← Chapters

အခန်း (၄၃၉)

Vol. 36 Ch. 439

အခန်း (၄၃၉)

Vol. 36 Ch. 439

ငါက တကယ်ပဲ လီဟမ်ရှန်းလေ..။ ဒီပန်းချီကားထဲက ပုံတူက ဘာလို့ ငါနဲ့ မတူရတာလဲ။ ဒီပန်းချီကို ဆွဲတဲ့သူက သူ့ကိုယ်သူ ငါ့အဖေလို့ ပြောနေတဲ့ ယွဲ့ဟန်ကျွင်း မဟုတ်ဘူးလား..။ ပြီးတော့ ယွဲ့ဟန်ကျွင်းဆိုတဲ့သူကလည်း နယ်နယ်ရရ လူမှ မဟုတ်တာ စန်းယွမ်နယ်မြေကြီး တစ်ခုလုံးမှာ ဟိုးရှေးသမိုင်းကနေပြီးတော့ အခုထိ ပေါ်ပေါက်ခဲ့ဖူးတဲ့ အသက်အငယ်ဆုံးသော ပန်းချီသူတော်စင်လေ။ သူ့လို ပန်းချီသူတော်စင်တစ်ယောက်အနေနဲ့ ငါ့ရုပ်ကို ပန်းချီဆွဲဖို့ဆိုတာက အလွန်အင်မတန်ကို လွယ်ကူလွန်းလှတယ် မဟုတ်ဘူးလား..။

အဲ့တာဆိုရင် ဒီလူတွေက ပန်းချီကားကို ကြည့်ပြီးတာတောင်မှ ပန်းချီကားထဲကပုံနဲ့ ငါနဲ့ဘာလို့ မတူဘူးလို့ ပြောနေကြတာလဲ။ ဟိုင်ဒေါင်ရှန်မှာလည်း အလွန်တရာမှကို အံ့အားသင့်နေသည်။ သူ၏ နှလုံးသားထဲတွင်တော့ မသိစိတ်က ပြင်းပြင်းထန်ထန် ပြောနေသည်မှာ သူ့အရှေ့တွင် ရှိသော လီယွင်ဆိုသည့် ငနဲသားသည် လီဟမ်ရှန်းပင် ဖြစ်သည်ဟု ပြောနေခြင်းပင် ဖြစ်သည်။ သို့သော် ပန်းချီကားပုံထဲမှ ပုံနှင့် သူ့အရှေ့ရှိ လူငယ်၏ ပုံက လားလားမှကို မတူညီနေပါချေ။ ပန်းချီကားထဲက ပုံရိပ်သည် အပြင်တွင်ရှိသော လီဟမ်ရှန်းနှင့် ဆင်တူဖြစ်မနေရုံသာမက နှစ်ယောက်လုံးက လုံးဝကို ကွဲပြားခြားနားသော ပုံစံများနှင့်ပင် ဖြစ်ပါသည်။

“ခေါင်းဆောင်ဟိုင်… ခင်ဗျားက အရမ်းတွေ အကျိုးဆောင်ချင်နေတယ်ဆိုတာကို ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာ ရှိတဲ့ အပြစ်မဲ့တဲ့ တွေ့ကရာလူတွေကို ဖမ်းတယ်။ ပြီးရင် နှိပ်စက်ရိုက်နှက်ပြီးတော့ အစေခံလုပ်ခိုင်းတယ်။ ပြီးတော့ ခင်ဗျားတို့က လူသားမျိုးနွယ်အချင်းချင်းနော်။ ဒီလိုလုပ်ရပ်မျိုးကို မြို့သခင်သာ ကြားသွားရင်တော့ သူက ကျေနပ်မှာတော့ မဟုတ်ဘူး။”

ပြောလိုက်သူမှာ ခေါင်းဆောင်လေးဦးအနက် ဗလတောင့်တောင့်နှင့်် ထိပ်ပြောင်ပြောင် လူကြီးပင် ဖြစ်သည်။ သူက အေးစက်စွာဖြင့် လှောင်ပြောင်လိုက်ခြင်းလည်း ဖြစ်ပါ၏။ ဟိုင်ဒေါင်ရှန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင်လျှင် အိုးတိုးအန်းတန်းဖြစ်သွားခဲ့ပါသည်။

သို့သော် ယခုအခြေအနေတွင်တော့ သူက ဘာတစ်ခွန်းမှ ပြောနိုင်စွမ်း မရှိပါ။ လီဟမ်ရှန်းကို ဖမ်းဝရမ်း ထုတ်ထားသော်လည်း ဒေသကြီးသုံးခု၌ အရိပ်အယောင်ပင် ရှာမတွေ့သောကြောင့် တစ္ဆေမျိုးနွယ်ဝင်များ ရှိရာ တိမ်ကန္တာရနယ်မြေ၌ ရှိကိုရှိရမည်ဟု သူက တစ်ထစ်ချတွက်ချက်ခဲ့ခြင်းဖြစ်ပါသည်။ ပြီးတော့ တိမ်ကန္တာရ နယ်မြေတွင် လူသားမျိုးနွယ်များ အသက်ရှင်လျက် ရှိနိုင်သည့် နေရာသည် တစ္ဆေမြို့တော် တစ်ခုတည်းတွင်သာ ရှိပါ၏။

ထို့အပြင် သူ့အရှေ့တွင် ရှိသည့် လီယွင်ဟူသည့် ငနဲသားသည် လီဟမ်ရှန်း၏ အချက်အလက်များနှင့် အတော်များများ ကိုက်ညီလွန်းလှပါသည်။ ကျင့်ကြံခြင်းအဆင့်၊ အသက်၊ သူအသုံးပြုသော သိုင်းပညာများပင်လျှင် ဆင်တူယိုးမှား ရှိလှပါ၏။ ဒါပေမဲ့ ထျန်းဟိုင်မြို့က ပို့လိုက်သည့် ပန်းချီကားချပ်က ပုံနှင့်် တစ်စက်ကလေးမှ မတူညီနေသည်က ပြဿနာပင် ဖြစ်ပါသည်။ ထိုဖြစ်ရပ်မှာ ဟိုင်ဒေါင်ရှန်အား လွန်စွာမှကို စိတ်ရှုပ်ထွေးစေခဲ့ပါသည်။

“တော်ပြီ..”

စစ်သူကြီးတဲကောင်းက ဟိုင်ဒေါင်ရှန်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ သို့သော် ဘာစကားတစ်ခွန်းမှတော့ မပြောခဲ့ပါ။ သူက ခံစားချက်ကင်းမဲ့နေသော လေသံဖြင့်သာ ပြောလိုက်သည်။

“ဒီကိစ္စကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်မယ်။ ခေါင်းဆောင်ဟိုင်က တမင်သက်သက် ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘူး။ လီဟမ်ရှန်းကို အလိုရှိနေတာက အခုအသစ်တာဝန်ယူထားတဲ့ စန်းယွမ်နယ်မြေ အရှင်သခင်ပဲ။ ပြီးတော့ သူက ဆုကြေးအနေနဲ့ အင်မော်တယ် အဆင့်ရှိတဲ့ ပန်းချီရတနာကိုပါ ကမ်းလှမ်းထားသေးတယ်။ ဒါကြောင့်မို့လို့ လီဟမ်ရှန်းဆိုတဲ့လူက သာမန်လူတော့ မဟုတ်ဘူး။ ဒီလိုလူမျိုးက ငါတို့ရဲ့ တစ္ဆေမြို့တော်မှာ လွယ်လွယ်ကူကူနဲ့ ပေါ်လာပါ့မလား။ ပြီးတော့ ဘာမဟုတ်တဲ့ တစ္ဆေစစ်သားတွေက အဲ့လိုလူမျိုးကို ဖမ်းဆီးနိုင်မယ်လို့ မင်းတို့ ထင်နေလား။ ဖြစ်နိုင်ချေက အရမ်းကို နည်းပါးလွန်းတယ်။

ဒါကြောင့်မို့လို့ သူ့ကို ရှာမတွေ့တဲ့အတွက်ကြောင့်မို့ စိတ်ပျက်အားငယ်နေစရာမလိုဘူး။”

စစ်သူကြီးတဲကောင်းက ဆက်လက်၍ ပြောသည်။

“ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်ချေကတော့ ရှိနေသေးတယ်။ ဒီပန်းချီကားပုံတူကို တာဝန်ရှိတဲ့လူတိုင်းကို ပြလိုက်။ ပန်းချီကားထဲမှာ ပါတဲ့ ပုံနဲ့တူတဲ့ လူသားကို တွေ့တာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားရမယ်။ သတင်းပေးနိုင်တဲ့ ဘယ်သူမဆို ရက်ရက်ရောရော ဆုချီးမြှင့်ခံရမယ်။”

ထိုစကားကို ကြားသည်နှင့် ဟိုင်ဒေါင်ရှန်သည် သူ့လက်ထဲတွင် ရှိသော ပန်းချီကားကို လူတိုင်းမြင်ရအောင် ထုတ်ပြလိုက်ပါသည်။ လီဟမ်ရှန်းကလည်း ပန်းချီကားကို ကြည့်လိုက်၏။ ပန်းချီကားထဲတွင် ပုံဖော်ထားသည်မှာ လူငယ်လေး တစ်ယောက်ပုံဖြစ်သည်။ ပိန်ပိန်ပါးပါးနှင့် ဖျော့တော့နေသော ပုံရှိ၏။ ပန်းချီကားထဲက ပုံရိပ်သည် အစာရေစာ ပြတ်လပ်နေသော လူငယ်လေးတစ်ဦးကဲ့သို့ပင် ပိန်လှီလွန်းလှပါသည်။

ထို့အပြင် ထိုလူငယ်လေးက သူ့ထက်ပင်လျှင် အရပ်ရှည်လှပါသေး၏။ ထိုလူငယ်ကို လီဟမ်ရှန်း မမြင်ဘူးပါ။ ပန်းချီကားထဲက ပုံရိပ်က သူနဲ့ မတူဘဲ ဘာကြောင့် ဒီလိုပုံကြီးဖြစ်သွားလည်းဆိုတာ လီဟမ်ရှန်းက နားမလည်ပါ။ လောလောဆယ်တော့ လီဟမ်ရှန်းက သူ့ကို လီဟမ်ရှန်းဟု သံသယမဝင်တော့သောကြောင့် အနည်းငယ်တော့ စိတ်သက်သာရာ ရသွားခဲ့ပါသည်။

သက်ပြင်းချပြီး စိတ်အေးသွားသော လီဟမ်ရှန်းသည် စစ်သူကြီးတဲကောင်း ပြောလိုက်သော စကားကို ကြားသော် လည်ဂုတ်မွှေးများပင် ထောင်တတ်သွားခဲ့ပါ၏။

“မင်းနာမည်က လီယွင်ဟုတ်တယ်မလား။”

စစ်သူကြီးတဲကောင်းက ထိုင်ခုံတွင် ထိုင်လျက် လီဟမ်ရှန်းကို ကြည့်လိုက်၏။

“ဟုတ်ပါတယ်”

လီဟမ်ရှန်းက ခပ်မြန်မြန် ဖြေလိုက်သည်။

“မင်းက ဆိုးတော့ မဆိုးဘူးပဲ .. ကောင်လေး။ ငါ့ရဲ့လက်အောက်က ခေါင်းဆောင်တွေထဲက တစ်ယောက်ကိုတောင် သတ်နိုင်တယ်။”

စစ်သူကြီး တဲကောင်းရဲ့ လေသံက ခံစားချက် တစ်စုံတစ်ရာ မပါဝင်ပါ။ လီဟမ်ရှန်း၏ နှလုံးသားမှာ တစက်စက်နှင့် တုန်ယင်လာပါသည်။ ယခုအခြေအနေကို ကြည့်ရသည်မှာ စစ်သူကြီးတဲကောင်းက လွယ်လွယ်လေးနှင့် သွားခွင့်ပြုမည့်ဟန် မရှိပါ။

“မင်းက ငါ့ရဲ့ခေါင်းဆောင်တွေထဲက တစ်ယောက်ကို သတ်လိုက်တယ် ဆိုမှတော့ အဲ့အတွက် မင်းတာဝန်ယူရမယ်။ ငါ့ရဲ့စစ်သူကြီးစံအိမ်မှာ ခေါင်းဆောင်တစ်ယောက်နေရာ လစ်လပ်နေပြီ။ အဲ့နေရာကို မင်းဝင်ရလိမ့်မယ်။”

စစ်သူကြီး တဲကောင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဟမ်”

ထိုစကားကို ကြားသော် လီဟမ်ရှန်းက ကျောက်ရုပ်ကြီးတစ်ရုပ်လို ဖြစ်သွားခဲ့ပါ၏။

“ခေါင်းဆောင်တပ်မှူး ဖြစ်ရမယ် ဟုတ်လား”

လီဟမ်ရှန်းက ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါတွင် တစ္ဆေစစ်သားများနှင့် လူသားများက ထူးမခြားနားသောဟန် ရှိသည်ကိုသာ တွေ့လိုက်ရသည်။ ယခုလိုမျိုး အခြေအနေက သာမန် ဖြစ်ရိုးဖြစ်စဉ်အလားပင် ဖြစ်နေ၏။

“စစ်သူကြီး သေသွားတဲ့ ခေါင်းဆောင်က ကျွန်တော့် လက်အောက်ကလူပါ။ ဒီကောင့်ကို ကျွန်တော့်လက်အောက်ထဲကို ထည့်ပေးပါ။”

ဟိုင်ဒေါင်ရှန်က ခပ်မြန်မြန် ရှေ့သို့ တိုးပြီးနောက် ပြောလိုက်သည်။ လီဟမ်ရှန်းနှင့် ပတ်သက်ပြီး သံသယဝင်စရာ များစွာ ရှိနေသေးသည်ဟု ဟိုင်ဒေါင်ရှန်က ခံစားနေခဲ့ရ၏။ ထို့ကြောင့် သူ့လက်အောက်တွင် သွတ်သွင်းပြီး အမြဲမပြတ် ၂၄နာရီ စောင့်ကြည့်မည်ဟု တွေးထားပါသည်။

“စစ်သူကြီး ဒီလူသားကောင်လေးက တော်တော် လုပ်ရည်ကိုင်ရည် ရှိတဲ့ကောင်လေး..။ ကျုပ် သူ့ရဲ့ အစွမ်းအစတွေကို သဘောကျတယ်။ ကျုပ်လက်အောက်ကို ထည့်ပေးပါ။ ပြီးခဲ့တဲ့လတုန်းက စစ်ပွဲထဲမှာ ကျုပ်ရဲ့တပ်မှူးတစ်ယောက်က သေဆုံးသွားတယ်။ အဲ့အချိန်ကစပြီး အဲ့တပ်မှူးနေရာကို ကျုပ်ဘယ်သူ့ကိုမှ မပေးရသေးဘူး။ ဒီကောင်လေးရဲ့ ခွန်အားက ကောင်းတယ်။”

ဗလတောင့်တောင်နှင့် တစ္ဆေမျိုးနွယ်ဝင် ခေါင်းဆောင်တစ်ဦးကလည်း ဝင်ပြောလိုက်သည်။ ထိုတစ္ဆေမျိူးနွယ်ဝင်ခေါင်းဆောင်က စောနတုန်းက ဟိုင်ဒေါင်ရှန်ကို လှောင်ပြောင်လိုက်သော တစ္ဆေမျိုးနွယ်ဝင်လည်း ဖြစ်ပါ၏။

“ဟုန်ရှန် မင်းဘာဖြစ်ချင်နေတာလဲ”

ဟိုင်ဒေါင်ရှန်က သဘောမကျပါ။

“လီယွင်က ငါ့လူကို သတ်လိုက်တယ်။ အခု ငါ့လူက သေသွားပြီ ဆိုမှတော့ သေသွားတဲ့သူနေရာ အစားထိုးဖို့ သူလာသင့်တယ် မဟုတ်ဘူးလား။”

ဟိုင်ဒေါင်ရှန်က စိတ်တိုနေပြီဖြစ်သည်။

“လီယွင်… မင်းက ဟုန်ရှန်ဆီကို သွားရမယ်။”

စစ်သူကြီးတဲကောင်းက မတ်တပ်ရပ်ပြီးတော့ ပြောလိုက်သည်။ ထို့နောက်တွင် စကားတစ်ခွန်းမှ မဆိုဘဲနှင့် ထွက်သွားခဲ့သည်။ စစ်သူကြီး တဲကောင်းက ပြောလိုက်ပြီ ဖြစ်သောကြောင့် ဟိုင်ဒေါင်ရှန်က ဆက်လက်၍ အထွန့်မတက်ရဲတော့ပါ။ သို့သော် သူက လီဟမ်ရှန်းကို မီတောက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

သူ၏ကံကြမ္မာကို တခြားလူများက စိတ်ကြိုက် စီရင်နေသည်ကို လီဟမ်ရှန်းက မတတ်နိုင်စွာဖြင့် ကြည့်နေခဲ့ရသည်။ ဒါပေမဲ့ သူက ဘာတစ်ခွန်းမှတော့ မပြောရဲသေးပါ။ ယခုလောလောဆယ်၌ သူ့တွင် မည်သည့်နေရာမှ သွား၍ မရပါချေ။ တပ်မှူး တစ်ဦး ဖြစ်လာခြင်းက အစေခံတစ်ဦး ဖြစ်ခြင်းထက်တော့ သာလွန်သေးသည် မဟုတ်ပါလား။

ထို့အပြင် ဟိုင်ဒေါင်ရှန်၏ လက်အောက်ကို မဝင်ရခြင်းကလည်း ကံကောင်းသည်ဟု ပြော၍ ရပါသေးသည်။

“ကောင်လေး …. မင်းနဲ့ပတ်သက်ပြီးတော့ တစ်ခုခုလွဲနေတယ်ဆိုတာ ငါသိတယ်။ အရမ်းတွေ ပျော်ရွှင်မနေနဲ့။ မင်းရဲ့သရုပ်မှန်ကို ငါရအောင် ဖော်ထုတ်ပြမယ်။”

ဟိုင်ဒေါင်ရှန်သည် လီဟမ်ရှန်း၏ အနားသို့ တိုးလားပြီး ခပ်တိုးတိုး ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။ ပြန်လည်ထွက်ခွာသွားသော ဟိုင်ဒေါင်ရှန်၏ နောက်ကျောကို လီဟမ်ရှန်းက မျက်မှောင်များ ကျဉ်းမြောင်းလျက် ကြည့်လိုက်သည်။ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်း နယ်မြေကြီး၌ သူက ဟိုင်ဒေါင်ရှန်ကို ထွက်ပြေးလွတ်မြောက်ခွင့် ပြုခဲ့ပါသည်။

ထိုအချိန်တုန်းက အခွင့်ပေးလိုက်သည်မှာ ယခုလိုမျိုး ယုတ်မာတတ်မည်ဟု သူမမျှော်လင့်ထားခဲ့မိပါ။

“လီယွင် ….ဟိုင်ဒေါင်ရှန်ဆိုတဲ့ကောင် ခုနတုန်းက မင်းကို ဘာပြောလိုက်တာလဲ”

ထိုအခိုက်မှာပင် ဟုန်ရှန်က အနားသို့ တိုးလာသည်။ ဟိုင်ဒေါင်ရှန်က လီဟမ်ရှန်း၏ အနားသို့ကပ်ကာ ခပ်တိုးတိုး ပြောဆိုလိုက်သည်ကို သူမြင်သောကြောင့် စိတ်ဝင်တစား မေးလိုက်ခြင်း ဖြစ်သည်။ လီဟမ်ရှန်းက မတ်တပ်ရပ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။

“ဟိုင်ဒေါင်ရှန်က ပြောတယ်။ ကျွန်တော်က တော်တော်ကံဆိုးတဲ့ကောင်တဲ့ ခေါင်းဆောင်လေးဦးထဲမှာ အားအနည်းဆုံးကောင်ကို ခေါင်းဆောင်တင်လိုက်ရတယ်ဆိုပြီး သူက ပြောသွားတယ်။”

“ခွေးမသား”

ဟုန်ရှန် ကဒေါသတကြီးနှင့် ဟိုင်ဒေါင်ရှန်ကို ဆဲရေးလိုက်ပါတော့သည်။

“အဲ့ခွေးမသား ငါသူ့အရိုးတွေကို တစစီချိုးပစ်မယ်။ ငါတို့တိုက်ခိုက်မယ့်အချိန် ရောက်ရဲရောက်လာကြည့် ..”

ဟုန်ရှန်သည် ဟိုင်ဒေါင်ရှန် ထွက်သွားသော အရပ်ကို ကြည့်ရင်း အံကြိတ်လျက် ပြောလိုက်၏။

“စောင့်နေစမ်း..စောင့်နေလိုက်စမ်းပါ။ တစ်ရက်ကျရင် အဲ့ခွေးမသားကို ငါသတ်ပစ်မယ်”

“ကျုပ်ကလည်း သူ့လိုမျိုး လူသားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်တွေကို ကျုပ်လည်း သဘောမကျဘူး”

လီဟမ်ရှန်းက အမှန်တရားဘက်တော်သား လေသံနှင့် ပြောလိုက်သည်။ ထို့နောက်တွင်တော့ အေးစက်စွာဖြင့် လှောင်ပြောင်လိုက်၏။

“ခေါင်းဆောင်ဟုန်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်လိုမျိုး အညတရလေးကို လက်ခံပေးတဲ့အတွက်ကြောင့်မို့လို့..။ ကျွန်တော်သာ သူ့လက်အောက် ရောက်သွားတယ်ဆိုရင် သူ့ရဲ့လက်အောက်က ခေါင်းဆောင်တစ်ယောက်ကို သတ်မိလို့ဆိုပြီးတော့ ကျွန်တော့်ကို နှိပ်စက်ရင် နှိပ်စက်နေမှာ။ ယခုအချိန်မှာတော့ ကျွန်တော် နောင်တရတာ တစ်ခုပဲ ရှိပါတယ်။ ဟိုင်ဒေါင်ရှန်ဆိုတဲ့ကောင်ရဲ့ လက်အောက်ကလူတွေကို များများ မသတ်ခဲ့မိလိုက်တာပဲ။

ကျွန်တော်သာ များများ သတ်ခဲ့လိုက်တယ်ဆိုရင် ခေါင်းဆောင်ဟုန်ရဲ့ အရှေ့မှာ ဟိုင်ဒေါင်ရှန်က အခုလိုမျိုး မောက်မာရဲတော့မှာ မဟုတ်ဘူး။”

လီဟမ်ရှန်းသည် မြွေဖြူလမ်းကြောင်း၌ စစ်ဆေးရေးမှူးကို နှစ်အတော်ကြာ လုပ်ပြီးသည့်နောက်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လူကြီးများကို ဘယ်လိုမျိုး နှစ်သက်အောင် ပြောဆိုရမလဲဆိုတာကို ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။ ထိုစကားများ ပြောလိုက်ပြီးသောအခါတွင် ဟုန်ရှန်၏ ဒေါသများမှာ ချက်ချင်းလျော့ကျသွား၏။ ဟုန်ရှန်ကလည်း သူ့အပေါ် အထင်အမြင်များ ကောင်းလာပြီ ဖြစ်သည်။

ချက်ချင်းပင်လျှင် သူ့အရှေ့တွင် ရှိသော ထိုလူသားလေးသည် အလွန်တရာမှကို ကြည့်ကောင်းလှသည့်ဟု ဟုန်ရှန်က ခံစားလိုက်ရတော့သည်။ ထို့အပြင် လီဟမ်ရှန်း၏တိုက်ခိုက်မှုများကို ဟုန်ရှန်က ကြားသိခဲ့ပါသည်။ သူက ဟိုင်ဒေါင်ရှန်လက်အောက်က လူကို သတ်ဖြတ်ခဲ့ရုံတင်မက ကျန်သော ခေါင်းဆောင်လေးဦးကိုပင်လျှင် လက်ရည်ညီ ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါသေးသည်။ ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားသည် ဟုန်ရှန် အထူးလေးစားရသော တိုက်ခိုက်ရေးစွမ်းအားမျိုးလည်း ဖြစ်သည်။

သူ၏လက်အောက်တွင် ရှိသော ခေါင်းဆောင်များ၏ ခွန်အားက ကောင်းမွန်လှပါသည်။ သို့သော် တစ္ဆေစစ်သားများကတော့ ခွန်အား သိပ်မကောင်းပါ။ စစ်သူကြီး တဲကောင်းက ခွန်အား မတိမ်းမယိမ်းရှိသော လူများကိုသာ တပ်ဖွဲ့သေးသေးလေးများထဲတွင် စုစည်းလျက် တစ်ယောက်နဲ့ တစ်ယောက် အင်အားညီအောင် ပြုလုပ်ထားခြင်းပင်ဖြစ်သည်။

သို့သော် ယခုလိုမျိုး လီဟမ်ရှန်းကဲ့သို့ ပါရမီရှိပြီး အလားအလာကောင်းတဲ့ လူငယ်လေးတစ်ယောက်က သူ့တပ်ဖွဲ့ထဲသို့ ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပါချေ။ စစ်သူကြီး တဲကောင်း၏ အမြင်တွင် လီဟမ်ရှန်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင် မဆိုးလှသော ခွန်အားရှိသည်ဟုသာ မြင်ခြင်း ဖြစ်ပါသည်။

ဒါပေမဲ့ စစ်သူကြီး တဲကောင်းလုံးဝ မသိထားသည်က တိုက်ပွဲထဲတွင် လီဟမ်ရှန်းက သူ၏ခွန်အား၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုထားခြင်း ဖြစ်သည်ကိုပင် ဖြစ်သည်။ လီဟမ်ရှန်းသာ အမှန်တကယ် သတ်ဖြတ်ချင်ပါက ဟိုင်ဒေါင်ရှန်က ထိုအချိန်ကတည်းကိုက အလောင်းဖြစ်နေပြီ ဖြစ်ပါသည်။

“ငါ့လက်အောက်မှာသာ ကောင်းကောင်းအလုပ်လုပ်… မင်းရဲ့အနာဂတ်တွေက လှပနေစေရမယ်လို့ ငါ အာမခံတယ်။”

ဟုန်ရှန်းက လီဟမ်ရှန်း၏ ပုခုံးကို တဖျက်ဖျက်ပုတ်ရင်းနှင့် သဘောကျစွာ ပြောလိုက်၏။ လီဟမ်ရှန်းကလည်း ကျေးဇူးတင်သော မျက်နှာအမူအရာကို ထုတ်ပြလိုက်သည်။ ယခုအချိန်တွင်တော့ လီဟမ်ရှန်းသည် အစီအစဉ်တစ်ခုကို နှလုံးသားထဲ၌ ရေးဆွဲထားလိုက်ပြီဖြစ်သည်။ သူက လောလောဆယ်၌ တစ္ဆေမြို့တော်တွင် လုံခြုံနေပြီဖြစ်၏။ တစ္ဆေမြို့တော်မှ ထွက်သွားသည်နှင့် သူ၏ အနာဂတ်မှာ မသေချာ မရေရာတော့ပေ။

ထို့ကြောင့် တစ္ဆေမြို့တော်၌ သူသည် အချိန်ခဏကြာအောင် နေနိုင်ရန်အတွက် ခြေကုပ်တစ်ခုတော့ ယူထားမှဖြစ်မည်။ အနာဂတ်တွင် ယခုထက်ပိုပြီးတော့ စွမ်းအားကြီးလာသည့်အခါတွင်မှသာ သူက လူသားမျိုးနွယ်များ ရှိရာထံသို့ သွားရောက်ရမည် ဖြစ်သည်။ ထို့နောက်သူသည် မူလအဆင့်သို့ ချိုးဖြတ်ရန်အတွက် အရင်းအမြစ်များလည်း လိုဦးမည်ဖြစ်သည်။ မူလအဆင့်ကို ချိုးဖြတ်ပြီးသည့်နောက်တွင် ကြာပန်းမီးအိမ်ပန်းပုရတနာကို အသုံးပြုပြီးနောက် ဖခင်ဖြစ်သူကို အသက်ပြန်သွင်းရမည် ဖြစ်ပါသည်။

ထိုအရာများအားလုံးပြီးသွားမှသာ ယွဲ့ဟန်ကျွင်းကို လိုက်ရှာပြီး လက်စားချေတော့မည် ဖြစ်သည်။ ယွဲ့ဟန်ကျွင်းမှာ သူ၏ ဖခင်အရင်းဖြစ်သော်လည်း လီဟမ်ရှန်းက ယွဲ့ဟန်ကျွင်းကို ချစ်ခင်ရင်းနှီးမှုများ တစိုးတစိမှ မရှိပါ။ သူ့မှာ ရှိသည်က သတ်ဖြတ်လိုစိတ်သာ ရှိပါသည်။ သူ့ကို လေဟာနယ်အက်ကွဲပြီး လေဟာနယ်လှိုဏ်ခေါင်းထဲကို တွန်းပို့ခဲ့စဉ်အခါတုန်းက ကျန်းထျန်းယွမ် ပြောခဲ့သည့် နောက်ဆုံးစကားကို သူမှတ်မိပါသေးသည်။

ကျန်းထျန်းယွမ်က သူ့ကို အဖြူအနက်လျှိုဝှက်နယ်မြေထဲတွင် ရှိသော ကမ္ဗည်းကျောက်စာတိုင်၏ လျှို့ဝှက်ချက်အစစ်အမှန်ကို ပြောြပခဲ့ခြင်းဖြစ်ပါသည်။

All Chapters