ညီအကိုတွေ အစွမ်းထုတ်ပြခြင်း
Vol. 71 Ch. 1109
ရွှီချင်းသည် ပူဖောင်းသုံးလုံးထဲမှ လက်ချောင်းများကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် စိတ်ရင်းမှန်ဖြင့် ပြောနေဟန် ရသည်။
“ ချင်းလေး… ဘယ်လိုလဲ… ဒီတစ်ကြိမ် ငါတို့အကျိုးအမြတ်က ကောင်းတယ်မလား… ဟား ဟား ”
ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံကို ချက်ချင်း လှည့်ပတ်လိုက်ပြီး သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ လျှို့ဝှက်ရတနာသိုက်သည် သူ၏ အနောက်မှာ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ကို တုန်ယင်သွားစေကာ လေကြမ်းများ တိုက်ခတ်လာစေသည်။
သူ၏ မျက်လုံးသည် အနက်ရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ တားမြစ်အဆိပ်က ပျံ့နှံ့ထွက်လာသည့်အခါ နေနှင့်လသည် သူ၏ လျှို့ဝှက်ရတနာသိုက်ထဲမှာ နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားကြသည်။ လျှို့ဝှက်ရတနာသိုက်ထဲမှ ကောင်းကင်ဘုံတာအိုမိုဆာဆောသည် မီးတောက်ပင်လယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဆေးမီးဖိုသည် ပြင်းထန်စွာ လောင်ကျွမ်းလာသည်။
ချက်ချင်းဆိုသလို မမြင်နိုင်သော ဥပဒေသချည်မျှင်များသည် လျှို့ဝှက်ရတနာသိုက်ထဲမှ ပျံ့နှံ့ထွက်လာပြီး ရွှီချင်း၏ ဘေးနားတစ်ဝိုက်မှာ ရစ်ဝဲလာသည်။
ယင်းတို့သည် သူ၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ဥပဒေသများနှင့် နိယာမများဖြစ်သည်။ ယင်းတို့က ပျံ့နှံ့ထွက်လာသည့်အခါ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး သူပိုင်ဆိုင်သော တိုက်ပွဲနယ်မြေတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံတာအို၏ စိတ်ဆန္ဒကို ထုတ်လွှတ်လာသည်။
ယင်းက မပြီးဆုံးသေးပေ။ ဒြပ်နှောများသည် ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်လာကြသည်။ ယင်းက တားမြစ်အဆိပ်၏ အရှိန်အဝါဖြစ်ပြီး ဤနေရာကို အမြန်ပြောင်းလဲပစ်နေသည်။
ဤသည်ကို ခေါင်းဆောင်မြင်သောအခါ သူက အနည်းငယ် ကြောက်လန့်သွားသော်လည်း အပြင်ပန်းမှာ ထုတ်ဖော်မပြပေ။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်သည်။
“ ချင်းလေး… မင်းရဲ့ စီနီယာအကိုကြီးကို မယုံကြည်ဘူးလား ”
ခေါင်းဆောင်သည် စကားပြောပြီးသည်နှင့် သူ၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်သည်။ လျှို့ဝှက်ရတနာသိုက်တစ်ခုသည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။
သူ၏ လျှို့ဝှက်ရတနာသိုက်သည် ရွှီချင်းနှင့် ခြားနားသည်။ ထိုလျှို့ဝှက်ရတနာသိုက်ထဲမှာ လောကတစ်ခုမရှိပေ။ ယင်းအစား ငရဲသဖွယ် မည်းမှောင်နေသော အမှောင်ထုချည်းသာ ရှိသည်။ ချောက်ချားဖွယ်ကောင်းသော ဟိန်းသံများသည် အထဲမှာ ပဲ့တင်ထပ်နေပြီး သူပိုင်ဆိုင်သော ဥပဒေသစွမ်းအင်များကို ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားစေသည်။ ယင်းတို့က ရွှီချင်း၏ ဥပဒေသများနှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
“ ချင်းလေး… ကြည့်ရတာ စီနီယာအကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီနေ့ ငါတည်ဆောက်ရတော့မယ့်ပုံပဲ ”
ခေါင်းဆောင်သည် လက်ဝှေ့ယမ်းလိုက်သည်။ အပြာရောင်အလင်းသည် သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။
ရွှီချင်း၏ အစွမ်းသည် ဆက်လက် တိုးမြှင့်လာသည်။ သူ၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ခရမ်းလသည် အရောင်တောက်ပလာပြီး အပြင်ဘက်မှာ ဖြည်းညင်းစွာ မြှောက်တတ်လာသည်။ ခရမ်းလက ဤဧရိယာ၏ ဝေဟင်ပေါ်မှာ တန်းလန်းချိတ်ဆွဲသွားသည်နှင့် ခရမ်းရောင်အလင်းကို ဖြာဆင်းကျလာစေသည်။ ယင်းက ယခင်ကဲ့သို့ အလင်းရောင်သက်သက်သာ မဟုတ်ပေ။ ခရမ်းရောင်ပိုးကောင်များက ထိုအလင်းရောင်ထဲမှာ ဖွဲ့စည်းလာကြသည်။
ထိုပိုးကောင်များသည် ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားသည်။ တစ်ခါတစ်ရံ ၎င်းတို့က ပိုးကောင်အသွင်သို့ ပြောင်းလဲသွားကြပြီး တစ်ခါတစ်ရံ လရောင်ခြည်အဖြစ်သို့ ပြန်ပြောင်းလဲသွားကြသည်။
၎င်းတို့က ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ သူက နှလုံးတုန်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အပြာရောင်အလင်းသည် ခရမ်းရောင်အလင်းကြောင့် ပြန့်ကျဲသွားသည်။ သို့သော်လည်း စီနီယာအကိုကြီးဆိုသော သူ၏ ဂုဏ်ပုဒ်ကို စဉ်းစားလိုက်သည့်အခါ ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွလာသည်။ မျက်နှာများသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာကြသည်။ ထိုမျက်နှာများ၏ မျက်လုံးထဲတွင် နောက်ထပ်မျက်နှာများ ပုံရိပ်ထင်ပေါ်လာကြသည်။
ထို့နောက် အလွှာတစ်ခုပေါ်တစ်ခုထပ်၍ မျက်နှာအားလုံးသည် အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းက ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ထွန်းလင်းတောက်ပသွားစေသည်။ တစ်ဆက်တည်းမှာ သူ၏ ပုံရိပ်သည် အပြောင်းအလဲတချို့ ဖြစ်ပေါ်လာပြီး အပြာရောင်ပိုးကောင်များကို ထွက်ပေါ်လာစေသည်။ ထိုပိုးကောင်များသည် လူးလွန့်လှုပ်ရှားနေရင်း ပြင်းပြသော လိုအင်ဆန္ဒကို ၎င်းတို့၏ မျက်လုံးထဲမှာ ထုတ်ဖော်လိုက်ကြသည်။
“ ချင်းလေး… ငါတို့နှစ်ယောက် မတိုက်ခိုက်တာ အတော်ကြာသွားပြီပဲ… နောက်ဆုံးအကြိမ်က တားမြစ်ပင်လယ်မှာမလား… လာ လာ လာ… ဒီတစ်ကြိမ် ရှုံးတဲ့လူက… ”
ခေါင်းဆောင်က စကားဆုံးအောင် မပြောနိုင်ခင် ကျယ်လောင်သော မိုးခြိမ်းသံသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ မြည်ဟိန်းထွက်လာသည်။ ခရမ်းအလင်းပေါ်လျှိုးလာသည့်အခါ ရွှီချင်းသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။
သူလက်ညှိုးညွှန်လိုက်သော ဦးတည်ရာသည် နတ်ဘုရားမျက်နှာပျက်ကြီးမှလွဲ၍ တခြားမဟုတ်ပေ။
ထိုမြင်ကွင်းသည် အတိတ်တွင် လနန်းတော်ထဲမှာ သူက ခရမ်းသလင်းကျောက်ထဲမှ နတ်ဘုရားမျက်နှာပျက်ကြီး၏ ပုံရိပ်ကို ဆင့်ခေါ်ခဲ့သော လှုပ်ရှားမှုနှင့် တူညီသည်။ ဤသည်မှာ သူက နတ်ဘုရားမျက်နှာပျက်ကြီးကို နောက်တစ်ခါ ဆင့်ခေါ်တော့မည့်အလားပင်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ ပုံရိပ်က သူ၏ ခရမ်းသလင်းကျောက်ထဲမှာ မရှိတော့သော်လည်း…
ခေါင်းဆောင်သည် မသေချာပေ။ ဤအခိုက်အတန့်မှာ ခေါင်းဆောင်၏ မျက်ခွံသည် လှုပ်ခါသွားသည်။ သူ၏ နှလုံးသည်လည်း အပြင်းအထန် တုန်လှုပ်သွားသည်။ ထို့ကြောင့် အစောနက သူပြောချင်သော စကားကို ပြန်မျိုချလိုက်သည်။ မျက်တောင်တဖျပ်ဖျပ်ခတ်ပြီးနောက် ခေါင်းဆောင်သည် ရယ်မောလိုက်သည်။
“ ဂျူနီယာညီလေး… စိတ်လိုက်မာန်ပါ မလုပ်ရဘူးလေ… စီနီယာအကိုကြီး မှားသွားပါတယ်… အဟန့် အဟန့် ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် အမြန်လက်မြှောက်လိုက်ပြီး သွေးစွန်းနေသော နောက်ထပ်လက်ချောင်းသုံးချောင်းကို ထုတ်ပြလိုက်သည်။
“ လက်ချောင်းက ခြောက်ချောင်းပါ… သုံးချောင်းမဟုတ်ဘူး ”
ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်အလင်းသည် ပိုပြီးသိပ်သည်းလာသည်။
ခေါင်းဆောင်သည် နှလုံးခုန်မြန်လာပြီး သူ့ကိုယ်သူပင် ယုံကြည်မှုလျော့နည်းလာသည်။ ထို့ကြောင့် သူက နောက်ထပ် ငှက်မွှေးသုံးချောင်းကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။ တစ်ဆက်တည်းမှာ သူ၏ အမူအရာက တည်ကြည်လေးနက်လာသည်။
“ အဟန့်… မေ့လိုက်ပါတော့ မေ့လိုက်ပါတော့… ချင်းလေး… ဒီဟာက တကယ်အကုန်ပဲ ”
ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက ရွှီချင်းကို အကူအညီမဲ့စွာ ကြည့်လိုက်သည်။
ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။ ခရမ်းလသည်လည်း သူ၏ လျှို့ဝှက်ရတနာသိုက်ထဲသို့ ပြန်ဝင်ရောက်သွားသည်။ ထို့နောက် လျှို့ဝှက်ရတနာသိုက်သည် မှေးမှိန်သွားပြီး ဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားသည်။
ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်အေးသွားပြီး အနည်းငယ် ဘဝင်မြင့်သွားသည်။ သူက စိတ်ထဲမှာ တီးတိုးပြောလိုက်သည်။
‘ ချင်းလေး… အို ချင်းလေး… မင်းက အတွေ့အကြုံနုပါသေးတယ်ကွာ ’
ခေါင်းဆောင်က သူ၏ စိတ်ထဲမှာ ထိုသို့တွေးနေသော်လည်း အပြင်ပန်းမှာတော့ အကူအညီမဲ့သော အမူအရာကို ထုတ်ဖော်ထားသည်။ သူက တိုးညင်းစွာ ပြောလိုက်သည်။
“ ချင်းလေး… ဒီဟာတွေရဲ့ (၇၀)ရာခိုင်နှုန်းကို မင်းယူလိုက်ပါ… စီနီယာအကိုကြီး မှားသွားတယ်… ငါလောဘမကြီးသင့်ဘူး ”
ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက ခေါင်းဆောင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ တစ်ခဏ တွေးပြီးနောက် သူ၏ အကြည့်သည် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးထဲမှာ မရင်းနှီးသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ အထီးကျန်မှု တစ်စွန်းတစ်စက သူ၏ မျက်နှာပေါ်မှာ ရှိသည်။
ရွှီချင်း၏ ထိုသို့အကြည့်နှင့် အမူအရာသည် ခေါင်းဆောင်၏ နှလုံးကို တင်းကျပ်သွားစေသည်။
“ စီနီယာအကိုကြီး… ”
ရွှီချင်းက နူးညံ့စွာ ပြောသည်။ ဤသည်မှာ အစမှအဆုံးအထိ ပထမဆုံး သူပြောလိုက်သော စကားဖြစ်သည်။
ဤသည်ကိုကြားသောအခါ ခေါင်းဆောင်သည် ခန္ဓာကိုယ်တုန်ယင်သွားသည်။
“ ငါဘာမှမလိုချင်တော့ဘူး စီနီယာအကိုကြီး ”
ရွှီချင်းက ပြောသည်။
“ မင်းပဲ အကုန်ယူလိုက်ပါ ”
“ ဖုန်းဟိုင်ဒေသငယ်ကို ငါလွမ်းတယ်… ငါအရင် ပြန်နှင့်တော့မယ် ”
ရွှီချင်း၏ အသံသည် အနည်းငယ် အက်ရှနေသည်။ သူက စကားဆုံးအောင် ပြောပြီးနောက် အနောက်လှည့်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။ အထီးကျန်ဆန်သော အငွေ့အသက်က သူ၏ နောက်ကျောမှ ထွက်ပေါ်လာပြီး ညှိုးမှိုင်သော စိတ်ခံစားမှုကို ပေးသည်။
ထိုမြင်ကွင်းသည် အတိတ်မှာ ရွှီချင်းအပေါ် သူအသုံးပြုခဲ့သည့် အကွက်နှင့် အနည်းငယ် ဆင်တူနေကြောင်း ခေါင်းဆောင်မပြောနိုင်ပေ။
ဤအခိုက်အတန့်မှာ ခေါင်းဆောင်သည် ရွှီချင်း၏ နောက်ကျောကို ကြည့်နေရင်း ပြင်းထန်သော လှိုင်းလုံးများက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အပြစ်ရှိစိတ်ကို ခံစားမိသွားသည်။ သူက ဤတစ်ကြိမ် အမှန်တကယ် လွန်ကြူးသွားသည်ဟု ခံစားမိသည်။ သူက တခြားလူများအပေါ် ခေါင်းပုံဖြတ်နိုင်ပေသည်။ သို့သော်လည်း မည်သို့ကြောင့် သူ၏ ဂျူနီယာညီလေးကိုမှ ခေါင်းပုံဖြတ်မိသနည်း။
လောဘကြီးခြင်းသည် သူ၏ မွေးရာပါအကျင့်ဖြစ်သော်လည်း ရွှီချင်း၏ ယခုပုံစံကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် စိတ်မကောင်းဖြစ်သွားသည်။ သူက အကြမ်းပတမ်း ခြေဆောင့်လိုက်ပြီး အမြန်အော်ပြောလိုက်သည်။
“ ဂျူနီယာညီလေး… စီနီယာအကိုကြီး မှားသွားပါတယ် ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အသွေးအသားငှက်မွှေးများသည် တောင်ကုန်းငယ်တစ်ခုပမာ မြေပြင်ပေါ်မှာ စုပုံသွားသည်။
ကြောက်စရာကောင်းသော နတ်ဘုရားအစွမ်းသည် ထိုအသွေးအသားများထဲမှ ထွက်ပေါ်လာသည်။ အစောနက ခေါင်းဆောင်ထုတ်ပြခဲ့သော လက်ချောင်းခြောက်ချောင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ထိုတောင်ကုန်းသည် လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေရန် လုံလောက်သည်။
“ (၃၀)ရာခိုင်နှုန်း… အဲ့ဒါက နီလာနတ်သမီးရဲ့ အသွေးအသားခန္ဓာကိုယ် (၃၀)ရာခိုင်နှုန်းပဲ… ထုံစံအတိုင်း ငါတို့တွေ တစ်ယောက်တစ်ဝက် ခွဲယူကြမယ် ”
ခေါင်းဆောင်က နောက်ထပ်မစဉ်းစားတော့ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ရွှီချင်း၏ ခြေလှမ်းသည် တုံ့ခနဲ ရပ်တန့်သွားပြီး သူ၏ မျက်နှာအမူအရာကို ပြုပြင်လိုက်သည်။ သူက ဖြည်းညင်းစွာ အနောက်လှည့်လိုက်ပြီး စီနီယာအကိုကြီးကို ကြည့်လိုက်သည်။ သူ၏ အကြည့်သည် ရိုးသားပြီး သူက အမှန်တကယ် ရင်ထဲထိသွားပုံပေါ်သည်။ သူက နူးညံ့စွာ အော်ခေါ်လိုက်သည်။
“ စီနီယာအကိုကြီး ”
ခေါင်းဆောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက အကျိုးအမြတ်ကို ခွဲဝေယူရန် ရွှီချင်းကို အမြန်လှမ်းခေါ်လိုက်သည်။
မကြာမီ သူတို့နှစ်ယောက်က အသွေးအသားငှက်မွှေးများကို တစ်ယောက်တစ်ဝက် ခွဲဝေယူလိုက်ကြသည်။ ခေါင်းဆောင်သည် ရွှီချင်းအား ထိုအသွေးအသားများကို သိမ်းဆည်းရန် အထူးသိုလှောင်အိတ်တစ်လုံး ပေးလိုက်သည်။
နတ်ဘုရားတစ်ပါး၏ အသွေးအသားများကို သာမန်သိုလှောင်အိတ်များက မထိန်းသိမ်းနိုင်ပေ။ ထို့ပြင် ခေါင်းဆောင်၏ သားရေအိတ်ကို ရွှီချင်း ကိုင်ကြည့်လိုက်သည့်အခါ ယင်းကို ခေါင်းဆောင်၏ အရေပြားဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ရှာတွေ့သွားသည်။
ရွှီချင်းသည် သူ၏ အကျိုးအမြတ်များကို ကြည့်ပြီးနောက် စိတ်လှုပ်ရှားသွားသည်။ လပူဇော်ဒေသကြီးတွင် နှစ်အတော်ကြာ နေထိုင်ပြီးနောက် နောက်ဆုံးသူရရှိလာသော ပစ္စည်းများကို အလွန်စိတ်ကျေနပ်ပေသည်။
ရွှီချင်း၏ စိတ်ခံစားချက်အပြောင်းအလဲကို အာရုံခံမိသွားသောအခါ ခေါင်းဆောင်၏ နှလုံးသားထဲမှာ သံသယစိတ်ဝင်လာသည်။ သူက မမေးဘဲ မနေနိုင်ပေ။
“ ဂျူနီယာညီလေး… စောစောက မင်းသရုပ်ဆောင်နေတာလား… ဘာလို့ အဲ့ဒီမြင်ကွင်းကို ငါရင်းနှီးနေတယ်လို့ ခံစားမိတာလဲ… ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။ သူက ခေါင်းဆောင်၏ မျက်လုံးကို လေးနက်စွာ ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
ခေါင်းဆောင်သည် တုံ့ဆိုင်းနေသည်။ တစ်စုံတစ်ခုလွဲမှားနေကြောင်း သူခံစားမိနေဆဲပင်။ မျက်တောင်တဖျပ်ဖျပ်ခတ်ပြီးနောက် သူသည်လည်း ထိုသို့လုပ်ဆောင်နိုင်ကြောင်း တွေးမိသွားသည်။ ထို့ကြောင့် အထီးကျန်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
ရွှီချင်း၏ မျက်နှာပေါ်မှာ ခါးသီးသောအမူအရာ ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။
အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး ချောင်းဟန့်လိုက်သည်။
“ ချင်းလေး… မင်းက အကျင့်ဆိုးတွေ သင်ယူထားတာပဲ… ထားလိုက်ပါ ထားလိုက်ပါ… အလုပ်ကိစ္စပဲ ပြောကြတာပေါ့… ဒီတစ်ကြိမ် ငါတို့ရဲ့ အကျိုးအမြတ်က အဲ့ဒါပဲ မဟုတ်ဘူး… တခြားတစ်ခုရှိသေးတယ် ”
ခေါင်းဆောင်သည် စကားပြောပြီးသည်နှင့် ဘေးဘီသို့ တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ မည်သူမှမရှိကြောင်း သေချာအတည်ပြုပြီးနောက် သူက တိုးညင်းစွာ ပြောသည်။
“ အဲ့ဒါတွေက နီလာနတ်သမီးဆီက အကျိုးအမြတ်တွေပဲ… အဲ့ဒါတင်မကဘူး လီဇီဟွားဆီကနေ ငါတို့အကျိုးအမြတ်တစ်ခု ရဦးမယ်… အနာဂတ်မှာ သူပြန်ရောက်လာတဲ့အခါ နတ်ဘုရားကမ္ဘာတစ်ခုကို ငါတို့ကို ပေးမယ်လို့ ကတိပေးသွားတယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက ချက်ချင်း မျက်လုံးမှေးကျဉ်းလိုက်သည်။
“ နတ်ဘုရားကမ္ဘာလား ”
“ နတ်ဘုရားကမ္ဘာဟုတ်တယ် ”
ခေါင်းဆောင်သည် အလေးအနက် ခေါင်းညိတ်လိုက်သည်။
ရွှီချင်းသည် အစက ခေါင်းဆောင်ကို ယုံကြည်ချင်သည်။ သို့သော်လည်း ခေါင်းဆောင်၏ လေးနက်သော အမူအရာကို သူမြင်လိုက်ပြီးနောက် မသေချာတော့ပေ။ သို့သော်လည်း သူက ထိုအကြောင်းကို ထုတ်ဖော်မပြောပေ။ သူက ရင်းနှီးဖော်ရွေသော အမူအရာဖြင့် ခေါင်းဆောင်ကို ဆက်လက် ပြောဆိုဆက်ဆံသည်။
အဆုံးမှာ ရွှီချင်းသည် နီလာနတ်သမီး၏ ကိုယ်ပွားဖြစ်သော ကျန်းစီယွမ်ထံမှ အစိတ်အပိုင်းများကို မလိုချင်ပေ။ သူက ကျန်းစီယွမ်၏ ဆူးချွန်သရဖူမှ နောက်ဆုံးကျန်ရှိသော ခရမ်းရောင်အပိုင်းအစကိုသာ ယူလိုက်သည်။
ထိုခွဲဝေမှုနှင့်ပတ်သက်ပြီး ခေါင်းဆောင်သည် အလွန်စိတ်ကျေနပ်သည်။
အကျိုးအမြတ်ခွဲဝေပြီးနောက် ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွလာသည်။ သူက မျက်ခုံးပင့်တင်လိုက်ပြီး ရွှီချင်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
“ ချင်းလေး… လပူဇော်ဒေသကြီးထဲက ကိစ္စက ပြီးဆုံးသွားပြီ… ငါ့ကို ရက်နည်းနည်းလောက် အချိန်ပေးပါ… ငါ့အရင်မိန်းမက ငါ့ရဲ့ အသံပို့လွှတ်မှုကို အကြောင်းမပြန်ဘူးဆိုပေမဲ့ သူမထွက်သွားသေးတာ ငါသိတယ်… ငါ သူ့နောက်ကို အမှီလိုက်သွားဦးမယ် ”
“ ငါပြန်လာတဲ့အခါ ဖုန်းဟိုင်ဒေသငယ်ကို ငါတို့ပြန်ကြမယ် ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ ဤသည်မှာ သူ၏ နှလုံးသားထဲတွင် အပူတချို့ ရှိနေသည့်အလားပင်။ ထို့နောက် သူက ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်ပြီး အမြန်ထွက်ခွာသွားသည်။
ရွှီချင်းသည် ခေါင်းဆောင်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း နေရာမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။
ဤနေရာသည် သူတို့နှစ်ယောက်၏ အစွမ်းဖြင့် ချိပ်ပိတ်ခံထားရပြီး ခေါင်းဆောင်၏ သွေးဖြင့် စည်းချခံထားရသည်။ ထို့ကြောင့် ဤနေရာသည် ရွှီချင်းအတွက် တံခါးပိတ်ကျင့်ကြံရန် သင့်တော်ပေသည်။ ထို့ပြင် လပူဇော်ဒေသကြီးသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ကာကွယ်ပေးမှုအောက်မှာ အတော်လေး ဘေးကင်းလုံခြုံသည်။
သို့ဖြစ်၍ ရွှီချင်းသည် တခြားနေရာကို မရှာတော့ပေ။ ဤအခိုက်အတန့်မှာ သူက ခေါင်းငုံ့လိုက်ပြီး သူ၏ လက်ထဲမှ ခရမ်းရောင်ဆူးချွန်အပိုင်းအစကို ကြည့်လိုက်သည်။ ယင်းမှ ထုတ်လွှတ်နေသော အလင်းရောင်သည် သူ၏ ခရမ်းသလင်းကျောက်နှင့် အတော်လေး ဆင်တူသည်။
အရေးကြီးဆုံးမှာ သူက ထိုဆူးချွန်အပိုင်းအစကို ဆုပ်ကိုင်ထားစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်က မတည်ငြိမ်သော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်လာသည်။
“ အဲ့ဒါက ခရမ်းသလင်းကျောက်နဲ့ ဇစ်မြစ်တစ်ခုတည်း ဖြစ်ရမယ် ”
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ သူက ခရမ်းသလင်းကျောက်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။
ချက်ချင်းပင် ခရမ်းရောင်အလင်းသည် ရွှီချင်း၏ တစ်ကိုယ်လုံးမှ ပေါ်လျှိုးလာသည်။ ခရမ်းရောင်အလင်းသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး သူ၏ ပုံရိပ်ကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာ သူ၏ လက်ထဲမှ ဆူးချွန်အပိုင်းအစသည် ခရမ်းရောင်အလင်း တလက်လက်တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်နှင့် ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ ခရမ်းရောင်အလင်းသည် လွင့်ပြယ်သွားသည်။ သူက ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ၏ လက်ဖဝါးက ဗလာဖြစ်နေကြောင်း မြင်သွားသည်။ သူက နတ်ဘုရားစိတ်အာရုံကို ခရမ်းသလင်းကျောက်ထံသို့ ပို့လွှတ်လိုက်သည့်အခါ ထူးဆန်းသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ခရမ်းသလင်းကျောက်သည် ယခင်ကနှင့် အများကြီး မပြောင်းလဲသွားပေ။ ထင်ရှားသော အသွင်အပြင်တစ်ခုသာလျှင် ခရမ်းသလင်းကျောက်ထဲမှာ ထွက်ပေါ်လာသည်။ ခရမ်းသလင်းကျောက်ထဲတွင် ယခင်က ပုံမှန်ရှိနေကျဖြစ်သော မြူခိုးအငွေ့သည် ပျောက်ကွယ်သွားသည်။ ယခု ထိုနေရာမှာ ဝဲကတော့တစ်ခု အစားထိုးထွက်ပေါ်လာသည်။
ထိုဝဲကတော့သည် ဖြည်းညင်းစွာ လှည့်ပတ်နေပြီး အမည်မသိသော နေရာတစ်နေရာသို့ ဦးတည်နေသည်။
ရွှီချင်းသည် ခရမ်းသလင်းကျောက်၏ ထိုအပြောင်းအလဲကို နားမလည်ပေ။ သူက နတ်ဘုရားစိတ်အာရုံကို ခရမ်းသလင်းကျောက်ထဲသို့ ဝင်ရောက်သွားစေပြီး အထဲသို့ စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း ဝဲကတော့သည် အဆုံးမရှိသည့်အလား အလွန်နက်ရှိုင်းသည်။ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ဝဲကတော့ထဲသို့ မည်မျှတိုးဝင်သွားပါစေ သူက အဆုံးသို့ မရောက်ရှိနိုင်ပေ။
သို့သော်လည်း ထိုသို့စူးစမ်းနေစဉ်အတွင်း ရွှီချင်းသည် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသည်။
ဤသည်မှာ အကြည့်တချို့က သူ့ကို ဝဲကတော့၏ အဆုံးမှ စိုက်ကြည့်နေသည့်အလားပင်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက နတ်ဘုရားစိတ်အာရုံကို ပြန်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။ သူက အလောတကြီး မပြုမူဝံ့ပေ။
ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့ကို ခေါင်းဆောင်ပေးခဲ့သော သားရေအိတ်ကို ထုတ်ယူလိုက်သည်။ သူ၏ အကြည့်သည် စူးရှလာပြီး သူ၏ အမူအရာသည် တည်ကြည်လာသည်။
“ နီလာနတ်သမီးရဲ့ အသွေးအသားက နတ်ဘုရားတွေအတွက် ကြီးမားတဲ့ အာဟာရဓာတ်စာပဲ… အဲ့ဒါက ငါ့အတွက် ကြီးမားတဲ့ ကံကြမ္မာကောင်းလည်း ဟုတ်တယ် ”
“ ဒါဆိုရင် လျှို့ဝှက်ရတနာသိုက်ထဲ ဒီအသွေးအသားကို ထည့်ပြီး ငါ့ကောင်းကင်ဘုံတာအိုဆေးမီးဖိုကို စုပ်ယူခိုင်းမယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက ဘယ်လောက်ထိ တိုးမြှင့်သွားမှာလဲ ”
ကြီးမားသော မျှော်လင့်မှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ လပူဇော်ဒေသကြီးထဲမှ ကိစ္စများကို တွေ့ကြုံပြီးနောက် အထူးသဖြင့် နတ်ဘုရားများကြားမှ အထွတ်အထိပ်တိုက်ပွဲကို ကိုယ်တိုင်မျက်စိဖြင့် မြင်တွေ့ပြီးနောက် ဖြစ်သည်။
ထိုအရာအားလုံးသည် ပိုပြီးသန်မာချင်သော ရွှီချင်း၏ ဆုံးဖြတ်ချက်ကို ခိုင်မြဲလာစေသည်။
အထူးသဖြင့် စတုတ္ထသားတော် မသေဆုံးမီ ပြောကြားသွားခဲ့သော စကားသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေစဉ် ဖြစ်သည်။
“ ငါ့ရဲ့ အတိတ်က မင်းရဲ့ အနာဂတ်ဖြစ်နေမလား… ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အေးစက်စက် အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည့်အခါ လျှို့ဝှက်ရတနာသိုက်သည် သူ၏ အနောက်မှာ ထွက်ပေါ်လာပြီး ဝုန်းခနဲ မြည်ဟိန်းသွားသည်။
သူက ပိုပြီးသန်မာလာမှသာ ကျစ်လွီဆဲ့ အိမ်ရှေ့စံမင်းသားကို ရှာပြီး သတ်ပစ်နိုင်လိမ့်မည်။
သူက ပိုပြီးသန်မာလာမှသာ ဤလောကကြီး၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပြီး အမှန်တရားကို မြင်နိုင်လိမ့်မည်။
သူက ပိုပြီးသန်မာလာမှသာ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ရန် ယုံကြည်ချက်ရှိလိမ့်မည်။
ရွှီချင်းသည် လက်မြှောက်လိုက်ပြီး သားရေအိတ်ကို သူ၏ လျှို့ဝှက်ရတနာသိုက်ထဲသို့ ပစ်လွှတ်လိုက်သည်။