လပူဇော်ခြင်း
Vol. 71 Ch. 1108
လဝတ်ပြုဒေသကြီးထဲမှ အပြောင်းအလဲသည် နီလာနတ်သမီး နတ်ဘုရားဖြစ်လာပြီးနောက် လီဇီဟွားနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲမှ စတင်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲသည် အပြင်လူများ ထင်ထားသကဲ့သို့ မပြီးဆုံးသွားခဲ့ပေ။
ယင်းက ရှေးခေတ်ကာလမှစတင်၍ အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်သွားပြီး အပြင်လူများ နားမလည်နိုင်သော နည်းလမ်းဖြင့် ဆက်လက် ဖြစ်ပွားခဲ့သည်။
ယင်းက နှစ်ပေါင်းမြောက်များစွာ ကြာမြင့်ခဲ့သည်။
ယခုအချိန်မှသာ ထိုတိုက်ပွဲက အမှန်တကယ် အဆုံးသတ်သွားခဲ့ခြင်း ဖြစ်သည်။
လဝတ်ပြုဒေသကြီးကို နှစ်ပေါင်းမြောက်များစွာကြာအောင် ဖုံးလွှမ်းထားသော အမှောင်ထုသည် အနီရောင်လဂြိုလ်၏ ပျောက်ကွယ်သွားမှုနှင့်အတူ လွင့်ပြယ်သွားသည်။
အနီရောင်လက ဘယ်ရောက်သွားလဲ…
နီလာနတ်သမီးက တကယ်သေသွားတာလား…
လီဇီဟွားက ပြန်ပေါ်လာဦးမှာလား…
ဤသည်မှာ လူတိုင်း၏ စိတ်ထဲမှာ ရှိနေသော မေးခွန်းများ ဖြစ်သည်။ မည်သူမှ ထိုအဖြေကို မသိကြပေ။ အပြင်လူများသော်လည်းကောင်း သို့မဟုတ် ဤတိုက်ပွဲမှာ ပါဝင်ခဲ့ကြသော လူများသော်လည်းကောင်း ထိုမေးခွန်းများ၏ အဖြေကို မသိကြပေ။
လဝတ်ပြုဒေသကြီးထဲမှ အသက်ရှင်ကျန်ရစ်ခဲ့သော သက်ရှိများအတွက် သေချာသော တစ်ခုတည်းသောအရာမှာ ဤတိုက်ပွဲသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးသွားရမည့် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာလိမ့်မည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာပြီးနောက် ဤဒေသကြီးထဲမှာ အသစ်မွေးဖွားလာကြမည့် အသင်္ချေမျိုးနွယ်စုများသည် ရှေးခေတ်မှတ်တမ်းများမှတဆင့် ဤဒဏ္ဍာရီလာတိုက်ပွဲအကြောင်းကို သိရှိနိုင်ကြလိမ့်မည်။ ထိုအခါကျလျှင် သူတို့နေထိုင်ကြသော ဤဒေသကြီးသည် ဟိုးလွန်ခဲ့သောနှစ်များတုန်းက ကျိန်စာ၏ လွှမ်းမိုးဖိနှိပ်ခြင်းကို ခံခဲ့ရကြောင်း သင်ယူမှတ်သားရလိမ့်မည်။
ထိုကျိန်စာသည် ဒဏ္ဍာရီလာတိုက်ပွဲပြီးနောက် ပျက်စီးသွားခဲ့ကြောင်းကိုလည်း သူတို့နားလည်သွားကြလိမ့်မည်။
အကယ်၍ တစ်နေ့နေ့မှာ ဤဒေသကြီးထဲမှ နောင်သားမျိုးဆက်များသည် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်ပြီး ဤနေ့သို့ ပြန်ရောက်လာနိုင်သည့်အခါကျလျှင် အနီရောင်လဂြိုလ်ပျောက်ကွယ်သွားပြီးနောက်နှင့် မပျောက်ကွယ်သွားခင်က အပြောင်းအလဲများကို ရှင်းလင်းစွာ အာရုံခံနိုင်ကြလိမ့်မည်။
အရာအားလုံးက ပြန်လည်ရှင်သန်လာသည်။
မျှော်လင့်ချက်သည် ဆင်းသက်လာသည်။
ဒေသကြီးကို ဝိုင်းရံထားသော စတေးခံယင်မြစ်သည်လည်း ပြောင်းလဲသွားသည်။ မြစ်ရေသည် အနီရောင်မှ ပြောင်းလဲသွားပြီး ကြည်လင်လာသည်။ စတေးခံယင်မြစ်ထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် နစ်မြုပ်နေကြသော အရိုးစုများသည် ရွှံ့အဖြစ်သို့ ပြောင်းလဲသွားပြီး ငြိမ်သက်သွားသည်။
သက်ရှိအားလုံး၏ သွေးမျိုးစက်ထဲမှာ အနီရောင်လ၏ ကျိန်စာမရှိတော့သောကြောင့် သူတို့သည် ကျိန်စာဖယ်ရှားဆေးလုံးများနှင့် ကျိန်စာလျော့ပေါ့ဆေးလုံးများကို မလိုအပ်ကြတော့ပေ။ သူတို့၏ ခြေလှမ်းများသည် ဤဒေသကြီးထဲမှာ ကန့်သတ်မခံရတော့ပေ။
လွတ်လပ်မှုသည် လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးထံသို့ ပြန်ရောက်ရှိလာသည်။
သို့သော်လည်း မရေမတွက်နိုင်သော ကံကြမ္မာအလှည့်အပြောင်းများနှင့် စိတ်ပျက်အားငယ်မှုဒဏ်ကို တွေ့ကြုံခံစားပြီးနောက် ခေတ်ဟောင်းမှ ခေတ်သစ်သို့ အကူးအပြောင်းကြားမှာ ရပ်နေကြသူများအတွက်တော့ တိုက်ပွဲအနိုင်ရမှုသည် သူတို့အတွက် ဝမ်းမြောက်ဝမ်းသာစရာ ကိစ္စဖြစ်သော်လည်း သူတို့သည် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံစားနေကြရသည်။
သူတို့အားလုံးသည် အားအင်ကုန်ခမ်းနေကြသည်။
လဝတ်ပြုဒေသကြီးသည် ပြန်လည်နာလန်ထူရန် အချိန်လိုအပ်သည်။
သို့ဖြစ်၍ အိမ်ရှေ့စံမင်းသားသည် အရှေ့သို့ ထွက်လာသည်။ အိမ်ရှေ့စံဟူသော အဆင့်အတန်းအရ သူ၏ တာဝန်နှင့်ဝတ္တရားကို ဤအခိုက်အတန့်မှာ ပြီးမြောက်အောင် ထမ်းဆောင်ရလိမ့်မည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထိုတာဝန်ကို ထမ်းဆောင်ရန် လုံလောက်သည်။
လူတိုင်း၏ မျှော်လင့်မှုအောက်မှာ အိမ်ရှေ့စံမင်းသားသည် သူ့ခမည်းတော်၏ ယခင်အခွင့်အာဏာကို လွှဲပြောင်းယူလိုက်ပြီး လဝတ်ပြုဒေသကြီး၏ အရှင်သခင်ဖြစ်လာသည်။
အိမ်ရှေ့စံမင်းသားသည် လဝတ်ပြုနန်းတော်အသစ်၏ တည်နေရာကို ဘဝကံကြမ္မာဆိုးတောင်တန်းမှာ ရွေးချယ်ခဲ့သည်။ ယခုအချိန်မှစ၍ သူက ထိုနေရာမှာ နန်းတော်ကို ဦးဆောင်ပြီး ဤဒေသကြီးကို ကာကွယ်ပေးလိမ့်မည်။
လဝတ်ပြုနန်းတော်၏ အတွင်းပိုင်းထဲတွင် ရိုးရှင်းသော သာမန်ဆေးဆိုင်တစ်ဆိုင် ရှိသည်။
ထိုနေရာကို အထူးတလည် ရှင်းပြနေစရာ မလိုပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသာမန်ဆေးဆိုင်သည် ဒဏ္ဍာရီ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒဏ္ဍာရီ၏ အစပြုရာနေရာလည်း ဖြစ်သည်။
ဆေးဆိုင်၏ ပိုင်ရှင်သည် အိမ်ရှေ့စံမင်းသားမဟုတ်ပေ။ ရွှီချင်းအမည်ရသော လူငယ်တစ်ယောက် ဖြစ်သည်။
လဝတ်ပြုဒေသကြီးတစ်ခုလုံး၏ အချုပ်အခြာအာဏာကိုတော့ အိမ်ရှေ့စံမင်းသားက လူသားမျိုးနွယ်ဆီသို့ ပြန်လည်မပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအစား သူက လဝတ်ပြုဒေသကြီးကို လွတ်လပ်သော ဒေသကြီးအဖြစ် ကြေညာခဲ့သည်။
လဝတ်ပြုဒေသကြီး၏ နာမည်ကိုလည်း မပြောင်းလဲပစ်ခဲ့ပေ။
သို့သော်လည်း ယင်း၏ အဓိပ္ပာယ်သည် ယခင်ကနှင့် ခြားနားသွားသည်။
ယင်းက ဝတ်ပြုခြင်းမဟုတ်တော့ပေ။ ပူဇော်ခြင်းဖြစ်သည်။
အနီရောင်လကို ပူဇော်ခြင်းဖြစ်သည်။
( ဘာသာပြန်သူ၏ မှတ်စု: လဝတ်ပြုဒေသကြီးက နာမည်မပြောင်းဘူးလို့ စာထဲမှာ ရေးထားပေမဲ့ အခုကစပြီး နောက်လာမယ့် အပိုင်းတွေမှာ ‘ Moon Worship Region ’ကို ‘ Moon Offering Region ’လို့ ပြောင်းလဲရေးထားတာ တွေ့ရပါတယ်… အဲ့ဒါကြောင့် လဝတ်ပြုဒေသကြီးကို လပူဇော်ဒေသကြီးလို့ ကျွန်တော်ပြောင်းရေးပါမယ် )
ဤသည်မှာ အိမ်ရှေ့စံမင်းသားနှင့် သူ့ညီအကိုမောင်နှမများ၏ ရွေးချယ်မှုဖြစ်သလို လပူဇော်ဒေသကြီးထဲမှ သက်ရှိအားလုံး၏ ရွေးချယ်မှုလည်း ဖြစ်သည်။ မင်းသမီးမင်မိန်ဆီမှာလည်း အရေးကြီးသော ကိုယ်ပိုင်တာဝန်များ ရှိသည်။
မင်းသမီးမင်မိန်သည် ယခင်က သူ၏ လွတ်လပ်မှုကို ဆုံးရှုံးခဲ့သော မြောက်ပိုင်းရေခဲလွင်ပြင်ဆီသို့ ပြန်သွားခဲ့သည်။
မြောက်ပိုင်းဒေသတွင် သူက ပိုင်မင်နန်းတော်ဟု အမည်ရသော ကျောင်းတော်တစ်ခုကို တည်ဆောက်ခဲ့သည်။ လာမည့်နှစ်များတွင် သူက ပိုင်မင်နန်းတော်မှတဆင့် သူသိရှိနားလည်ထားသော အရာအားလုံးကို သက်ရှိအားလုံးထံ ပြန်လည်သင်ကြားပို့ချပေးလိမ့်မည်။
ပဉ္စမသမီးတော်မှာလည်း တာဝန်တစ်ခုရှိသည်။
သူက လပုန်ကန်ကြေးမုံကို ပြန်လည်ပြုပြင်ရန် သူ၏ စွမ်းရည်ကို အသုံးပြုခဲ့သည်။ ကြေးမုံအပိုင်းအစများကို တစ်ခုနှင့်တစ်ခု ပြန်ဆက်ပြီးနောက် သူက ယင်းကို လပူဇော်ဒေသကြီး၏ ကောင်းကင်ပေါ်သို့ မြှောက်တင်လိုက်သည်။
ယင်းက နေလုံးဖြစ်လာသည်။
သူကိုယ်၌တော့ လပုန်ကန်ကြေးမုံထဲသို့ ဝင်ရောက်သွားပြီး ထာဝရ ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အလင်းရောင်နှင့် အခွင့်အာဏာကြောင့် ယခုအချိန်မှစ၍ လပူဇော်ဒေသကြီးထဲမှာ နေရောင်ခြည်ကို ပြန်ရရှိလာတော့မည် ဖြစ်သည်။ သူ၏ အခွင့်အာဏာအောက်မှာ အသက်ဓာတ်နှင့် အရာအားလုံးသည် အားဖြည့်ပေးခြင်းခံရလိမ့်မည်။
လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများသည်တော့ လွတ်လပ်မှုပြန်ရလာကြပြီး ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းရန် ရွေးချယ်နိုင်ကြသည်။ သူတို့ထဲမှတချို့သည် လပုန်ကန်ခန်းမနှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ကြပြီး ပြန်လည်နာလန်ထူရန် သူတို့၏ သက်ဆိုင်ရာမျိုးနွယ်စုများဆီသို့ အသီးသီးပြန်သွားကြသည်။
တချို့လူများသည်တော့ လပုန်ကန်ခန်းမထဲမှာ ဆက်လက်နေရန် ရွေးချယ်ခဲ့ကြပြီး နေအစောင့်အကြပ်များဖြစ်လာရန် သူတို့၏ အကန့်အသတ်မဲ့သော အသက်များကို အသုံးပြုခဲ့ကြသည်။
ကျန်ရှိသော လူများသည်တော့ အိမ်ရှေ့စံမင်းသားနောက်သို့ လိုက်သွားကြပြီး သူတို့၏ အမိမြေကို ကာကွယ်ရန် ရွေးချယ်ခဲ့ကြသည်။
အဌမသားတော်၏ ရွေးချယ်မှုသည်တော့ သူ၏ ညီအကိုမောင်နှမများနှင့် ခြားနားသည်။ သူ၏ အကျင့်စရိုက်ကြောင့် သူက နေရာတစ်နေရာတည်းမှာ အချိန်အကြာကြီး မနေထိုင်နိုင်ပေ။ ယခင်က သူသည် နှစ်ပေါင်းများစွာကြာအောင် ချိပ်ပိတ်ခံထားရသဖြင့် ထိုအတောအတွင်း အပြင်လောက၏ အပြောင်းအလဲများကို စူးစမ်းလေ့လာချင်သည်။
ထို့ကြောင့် အဌမသားတော်သည် လပူဇော်ဒေသကြီးထဲမှ ထွက်ခွာပြီး လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းမှာ လှည့်ပတ်သွားလာရန် ရွေးချယ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ဝမ်ကူးကုန်းမြေက မည်သို့ပြောင်းလဲသွားကြောင်း သူက မျက်မြင်တွေ့ချင်သည်။
နဝမသားတော်သည်တော့ မောင်နှမအားလုံးထဲမှာ အသန်မာဆုံးဖြစ်သည့်အလျောက် သူက နောင်တလွင်ပြင်ဆီသို့ လျှောက်သွားသည်။ သူက သူ့ခမည်းတော်၏ အသွေးအသားနှင့် အရိုးများမှ ဖြစ်ပေါ်လာသော အသွေးအသားတောင်ကုန်း၏ ဘေးသို့ လျှောက်သွားသည်။
တားမြစ်ဇုန်၏ အရှင်သခင်အရှေ့တွင် နဝမသားတော်က တင်ပျဉ်ခွေထိုင်ချလိုက်ပြီး လုံးဝမလှုပ်ရှားတော့ပေ။
သူ၏ နတ်ဘုရားစိတ်အာရုံသည် တားမြစ်ဇုန်တစ်ခုလုံးသာမက လပူဇော်ဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူက ကျင့်ကြံနေရင်း သူ့ခမည်းတော်၏ ယခင်လမ်းစဉ်ကို ရှာဖွေသည်။
ထိုသို့ဖြင့် လပူဇော်ဒေသကြီးထဲမှ ကိစ္စများသည် အဆုံးသတ်သွားသည်။
နီလာနတ်သမီးနှင့် တိုက်ပွဲမှ အကျိုးအမြတ်များအတွက်တော့ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့ကြသူများသည် မတူညီသော အကျိုးအမြတ်များကို ရရှိခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် ထုတ်မပြောကြပေ။
သို့သော်လည်း လူတိုင်းသည် သူတို့ရရှိခဲ့ကြသော အကျိုးအမြတ်ကို အလွန်စိတ်ကျေနပ်ကြသည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာသည် ရွှီချင်းကို နောက်တစ်ကြိမ် ထပ်မရှာတော့ပေ။ ရှင်းလင်းစွာပင် သူက အကျိုးအမြတ်အများကြီး ရရှိခဲ့သည်ဟု ခံစားမိပုံပေါ်သည်။
မီးလျှံလနှင့် မီးလျှံကြယ်သည်လည်း နောက်ထပ် ပေါ်မလာကြတော့ပေ။ သူတို့၏ အကျိုးအမြတ်သည် သေချာပေါက် မသေးငယ်ပေ။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် အကျိုးအမြတ်နှင့်ပတ်သက်ပြီး ဘာမှမပြောကြပေ။ သို့သော်လည်း ရလဒ်ကို ကြည့်မည်ဆိုလျှင် သူတို့သည် သူတို့ခမည်းတော်ထံမှ တစ်စုံတစ်ခု ရရှိခဲ့ကြဟန် ရသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည်တော့ အပေါ်ယံကြည့်မည်ဆိုလျှင် သူတို့က အကျိုးအမြတ်အနည်းဆုံး ရရှိသူများဖြစ်ကြသည်။ သူတို့က နီလာနတ်သမီး၏ ကိုယ်ပွားဖြစ်သော ကျန်းစီယွမ်ကိုသာ ရရှိခဲ့သည်။
ထိုအကျိုးအမြတ်ကို ရရှိရန်အတွက် သူတို့သည် အများကြီး စတေးခဲ့ကြရသည်။ အနီရောင်လအပေါ် ရွှီချင်း၏ အခွင့်အာဏာဖြစ်စေ ခေါင်းဆောင်၏ ယခင်ဘဝမှ ပြင်ဆင်ထားမှုများဖြစ်စေ အာရုဏ်ဦးနေမင်းများဖြစ်စေ ဤတိုက်ပွဲမှာ အလွန်အရေးပါခဲ့ကြသည်။
အကျိုးအမြတ်များကို သူတို့၏ ကျင့်ကြံခြင်းအဆင့်အလိုက် ခွဲဝေခဲ့ခြင်းဖြစ်ဟန် ရသည်။ သို့သော်လည်း အသုံးဝင်မှုကိုကြည့်ပြီး ခွဲဝေမည်ဆိုလျှင် သူတို့ရရှိသင့်သော အကျိုးအမြတ်ပမာဏသည် တခြားလူများထက် သိသိသာသာ နည်းပါးနေသည်။
သို့ဖြစ်၍ ခေါင်းဆောင်သည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ခါးသီးသော အမူအရာဖြင့် အကြိမ်ကြိမ် သွားရှာခဲ့သည်။ သူက ရှင်းပြချက်တောင်းရန် အဆင့်မြင့်နတ်ဘုရားမီးလျှံလကိုပင် ဆင့်ခေါ်ခဲ့သည်။ သူက ရွှီချင်းကို ရှေးဟောင်းဝိညာဉ်အင်ပါယာနှင့် ရွှံ့မြေခွေးအား စကားပြောကြည့်ရန် တိုက်တွန်းခဲ့သေးသည်။
ခေါင်းဆောင်၏ ပုံစံသည် အလုပ်ရှင်ထံမှ လစာဖြတ်ခံရသော အလုပ်သမားတစ်ယောက်နှင့် ဆင်တူသည်။
သို့သော်လည်း အဆင့်မြင့်နတ်ဘုရားမီးလျှံလသည် သူ့ကို လျစ်လျူရှုထားသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာသည်တော့ လုံးဝမတုံ့ပြန်ပေ။
ရွှံ့မြေခွေးကိုတော့ ရွှီချင်းသည် တစ်ခဏ စဉ်းစားပြီးနောက် တစ်ဖက်လူကို ဆက်သွယ်ရန် လက်လျော့လိုက်သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်သာ ခေါင်းဆောင်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ကြသည်။ ဤသည်မှာ ခေါင်းဆောင်က မည်မျှအကျိုးအမြတ်ရရှိခဲ့ကြောင်း သူတို့သိထားသည့်အလားပင်။
အကယ်၍ တခြားတစ်ယောက်ဆိုလျှင် သူတို့သည် အနည်းငယ် ကိုးရိုးကားရား ခံစားရလိမ့်မည်။
သို့သော်လည်း ခေါင်းဆောင်သည် ထိုသို့မခံစားရပေ။ သူက ရှင်းပြချက်တစ်ခုကိုပင် တောင်းခံခဲ့သေးသည်။ အဆုံးမှာတော့ သူက ခံပြင်းဒေါသထွက်သော အမူအရာဖြင့် သက်ပြင်းချလိုက်ပြီး ပြန်ထွက်သွားသည်။
သူတို့က မည်သူမှမရှိသော နေရာတစ်နေရာသို့ ရောက်ရှိသွားသောအခါ ခေါင်းဆောင်သည် ကျန်ရှိသော အာရုဏ်ဦးနေမင်းနှစ်ခုကို အမြန်ထုတ်ယူလိုက်သည်။ သူက ရွှီချင်းကိုပင် ကျန်ရှိသော အာရုဏ်ဦးနေမင်းတစ်ခုကို ထုတ်ခိုင်းလိုက်သည်။
ထို့နောက် သူက အနည်းငယ် စိုးရိမ်နေသေးသောကြောင့် သွေးအများကြီး အန်ထုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်သည်။ သူက ရွှီချင်း၏ အနီရောင်လအခွင့်အာဏာကိုပင် ထုတ်လွှတ်ခိုင်းလိုက်သေးသည်။
အနီရောင်လက ပျောက်ကွယ်သွားသော်လည်း ရွှီချင်း၏ အခွင့်အာဏာက ဤနေရာမှာ ကျန်ရှိနေဆဲပင်။
သို့သော်လည်း သူ၏ အနီရောင်လအခွင့်အာဏာသည် အတိတ်တုန်းကနှင့် အနည်းငယ် ခြားနားသွားသည်။ ခြားနားချက်အသေးစိတ်ကိုတော့ ရွှီချင်းသည် ယင်းကို သေချာနားလည်အောင် အချိန်ယူ၍ စမ်းသပ်ကြည့်ရလိမ့်မည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ သူတို့နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ မည်သူမှ သူတို့ကြားမှ ပြောစကားများကို ခိုးနားထောင်နိုင်တော့မည်မဟုတ်ပေ။
“ ချင်းလေး… စီနီယာအကိုကြီးသင်ပေးတာကို နားလည်လား… ငါတို့က အကျိုးအမြတ်နည်းနည်းပဲ ရခဲ့တယ်လို့ အပြင်လူတွေသိအောင် လုပ်ရမယ်… ဒါမှ သူတို့က ငါတို့ဆီကနေ မနာလိုမဖြစ်ကြမှာ… နတ်ဘုရားတွေမှာ အနန္တအသိဉာဏ်နဲ့ အနန္တတန်ခိုးရှိတယ်ဆိုပေမဲ့ နီလာနတ်သမီးနဲ့ လီဇီဟွားလို တည်ရှိမှုတွေကြောင့် အဲ့ဒီအနန္တအသိဉာဏ်နဲ့ အနန္တတန်ခိုးက ဖိနှိပ်ခံလိုက်ရတယ် ”
“ ဒါကြောင့် ငါတို့က ကြီးကြီးမားမား ဆုံးရှုံးခဲ့တယ်ဆိုပြီး မကျေနပ်မှုကို ထုတ်ဖော်ပြောရမယ် ”
ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်မှုကြောင့် မျက်နှာဝင်းပနေသည်။ သူ၏ အမူအရာမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူက ခေါင်းဆောင်၏ ရည်ရွယ်ချက်ကို နားလည်သည်။ အမှန်မှာ ခေါင်းဆောင်က ဤတစ်ကြိမ် မည်မျှအကျိုးအမြတ်ရခဲ့ကြောင်း သူမသိပေ။ ယခင်က ခေါင်းဆောင်က သူ့ကို သုံးကြိမ်သုံးခါ မျက်တောင်ခတ်ပြခဲ့ခြင်းပေါ်မူတည်၍ အကြမ်းဖျဉ်းသာ သူခန့်မှန်းထားခဲ့သည်။
“ ချင်းလေး… ငါတို့တော့ ဒီတစ်ကြိမ် ပွပြီ ”
ခေါင်းဆောင်၏ အသံသည် တုန်ယင်နေပြီး သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ထိုသို့ပြောပြီးနောက် သူက ဘေးဘီသို့ တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး အသံကို နှိမ့်လိုက်သည်။
“ ဒီတစ်ကြိမ် ငါတို့ရဲ့ အကျိုးအမြတ်က နီလာနတ်သမီးရဲ့ ကိုယ်ပွား ကျန်းစီယွမ်တစ်ခုတည်း မဟုတ်ဘူး… ဒီဟာလည်း ရှိသေးတယ် ”
ခေါင်းဆောင်သည် သူ၏ စကားဆုံးသွားသည့်အခါ ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ဖြန့်လိုက်သည်။ ထိုအခါ လက်သည်းခွံသုံးခုသည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
“ ချင်းလေး… ဒီဟာက ဘာတွေလဲ မင်းသိလား… အဲ့ဒါက နီလာနတ်သမီးရဲ့ လက်သည်းခွံတွေပဲ… အဲ့ဒါက သူ့ရဲ့ အထွတ်အမြတ်လက်နက်တွေလည်း ဟုတ်တယ်… ဒီလက်သည်းခွံတွေက ဟိုအဖိုးကြီး ငါတို့ကိုပေးတဲ့ ငါးအရိုးတွေထက် အများကြီး ပိုအစွမ်းထက်တယ်… အဲ့ဒါတွေက လုံးဝအဆင့်မတူညီဘူး ”
ခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာ ပြောသည်။
“ ငါတို့ပြန်ရောက်တဲ့အခါ ဒီတစ်ကြိမ် ငါတို့ရဲ့ ရိတ်သိမ်းမှုကို အဖိုးကြီးမြင်သွားရင် သွားရည်တမြားမြားကျနေမှာ မြင်ယောင်သေးတယ်… ဟား ဟား ”
ခေါင်းဆောင်က ဘဝင်မြင့်စွာ ပြောသည်။ သူက ရယ်မောနေရင်း ရွှီချင်းကို မသိမသာ ခိုးကြည့်လိုက်သည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ခေါင်းဆောင်၏ လက်ထဲမှ သေးငယ်သော လက်သည်းခွံသုံးခုကို ကြည့်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးသည် တည်ငြိမ်သည်။ သူက မည်သည့်စကားမှ မပြောပေ။
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။
“ ချင်းလေး… ဘဝမှာ အပျော်ရွှင်ရဆုံးအရာက ဘာလဲ မင်းသိလား… အဲ့ဒါက ရောင့်ရဲတင်းတိမ်ခြင်းပဲ… ဒီနေ့ အဲ့ဒီအရာကို မင်းသင်ယူရမယ်… ငါ့အတွက်တော့ ရောင့်ရဲတင်းတိမ်ဖို့က ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး ”
“ မင်းစဉ်းစားကြည့်စမ်းပါ… နီလာနတ်သမီးက အဆင့်မြင့်နတ်ဘုရားတစ်ပါးပါ… ဒီတစ်ကြိမ် ငါတို့က နီလာနတ်သမီးရဲ့ ခြိမ်းခြောက်မှုကို အမြစ်ဖြတ်ရှင်းပစ်နိုင်ခဲ့တယ်… အဲ့ဒါက ငါတို့အတွက် အကြီးမားဆုံး ရိတ်သိမ်းမှုပဲ… ပြီးတော့ နီလာနတ်သမီးရဲ့ ကိုယ်ပွားလည်း ရှိသေးတယ်… ဒါ့အပြင် နီလာနတ်သမီးရဲ့ လက်သည်းခွံသုံးခုကိုလည်း ငါတို့ရခဲ့တယ်လေ ”
“ အဲ့ဒါတွေက ရတနာတွေပဲ… ဒါပေမဲ့ ချင်းလေး မင်းက ငါ့ရဲ့ ဂျူနီယာညီလေးဆိုတော့ မင်းကို ငါဦးစားပေးမယ်… မင်းက လက်သည်းခွံနှစ်ခုကို ယူလိုက်ပါ… ငါကတော့ တစ်ခုဆို လုံလောက်ပါတယ် ”
ခေါင်းဆောင်၏ မျက်လုံးထဲမှာ သဘောထားကြီးမြတ်မှုဖြင့် ပြည့်နှက်နေပြီး သူက ရွှီချင်းကို လက်သည်းခွံနှစ်ခု ပေးလိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ရွှီချင်း၏ အမူအရာသည် အစမှအဆုံး အလွန်အမင်း တည်ငြိမ်သည်။ သူက လက်သည်းခွံနှစ်ခုကို ယူလိုက်ပြီး သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဝါးပေလွှာကို ထုတ်ယူလိုက်ပြီး စတင်ရွေးခြစ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် နှလုံးခုန်မြန်သွားသည်။ သူက ရွှီချင်း၏ ဘေးသို့ အမြန်ရောက်ချလာသည်။ သူ၏ အကြည့်က ဝါးပေလွှာပေါ်သို့ ကျရောက်သွားသည့်အခါ ရွှီချင်းက သူ့နာမည်ကို ရေးထွင်းနေကြောင်း မြင်လိုက်ရသည်။
ထို့ကြောင့် ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။
“ ဂျူနီယာညီလေး… စီနီယာအကိုကြီးက တကယ်တော့ မင်းကို စနောက်နေတာပါ… မင်းရဲ့ ဝါးပေလွှာကို မြန်မြန် ဖယ်ထားလိုက်စမ်းပါ… အဲ့ဒါကို မလိုပါဘူး မလိုပါဘူး ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။ သူက တိုးညင်းစွာ ပြောသည်။
“ ငါတို့ရဲ့ တကယ့်အကျိုးအမြတ်က ဒီလက်သည်းခွံသုံးခုနဲ့တင် ဘယ်ကပါ့မလဲ… ”
ခေါင်းဆောင်သည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ထပ်မံဖြန့်ထုတ်လိုက်သည်။
ပူဖောင်းသုံးလုံးသည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာကြသည်။ ပူဖောင်းတစ်လုံးစီတွင် အသွေးအသားများနှင့် ငှက်မွှေးများပေါင်းစပ်ထားသော လက်ချောင်းတစ်ချောင်း ပါရှိသည်။ ယင်းတို့က သွေးစွန်းနေပြီး နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်နေလေရာ လွန်စွာ မျက်စိဖမ်းစားထားသည်။