← Chapters

အခန်း (၄၃၅)

Vol. 36 Ch. 435

အခန်း (၄၃၅)

Vol. 36 Ch. 435

“လီယွင် ဟုတ်လား”

ဟိုင်ဒေါင်ရှန်က လီဟမ်ရှန်းအား ခြေဆုံးခေါင်းဆုံး ကြည့်ပြီးနောက် ပြောလိုက်ခြင်း ဖြစ်ပါသည်။ သူ၏ အကြည့်ထဲတွင် သံသယဝင်မှုများ အပြည့်နှင့် ဖြစ်နေခဲ့၏။

“မင်းက ဘယ်က လာတာလဲ”

ဟိုင်ဒေါင်ရှန်၏ မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ လီဟမ်ရှန်းက ရင်တစ်ချက် ခုန်သွား၏။ သူသာ သူဘယ်က လာလဲဆိုတာကို မပြောပြနိုင်ရင် အခြေအနေတွေက ပိုပြီး ဆိုးလာတော့မည် ဖြစ်သည်။ သူ၏လိမ်လည်မှုမှာ ပေါ်လာတော့မည် ဖြစ်သည်။ ဒါပေမဲ့ လီဟမ်ရှန်းက အရင်ကတည်းကိုမှ တိမ်ကန္တာရ နယ်မြေကို မရောက်ဖူးခဲ့တာ..။

ဒါကြောင့်မို့လို့ ဘယ်နေရာကလာလဲဆိုတာကို သူဘယ်လို ပြောပြနိုင်မှာလဲ။

“ဘာလဲ .. မင်းက ဘယ်နေရာကလာလဲဆိုတာတောင် မင်းမပြောပြနိုင်ဘူးလား”

ဟိုင်ဒေါင်ရှန်ပင် မဟုတ်ပါ။ နံဘေးတွင် ရှိသော တစ္ဆေစစ်သားများပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ တစ်စုံတစ်ယောက်က သူ့ခါးတွင် ချိတ်ထားသော ဓားကိုပင်လျှင် ဆွဲထုတ်ပြီး လီဟမ်ရှန်းကို ချိန်ရွယ်ထားပါတော့သည်။ လီဟမ်ရှန်းက မဟုတ်တာ တစ်ခုခု ပြောလိုက်သည်နှင့် သတ်ဖြတ်တော့မည် ဖြစ်သည်။

“ကျုပ်က အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်က လာတာပဲ ဖြစ်ပါတယ်”

လီဟမ်ရှန်းက အံတင်းတင်းကြိတ်လျက် တစ္ဆေမျိုးနွယ်ဝင်များထဲတွင် သူသိသော တစ်ခုတည်းသော နယ်မြေ၏ နာမည်ကို ရွတ်ပြလိုက်သည်။ ထိုသူများက သူ့ကို ဆက်လက်၍ ဖိအားပေးနေပါက လီဟမ်ရှန်းက ဘယ်လိုလုပ်ရမလဲ မသိတော့ပါ။ အသေခံပြီးသာ ပြန်တိုက်ခိုက်ရမည် ဖြစ်သည်။ သူမမျှော်လင့်ထားမိသည်က အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်ဟူသော စကားလုံးများ ထွက်လာပြီးသည့်နောက်တွင် တစ္ဆေမျိုးနွယ်ဝင်များ အားလုံးက အားပါးတရ ရယ်မောနေကြသည်ကိုပင် ဖြစ်သည်။

“လက်စသတ်တော့ ဒီလိုကိုး..။ မင်းက ဘယ်ကလာလဲဆိုတာကို ပြောဖို့ အဲ့လောက်ထိ ကြောက်နေတာ မထူးဆန်းတော့ပါဘူး။ ဟား..ဟား…။ တစ်ခါတုန်းက အရမ်းနာမည်ကြီးလှတဲ့ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော် တစ်ခုလုံးကို ထာဝရရှင်သန်ခြင်းဂိုဏ်းက ညတွင်းချင်းပဲ မျိုးတုန်းသတ်ဖြတ်ခဲ့တယ်။

မင်းတို့နယ်မြေက ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်တဲ့ ချူးချန်ခုန်တောင်မှ အခု ပျောက်ဆုံးနေတယ် မဟုတ်ဘူးလား။ တစ်ချိန်တုန်းက ခမ်းနားကြီးကျယ်လှတဲ့ နိုင်ငံတော်ကြီးက ထာဝရရှင်သန်ခြင်းဂိုဏ်းကြောင့် အခုလောက်ထိ အဆင့်ကို ရောက်သွားတာက မင်းတို့ကိုယ် မင်းတို့ ရှေးဟောင်းနိုင်ငံတော်လို့ ခေါ်တာ မရှက်ကြဘူးလားကွာ…။

အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်လို နေရာက လူတွေတောင် ငါတို့ရဲ့ တစ္ဆေမြို့တော်ကို ရောက်လာကြပြီ။ တကယ့်ကို ဟာသပဲ။ တစ်ခါတုန်းက ဆိုရင် မင်းတို့နိုင်ငံတော်က လုံးဝကို ပြိုင်ဘက် ကင်းခဲ့တာလေ။”

လူတိုင်း၏ လှောင်ပြောင်မှုနှင့် ကြုံတွေ့ရသော အခါတွင် လီဟမ်ရှန်းက ဘာတစ်ခွန်းမှ မပြောပါ။ သို့သော် သူ့စိတ်ထဲတွင်တော့ စိတ်သက်သာရာ ရသွားခဲ့ပါသည်။ ထိုအခိုက်တွင် တစ္ဆေစစ်သားတစ်ဦးက ဟိုင်ဒေါင်ရှန်ကို ပြောလိုက်သည်။

“အရှင်ဟိုင်…အချုပ်ခန်းထဲမှာ ရှိတဲ့လူတိုင်းကို ကျုပ်တို့တွေ စစ်ဆေးပြီးသွားပြီ။ ဒါပေမဲ့ လီဟမ်ရှန်းလို့ခေါ်တဲ့ လူကို မတွေ့ဘူး။ အခုအခြေအနေအရတော့ အဲ့လူက ကျုပ်တို့ရဲ့ တစ္ဆေမြို့တော်ကို မရောက်လာလောက်ဘူး ထင်တယ်ဗျ။”

ထိုစကားကို ကြားသော် လီဟမ်ရှန်း၏ နှလုံးသားက တဆက်ဆက်တုန်ရီ သွားခဲ့သည်။ ဒီလူတွေက သူ့ကို ရှာနေတာပါလား။

“ဘယ်လိုပဲဖြစ်ဖြစ်…. ရှာတာတော့ မမှားဘူးလေ။”

နောက်ထပ် တစ္ဆေ စစ်သားတစ်ဦးက ဝင်ပြောလိုက်၏။

“စန်းယွမ်နယ်မြေ အရှင်သခင်က ထူးထူးခြားခြား အခုလိုမျိုး ဖမ်းဝရမ်းထုတ်ခဲ့တာလေ။ ဒီလီဟမ်ရှန်းကို အင်မော်တယ်အဆင့်ရှိတဲ့ ပန်းချီရတနာနဲ့ လဲလှယ်လို့ရတယ်။ သူသာ ဒီတစ္ဆေမြို့တော်မှာ ပေါ်လာလို့ကတော့ ကျုပ်တို့တွေတော့ ချမ်းသာပြီပဲ. ဟုတ်တယ်မလား… အရှင်ဟိုင်”

ဟိုင်ဒေါင်ရှန်သည် ဘာတစ်ခွန်းမှ မပြောပါ။ သူ၏အကြည့်မှာတော့ သူ့အရှေ့တွင် ရှိသော လူလေးဦးအပေါ်သို့ ကျရောက်နေဆဲ ဖြစ်သည်။ ထို့နောက်မှ သူသည် ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။

“ဒီလေးယောက်ကို ချုပ်ထားလိုက်ဦး..။ လောလောဆယ်မှာ သူတို့ကို အိမ်တော်ရဲ့ အစေခံအဖြစ် ခဏ ထားထားလိုက်။ ရက်နည်းနည်းကြာရင် မြို့တော်ကနေပြီးတော့ လီဟမ်ရှန်းရဲ့ ပုံတူ ပန်းချီကား ရောက်လာလိမ့်မယ်။ အဲ့အချိန်ကျရင် ဒီလေးယောက်ထဲမှာ လီဟမ်ရှန်းက ရှိတယ်ဆိုရင် ငါတို့သေချာသိရမှာပဲ. ။ ဒီလေးယောက်ထဲက တစ်ယောက်ယောက်က နာမည်အတု ပြောပြီး ငါတို့ကို လိမ်နေတာလည်း ဖြစ်နိုင်တယ်လေ။ ပန်းချီကား ပုံတူ ရပြီးတဲ့အခါကျရင်တော့ အလိမ်ဖော်နိုင်ပြီပေါ့ကွာ။”

ဟိုင်ဒေါင်ရှန်က ညွှန်ကြားလိုက်သည်။

“အမိန့်အတိုင်းပါ”

စစ်သားများကလည်း ပြန်ဖြေလိုက်၏။ သို့သော် လီဟမ်ရှန်း၏ နှလုံးသား တစ်ခုလုံးသည် တင်းကျပ်သွားခဲ့ပါသည်။ သူ၏ ပုံတူပန်းချီကားမှာ ရက်နည်းနည်းကြာရင် ရောက်လာမည်တဲ့လား။

သူဘာလုပ်ရပါ့မလဲ။ ထိုအရာသာ ရောက်လာပါက သူအလိမ်ပေါ်တော့မည် ဖြစ်သည်။ မဖြစ်သေးဘူး။ သူဒီနေရာကနေ မြန်နိုင်သမျှ မြန်အောင် ထွက်ပြေးမှ ရမယ်။ တစ္ဆေမြို့တော်ကနေ ထွက်ပြေးမှ ဖြစ်မယ်။ ပြီးတော့ လုံခြုံတဲ့ နေရာတစ်ခုကို ရှာရမယ်။

“သူတို့ကို ခေါ်သွားလိုက်တော့”

ထိုအခိုက်မှာပင် မြောက်များစွာသော စစ်သားများက အရှေ့သို့ တက်လာပြီး အကျဉ်းသားများကို ခေါ်သွားတော့သည်။ အကျဉ်းထောင်ထဲမှ ထွက်လာပြီးသည့်နောက်တွင် သူတို့သည့် ပြိုလုဆဲဆဲ ရှိသော အိမ်တန်းများ ရှိရာ နေရာသို့ ရောက်လာခဲ့၏။ လီဟမ်ရှန်းကို ထိုအိမ်လေးထဲသို့ အတွန်းခံလိုက်ရသည်။

“အလုပ်က မနက်စောစောမှာ စတယ်။ မင်းရဲ့ တာဝန်က မြင်းတွေကို အစာကျွေးရမယ်။ မနက်အစောကြီး မထနိုင်ဘူးဆိုရင်တော့ ကြာပွတ်စာ မိမယ်။”

တစ္ဆေစစ်သားက လီဟမ်ရှန်းကို ပြောလိုက်သည်။ လီဟမ်ရှန်းက အသံတစ်ချက်မှ မထွက်ပါ။ ပြိုလုဆဲဆဲ အိမ်၌ ဖုန်များနှင့် အောက်သိုးသိုးအနံ့များက အပြည့်ဖြစ်နေသည်။ အရာအားလုံးက ပြိုကျ ပျက်စီးနေတော့သည်။ ဤနေရာသည် လူသားတစ်ဦး နေထိုင်ရန်အတွက် လုံးဝ မသင့်တော်ပါ။ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ အစေခံ တပည့် ဖြစ်စဉ်က သူနေထိုင်ခဲ့သော နေရာသည် ယခု နေရာထက် အဆတစ်ရာခန့် ပို၍ပင် သာပါသေးသည်။

အိပ်ယာနှင့် စောင်သည် နံစော်နေပြီး အန်ချင်စရာပင် ကောင်းလှသည်။ လီဟမ်ရှန်းက ပြတင်းပေါက် အပြင်သို့ ကြည့်လိုက်သောအခါ တစ္ဆေစစ်သားများစွာတို့က ကင်းလှည့်နေသည်ကို မြင်လိုက်ရသည်။ ထို တစ္ဆေ စစ်သားများက သူတို့ကို စောင့်ကြပ်နေကြခြင်းဖြစ်သည်။ သူတို့ ထွက်ပြေးမည်ကို စိုးရွံ့နေကြပါ၏။ ဤနေရာ၌ ပိတ်မိတော့မည်ကို လီဟမ်ရှန်း သိနေပါသည်။ ယခုအချိန်တွင် သူလုပ်ရန် လိုအပ်သည်မှာ သူ၏ဒဏ်ရာများကို ခပ်မြန်မြန် ကုသပြီး သူ၏ပန်းချီကားမရောက်ခင် ဤနေရာမှ ထွက်ပြေးရန် ဖြစ်ပါသည်။

လီဟမ်ရှန်းက ဒဏ်ရာ ကုသရန်အတွက် ပြင်ဆင်လိုက်ချိန်မှာပင် အပြင်ဘက်မှ အသံတစ်သံ ထွက်လာပါ၏။

“မင်းလည်း ဒီမှာ နေရမယ်။ အထဲဝင်..။”

ထိုအသံ ထွက်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုသည် အိမ်ထဲသို့ ကျဆင်းလာ၏။

“အား….”

ခြေထောက်နာသွားသောကြောင့် တိတ်တဆိတ် ကျိန်ဆဲလိုက်သော လူသည် အပေါ်သို့ မော့ကြည့်လိုက်သောအခါ လီဟမ်ရှန်းကို တွေ့လိုက်၏။ သူက အံ့အားသင့်စွာ ပြောလိုက်သည်။

“လီယွင်ပါလား…မင်းက ဒီမှာပဲ နေနေရတာလား..။ ဘာလောက်တောင် ထူးဆန်းလိုက်သလဲ”

“ဟွမ်လီ”

ဟွမ်လီ ဝင်လာသောကြောင့် လီဟမ်ရှန်းက ပဟေဠိဖြစ်နေခဲ့၏။

“မင်းဒီကို ဘယ်လိုရောက်လာတာလဲ..။ မင်းက သူတို့သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ မကိုက်ညီဘူးလေ။ အခုလောက်ဆိုရင် မင်းက အပြင်မှာ လွတ်သွားပြီ မဟုတ်ဘူးလား။”

“ဟမ့်…”

ဟွမ်လီက မတ်တပ်ရပ်ပြီးနောက် ပြောလိုက်၏။

“ကျုပ်က တစ္ဆေမြို့တော်ကိုတောင်မှ အသက်ရှင်လျက် ရောက်လာတာ ကံကောင်းပဲ။ ဒီနေရာအပြင် တခြားဘယ်နေရာမှလည်း သွားစရာ မရှိဘူး။ နောက်တော့ ကျုပ်သတင်းကြားခဲ့တယ်.။ စစ်သူကြီး တဲကောင်းရဲ့ စံအိမ်တော်က လူသားမျိုးနွယ် အစေခံတွေ လိုအပ်နေတယ်တဲ့..။ အဲ့ဒါကြောင့်မို့ ကျုပ်ဒီမှာနေပြီး အလုပ်လုပ်မလားလို့ စဉ်းစားတာပဲ။ ဒါမဲ့နောက်ဆုံးတော့ မင်းနဲ့အတူတူ တစ်ခန်းထဲ ကျမယ်လို့ မထင်ထားမိဘူး။ ဒါက တကယ့်ကို တိုက်ဆိုင်မှုပဲ..။”

လီဟမ်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီလူတွေ ဘယ်သူ့ကို ရှာနေလဲဆိုတာကိုတော့ငါလည်း မသိဘူး။ ကြားရသလောက်တော့ လီဟမ်ရှန်းဆိုတဲ့လူကို ရှာနေတာလို့ ပြောတယ်။ အဲ့လူက ဘယ်သူမို့လို့လဲ။ ဘာလို့ အဲ့လောက် အရေးကြီးနေရတာလဲ”

ဟွမ်လီက ဆက်တိုက်ကို ပြောလိုက်သည်။

“ငါလည်း မသိဘူး”

လီဟမ်ရှန်းသည် ခေါင်းခါပြလိုက်သည်။

“မနက်ဖြန်ကျရင် ငါတို့ စောစောထပြီး အလုပ်လုပ်ရမှာ မင်းသိတယ်မလား။ ငါတို့လူသားမျိုးနွယ်တွေအတွက် ဒီနေရာက မလွယ်ကူနေဘူး။ လုပ်စရာအလုပ်တွေက အရမ်းကို များလွန်းတယ်။ ပြီးတော့ ရတဲ့ ငွေကြေးကလည်း အရမ်းကို နိမ့်လွန်းတယ်။ အဲ့အပြင် လူသားမျိုးနွယ်တွေရှိတဲ့ လူသားနယ်မြေကိုလည်း ပြန်သွားဖို့ကျတော့ ခက်ခဲကြမ်းတမ်းလွန်းပြန်တယ်။”

ဟွမ်လီက စကားစတင်၍ များပါတော့သည်။

“ဘယ်လောက် ခက်ခဲတာမို့လို့လဲ”

ထိုကိစ္စနဲ့ပတ်သက်ပြီး လီဟမ်ရှန်း စိတ်ဝင်စားသွားသည်။ သူက တစ္ဆေမြို့တော်မှ ထွက်ပြေးလာပါက လူသားမျိုးနွယ်များ ရှိရာဘက်သို့ ပြေးရမည် ဖြစ်သည်။

“ဘယ်လောက်ခက်လဲ..ဟုတ်လား”

ဟွမ်လီက ရယ်လိုက်သည်။

“မဖြစ်နိုင်ဘူးလို့တောင် ပြောလို့ရတယ်ကွာ.။ မင်းကသာ မြေလျှောက် အင်မော်တယ် ဒါမှမဟုတ် မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့။ တစ္ဆေမြို့တော်ကနေ မင်းထွက်သွားပြီးရင် သိပ်မကြာခင်မှာပဲ သွေးစုပ်တစ္ဆေမျိုးနွယ်တွေနဲ့ တွေ့မှာ..။သွေးစုပ်တစ္ဆေမျိုးနွယ်တွေက မင်းမှာရှိတဲ့ သွေးတွေ အကုန်လုံးကို ခြောက်ကပ်အောင် စုပ်ယူကြလိမ့်မယ်။ မင်းလို ပြန်လည်မွေးဖွားခြင်းအဆင့် မပြောနဲ့..။ မူလအဆင့်တွေတောင်မှ တစ္ဆေမြို့တော် အပြင်ဘက်ကို အရမ်းကာရော မသွားရဲဘူးကွ။ ငါတို့ရဲ့ တစ္ဆေမြို့တော်ရဲ့ မြို့သခင်ရဲ့ကာကွယ်မှုသာ မရှိရင် လူသားမျိုးနွယ်တွေက ဒီနေရာမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”

ဟွမ်လီ၏ စကားကို ကြားသော် လီဟမ်ရှန်းက အခြေအနေကို အကြမ်းဖျင်းတော့ သိနေရပြီ ဖြစ်သည်။ တိမ်ကန္တာရ နယ်မြေ၌ တစ္ဆေမျိုးနွယ်ဝင်များစွာတို့ ရှိ၏။ အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်း နယ်မြေဘက်သို့ ပြန်လည် ပြေးရန်မှာ မလွယ်ကူလှပါချေ။ သူသာ ဤနေရာ၌ ဆက်လက်၍ နေထိုင်ပါက တစ္ဆေမြို့တော်သို့ သူ၏ ပုံတူ ပန်းချီကား ရောက်လာလျှင် အဖမ်းခံရပြီး ယွဲ့ဟန်ကျွင်းထံသို့ အပို့ခံရမည် ဖြစ်သည်။

ထိုနေရာတွင် သေခြင်းက သူ့အတွက် အကောင်းဆုံး ညှာတာမှုပင် ဖြစ်မည် ဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ဦးဆုံး သူဒဏ်ရာ ကုမှ ဖြစ်မည်။ လီဟမ်ရှန်းသည် ဟွမ်လီပြောသမျှကို ခေါင်းသာ ငြိမ့်ပြီးနောက် လစ်လျူရှုကာ အိပ်ယာထက် ထိုင်ပြီး ဒဏ်ရာကို စတင် ကုသပါတော့သည်။

ညနေရောက်မှသာ တစ္ဆေမျိုးနွယ်များက သူတို့ထံ အစားအသောက် လာပို့သည်။ အစားအစာများမှာ လွန်စွာ ရွံရှာဖွယ် ကောင်း၏။ ပေါက်စီ ပူပူနှင့် ကျောက်ခဲကဲ့သို့ မာကျောလှသော အမျိုးအမည် မသိသည့် အရာတစ်ခုဖြစ်သည်။

စားကြည့်သောအခါ အက်ဆစ်များကို မြိုချနေရသည့်အလား ဖြစ်နေ၏။ တစ်ကိုက် ကိုက်ပြီးသောအခါ လီဟမ်ရှန်းက အန်ထွက်လုမတတ် ဖြစ်သွားခဲ့ပါသည်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိ တခြားသော စားစရာများလည်း သူတို့မှာ မရှိပါ။ ဟွမ်လီကတော့ ထိုအစားအသောက်များကို အားပါးတရ စားသောက်ပြီး သဘောကျ နှစ်ခြိုက်နေသည့်အလားပင် ဖြစ်သည်။ ထိုအဖြစ်ကို မြင်သော် လီဟမ်ရှန်းက ပြောစရာ စကားပင် မရှိအောင် ဆွံ့အ နေခဲ့ရပါတော့သည်။

လူတစ်ယောက်ရဲ့ အစာအိမ်က အဲ့လို ရွံစရာကောင်းတဲ့အရာတွေကို စားနိုင်တာတဲ့လား။ နောက်ဆုံးတော့ ညသန်းခေါင်တော့ ရောက်လာခဲ့ပြီ။ သူ၏ဒဏ်ရာ အများစုက သက်သာသွားပြီ ဟု လီဟမ်ရှန်းက ခံစားလိုက်ရ၏။ သူ၏ခွန်အားမှာလည်း ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။ ကံဆိုးသည်က သူ၏ အင်မော်တယ် ပုံဖော်ခြင်းလှံကိုတော့ ဘယ်မှာမှ ရှာမတွေ့ပါချေ။

လီဟမ်ရှန်းကို စိတ်သက်သာရာ ရစေသည့် တစ်ချက်မှာ သူ၏လက်သူကြွယ်တွင် ရှိသော ကိုယ်ပျောက်နေသည့် သိုလှောင်လက်စွပ် ရှိနေခြင်းပင် ဖြစ်သည်။ ထိုကိုယ်ပျောက်နေသည့် သိုလှောင်လက်စွပ်သည် မြွေဖြူလမ်းကြောင်းသို့ လီချန်ချင်း ရောက်လာစဉ် အခါက သူ့ကို တစ်စုံတစ်ခု ဖြစ်ခဲ့ပါက ထိုလက်စွပ်ကိုယူပြီး ထွက်ပြေးရန်အတွက် ပေးအပ်ခဲ့သော လက်စွပ်လည်း ဖြစ်ပါ၏။ ဖခင်ဖြစ်သူက တစ်စုံတစ်ခုသာ သူ့အပေါ် ဖြစ်သွားခဲ့ပါက ထိုလက်စွပ်ထဲတွင် ရှိသော သေတ္တာများကို ဖွင့်ပြီး အသုံးပြုပါဟုလည်း မှာကြားထားပါသည်။

လီချန်ချင်း၏စကားကို လီဟမ်ရှန်းက လုံးဝ မမေ့လျော့ခဲ့ပါ။ သူ့မျက်စိရှေ့တွင် ဖခင်ဖြစ်သူ သေဆုံးသွားသော်လည်း သိုလှောင်လက်စွပ်အတွင်းတွင် ရှိသော သေတ္တာ အပြာရောင်လေးကို ထုတ်လိုက်ပြီးသည့် အခါတွင် သူ၏နှလုံးသားထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်ဝ နေခဲ့ပါ၏။ လီဟမ်ရှန်းသည် အပြာရောင် သေတ္တာလေးကို ဖြည်းညင်းစွာဖြင့် ဖွင့်လိုက်ပါသည်။

လရောင်အောက်တွင် လီဟမ်ရှန်းသည် သေတ္တာထဲမှ ရတနာတစ်ခုကို တွေ့လိုက်၏။ ၎င်းသည် သစ်သားပန်းပုရုပ်ထု တစ်ခု ဖြစ်၏။ ထိုပန်းပုရုပ်ထုကို မြင်သောအခါ လီဟမ်ရှန်း၏ မျက်လုံးများသည် မျက်ရည်များဖြင့် စိုရွှဲသွားခဲ့ပါသည်။

ထိုအခိုက်မှာပင် အရာအားလုံးကို လီဟမ်ရှန်း နားလည်သွားခဲ့၏။ သူ၏ကျင့်ကြံခြင်းလမ်းကြောင်းက တခြားသူတွေနဲ့ မတူဘဲ ဘာကြောင့် အရမ်းကို ချောမောနေရတာလဲဆိုသည့် ဆန်းကြယ်မှု၊

သတ်ဖြတ်သူ တစ်သောင်းတောင်ထိပ်မှ အစေခံတပည့်ဘဝမှ မူဟိုင်ဖုန်းတောင်၏ တိုက်ရိုက်တပည့်အဖြစ်သို့ ဘာကြောင့် ရောက်သွားလဲဆိုသည့် အချက်များ….

ဝူတောက်ကျိ၏ သစ်သားပန်းပုရုပ်ထု၊ သူ့အသက်ကို ကယ်ခဲ့သော ဖီးနစ် ပန်းပု ရုပ်ထု ထိုအရာများ အားလုံး၏ ဆန်းကြယ်မှုများက ယခုအချိန်တွင်တော့ လီဟမ်ရှန်းတွင် အဖြေများ ရရှိခဲ့ပြီဖြစ်သည်။

ဖခင်ဖြစ်သူ လီချန်ချင်းသည် ချင်းလဲ့ဓားသခင် ဖြစ်သည်။ သူ့အတွက်ကြောင့် ဖခင်ဖြစ်သူသည် ကွမ်လန်နန်းတော်ကို မကြောက်မရွံ့နှင့် ဆန့်ကျင်ခဲ့သည်။ ဆုမိသားစု၏ မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူနှင့် ယှဉ်၍ တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို နဂါးသွေးအဆီအနှစ်များစွာလည်း ပေးခဲ့၏။ ယင်းမှာ ဖခင်ဖြစ်သူ၏ ချစ်ခြင်းတရားပင် ဖြစ်သည်။ ယခုအချိန်တွင်တော့ အရာအားလုံးက ရှင်းလင်းသွားခဲ့ပြီ။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လူတွေက ဘာကြောင့် သူ့ကို ရိုရိုသေသေနှင့် ဆက်ဆံကြတာလဲ။ ဘာကြောင့် သူမျက်နှာတစ်ချက် ညှိုးမှာကို ကြောက်ရွံ့နေကြတာလဲ။ အဲ့ဒါတွေ အားလုံးက သူ့ဖခင်ရဲ့ ပံ့ပိုးမှုကြောင့်ပင် ဖြစ်ပါသည်။ လီဟမ်ရှန်းသည် သေတ္တာအပြာထဲတွင် ရှိသော ပန်းပုရုပ်ထုကို ထုတ်ယူလိုက်သည်။ ထိုပန်းပုရုပ်ထုကို ကြည့်ပြီး အနည်းငယ် အံ့ဩနေခဲ့၏။ ပန်းပုရုပ်ထုမှာ ပုံစံ မကျပါချေ။

ထိပ်ဆုံး၌ ကြာပန်းတစ်ပွင့် ရှိသည်။ အောက်ဘက်တွင်တော့ မီးအိမ်တစ်ခု၏ အောက်ခြေနှင့် တူနေခဲ့၏။ ထုလုပ်ထားသည်မှာ လက်ရာမြောက် လှပါသည်။ ထို့အပြင် အသုံးပြုထားသော သစ်သားမှာလည်း သာမန်မဟုတ်ဘဲ ထူးခြားသော သစ်သားကို အသုံးပြုထားဟန် ရှိသည်။ လီဟမ်ရှန်းက ထိုပန်းပုရုပ်ထုကို နတ်ဘုရား အာရုံဖြင့် အာရုံခံလိုက်သော အခါတွင် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ့မျက်လုံးများကို ဖွင့်လိုက်ပါတော့သည်။

All Chapters