့က ဆက်လက် ဝါးမျိုချင်သေးသော်လည်း အနီရောင်လဂြိုလ်၏ ပျောက်ကွယ်နေမှုသည် သူတို့အတွက် ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော် သူတို့ကို ဆက်လက် မဝါးမျိုစေရသည့် အဓိကအကြောင်းအရင်းမှာ လီဇီဟွား၏ အားအင်ချည့်နဲ့နေသော အသံဖြစ်သည်။
“ မင်းတို့တွေ လောဘမကြီးသင့်ဘူး ”
မီးလျှံလနှင့် မီးလျှံကြယ်သည် မျက်လုံးဝင်းလက်သွားကြသည်။ သူတို့သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
သူတို့ထွက်သွားသည်နှင့်ချက်ချင်း အနီရောင်လဂြိုလ်သည် ဝေဝါးလာပြီး ကောင်းကင်ယံမှ လုံးဝပျောက်ကွယ်သွားသည်။ ဤသည်မှာ ၎င်းက ဤလောကထဲမှ ဖယ်ရှားခံလိုက်ရသည့်အလားပင်။
အနီရောင်လဂြိုလ်ပျောက်ကွယ်သွားသည့်အခိုက် လဝတ်ပြုဒေသကြီးမှ နောင်တလွင်ပြင်၏ အပြင်ဘက်တွင် လီဇီဟွားကြောင့် အပြင်ပြန်ရောက်လာသော ခေါင်းဆောင်သည် ရုတ်တရက် ခန္ဓာကိုယ်တုန်ယင်လာပြီး ပြိုကွဲထွက်သွားသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် မြန်ဆန်စွာ ပြန်ဖွဲ့စည်းသွားကြသည်။ ခေါင်းဆောင်သည် စိတ်လှုပ်ရှားသွားပြီး သူ၏ ဘေးမှ ရွှီချင်းကို သုံးကြိမ်သုံးခါ မျက်တောင်ခတ်ပြလိုက်သည်။
ရွှီချင်း၏ အကြည့်သည် ခေါင်းဆောင်ဆီသို့ ကျရောက်သွားသည်။ ခေါင်းဆောင်က သူ့အား သုံးကိန်းဂဏန်းကို လျှို့ဝှက်စွာ သတင်းပို့နေကြောင်း ချက်ချင်း သူနားလည်သွားသည်။
ယခုအချိန်သည် ထိုအကြောင်းကို မေးမြန်းရန် မသင့်တော်ကြောင်း သူနားလည်သည်။ ကောင်းကင်ယံတွင် အနီရောင်လဂြိုလ်သည် ပျောက်ကွယ်သွားသည်။ ယင်းက လဝတ်ပြုဒေသကြီးထဲမှ ပျောက်ကွယ်သွားရုံသာမက ဝမ်ကူးကုန်းမြေမှလည်း ပျောက်ကွယ်သွားသည်။
ယခုအချိန်မှစ၍ ဝမ်ကူးကုန်းမြေထဲမှာ လစန္ဒာတစ်ခု လျော့နည်းသွားလိမ့်မည်။
“ အဲ့ဒါက ရှိနေသေးတယ်… ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး မိုးကောင်းကင်ကို ကြည့်လိုက်သည်။
သူက အနီရောင်လ၏ အခွင့်အာဏာတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တခြားလူများ အာရုံမခံနိုင်သောအရာကို သူအာရုံခံနိုင်သည်။ သို့ဖြစ်၍ နတ်ဘုရားကမ္ဘာအဖြစ် ပြောင်းလဲသွားသော အနီရောင်လက ဝမ်ကူးကုန်းမြေနှင့် အလွန်ဝေးကွာသော နေရာတစ်နေရာမှာ တည်ရှိနေကြောင်း ရွှီချင်း မသဲမကွဲ အာရုံခံမိသည်။
ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်… ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းထဲဝယ်… အဆုံးမဲ့အာကာသဟင်းလင်းပြင်အတွင်း၌…
ထိုနေရာတွင် အရွယ်အစားစုံလင်သော ဝဲကတော့များက မရေမတွက်နိုင်အောင် တည်ရှိကြသည်။ ယင်းတို့၏ အရောင်သည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ယင်းတို့အားလုံးက ဖြည်းညင်းစွာ လှည့်ပတ်နေကြစဉ် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။
အာကာသဟင်းလင်းပြင်ထဲမှာ ထိုသို့နေရာတစ်နေရာရှိကြောင်း မည်သူမှ မသိကြပေ။ ကျင့်ကြံသူအားလုံးနီးပါးသည် ဤနေရာသို့ ခြေမချဖူးကြပေ။
ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော ဝဲကတော့များကြားတွင် နောက်ထပ် ဝဲကတော့အသစ်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာနေသည်။
တခြားဝဲကတော့များနှင့် နှိုင်းယှဉ်လျှင် ယင်းက အလွန်သေးငယ်ပြီး အနီရောင်ဖြစ်သည်။
ထိုဝဲကတော့၏ အလယ်တွင် မရေမတွက်နိုင်သော အချိန်နှင့်ဟင်းလင်းပြင်များထဲမှ အနီရောင်လဂြိုလ်များဖြင့် ဖွဲ့စည်းထားသော ဗလာမျက်နှာတစ်ခု ရှိသည်။ ထိုမျက်နှာ၏ မျက်ခုံးနှစ်ခုကြားတွင် သီးသန့်တည်ရှိသော အချိန်နှင့်လေဟာနယ်တစ်ခု ရှိသည်။ ထိုအချိန်နှင့်လေဟာနယ်ထဲမှ အနီရောင်လဂြိုလ်သည် ရွှေရောင်မီးတောက်ဖြင့် တောက်လောင်နေသည်။
ဤသည်မှာ နတ်ဘုရားမီးတောက်ဖြစ်သည်။ ယင်းက နီလာနတ်သမီးထံမှ မဟုတ်သလို လီဇီဟွားထံမှလည်း မဟုတ်ပေ။ ထိုမီးတောက်၏ အရှိန်အဝါသည် အနီရောင်လဗိမာန်၏ နတ်ဘုရားသားတော်ဖြစ်သော အုပ်ချုပ်သူ၏ စတုတ္ထသားတော်ထံမှ ဖြစ်သည်။
ထိုမီးတောက်ထဲတွင် တစ်စုံတစ်ခု ရှိသည်။ ယင်းက ထိုနတ်ဘုရားမီးတောက်၏ အမြူတေဖြစ်သည်။
ဤသည်မှာ မျက်လုံးတစ်လုံးဖြစ်သည်။
ယင်းက နတ်ဘုရားသားတော်၏ လျှို့ဝှက်ရတနာသိုက်ထဲတွင် ရွှီချင်းမြင်တွေ့ခဲ့သော မျက်လုံးဖြစ်သည်။
ယင်းက နီလာနတ်သမီး၏ ဘယ်မျက်လုံးဖြစ်သည်။
ဤအခိုက်အတန့်မှာ ထိုမျက်လုံးထဲမှ သူငယ်အိမ်အတွင်းတွင် နီလာနတ်သမီး၏ ပုံရိပ်သည် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ တဖြည်းဖြည်း သူ၏ ပုံရိပ်က ကြီးမားလာပြီး မျက်လုံးတစ်ခုလုံးကို သိမ်းပိုက်သွားသည်။ အသွေးအသားများသည် ထိုမျက်လုံး၏ အပြင်ဘက်သို့ ကြီးထွားလာသည်။
အသွေးအသားများသည် မျက်လုံးထဲမှ ပျံ့ပွားထွက်လာပြီး နီလာနတ်သမီး၏ ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်တည်ဆောက်သွားသည်။
နီလာနတ်သမီးသည် မျက်လုံးဖွင့်လိုက်သည်။
ယခင်က ဟောင်းလောင်းပေါက် ဖြစ်နေခဲ့သော သူ၏ မျက်လုံးပေါက်များထဲတွင် ယခု ဘယ်မျက်လုံးတစ်လုံး ရှိလာသည်။
ကြီးကျယ်မြင့်မြတ်သော စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ထိုအချိန်နှင့်လေဟာနယ်ထဲမှာ ပျံ့နှံ့သွားသည်။ ယင်းက အပြင်လောကမှ တခြားအချိန်နှင့်လေဟာနယ်များကိုပင် သက်ရောက်သွားသည်။ ဤသည်မှာ သူက အရာအားလုံးကို ပြောင်းလဲပစ်ရန် ကြိုးစားနေသည့်အလားပင်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သွေးပျက်ဖွယ်ကောင်းသော အော်သံသည် သူ၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။
“ လီဇီဟွား… ”
နီလာနတ်သမီး၏ အသံထဲမှာ ခါးသီးမှုဖြင့် ပြည့်နှက်နေသည်။ သူက စကားပြောလိုက်သည့်အခိုက် လီဇီဟွား၏ ပုံရိပ်သည် သူ၏ ဘယ်မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း မျက်လုံးကို မြန်ဆန်စွာ သိမ်းပိုက်လိုက်ပြီး နီလာနတ်သမီး၏ ခန္ဓာကိုယ်အထိ ပျံ့နှံ့သွားသည်။
နီလာနတ်သမီးသည် တုန်ယင်သွားသည်။ သူက ခုခံချင်သည်။ သို့သော်လည်း ယင်းက အသုံးမဝင်ပေ။ သူ၏ အသွင်ပုံစံသည် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ယင်းက မိန်းမခန္ဓာကိုယ်မှ ယောင်္ကျားခန္ဓာကိုယ်သို့ လုံးဝပြောင်းလဲသွားပြီး လီဇီဟွားနှင့် တစ်ပုံစံတည်း တူညီလာနေသည်။
ထိုအတောအတွင်း နီလာနတ်သမီး၏ အသံထဲမှ ခါးသီးမှုသည် ပိုပြီးတိုးပွားလာပြီး ယင်းက လနန်းတော်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ဒီတော့ ဒီဟာက နင့်အစီအစဉ်ကို… ”
“ ငါ့အစီအစဉ်တွေအားလုံးကို ဟိုးအရင်ကတည်းက နင်က ကြိုသိထားပြီးသား… ဒါကြောင့် နင်က စတုတ္ထသားတော်ကို စတေးလိုက်တာပေါ့ ”
“ လီဇီဟွား… နင်က နတ်ဘုရားမဖြစ်ချင်တာ မဟုတ်ဘူး… နင်က နတ်ဘုရားဖြစ်လာရင် တွေ့ကြုံရမယ့် မဟာကမ္မကို ရင်မဆိုင်ချင်တာ… ဒါကြောင့် နင်က ငါ့ရဲ့ သေမျိုးခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီး ငါ့ကို နတ်ဘုရားဖြစ်လာအောင် အတင်းအကျပ် တွန်းအားပေးခဲ့တယ်… မဟာကမ္မကို ငါရင်ဆိုင်ပြီးတဲ့နောက် နင်က ငါ့ကိုယ်ပေါ်မှာ ပြန်ရှင်သန်လာတယ် ”
နီလာနတ်သမီး၏ အသံသည် တဖြည်းဖြည်း တိုးညင်းလာသည်။ အဆုံးမှာတော့ သူက လီဇီဟွား၏ အသွင်သဏ္ဍာန်သို့ လုံးဝပြောင်းလဲသွားသည်။ သူက မျက်လုံးမှိတ်လိုက်သည်။ သူ၏ အသံသည် ဤအချိန်နှင့်ဟင်းလင်းပြင်ထဲမှာ တဝဲလည်လည် ပျံ့လွင့်သွားသည်။ ထိုအသံထဲမှာ ဆန္ဒမရှိမှု၊ ခံပြင်းဒေါသထွက်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ပါရှိသည်။ နောက်ဆုံးမှာတော့ သူက သက်ပြင်းချလိုက်သည်။
“ အကို… နင့်ဆန္ဒပြည့်ဖို့ ငါဖြည့်ဆည်းပေးမယ်… ”
နီလာနတ်သမီးသည် အမှန်တကယ် ကျရှုံးသွားသည်။
အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
လီဇီဟွား ပြန်ရောက်လာသည်။
“ စတုတ္ထညီမ… ဟွမ်ကောင်းကင်ဘုံရဲ့ လမ်းစဉ်က မှားနေတယ်… ရွှမ်ကမ္ဘာမြေရဲ့ လမ်းစဉ်ကလည်း မှားနေတယ်… ”
“ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက တကယ်တော့… ပေါင်းစပ်နိုင်တယ် ”
“ ဒါကြောင့် တာဝန်က ကျန်ရှိနေသေးတယ်လို့ ငါပြောတာပေါ့ ”
လီဇီဟွားသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် သူက ဝမ်ကူးကုန်းမြေ၏ ဦးတည်ရာကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ သူ၏ အရှေ့မှ အနီရောင်လနတ်ဘုရားကမ္ဘာသည် အလျှင်အမြန် ကျုံ့သွားပြီး မျက်လုံးတစ်လုံးသို့ ပြောင်းလဲသွားသည်။ သူက ထိုမျက်လုံးကို လက်ထဲမှာ ကိုင်ထားပြီး သူ၏ ညာမျက်လုံးပေါက်ထဲသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ဟင်းလင်းပြင်၏ အနက်ပိုင်းထဲသို့ တည်ငြိမ်စွာ လျှောက်သွားသည်။
သူက ဝေးသထက် အဝေးသို့ ရောက်ရှိသွားသည်။
ကလေးကဗျာတေးသည်သာ သူ၏ ပါးစပ်ထဲမှ ပျံ့လွင့်လာသည်။ ယင်းက တမူထူးခြားသော သံစဉ်ကို သယ်ဆောင်လျက် ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ တစ်ခါတုန်းက အရုပ်ကြီးတစ်ရုပ်ရှိတယ်… အရုပ်သေးသေးလေးကိုးရုပ်က အရုပ်ကြီးနောက်ကနေ တန်းစီလိုက်သွားကြတယ်… အရုပ်ဆယ်ရုပ်ထဲမှာ အမှတ်ခြောက်၊ အမှတ်ခုနစ်၊ အမှတ်ရှစ်က မျက်လုံးနီတွေနဲ့ အညိုရောင်ဆံပင်ရှိကြတယ်… သူတို့က တစ်ချိန်လုံး တိတ်ဆိတ်နေကြတယ်… အဲ့ဒါကို တခြားအရုပ်တွေက မြင်သွားတော့ ကလေးတွေ ဘာမှမကြောက်ကြနဲ့လို့ အော်ပြောလိုက်တယ်… ”
“ တစ်နေ့မှာ အရုပ်ကြီးက နေမကောင်းဖြစ်လာတယ်… အမှတ်နှစ်အရုပ်က အရုပ်ကြီးကို ပြုစုပေးတယ်… အမှတ်သုံးအရုပ်က ဆေးသွားဝယ်တယ်… အမှတ်ငါးအရုပ်က ရေနွေးကျိုတယ်… အမှတ်ခြောက်အရုပ်က သေဆုံးသွားတယ်… အမှတ်ခုနစ်အရုပ်က ရယ်မောလိုက်တယ်… အမှတ်ရှစ်အရုပ်က တွင်းတစ်ခုတူးတယ်… အမှတ်ကိုးအရုပ်က တွင်းထဲ ခုန်ချသွားတယ်… အမှတ်တစ်ဆယ်အရုပ်က ငိုကြွေးနေတယ်… ဘာလို့ ငိုနေတာလဲလို့ ငါသွားမေးလိုက်တော့… ”
“ အမှတ်လေးအရုပ်က လမ်းပျောက်သွားပြီး ပြန်ရောက်မလာတော့လို့တဲ့ ”
ထိုကလေးကဗျာတေးထဲတွင် အမှတ်လေးအရုပ်သည် စတုတ္ထသားတော်ကို ရည်ညွှန်းရုံမျှသာ မဟုတ်ပေ။ ယင်းက အုပ်ချုပ်သူ၏ စတုတ္ထညီမကိုလည်း ရည်ညွှန်းပေသည်။