အခန်း (၄၃၂)
Vol. 36 Ch. 432
အပြာရောင်ဆံနွယ်များနှင့် လူငယ်လေးက ကျန်းဖုကွမ်း၏ နှလုံးသားကို ဓားစိုက်ထားလျက် စိုက်ကြည့်နေ၏။ ထို့နောက်မှ ဓားကို နှလုံးသားထဲမှ ပြန်ဆွဲထုတ်လိုက်သည်။ ကျန်းဖုကွမ်းသည် သွေးများ စီးကျနေပြီး မြေပြင်ထက်သို့ လဲကျသွားသည်။
“ဆရာသခင်… ကျွန်တော် တောင်းပန်ပါတယ်”
အပြာရောင်ဆံနွယ်လေးနှင့် လူငယ်လေးက အနောက်သို့ ဆုတ်လိုက်သည်။ သူက ဒူးထောက်ချလိုက်ပြီးနောက် ဝပ်တွားလိုက်ပါ၏။
“ကျွန်တော့်ကို လုပ်ကြံသတ်ဖြတ်တဲ့ ပညာ သင်ကြားပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီနေ့ ဆရာသခင်ကို ပြန်သတ်ရတာက ဂိုဏ်းရဲ့ အမိန့်ကြောင့်ပါ။ ဆရာသခင်သိပါတယ်။ ကျွန်တော်က သွေးအရိပ်ဂိုဏ်းဝင်ဖြစ်တာကြောင့် ဂိုဏ်းအမိန့်ကို မလွဲမသွေ လိုက်နာရမယ့် တာဝန်ရှိပါတယ်။”
ကျန်းဖုကွမ်းက သူ့အရှေ့တွင် ရှိသော လူငယ်လေးကို စိုက်ကြည့်နေခဲ့သည်။ ထိုလူငယ်လေးသည် သူခြောက်နှစ်လုံးလုံး သင်ကြားပေးခဲ့ရသော တပည့်ဖြစ်ပါသည်။ ဂိုဏ်းထဲရှိ ဘယ်သူကမှ ထိုလူငယ်လေးကို အရေးမစိုက်သောကြောင့် သူက သင်ကြားပေးခဲ့ရခြင်းပဲ ဖြစ်ပါ၏။ သို့သော် ဂိုဏ်းက ပြင်းပြင်းထန်ထန် တားမြစ်ထားသည်မှာ လုပ်ကြံသတ်ဖြတ်သူ တစ်ဦး၏ စွမ်းရည်ကို ဖုံးကွယ်ထားခြင်းပင် ဖြစ်သည်။ အခြားလူတစ်ယောက်၏ စွမ်းရည်ကို ပြင်းပြင်းထန်ထန် တားမြစ်ထားပြီးနောက် ကျန်သောသူများက သိရှိအောင် ရှာဖွေ ခြင်း မပြုရပါ။
ထို့ကြောင့် သူ၏ကိုယ်ပိုင်တပည့်၏ စွမ်းရည်ကိုလည်း မသိခဲ့ပါ။ သူတပည့်က သာမန်လူ မဟုတ်ဆိုတာကိုသာ သိခဲ့ပါသည်။ နောက်ပိုင်းတွင်တော့ ဂိုဏ်းက သူ့ထံမှ သူ့တပည့်ကို ခေါ်ဆောင်သွားပြီး အထူးလေ့ကျင့်နည်း တစ်ခုကို လေ့ကျင့်ရန်ဟု အမည်တပ်ကာ ခရီးထွက်သွားခဲ့ပါသည်။
ထိုအချိန်မှ စပြီး တပည့်ဖြစ်သူနှင့် သူက ပြန်မတွေ့ခဲ့ပါချေ။ ကျန်းဖုကွမ်းက စကားပြောရန် ကြိုးစားလိုက်၏။ သို့သော် လည်ချောင်းထဲမှာ သွေးများနှင့် နစ်မွန်းသွား၏။ ထို့နောက်တွင် သွေးများက ပါးစပ်ထဲမှ အန်ထွက်လာ၏။ အပြာရောင် ဆံနွယ်နှင့် လူငယ်လေးက ဆောင့်ကြောင့် ထိုင်ချလိုက်၏။ ကျန်းဖုကွမ်းကို စိုက်ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
“ဆရာသခင်… ဆရာသခင်က သေဆုံးတော့မှာ မို့လို့ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကို ဆရာသခင့်ကို ပြောပြပါ့မယ်။
ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်က အရမ်းကို ကြီးမားတာကြောင့် ဂိုဏ်းချုပ်တစ်ယောက်ပဲ သိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သတ်ဖြတ်နိုင်တဲ့ စွမ်းရည်က… ကျွန်တော် ပုန်းခိုနိုင်တဲ့ နေရာက လေပဲဖြစ်ပါတယ်။ လေတိုက်တဲ့ နေရာတိုင်းမှာ ကျွန်တော် ရှိနေတယ်။”
ထိုသို့ ပြောပြီးနောက်တွင် အပြာရောင်ဆံနွယ်လေးနှင့် လူငယ်လေးက ကျန်းဖုကွမ်း၏ ဝိဉာဉ်ပျက်သုဉ်းခြင်းဓားသွားကို ဆွဲယူလိုက်ပြီးနောက်တွင် လေထုထဲ၌ တစ်ခါမှ မပေါ်လာခဲ့သလို ပျောက်ကွယ်သွားခဲ့သည်။ သဲကန္တာရ ထဲတွင်တော့ ကျန်းဖုကွမ်း၏ အလောင်းသာ တည်ရှိနေခဲ့ပါ၏။
မြောက်ပိုင်းအေးခဲ နိုင်ငံတော်
ချန်ချင်းစံအိမ်တော်
ကျန်းစစ်ယောင်လေးသည် အနီရောင်ဘောလုံးလေးကို သူမ၏ လက်သေးသေးလေးနှင့် ပိုက်ကာ အဝေးသို့ ငေးကြည့်နေခဲ့၏။ သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် ကျောက်တုံးစားပွဲထက်တွင် ကျုံ့ကျုံ့လေး ထိုင်နေခဲ့သည်။ သူမသည် ဤနေရာ၌ မလှုပ်မယက်ဘဲ သုံးရက်တိတိ စောင့်နေခဲ့ပါသည်။ ကျန်းဖုကွမ်းက အပြင်သို့ တစ်ယောက်တည်း ဒီတစ်ကြိမ် ထွက်ခဲ့သည်။
ဖခင်ပြန်လာမည်ကို ကျန်းစစ်ယောင်လေးက ဤနေရာ၌ လိမ္မာစွာ စောင့်နေခဲ့သည်။ သူမ ဖခင်ပြန်လာပြီး ဒီရက်ပိုင်းမှာ သူမက လိမ်လိမ်မာမာနေခဲ့လားဟု မေးမည်ကို သူမစောင့်နေခဲ့ပါသည်။ ကျန်းစစ်ယောင်က သူမဖခင်က အပြင်သို့ ထွက်ပြီးနောက် ပြန်လာပြီးသည့် အချိန်တိုင်း မေးမြန်းသည့် မေးခွန်းများကို အသားကျနေခဲ့ပြီ ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ ကျန်းဖုကွမ်းက မသွားခင်၌ သူမကို သေချာမှာခဲ့၏။ သုံးရက်ကြာပြီး နေဝင်ပြီးသည့်နောက်တွင် သူပြန်ရောက်မလာခဲ့ပါက သူမသည် သူ့ကို စောင့်ဆိုင်းနေစရာ မလိုတော့ဟု သေချာမှာခဲ့၏။ ကျန်းစစ်ယောင်သည် သူမဖခင်ကို အတိတ်တုန်းက လွန်စွာ စိတ်မပူခဲ့ပါ။ သို့သော် ယခုအကြိမ်တွင်တော့ သူမ၏နှလုံးသား သေးသေးလေးထဲတွင် ဆိုးဝါးသော ခံစားချက်များကို ရနေခဲ့၏။
ကုန်လွန်ခဲ့သော သုံးရက်အတွင်း၌ သူမသည် မကောင်းသော ခံစားချက်များကိုသာ ရနေခဲ့သည်။ ယခု၌ နေဝင်တော့မည် ဖြစ်သည်။ ဖခင်ဖြစ်သူ ပြန်မလာသေးပါ။ နေက မိုးကုတ်စက်ဝိုင်းအောက်၌ ဝင်သွားခဲ့သည်။ ကျန်းစစ်ယောင်၏ မျက်ဝန်းများမှ မျက်ရည်များက ထိန်းမရ သိမ်းမရနိုင်အောင် ကျဆင်းနေခဲ့သည်။ သူမသည် အနီရောင် ဘောလုံးလေးကို ပိုက်နေပြီး သည်းထန်စွာ ငိုကြွေးနေပါ၏။
ဖခင်ဖြစ်သူ မေးခဲ့သော မေးခွန်းများကို သူမ ပြန်မြင်ယောင်နေခဲ့သည်။
“လူကြီးမင်း ချန်ချင်းနဲ့ နေရတာ ပျော်ရဲ့လား..”
“ပျော်တာပေါ့..။ ဒီမှာက ကောင်းကောင်းလည်း စားရတယ်။ ဝတ်စရာအဝတ်အစားတွေလည်း အများကြီးပဲလေ။”
“ဒါပေမဲ့ အဖေတို့က လူကြီးမင်းချန်ချင်းကို အမြဲ ဒုက္ခ ပေးလို့မရဘူး”
“ဖေဖေနဲ့ တူတူရှိရတဲ့အချိန်တိုင်း စစ်ယောင်က အရမ်းပျော်တယ်။ ဖေဖေနဲ့တူတူဆို ဘယ်မှာ နေနေ ပျော်တယ်။”
“အဲ့ဒါဆိုရင် လူကြီးမင်းချန်ချင်းကို ဖေဖေ အကြွေးဆပ်ပြီးသွားရင် ဖေဖေတို့နှစ်ယောက်က ငြိမ်းချမ်းတဲ့ရွာလေးတစ်ရွာမှာ တိတ်တိတ်ဆိတ်ဆိတ် နေကြမယ်လေ … ဟုတ်ပြီလား။”
“အွန်း..”
ထိုပြောဆိုသော စကားများသည် ကျန်းစစ်ယောင်၏ နားထဲ၌ ပြန်လည် ကြားယောင်နေခဲ့၏။ ယခုအကြိမ်တွင် ဖခင်ဖြစ်သူကို တကယ်ဆုံးရှုံးလိုက်ရပြီဟု ကျန်းစစ်ယောင်၏ နှလုံးသားက ခံစားနေခဲ့ရသည်။ ထိုအခိုက်တွင် ခြံတံခါးကို ပိတ်ဆို့ထားသော နေရာ၌ တံခါးတွန်းဖွင့်သံကို ကြားလိုက်ရသည်။
ပုံရိပ်တစ်ခုက ဝင်လာသည်။
ဝင်လာသော ပုံရိပ်သည် ကျန်းစစ်ယောင်လေးအား ဝမ်းနည်းသော အမူအရာနှင့် ကြည့်နေ၏။ ရောက်လာသော လူကို သူမလေးက မော့ကြည့်လိုက်သည်။
“စစ်ယောင်..လာ ဦးတို့သွားရအောင်”
ရောက်လာသော လူသည် ယန်ပါးထောင်ဖြစ်သည်။ ယန်ပါးထောင်က ကျန်းစစ်ယောင်လေး ရှိရာသို့ လက်ကို ဆန့်တန်းလိုက်ပါသည်။ လီချန်ချင်း မသေခင်မှာပင် သူသေပြီးနောက် ဖြစ်လာမည့် အရာအားလုံးကို စာများစွာ ရေးပြီး လူများစွာကို တာဝန်ပေးခဲ့သည်။ လီချန်ချင်းက ယန်ပါးထောင်ကိုလည်း စာတစ်စောင်ပေးပြီး သူသေပြီးနောက် ဖြစ်လာမည့် အဖြစ်အပျက်များကို ညွှန်ကြားခဲ့ပါသည်။
ထိုစာထဲ၌ ကျန်းဖုကွမ်းနှင့် သူ့သမီးကို ကောင်းမွန်စွာ စောင့်ရှောက်ရန်အတွက်လည်း ပါဝင်ခဲ့၏။ သူတို့က ဤနေရာမှ ထွက်သွားချင်လျှင် မတားမြစ်ရန်နှင့် သူတို့က မထွက်သွားချင်ပါက ချန်ထင်းမြို့သို့ ပြန်လည်စောင့်ရှောက်ရန်မှာ တစ်ပါတည်း ရေးသားထားပါသည်။ သို့သော် လီချန်ချင်းက ကျန်းဖုကွမ်းသည် သူ၏သေဆုံးမှုကြောင့် ယွဲ့ဟန်ကျွင်းအား လက်စားချေ သတ်ဖြတ်မည်နှင့် ကျန်းဖုကွမ်းသာ အချိန်မဆွဲထားပါက လီဟမ်ရှန်းက သေရမည်ဆိုသော် အချက်အလက်များကို သူကြိုမမြင်နိုင်ခဲ့ပါ။
ယွဲ့ဟန်ကျွင်းနှင့် မျက်နှာမဲ့ ပန်းချီသူတော်စင်တို့က အချိန်ကြာမြင့်အောင် လီဟမ်ရှန်းကို ရှာဖွေခဲ့သည်။ သို့သော် လေဟာနယ်လှိုဏ်ခေါင်းလမ်းကြောင်းမှာ လုံးဝကို ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကျန်းဖုကွမ်း၏ အချိန်ဆွဲထားမှုကြောင့် လီဟမ်ရှန်းကို သူတို့ မရှာဖွေနိုင်တော့ပါချေ။ ယွဲ့ဟန်ကျွင်းက လီဟမ်ရှန်းကို ရှာဖွေနိုင်မည့် သဲလွန်စကို လုံးဝ လက်လွှတ်လိုက်ရမည် ဖြစ်သည်။ ထိုဖြစ်ရပ်က ယွဲ့ဟန်ကျွင်းကို အလွန်အမင်း စိတ်တိုစေခဲ့သည်။ ထို့ကြောင့် စန်းယွမ်နယ်မြေအရှင်သခင်၏ ရာထူးနှင့်အတူ လီဟမ်ရှန်းကို ဝရမ်းထုတ်လိုက်ပါတော့သည်။ လီဟမ်ရှန်းကို အသက်ရှင်လျက် ဖမ်းဆီးနိုင်သည့် ဘယ်သူမဆို ပန်းချီအင်မော်တယ်တစ်ပါး ရေးဆွဲထားသော ပန်းချီရတနာကို ချီးမြှင့်မည်ဟု ဆုကြေးထုတ်လိုက်သည်။
ဖြစ်ရပ်များမှာ စန်းယွမ်နယ်မြေကြီး၌ ဤကာလအတွင်း ခပ်မြန်မြန်ပင် ဖြစ်ပေါ်ခဲ့သည်။
လီချန်ချင်းကတော့ သေဆုံးသွားခဲ့ပါပြီ…။