အခန်း (၄၃၀)
Vol. 36 Ch. 430
“မင်းလှုပ်လိုက်တာနဲ့ ငါမင်းကို ချက်ချင်းသတ်ပစ်မယ်”
အမှောင်ထုထဲမှ ကျန်းဖုကွမ်း၏ အသံသည် ပဲ့တင်ထွက်လာ၏။ နေရာအနှံ့မှ ရိုက်ခတ်လာပြီး မည်သည့်နေရာတွင် ရှိမှန်းကို မှန်းဆ၍ မရနိုင်ပါချေ။
“သွေးအရိပ်ဂိုဏ်းမှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ကျွမ်းကျင်သူ ရှိတာလား။ အရင်တုန်းက ကျုပ် သွေးအရိပ်ဂိုဏ်းကို သွားလည်ဖူးတယ်။ အဲ့တာကြောင့်မို့ ကျုပ်သွေးအရိပ်ဂိုဏ်းနဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်း နားလည်တယ်။ ကျုပ်အမြင်အရတော့ ခင်ဗျားရဲ့ ခွန်အားက ဂိုဏ်းထဲမှာ ထိပ်ဆုံးသုံးယောက်ထဲမှာ ပါလိမ့်မယ်။”
ယွဲ့ဟန်ကျွင်းက သတိကြီးကြီးထားလျက် ပတ်ဝန်းကျင်ကို အာရုံစိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားဘယ်မှာ ရှိလဲဆိုတာကို ကျုပ်မသိပေမဲ့ ခင်ဗျားသာ ကျုပ်အနောက်ကို လိုက်မယ်ဆိုရင် ခင်ဗျားလိုချင်တဲ့ ဘယ်အရာမဆို ကျုပ်ပေးမယ်ဗျာ။”
“သွေးအရိပ်ဂိုဏ်းက ကျန်းသခင်”
ကျန်းဖုကွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျန်းရီ၊ ဝိဉာဉ်ပျက်သုဉ်းဓားသွားလား”
ယွဲ့ဟန်ကျွင်း၏ သူငယ်အိမ်များက ကျဉ်းမြောင်းသွားပါသည်။ သူ၏ သတိထားမှုက နောက်တစ်ဆင့်သို့ တိုးမြှင့်သွား၏။ မှန်ပါသည်။ ထိုနာမည်က ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီ။ တစ်ချိန်တုန်းက ထိုနာမည်ကို ကြားလိုက်သော သူတိုင်းသည် ကျောရိုးထဲသို့ စိမ့်အောင်ပင် ကြောက်ရွံ့ခဲ့၏။
ယင်းမှာ ကျန်းဖုကွမ်း၏ အကြံအစည်ပင် ဖြစ်သည်။ သူ၏နာမည်ကို ဖော်ပြလိုက်ခြင်းက ယွဲ့ဟန်ကျွင်းကို လွယ်လွယ်ကူကူ လှုပ်ရှားခြင်းမှ လျော့ချလိုက်ခြင်းပင် ဖြစ်သည်။ သူက သူ၏ လုပ်ကြံသတ်ဖြတ်သည့် လုပ်အားကို ယုံကြည်သော်လည်း လက်ရှိ၌ သူ၏ ရည်ရွယ်ချက်မှာ လီဟမ်ရှန်းတစ်ယောက် လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်ရန်ပင် ဖြစ်သည်။
လီဟမ်ရှန်း ထွက်ပြေးသွားပြီးသည့် နောက်မှသာ ယွဲ့ဟန်ကျွင်းကို သူသတ်မည် ဖြစ်သည်။ သူက သတ်ဖြတ်ရာ၌ ကျဆုံးသွားသည့်တိုင် လီဟမ်ရှန်းက လွတ်မြောက်သွားမည် ဖြစ်၏။
“ဝိဉာဉ်ပျက်သုဉ်းဓားသွား၊ နတ်ဘုရားအဆင့် လက်နက်ထဲမှာ နံပါတ် ခြောက် ချိတ်တယ်။ ပြီးတော့ သွေးအရိပ်ဂိုဏ်းက သတ်ဖြတ်သူ နတ်ဘုရား ကျန်းရီ.. အဟက်.. ဒီလိုမျိုး လူတစ်ယောက်က ကျုပ်ကို ခြိမ်းခြောက်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။”
ယွဲ့ဟန်ကျွင်းက ရယ်လိုက်၏။
“ခင်ဗျားရဲ့ ဆရာသခင်က မြေအင်မော်တယ် တစ်ပါးကို လုပ်ကြံသတ်ဖြတ်တာ အောင်မြင်လုနီးပါး ဖြစ်ခဲ့တယ်လေ။ ခင်ဗျားကိုယ်တိုင်ကလည်း ခင်ဗျားဆရာရဲ့ တပည့်ဆိုတဲ့အတိုင်းပဲ။ တကယ်ကို အောင်မြင်ကျော်ကြားလွန်းလှပါတယ်။ ကျုပ် အမှတ်မမှားဘူးဆိုရင် တစ်ချိန်တုန်းက ခင်ဗျားက မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူကို လုပ်ကြံသတ်ဖြတ်တာ အောင်မြင်ခဲ့တယ်တဲ့။
အဲ့အချိန်တုန်းက ခင်ဗျားက မူလအဆင့်မှာပဲ ရှိသေးတယ်တဲ့လေ။ အဆင့်မြင့် ဆရာသခင်အဆင့်ကို ချိုးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာ မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူက ခြောက်ယောက်တောင် ခင်ဗျား သတ်ဖြတ်နိုင်ခဲ့တယ်။ ခင်ဗျားရဲ့ ဂုဏ်သတင်းကတော့ ခင်ဗျားရဲ့ ဆရာသခင်ကိုတောင် ကျော်သွားခဲ့ပါပြီ။
အဲ့အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်းမှာ ခင်ဗျားနဲ့ပတ်သက်တဲ့ သတင်းစကားတွေ ဘာတစ်ခုမှ မကြားရတော့ဘူး။ ကျုပ်က အဆုံးအစမဲ့ အကျဉ်းထောင်ထဲ ရောက်နေတယ်ဆိုပေမဲ့ အပြင်လောကက သတင်းတွေကို မှန်မှန်ရပါတယ်။ ခင်ဗျားက သွေးအရိပ်ဂိုဏ်းကို သစ္စာဖောက်တယ်။ အဲ့ဒါကြောင့်မို့ သွေးအရိပ်ဂိုဏ်းက ခင်ဗျားနောက်ကို တောက်လျှောက် လိုက်နေတာ။ ဒါပေမဲ့ ဂိုဏ်းက လွှတ်လိုက်တဲ့ လုပ်ကြံသူတွေ အကုန်လုံး ခင်ဗျားလက်ချက်နဲ့ အကုန်အသက်ပျောက် ခဲ့ရတယ်။ ကျန်းရီ ကျုပ်ခင်ဗျားကို လေးစားတယ်။
ကျုပ်အနောက်ကို လိုက်ပြီး သစ္စာခံပါ။ ခင်ဗျားလိုချင်တဲ့ အရာအားလုံး ကျုပ်ပေးနိုင်တယ်။”
ယွဲ့ဟန်ကျွင်းက ကျန်းဖုကွမ်းကို ဆက်လက်၍ ဆွဲဆောင်နေသည်။ ယွဲ့ဟန်ကျွင်း ဘာပြောပြော ကျန်းဖုကွမ်းက တိတ်ဆိတ်နေပါ၏။ သူက တောင်ထဲ၌ ရှိသော သားရဲမိစ္ဆာကြီး တစ်ကောင်ကဲ့သိုပင် သားကောင်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ယွဲ့ဟန်ကျွင်းက အားနည်းချက် တစ်စုံတစ်ရာ ပြလိုက်သည်နှင့် ကျန်းဖုကွမ်းက ချက်ချင်းကို သတ်တော့မည် ဖြစ်သည်။
ညအမှောင်ထုသည် ကျန်းဖုကွမ်း၏ မူပိုင် နယ်မြေပင် ဖြစ်ပါသည်။ အမှောင်ထဲ၌ ဘယ်သူကမှ သူ၏ လုပ်ကြံသတ်ဖြတ်မှုကို မလွတ်မြောက်နိုင်ပါချေ။ ကျန်းဖုကွမ်းက သူ၏ စွမ်းအားကို ယုံကြည်မှု ရှိသည်။ ထိုသူ့အတိုင်း ယွဲ့ဟန်ကျွင်းက အလျော့မပေးပါ။ သူက ဆက်လက်၍ ဆွဲဆောင်နေဆဲ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် သူ၏ သတိကိုလည်း နောက်တစ်ဆင့်သို့ တိုးမြှင့်ထားသည်။ ကျန်းဖုကွမ်းက တိုက်ခိုက်လာသည်နှင့်် အချိန်မရွေး တုံ့ပြန်နိုင်ရန် ပြင်ဆင်ထားပါ၏။
သူနည်းနည်းလေး စိတ်လျော့လိုက်သည်နှင့် ကျန်းဖုကွမ်းက ချက်ချင်း ထွက်ပေါ်လာပြီး သူ့ကို ခေါင်းဖြတ်တော့မည်ကို ယွဲ့ဟန်ကျွင်း နားလည်ပါ၏။ ဤနေရာတွင် သူသေဆုံးသွားနိုင်သည်။ တစ်ချိန်တည်းမှာပင် ယွဲ့ဟန်ကျွင်းက စိတ်ဖိစီးနေပါ၏။ သူက လီဟမ်ရှန်း ထွက်ပြေးသွားသော အနောက်သို့ ခက်ခက်ခဲခဲ လိုက်ခဲ့ရခြင်း ဖြစ်သည်။
သူသာ ဆက်လက်၍ နှောင့်နှေးနေမည် ဆိုပါက လီဟမ်ရှန်းနှင့်ပတ်သက်သော စိတ်ဝိဉာဉ်စွမ်းအား အကြွင်းအကျန်များက အပြည့်အဝကို ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထိုအချိန်မှစပြီး လီဟမ်ရှန်းကို ခြေရာခံ လိုက်ဖို့မှာ ခက်ခဲသွားတော့မည် ဖြစ်သည်။ စန်းယွမ်နယ်မြေကြီးသည် ကျယ်ပြန့်လှပါ၏။ လူတစ်ဦးကို ရှာဖွေရန်မှာ မလွယ်ကူလှပါ။
ထိုသို့တိုင် ကျန်းဖုကွမ်းက သူ့ကို နှောင့်နှေးအောင် ဆက်လက်၍ လုပ်နေ၏။ ယွဲ့ဟန်ကျွင်းကို ဘာတစ်ခုမှ မလှုပ်နိုင်အောင် ပိတ်ဆို့ထားပါသည်။ တစ်နာရီက ကုန်လွန်သွား၏။ ထို့နောက်တွင် နှစ်နာရီက ကုန်လွန်သွားပါသည်။ အချိန်က တဖြေးဖြေးနှင့် ကုန်ဆုံးသွားသည့် နောက်တွင် ယွဲ့ဟန်ကျွင်းသည် ကျန်းဖုကွမ်း၏ သည်းခံနိုင်စွမ်းကို လေးစားလာပြီဖြစ်သည်။
နှစ်နာရီလုံးလုံးပင် ယွဲ့ဟန်ကျွင်းက ကျန်းဖုကွမ်းကို သူ့လက်အောက်သို့ရောက်ရန် ဆွဲဆောင်နေခဲ့သည်။ ထိုအချိန်မှ စ၍ ယခုအချိန်ထိ ကျန်းဖုကွမ်းက တိတ်ဆိတ်နေစမြဲသာ ဖြစ်၏။ သူကဤနေရာ၌ လုံးဝ မတည်ရှိသည့်အလားပင် ဖြစ်သည်။ သို့သော် ကျန်းဖုကွမ်း ဤနေရာ၌ ရှိသည်ကို ယွဲ့ဟန်ကျွင်း ခံစားမိပါသည်။ သူ၏ အားနည်းချက် တစ်စုံတစ်ရာထုတ်ပြမည်ကို စိတ်ရှည်ရှည်နှင့် စောင့်နေခြင်းပင် ဖြစ်သည်။
သွေးအရိပ်ဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်မှုသည် စန်းယွမ်နယ်မြေ၏ ထိပ်တန်းတွင် ရှိသည်။ နှစ်နာရီသာမက နှစ်ရက်၊ ရက်နှစ်ဆယ် လနဲ့ချီအောင်ကိုပင် လုပ်ကြံသတ်ဖြတ်သူက စောင့်ဆိုင်းနိုင်သည်။
သားကောင်က အားနည်းချက် တစ်စုံတစ်ရာကို ပြမည့်အချိန်ကို သူတို့က စောင့်ဆိုင်းနိုင်ရန်အတွက် အပြင်းအထန် လေ့ကျင့်ထားခြင်းပင် ဖြစ်ပါ၏။ ပြီးတော့ နေ့ခင်းကြောင်တောင်ကြီးကို ညအမှောင် ဖြစ်သွားအောင် လုပ်ဆောင်နိုင်တဲ့ ပန်းချီရတနာက ဘယ်လိုကြီးတုန်း။ ဒီညအမှောင်ထုက အဆုံးအစမဲ့ အကျဉ်းထောင်ရဲ့ အမှောင်ထုလိုမျိုး မဟုတ်ဘူး။ မှောင်မည်းနေတာပဲ။
သူတို့နှစ်ဦးမှာ ကျောက်ရုပ်ကြီးအလားပင် ဘယ်လောက်ကြာကြာ ရှိမှန်းမသိအောင် ရပ်တန့်နေခဲ့သည်။ ထိုအခိုက်တွင် ကျယ်ပြန့်သော သဲကန္တာရတွင် တခြားသော ပုံရိပ်များ ထွက်ပေါ်လာ၏။ ဒါဇင်နှင့် ချီသော ပုံရိပ်များသည် အမှောင်ထုထဲသို့ တိုးဝင်လာသည်။ ဝင်လာသော ပုံရိပ်များမှာ အသံတစ်စက်မှ မထွက်ဘဲ တိတ်ဆိတ်နေခဲ့ပါ၏။ ရုတ်တရက် မှောင်မည်းနေသော အမှောင်ထုကြီးကို အလင်းတန်းများက ဖုံးလွှမ်းသွားပါသည်။
ကျန်းဖုကွမ်း၏ ပန်းချီရတနာသည် ကောင်းကင်ထက်၌ လွင့်မျောနေ၏။ ထိုပန်းချီရတနာသည် ယခုအချိန်၌တော့ တစ်စုံတစ်ဦး၏ လက်ထဲသို့ ရောက်နေပါသည်။ အသစ်ရောက်လာသော သူသည် မျက်နှာမဲ့ ပန်းချီသူတော်စင် ဖြစ်သည်။ မျက်နှာမဲ့ ပန်းချီသူတော်စင်သည် ပန်းချီ ရတနာကို လှမ်းဆွဲကာ ဖမ်းယူလိုက်၏။
သူက မီးအိမ်၏ အောက်တွင်ရှိသော အမှောင်ထုကို ကိုင်ကြည့်လိုက်သည်။ လက်ထဲတွင်ရှိသော ပန်းပုရုပ်ထုကို သေသေချာချာ လေ့လာလိုက်၏။ ထိုပန်းပုရုပ်ထုမှာ ဆန်းကြယ်သော စွမ်းအားများနဲ့ ဖုံးလွှမ်းနေသည်ကို သူသတိပြုမိလိုက်သည်။
ဒါက ပန်းချီရတနာလား။
မျက်နှာမဲ့ ပန်းချီသူတော်စင်သည် ယခုလိုမျိုး ရတနာကို သူ့ဘဝတစ်လျှောက်၌ ပထမဦးဆုံးအကြိမ်အဖြစ် မြင်ရခြင်း ဖြစ်ပါသည်။ သဲကန္တာရတစ်ခုလုံးကို ဖုံးလွှမ်းနေသော အမှောင်ထုက ပျောက်ကွယ်သွားပြီး အလင်းများ ရောက်လာသောကြောင့် ယွဲ့ဟန်ကျွင်းက မျက်မှောင်ကြုတ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်၏။
သူ့ပတ်ပတ်လည်တွင် သွေးအရိပ်ဂိုဏ်းမှ လူများစွာက ရောက်ရှိနေပြီ ဖြစ်သည်။ ယွဲ့ဟန်ကျွင်းသည် ဤနေရာ၌ ပိတ်ဆို့နေသည့်အခိုက်တွင် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုပြီး မျက်နှာမဲ့ ပန်းချီသူတော်စင်ဆီ အခြေအနေကို ပို့လိုက်ပါသည်။ မျက်နှာမဲ့ ပန်းချီသူတော်စင်က ယွဲ့ဟန်ကျွင်း၏ အခြေအနေကို သိပြီးနောက်တွင် သွေးအရိပ်ဂိုဏ်းမှ လူများစွာကို ခေါ်ချလာခြင်းပင် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်က သစ္စာဖောက်သူ ကျန်းဖုကွမ်းကို ဖမ်းဆီးရန် ဖြစ်၏။