← Chapters

အခန်း (၄၄၃)

Vol. 36 Ch. 443

အခန်း (၄၄၃)

Vol. 36 Ch. 443

လီဟမ်ရှန်းက လူတစ်ရာခန့်ကို ဦးဆောင်ပြီး ထျန်းရွှေမျိုးနွယ်ထံသို့ သွားသည့်အခါတွင် အစောင့်များက မြင်သွားခဲ့ပါတော့သည်။

ဘုန်း…..ဘုန်း……ဘုန်း…….

“ရန်သူတိုက်ခိုက်တယ်…. ရန်သူတိုက်ခိုက်တယ်”

ထျန်းရွှေမျိုးနွယ်တစ်ခုလုံးသည် သတိပေး ခေါင်းလောင်းသံများနှင့် ဆူညံသွားခဲ့ပါသည်။ ချက်ချင်းပင် မြောက်များစွာသော လူများက ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင်လျှင် မြောက်များစွာသော လူတို့သည် သစ်လုံးချွန်များဖြင့် တည်ဆောက်ထားသော မြို့ရိုးပေါ်တွင် ထွက်ပေါ်လာကြသည်။ ထိုလူများသည် လေးနှင့်မြှားကို ကိုင်ဆောင်ပြီး လေးကြိုးကို ဆွဲကာ လီဟမ်ရှန်းနှင့် တစ္ဆေစစ်သားများကို ချိန်ရွယ်ထားကြပါသည်။

သူတို့၏အရှေ့တွင်တော့ သံဒိုင်းများကလည်း အကာအကွယ် ပြုလုပ်ပေးထားပါသည်။

“ရပ်စမ်း”

လီဟမ်ရှန်းက လက်ကို မြှောက်ကာ အော်လိုက်သည်။ စစ်တပ်က ချက်ချင်းပင်လျှင် ရပ်တန့်လိုက်၏။ လီဟမ်ရှန်းက အဝေးကို တွက်ချက်လိုက်သည်။ သူတို့နှင့် ထျန်းရွှေမျိုးနွယ်တို့အကြားတွင် ခြောက်ရာမီတာခန့် ဝေးကွာနေပါသည်။ ဤမျှအကွာအဝေးသည် လုံခြုံသော အကွာအဝေးဟု သတ်မှတ်၍ ရသည်။ ဤမျှ အကွာအဝေးကို သူတို့၏မြှားများက ရောက်အောင် ပစ်နိုင်မည် မဟုတ်ပါ။ အကယ်၍ ရအောင်ပစ်နိုင်သည်ဆိုသော်လည်း မြှားတွင် ပါဝင်သည့် အင်အားများက ဝေးကွာလှသော အကွာအဝေးကို ဖြတ်သန်းလာရသောကြောင့် ကုန်ဆုံးသွားမည် ဖြစ်သည်။

ထို့ကြောင့် ယခုနေရာသည် လုံခြုံသော အကွာအဝေးဟု သတ်မှတ်၍ ရသည်။ လီဟမ်ရှန်း၏ အဖွဲ့က ရပ်တန့်သွားသည် မြင်သောကြောင့် တစ္ဆေမျိုးနွယ်ဝင် အကြီးအကဲတစ်ဦးက နံရံထက်တွင် ရုတ်တရက် ပေါ်လာ၏။ သူက လော်စပီကာကဲ့သို့သော အရာတစ်ခုနှင့်် အော်ဟစ်လိုက်ပါသည်။

“တစ္ဆေမြို့တော်က ခွေးသားတွေ မင်းတို့လူတွေ အများကြီး သေပြီးတော့ အခုထက်ထိတောင် သင်ခန်းစာမရသေးဘူးလား။ ခွေးသားတွေ အရှေ့ကို တစ်လှမ်းတိုးရဲ တိုးကြည့် ငါတို့ရဲ့မြှားသမားတွေက မြှားမိုး ရွာပေးလိုက်မယ်။”

တစ္ဆေစစ်သား အကြီးအကဲက ဒေါသတကြီးနှင့် ဟစ်ကြွေးလိုက်ပါတော့သည်။

“ခွေးသားတွေ အကုန်အိမ်ပြန်…. ထျန်းရွှေမျိုးနွယ်က မင်းတို့ကို မကြိုဆိုဘူး။”

အနောက်တွင်ရှိသော မြှားသမားများကလည်း တစ်ပြိုင်နက်တည်းလိုလို အော်ဟစ်လိုက်သည်။ လီဟမ်ရှန်း၏ တစ္ဆေစစ်သားများသည် ဒေါသပုန်ထနေခဲ့၏။ ယခင်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော သွေးကြွေးကို အရှေ့သို့ တိုးပြီး သတ်ဖြတ်ကာ ပြန်ဆပ်ချင်နေသည်။ သို့သော် မြောက်များစွာသော မြှားသမားများက မြှားများနှင့် ချိန်ရွယ်ထားသောကြောင့် သူတို့ကလည်း အလောကြီးပြီး အရှေ့သို့ တိုးကာ မလုပ်ရဲပါ။

ထျန်းရွှေမျိုးနွယ်၏ မြှားသမားများ၏ ခွန်အားကို သူတို့ ကောင်းကောင်းကြီး ကြုံထားဖူးသည် မဟုတ်ပါလား။ ယခုအချိန်တွင်တော့ သူတို့က လီဟမ်ရှန်းက ဘယ်လိုမျိုးအမိန့်ပေးမလဲဆိုတာကိုပဲ စောင့်ဆိုင်းနေကြပါတော့သည်။

“ခေါင်းဆောင် ဒီမြှားသမားတွေက အရမ်းစွမ်းအားကြီးလွန်းတယ်။ သူတို့ကို အဝေးကနေ တိုက်ခိုက်လို့ရမယ့်နည်းလမ်းတွေကို ကျနော်တို့ ရှာသင့်တယ်လို့ ထင်တယ်”

အရင်တုန်းက တိုက်ပွဲ၌သေဆုံးသွားသည့် တပ်မှူးသည် ထိုအကြံပေးချက်ကို လက်မခံခဲ့ဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် သူ၏အသက်ကို ပေးလိုက်ရရုံတင် မကဘဲ စစ်သားတော်တော်များများလည်း တိုက်ပွဲ၌ ကျဆုံးခဲ့ပါသည်။ ပိုင်ဟက လီဟမ်ရှန်းအား ထိုအဖြစ်အပျက်များကို ပြန်ပြောင်း ပြောဆိုပေးနေခြင်းလည်း ဖြစ်ပါသည်။

ဒါပေမဲ့ လီဟမ်ရှန်းက မြင်းပေါ်က ခုန်ဆင်းလိုက်၏။ သူက အဝေးတွင်ရှိသော မြို့ရိုးကို ကြည့်လိုက်သည်။ သွေးတစ္ဆေမျိုးနွယ်ဝင်များ၏ လှောင်ပြောင်မှုနှင့် စိတ်ဆွပေးမှုက သူ့အပေါ်တွင် သက်ရောက်မှု မရှိသည့်အလားပင် ဖြစ်ပါသည်။ သူက ဆောင့်ကြောင့် ထိုင်လိုက်ပြီး မြေပြင်တွင်ရှိသော ကျောက်စရစ်ခဲကလေးများကို ကောက်ကိုင်လိုက်သည်။

“နောက်ဆုတ်စမ်း….ရှေ့ကို တိုးလာရင် သေခြင်းတရားနဲ့ပဲ ကြုံတွေ့ရမယ်”

အကြီးအကဲက ဆက်လက်၍ အော်ဟစ်နေ၏။ သူ၏မျက်လုံးများတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များနှင့် သတ်ဖြတ်လိုသောစိတ်များက ရောယှက်နေခဲ့သည်။ သို့သော် ထိုအခိုက်မှာပင် လေထုကို ဖြတ်သန်းလာသော အသံတစ်ခု ကြားလိုက်ရ၏။ ချက်ချင်းပင်လျှင် အကြီးအကဲအော်နေသော လော်စပီကာကြီးက တစစီ အက်ကွဲ သွားခဲ့ပါတော့သည်။ ထိုမျှပင် မကသေးပါ။

နောက်ထပ် လေတိုးသံတစ်သံ ထွက်ပေါ်လာပြီးနောက် အော်ဟစ်နေသော အကြီးအကဲ၏ လည်ပင်းကို ထွင်းဖောက်သွားခဲ့ပါတော့သည်။ အကြီးအကဲကြီးက လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး ချက်ချင်းပင် ပစ်လဲကျကာ သေဆုံးသွားခဲ့ပါတော့သည်။ ထိုဖြစ်ရပ်က ရှိနေသော လူတိုင်းကို အလွန်တရာ ကြောက်လန့်သွားစေခဲ့ပါတော့၏။

“ဘာတွေ ဖြစ်သွားတာလဲ… အကြီးအကဲကြီးက ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိတာလေ… ဘာမှတောင် မသိလိုက်ရဘဲ ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ”

လီဟမ်ရှန်း၏ တစ္ဆေစစ်သားများပင်လျှင် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ ဘာတွေ ဖြစ်ကုန်တာတုန်း….။ သူတို့ သေချာ မတွေးတောနိုင်ခင်မှာပင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ လေးနှင့်် မြှားကို ကိုင်ဆောင်ထားသော မြှားသမားတစ်ယောက်၏ ဦးခေါင်းသည် တစ်စုံတစ်ခု၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရပြီး မြို့ရိုးပေါ်မှ ခြေကားယားလက်ကားယားဖြင့် ပြုတ်ကျကာ သေဆုံးသွားခဲ့ပြန်သည်။

ထိုဖြစ်ရပ်က ထျန်းရွှေမျိုးနွယ်ဝင် မြှားသမားများကို ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့ပါတော့၏။ ထိုတိုက်ခိုက်မှု၏ မူရင်းတည်နေရာကို ဘယ်သူမှ ရှာမတွေ့ပါ။ သူတို့၏လူနှစ်ယောက်ကို သတ်ဖြတ်သွားသည့် လက်နက်ကိုလည်း ဘယ်သူမှ ရှာမတွေ့ပါ။

“သတိထားကြ .. ဒိုင်းတွေနောက်မှာ ပုန်းနေကြ…။”

တစ်ယောက်ယောက်က အော်ဟစ်လိုက်၏။ မြှားသမားများသည် ချက်ချင်းပင်လျှင် ဒိုင်းများကို မ တင်လိုက်ပြီး ကာကွယ်လိုက်ပါတော့သည်။ သို့သော် ထိုအခိုက်တွင် လီဟမ်ရှန်း၏ စစ်သားများက လီဟမ်ရှန်းသည် ကျောက်စရစ်ခဲများကို ကိုင်ပြီး ပေါ့ပေါ့ပါးပါးနှင့်် ပစ်ပေါက်နေသည်ကို တွေ့လိုက်ရသည်။ လီဟမ်ရှန်း၏ ပစ်ချက် တစ်ချက်က မီတာရာနှင့် ချီတွင် ရှိသော ရန်သူများကို တစ်ခါပစ်လျှင် တစ်ယောက်သေအောင် လုပ်ဆောင်နိုင်နေသည်ကို သူတို့တွေ့လိုက်ရသည်။

သူတို့သည် မိမိတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါသည်။ လေးနှင့်မြှား ကိုင်ဆောင်ထားသော လူများသည် ဤမျှ ဝေးကွာသော အကွာအဝေးတွင် မိမိတို့ကို ထိခိုက်အောင် မပြုလုပ်နိုင်ပါချေ။ ဒါတောင်မှ လီဟမ်ရှန်းက ဒီလောက်အဝေးကြီး အခြေအနေမှာ အားအင် အပြည့်နှင့် ပစ်လွှတ်လိုက်ပြီး ရန်သူများကို သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့သည်။ ဒီလို ခွန်အားက ဘယ်လိုခွန်အားကြီးလဲ။ ပိုင်ဟက ခဲရာခဲဆစ် တံတွေးမျိုချလိုက်သည်။

သူ၏ ကျင့်ကြံအဆင့်သည် လီဟမ်ရှန်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော် အဆင့်တူ ဖြစ်သော လီဟမ်ရှန်းက တပ်မှူးဖြစ်နေသောကြောင့် သူက မနာလို မဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ခေါင်းဆောင်၏ တာဝန်ပေးမှုကို ယုံကြည်ထားပါသည်။ သူ၏ခေါင်းဆောင် တာဝန်ပေးထားသော လူသည် သာမန်လူမဟုတ်ဘဲ လုပ်ရည်ကိုင်ရည် ရှိသော လူ ဖြစ်ရမည်ဟု သူက တထစ်ချ တွေးထားပါသည်။

ဒါပေမဲ့ လီဟမ်ရှန်း အသုံးပြုလိုက်သော စွမ်းရည်ကိုတော့ ပိုင်ဟက နားမလည်ပါ။ သို့သော် လီဟမ်ရှန်း၏ လှုပ်ရှားမှုကို သူက အမှန်အကန်ပင် လေးစားနေပါတော့သည်။ နှစ်ဦးသားသည် အဆင့်တူတွင် ရှိပါ၏။ သို့သော် ပိုင်ဟသာ လီဟမ်ရှန်းလို ကျောက်စရစ်ခဲကို ပစ်လိုက်မည် ဆိုပါက ခပ်ဝေးဝေးသို့ ရောက်မည် ဖြစ်သော်လည်း တစ်စုံတစ်ဦးကို သတ်ဖြတ်ရန် မဆိုထားနှင့်။ ပြန်လည်မွေးဖွားခြင်း အဆင့်ကို မပြောနှင့် သာမန်လူကိုပင် သူ သတ်ဖြတ်နိုင်မည် မဟုတ်ပါ။

ဒီလိုမျိုး နည်းလမ်းနဲ့ စွမ်းအားက မူလအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ ရတယ် မဟုတ်ဘူးလား။ ချက်ချင်းပင်လျှင် တစ္ဆေမျိုးနွယ်ဝင်စစ်သားများ၏ စိတ်ထဲတွင် လီဟမ်ရှန်း၏ အနေအထားမှာ တစ်ဆင့် မြင့်တက်သွားပြီ ဖြစ်ပါသည်။ ထိုကဲ့သို့သော နည်းလမ်းနှင့်် ဆိုလျှင် သူတို့က ယုံကြည်ချက် ပိုမို ရှိလာပြီ ဖြစ်သည်။

သူတို့၏တပ်မှူး၏ ကြီးမားလှသော စွမ်းအားနှင့် ဆိုလျှင် ထျန်းရွှေမျိုးနွယ်ဝင်တွေကို သိမ်းပိုက်ရန်မှာ မခက်ခဲလှပါတော့ချေ။

“ဒီကောင်တွေက ဒိုင်းနောက်မှာ ပုန်းနေကြပြီ… ကျုပ်တို့တွေ ဘာလုပ်ကြမလဲ..”

ပိုင်ဟက လီဟမ်ရှန်းကို ယခုအချိန်တွင် အခွင့်ကောင်းယူပြီး အရှေ့သို့ တိုးကာ တိုက်ခိုက်ရမလားဟု မေးရန်ရှိပါသေးသည်။ သို့သော် သူမမေးနိုင်ခင်မှာပင် လီဟမ်ရှန်း၏ လက်ဖဝါးထက်တွင် ရှိသော ကျောက်စရစ်ခဲများက တဆက်ဆက်တုန်ရီလာပြီး လေထုထဲသို့ မြင့်တက်သွားခဲ့ပြန်သည်။

ပြင်းထန်လှသော စွမ်းအားတစ်ခု ထွက်ပေါ်လာပါသည်။ လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင် လှံသိုင်း၏ နည်းစနစ်အတိုင်း ကျောက်စရစ်ခဲများကို စွမ်းအား ထည့်သွင်းလိုက်ပါ၏။ ချက်ချင်းပင်လျှင် မူလက အန္တရာယ်ပေးနိုင်စွမ်း မရှိသော ကျောက်စရစ်ခဲများသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော လှံသွားများကဲ့သို့ ဖြစ်လာခဲ့ပါတော့သည်။

ဘန်း…….

ပြင်းထန်လှသော အသံတစ်သံသည် တစ္ဆေမျိုးနွယ်ဝင်များ၏ ဒိုင်းကာကို ထွင်းဖောက်ကာ ဝင်ရောက်သွားခဲ့ပါ၏။ ဝင်ရောက်သွားသည်မှာ လီဟမ်ရှန်း၏ ကျောက်စရစ်ခဲပင် ဖြစ်သည်။ ဒိုင်းကာ၏ နောက်တွင် ပုန်းကွယ်နေသော တစ္ဆေမျိုးနွယ်ဝင်သည် ကျောက်စရစ်ခဲ၏ ထွင်းဖောက်ခြင်းကို ခံရပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲ ထွက်သွားပါတော့သည်။

ထိုဖြစ်ရပ်က ထျန်းရွှေမျိုးနွယ်ဝင်များကို အလွန်အမင်းကို ကြောက်ရွံ့စေခဲ့ပြီ ဖြစ်သည်။ ဒိုင်းကာနောက်တွင် ကာကွယ်နေခြင်းမှာလည်း အဓိပ္ပာယ်မရှိပါ။

“ပြေးကြ… မြန်မြန် ထွက်ပြေးကြ… တစ္ဆေမြို့တော်က တိုက်ခိုက်နေပြီ”

မြှားသမားများက ခပ်မြန်မြန်ပင် နောက်သို့လှည့်ကာ ထွက်ပြေးလိုက်သည်။ ဒီနေရာတွင် ဘယ်သူကမှ မသေလိုပါ။ ထျန်းရွှေမျိုးနွယ်ဝင်များကလည်း နေရာအနှံ့အပြားသို့ အသည်းအသန် ထွက်ပြေးနေကြပြီ ဖြစ်ပါသည်။ သူတို့၏ ပထမဦးဆုံး ကာကွယ်သည့် အကာအကွယ် တပ်ကြောင်းသည် ယခုလိုမျိုး ခပ်မြန်မြန်ပင် ပြိုလဲသွားရမည်ဟု မထင်ထားခဲ့မိပါ။

သူတို့၏ မြှားသမားများသည် တစ္ဆေမြို့တော်မှ လူများကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါ။ ထို့အပြင် သူတို့သည် ကျောက်စရစ်ခဲများ၏ တိုက်ခိုက်မှုကြောင့်ပင်လျှင် သေဆုံးသွားခဲ့ရသည်မှာ သုံးယောက်ပင် ရှိသွားပါပြီ။

“တိုက်ကြ”

လီဟမ်ရှန်းက သူ၏ မြင်းပေါ်သို့ ခုန်တက်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်ပါသည်။

“တိုက်ကြ”

လီဟမ်ရှန်း၏ ဦးဆောင်မှုနှင့် အတူ သူ၏စစ်သားများကလည်း စိတ်အား တက်ကြွသွားပြီးနောက် မြင်းဗိုက်များကို ခြေဖနောင့်နှင့် ဆောင့်ကန်လိုက်ပါတော့သည်။ ချက်ချင်းပင်လျှင် မြင်းများက ဒုန်းစိုင်းသွားပြီးနောက် ထျန်းရွှေမျိုးနွယ်ဝင်များ၏ ဂိတ်တံခါးထံသို့ ချီတက်လိုက်ကြပါတော့သည်။ ပိုင်ဟက တပ်မဟာ၏ ရှေ့တော်တွင် ဦးဆောင်ပြီး သူ၏စစ်ဓားသွားကို ကောင်းကင်ထက်သို့ မြှောက်လိုက်ပါတော့သည်။ မြင်းတပ်၏ ဓားထုတ်သံများသည် ကောင်းကင်ထက်မှ မိုးခြိမ်းသံ ကဲ့သို့ပင် ဆူညံနေခဲ့ပါ၏။

စစ်ပွဲတွင် အော်ဟစ်ကြွေးကြော်သံများသည် ကောင်းကင်ကို တုန်ဟီးတော့မည့် အလား ဖြစ်နေခဲ့သည်။ နောက်တစ်ခဏတွင် နံရံထက်၌ မြှားသမားများက ထပ်မံ၍ ပေါ်လာသည်။ သူတို့က တစ္ဆေမြို့တော်မှ စစ်သားများကို တိုက်ခိုက်ရန်အတွက် ဟန်ဆောင်နေခြင်းပင် ဖြစ်သည်။

ကံဆိုးသွားတာက လီဟမ်ရှန်းက ဒီအခြေအနေကို ကြိုတင်မျှော်လင့်နေပြီးသား ဖြစ်ပါ၏။ မြှားသမားများ ပေါ်လာသည်နှင့် လီဟမ်ရှန်းသည် ကျောက်စရစ်ခဲများကို အသုံးပြုပြီး မြှားသမားများ တစ်ဦးချင်းစီကို ဖောက်ခွဲကာ ပစ်လိုက်ပါတော့သည်။

ဘုန်း….

တစ္ဆေမြို့တော်၏ တပ်မဟာသည် ထျန်းရွှေမြို့တော်၏ ဂိတ်တံခါးကို ဝင်ဆောင့်ပစ်လိုက်ကြပါတော့သည်။ သစ်သားဖြင့် ပြုလုပ်ထားသော ဂိတ်တံခါးသည် ထိုကဲ့သို့သော အလုံးအရင်းနှင့် တိုက်ခိုက်မှုကို မခံနိုင်ဘဲ ပြိုကျ ပျက်စီးသွားခဲ့ပါတော့သည်။ ချက်ချင်းပင်လျှင် တစ္ဆေမြို့တော်မှ စစ်သားများက ထျန်းရွှေမျိုးနွယ်ဝင်များထံသို့ အတင်းအကြပ် ဝင်ရောက်လာခဲ့ပါတော့သည်။

ထျန်းရွှေမျိုးနွယ်ဝင်များသည် လွန်စွာ ကြီးမားလှသော မျိုးနွယ်စုကြီး တစ်စုပင် ဖြစ်သည်။ သူတို့က အစစအရာရာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။ တစ္ဆေမြို့တော်မှ စစ်သားများက မြို့တော်အတွင်းသို့ ဝင်လာသည့်အခါတွင် ထျန်းရွှေမျိုးနွယ်ဝင်မှ အမျိုးသားများသည် သူတို့၏ လက်နက်များကို အသုံးပြုပြီး အပြင်းအထန် ဝင်ရောက်တိုက်ခိုက်လာကြပါတော့သည်။ သူတို့ကို ဦးဆောင်လာသူမှာ ပြန်လည်မွေးဖွားခြင်း အဆင့်၏ အထွတ်အထိပ်တွင် ရှိသော အမျိုးသားတစ်ဦးပင် ဖြစ်ပါသည်။

သူ၏မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီနေပြီး တိုက်ပွဲသုံး စစ်ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီးနောက် အရှေ့သို့ အလျင်အမြန် တိုးလာပါသည်။ သူက တစ္ဆေမြို့တော်မှ စစ်သားများကို အပြင်းအထန် လွှမ်းမိုးရန် ကြိုးစားလိုက်ပါတော့သည်။ သို့သော် လီဟမ်ရှန်းက သူ့ကို အခွင့်အရေး မပေးခဲ့ပါ။ လီဟမ်ရှန်း၏ လှုပ်ရှားမှုများသည် မြေပြင်ကို အက်ကွဲသွားစေပြီး သူ၏စွမ်းအားကြီးမားလှသော ခန္ဓာကိုယ် ခွန်အားနှင့် အနက်ရောင်လှံတံကို ကိုင်ဆောင်ပြီး တိုးဝင်လိုက်သည်။

သွေးတစ္ဆေမျိုးနွယ်၏ ဦးဆောင်လာသော ခေါင်းဆောင်သည် လီဟမ်ရှန်းထံမှ ထွက်ပေါ်လာသည့် စွမ်းအားများကြောင့် ဖြစ်လာသည့် လေပြင်းများကို ရင်ဆိုင်လိုက်ရသည်။ သူကလည်း မရှောင်ရှားဘဲ လီဟမ်ရှန်း၏လှံကို သူ၏ စစ်ပုဆိန်ကြီးနှင့် တိုက်ခိုက်လိုက်ပါတော့သည်။ ကံဆိုးသွားတာက သူ၏စစ်ပုဆိန်သည် လီဟမ်ရှန်း၏လှံတံနှင့် ရင်ဆိုင်ရသောအခါတွင် နေရာတွင်ပင် အက်ကွဲသွားခဲ့ပါတော့သည်။

လီဟမ်ရှန်း၏လှံတံက ထိုသူကို ထွင်းဖောက်သွားပြီးနောက် နံရံထက်တွင် အလောင်းနှင့်တကွ လှံကပါ စိုက်နေခဲ့ပါတော့သည်။ မယုံကြည်နိုင်စွာဖြင့်ပင် လှံဖြင့် ထိုးစိုက်ခံထားရသော စစ်သူရဲကောင်းသည် လီဟမ်ရှန်းကို ကြည့်နေခဲ့၏။ သူက လည်ချောင်းဝသို့ တက်လာသော သွေးများကို အတင်းအကြပ် မျိုချရင်း ဗလုံးဗထွေးနှင့် ပြောလိုက်သည်။

“လူသားတစ်ယောက်ပဲ”

သူသည် လူသားတစ်ယောက်၏လက်ချက်အောက်တွင် သေဆုံးရမည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။ တခြားလူများကလည်း အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့ပါပြီ။ ပိုင်ဟကတော့ ရှုပ်ထွေးနေသော ခံစားချက်များ ဖြစ်နေပါသည်။ တစ္ဆေမျိုးနွယ်ဝင် စစ်သားခေါင်းဆောင်သည် လီဟမ်ရှန်း၏လက်ချက်နှင့် တိုက်ကွက် တစ်ကွက်အတွင်းမှာပင် အသက်ပေးခဲ့လိုက်ရသည်။

ထျန်းရွှေမျိုးနွယ်သို့ နောက်ဆုံးအကြိမ်လာပြီး သူတို့ တိုက်ခိုက်ခဲ့စဉ် အခါတုန်းက သူတို့သည် အကြိမ်ရေ တော်တော်များများ တိုက်ခိုက်ပြီးသည့်နောက် ရှုံးနိမ့်ခဲ့ရပါသည်။ ယခုသေဆုံးသွားသော လူသည် အတိတ်တုန်းက သူနှင့်ရင်ဆိုင်ခဲ့စဉ်အခါတုန်းက သူတို့နှစ်ဦးသည် ခွန်အားအရာတွင် တူညီပြီး အနိုင်အရှုံး မသဲကွဲခဲ့ပါ။ သို့သော် သူ၏ခေါင်းဆောင်နှင့် ကြုံတွေ့ရသောအခါတွင် ခေါင်းဆောင်တပ်မှူး၏ တိုက်ကွက်တစ်ကွက်ထဲမှာပင် အသက်ပေးလိုက်ရပါတော့သည်။

လီဟမ်ရှန်းသည် အရင်တုန်းက တိုက်ပွဲ၌ သေဆုံးသွားသော တပ်မှူးခေါင်းဆောင်ထက် ခွန်အားပိုကြီးသည်ကို ပိုင်ဟက လုံးဝလက်ခံခဲ့ပါသည်။ စကားပုံ တစ်ခုထဲက အတိုင်းပင် သံဆိုသည်မှာ ပူနေသည့်အချိန်တွင် နာနာနှက်ရမည် ဖြစ်ပါသည်။ လီဟမ်ရှန်း၏ လုပ်ရပ်သည် ထျန်းရွှေမျိုးနွယ်ဝင်များ၏ စိတ်ဓာတ်ကို အလွန်အမင်း ကျဆင်းသွားစေခဲ့ပါတော့သည်။

အားနှင့်မာန်နှင့် တိုက်ခိုက်ရန် ထွက်ပေါ်လာသော လူများသည် သူတို့မျိုးနွယ်စု၏ စွမ်းအားအကြီးမားဆုံးသော လူသည် တိုက်ကွက် တစ်ကွက်အောက်မှာပင် သေဆုံးသွားမည်ကို မမျှော်လင့်ထားခဲ့မိပါချေ။ ထိုအခိုက်မှာတွင်တော့ သူတို့အားလုံးက လီဟမ်ရှန်းသည် လူသားတစ်ဦးဖြစ်သည်ကို သတိပြုလိုက်မိပါတော့သည်။

“သူ့ကို သတ်..”

တစ်စုံတစ်ဦးက အော်ဟစ်လိုက်၏။ လူအုပ်ကြီးတစ်ခုလုံးသည် လီဟမ်ရှန်းထံသို့ အရှိန်နှင့် တိုးသွားခဲ့ပါသည်။ သူတို့မျက်လုံးထဲတွင်တော့ လီဟမ်ရှန်းကို သတ်ဖြတ်နိုင်ခဲ့လျှင် ကျန်သော တစ္ဆေမြို့တော်မှ စစ်သားများကို အနိုင်ယူနိုင်မည်ဟုသာ တွေးနေခဲ့ပါသည်။ သူတို့ က တစ်ယောက်ချင်း ချ၍ မနိုင်လျှင် အုံလိုက်ကျင်းလိုက် ဝိုင်းချမည် ဖြစ်သည်။ အုံလိုက်ကျင်းလိုက် တိုက်ခိုက်ပါက လီဟမ်ရှန်းကို အသာလေး သတ်နိုင်မည်ဟုလည်း သူတို့က တွေးနေခဲ့ကြပါသည်။

သို့သော် သူတို့ မမျှော်လင့်ထားခဲ့မိသည်က တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် လီဟမ်ရှန်းသည် လုရှီယွင်ကို ကျောပိုးပြီးနောက် ထောင်နှင့် သောင်းနှင့်ချီသော တစ္ဆေမျိုးနွယ်ဝင်များကို လှံတစ်ချောင်းနှင့် သတ်ဖြတ်ကာ လမ်းဖောက်ခဲ့ရသည်ကိုပင် ဖြစ်သည်။ ယခုလိုမျိုး တစ္ဆေမျိုးနွယ်ဝင် ရာနှင့်ချီတာလောက်ကတော့ လီဟမ်ရှန်းအတွက် ငှက်ပျောသီး အခွံနွှာစားတာကမှဖြင့် ခက်ခဲဦးမည် ဖြစ်သည်။

သို့သော် သူ့၌ အရင်တစ်ခေါက်တုန်းကလိုမျိုး အင်မော်တယ်ပုံဖော်ခြင်းလှံ မရှိသောကြောင့် လီဟမ်ရှန်း၏ တိုက်ပွဲဝင်စွမ်းအားများမှာ အနည်းငယ်တော့ လျော့နည်းနေမည် ဆိုသော်လည်း ယခု အသစ်ရထားသော လှံသိုင်းက လုံလောက်သည်ထက်ပင် ပိုပါသေးသည်။ မိုးရေစက် တစ်ထောင်…။ လှံချက်များသည် ကောင်းကင်ထက်မှ သွေးမုန်တိုင်းကဲ့သို့ပင် ထိုးထွင်းကာ ကျဆင်းလာခဲ့ပြီး ရောက်ရှိလာသော တစ္ဆေမျိုးနွယ်ဝင်များအားလုံးကို လှံချက်များက မိုးရေစက်များအလား ကျဆင်းကာ လွှမ်းခြုံသွားခဲ့သည်။

လီဟမ်ရှန်း၏ အနားသို့ ကပ်လာသော တစ္ဆေမျိုးနွယ်ဝင်များအားလုံးသည် အပိုင်းအစများစွာ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပါ၏။ ထိုမျှနှင့် မပြီးသေးပါ။ လီဟမ်ရှန်းသည် အရှေ့သို့ တိုးလိုက်ပြီး လှံတံကို ဟယ်လီကော်ပတာပန်ကာကဲ့သို့ ဝှေ့ယမ်းလိုက်သည့်အခါတွင် တစ္ဆေမျိုးနွယ်ဝင်များ၏ ဦးခေါင်းများသည် လေထဲသို့ပင် လွင့်ပျံသွားခဲ့ပါတော့သည်။

လှံတံထိပ်တွင်တော့ သွေးစက်များက တစ်စက်စက်နှင့်ကို ကျဆင်းနေခဲ့သည်။ တစ္ဆေမျိုးနွယ်ဝင်များကို လီဟမ်ရှန်းသည် သနားမညှာတာနေခဲ့ပါ။ ခြေလှမ်းလှမ်းလိုက်တိုင်းတွင် သူသည် သတ်ဖြတ်သူနတ်ဘုရားတစ်ပါးကဲ့သို့ပင် မြင်မြင်သမျှကို အကုန်သတ်ဖြတ်နေခဲ့သည်။ ဘယ်တစ္ဆေမျိုးနွယ်ဝင်ကမှ လီဟမ်ရှန်း၏ တိုက်ချက် တစ်ချက်ကိုပင် မခံနိုင်ကြပါ။

သတ်ဖြတ်မှုက ဆက်လက်၍ ဖြစ်ပွားနေသည့် အချိန်တွင် နောက်ထပ် တစ္ဆေမျိုးနွယ်များကလည်း ထပ်မံ ထွက်ပေါ်လာသည်။ သို့သော် တိုက်ပွဲတွင် နေရာအနှံ့ သူတို့မျိုးနွယ်ဝင်များ၏ အလောင်းကို မြင်လိုက်ရသောအခါတွင် ထပ်ရောက်လာသူများကလည်း အလွန်အမင်း ကြောက်ရွံ့နေပြီ ဖြစ်သည်။ ယခုအချိန်တွင်တော့ လီဟမ်ရှန်းအနောက်သို့ လိုက်ပါလာကြသော တစ္ဆေမြို့တော်မှ တစ္ဆေစစ်သားများသည် ပြောစရာ စကားပင် မရှိတော့အောင် ဖြစ်နေခဲ့သည်။

ထျန်းရွှေမျိုးနွယ်ဝင်များထံသို့ ရောက်ပြီးသည့်နောက်တွင် သူတို့သည် ယခုထက်ထိ ရန်သူတစ်ယောက်ကိုမှပင် မသတ်ရသေးပါ။ လီဟမ်ရှန်းတစ်ယောက်ထဲကသာလျှင် တစ္ဆေမျိုးနွယ်ဝင်များ ရာနှင့်ချီကို သတ်ဖြတ်နေခဲ့ခြင်းပင် ဖြစ်သည်။ လီဟမ်ရှန်း၏ ပုံစံသည် တားမြစ်နယ်မြေ တစ်ခုလို ဖြစ်နေပြီး သူ၏နယ်ပယ် ဧရိယာထဲသို့ ဝင်ရောက်မိသည်နှင့် ခေါင်းပြတ်ကာ အသက်ပျောက်ရမည် ဖြစ်သည်။

လီဟမ်ရှန်းက ဖြည်းညင်းစွာဖြင့် ထျန်းရွှေမျိုးနွယ်ဝင်များ၏ အတွင်းဘက် နယ်မြေသို့ ချဉ်းကပ်လာသည်။ မြင်မြင်သမျှသော တစ္ဆေမျိုးနွယ်ဝင်များ အကုန်လုံး သူ၏လက်အောက်တွင် အသက်ဆုံးရှုံးနေကြရပြီ ဖြစ်သည်။ ထျန်းရွှေမျိုးနွယ်ဝင်များ၏ အတွင်းဘက်သို့ ရောက်လာလေလေ မျိုးနွယ်စုကြီး တစ်ခုလုံးသည် သွေးချောင်း စီးနေပြီ ဖြစ်သည်။

“ခေါင်းဆောင် သတိထားပါ … သူတို့ဆီမှာ ရေကို ထိန်းချုပ်နိုင်တဲ့ ရေတစ္ဆေမျိုးနွယ်ဝင် နှစ်ယောက် ရှိတယ်။ သူတို့က ရေထဲမှာဆိုရင် အရမ်းကို စွမ်းအားကြီးပြီးတော့ ကြောက်ဖို့ အရမ်းကောင်းလွန်းတယ်။”

သွေးမြစ်များက စတင်၍ ဖြစ်တည်လာသည်ကို မြင်သောအခါတွင် ပိုင်ဟက လီဟမ်ရှန်းကို ခပ်မြန်မြန်ပင် သတိပေးလိုက်သည်။ သို့သော် လီဟမ်ရှန်းသည် သူ၏စကားကို မကြားသည့်အလားပင် သူက ဆက်လက်၍ ရှေ့သို့ လမ်းလျှောက်သွားခဲ့သည်။ သူ့အနောက်တွင်တော့ တစ္ဆေမြို့တော်မှ စစ်သားများက သတိကြီးကြီးထားကာ လိုက်ပါလာခဲ့သည်။

လီဟမ်ရှန်းက ရေစပ်နားသို့ ရောက်သောအခါတွင် သူက သူ့အနောက်တွင် ရှိသော တစ္ဆေစစ်သားများကို နားမလည်နိုင်သော အမူအရာဖြင့် လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။

“မင်းတို့တွေ ဘာလို့ ငါ့နောက်လိုက်လာတာလဲ”

စစ်သားများအားလုံးက သူ၏ မေးခွန်းကို ကြားသော် အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားခဲ့သည်။ သူတို့က တပ်မှူး၏ နောက်သို့ မလိုက်ပါက ဘယ်ကို သွားရမှာလဲ။ အိမ်ပြန်ပြီးတော့ ပြန်အိပ်နေရမှာလား။ သူတို့သည် ဤနေရာသို့ လာပြီး တိုက်ပွဲဝင်ရန် ရောက်လာခြင်း ဖြစ်သည်။

ဤနေရာတွင်ပင်လျှင် အသက်ဆုံးရှုံးဖို့အတွက်ပင် ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။ အိမ်က မိသားစုများကိုလည်း ပြန်မလာနိုင်ကြောင်းကို တစ်ခါတည်းမှာပြီး လိုအပ်သည်များကို စီစဉ်ပေးခဲ့သော သူများပင် ရှိပါသည်။ တချို့ဆိုလျှင် ဇနီးမယားများနှင့် သားသမီးများက ရှိုက်ကြီးတငင်နှင့် ယခုအချိန်တွင် အိမ်၌ ငိုနေကြပြီ ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် လီဟမ်ရှန်း၏ မေးခွန်းက အားလုံးကို အူကြောင်ကြောင် ဖြစ်သွားစေခဲ့ပါသည်။

ဘယ်သူက ထင်ထားမှာလဲ..။ တိုက်ပွဲ မစခင်မှာပင်လျှင် သူတို့၏တပ်မှူးတစ်ယောက်ထဲနှင့် အကုန်လုံးကို သတ်ဖြတ်ပြီး သူတို့ကတော့ သေမယ်ဟု ကြံရွယ်ထားသော်လည်း ဘေးကနေ ပွဲကြည့်ပရိသတ်များ ဖြစ်နေသည်ကို ဘယ်သူကမှ မမျှော်လင့်ထားခဲ့မိပါ။ သူတို့က ရန်သူ တစ်ယောက်မှကို မသတ်ရသေးပါ။ လီဟမ်ရှန်း တစ်ယောက်ထဲကပင် တစ်ကိုယ်တော် ပြပွဲ ပြသသွားခြင်းပင် ဖြစ်ပါသည်။

သူတို့လုပ်နိုင်တာက တစ်ခုပဲ ရှိပါသည်။ သူတို့သည် လီဟမ်ရှန်း၏ နောက်သို့ လိုက်ပြီး လီဟမ်ရှန်း၏ တိုက်ပွဲများကို အားပါးတရနှင့် ကြည့်ရှု့ကာ နံဘေးမှ အားပေးရုံသာ ရှိပါတော့၏။ သူ၏လူများက ကျောက်ရုပ်ကြီးများလို ဖြစ်နေသောကြောင့် လီဟမ်ရှန်းက သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။

“ငါတို့ ဒီနေရာကို ဘာလာလုပ်တာလဲ…။ ငါတို့ ဒီနေရာကို လာတယ်ဆိုတာ အရင်းအမြစ်တွေကို လာလုတာ မဟုတ်ဘူးလား..။အူကြောင်ကြောင်နဲ့ ဒီမှာ ရပ်မနေကြနဲ့။ မင်းတို့ ဒီမှာ ရှိသမျှဟာတွေ အကုန်လုံးကို ရှာကြ။ တန်ဖိုးရှိတာတွေ တွေ့တာနဲ့ သိမ်းပစ်။ လှည်းပေါ်ကို တင် ပြီးရင် မြို့ပေါ်ကို ပြန်..။ ဒါကအစ ငါက မင်းတို့ကို လိုက်ပြီးတော့ သင်ပြနေရမှာလား”

လီဟမ်ရှန်း၏ စကားကို ကြားသော် သူတို့အားလုံးသည် ခပ်မြန်မြန်ပင် သတိဝင်လာပြီးနောက် အလျင်အမြန်ပင် နေရာပေါင်းစုံသို့ ထွက်သွားကြပါတော့သည်။ သူတို့သည် ကုန်ပစ္စည်းများနှင့် အရင်းအမြစ်များကို သွားရောက်လုယက်တော့မည် ဖြစ်ပါသည်။ ဟုတ်သားပဲ… ။ သူတို့သည် တိုက်ပွဲကို အလွန်အမင်း အာရုံစိုက်နေသောကြောင့် ဤနေရာတွင်လာပြီး အရင်းအမြစ်များနှင့် ကုန်ပစ္စည်းများကို လာရောက်လုယက်သည်ကို မေ့လျော့နေကြပြီ ဖြစ်ပါသည်။

သူတို့က ခပ်မြန်မြန်ပင်လျှင် အစားအသောက်များနှင့် ကုန်ပစ္စည်းများ၊ သံ သတ္တုရိုင်းများကို အသည်းအသန် လိုက်ရှာကြပါတော့သည်။ ထိုအချိန်တွင်တော့ လီဟမ်ရှန်းက ရေထဲသို့ ဆင်းသွားပြီ ဖြစ်သည်။ ရေထဲသို့ ရောက်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အကြည့်နှစ်ခုက သူ့ကို စိုက်ကြည့်နေသည်ကို လီဟမ်ရှန်း သိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူသည် ထျန်းရွှေမျိုးနွယ်ဝင်များ၏ အဆောက်အဦးမြင့်မြင့်မားမားများသည် သွေးမြစ်များပေါ်တွင် တည်ဆောက်ထားသည်ကို သူသိလိုက်ရ၏။

မြောက်များစွာ‌သော တစ္ဆေမျိုးနွယ်ဝင်များသည် လက်နက်များကို ကိုင်ဆောင်ပြီး လီဟမ်ရှန်းကို စိုက်ကြည့်နေကြသည်။

“လူသား”

ထိုအခိုက်တွင် ဒေါသပုန်ထနေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒီနေရာမှာ လူသားတစ်ယောက်ကို မြင်ရတယ်ဆိုတာ ရှားရှားပါးပါးပဲ…။ ဘာမဟုတ်တဲ့ လူသားလေးက တစ္ဆေမျိုးနွယ်ဝင်တွေရှိတဲ့ တိမ်ကန္တာရ နယ်မြေမှာ ပြဿနာ လာရှာသေးတယ်ပေါ့။ တစ္ဆေမျိုးနွယ်ဝင်တွေရှိတဲ့နေရာကို ရောက်လာရုံနဲ့ အားမရဘူး.။ ငါတို့ ထျန်းရွှေမျိုးနွယ်ဝင်တွေကိုတောင် လာပြီး သတ်ဖြတ်ရဲသေးတယ်။ မင်းအသက်ရှင်ရတာ ငြီးငွေ့နေပြီ မဟုတ်လား။ လူသား မစားရတာ အချိန်တော်တော်ကြာနေပြီ။ ဒီနေ့မှာတော့ လူသားပြန်စားရပြီပေါ့ကွာ။”

နောက်ထပ် အသံတစ်သံကလည်း ထွက်ပေါ်လာသည်။ ရေမျက်နှာပြင်ထက်တွင် မတ်တပ်ရပ်နေသော ပုံရိပ်နှစ်ခုကို လီဟမ်ရှန်းက တွေ့လိုက်ရပါ၏။ ထိုသူနှစ်ဦးသည် အလွန်အမင်း အရပ်ရှည်သည်။ လူ့ဘီလူးမျိုးနွယ်ဝင်များလောက် အရပ်မရှည်သော်လည်း ခြောက်ပေထက်တော့ ရှည်ပါသည်။ သူတို့၏ခန္ဓာကိုယ်သည် အပြာရောင် အသားအရည်ရှိပြီး တောင့်တင်းကြံ့ခိုင်သော ခန္ဓာကိုယ်ရှိ၏။ သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဖိနှိပ်နိုင်စွမ်း ရှိနေပါသည်။

သူတို့က လီဟမ်ရှန်း၏ ဘယ်ဘက်နှင့် ညာဘက်တွင် မတ်တပ်ရပ်နေပြီး လီဟမ်ရှန်း၏ပြေးပေါက်များအားလုံးကို ပိတ်ဆို့ထားလျက်ရှိပါသည်။ သူတို့၏ခြေထောက်အောက်တွင်တော့ ရေလှိုင်းများက ထွက်ပေါ်လာခဲ့ပါ၏။ သူတို့သည် ပြန်လည်မွေးဖွားခြင်း အဆင့်၏ ထိပ်ဆုံး တွင် ရှိသော်လည်း ယခုအချိန်တွင်တော့ ထိုထက် စွမ်းအားကြီးမားသည့် အနေအထားတွင် ရှိသည်။ ရေတစ္ဆေတွေ..။ လီဟမ်ရှန်းက တစ်ချက် စိုက်ကြည့်လိုက်သည်။

“တပ်မှူး သတိထားပါ။ ဒီနှစ်ယောက်က ထျန်းရွှေမျိုးနွယ်ဝင်တွေကို အုပ်စိုးတဲ့ အစစ်အမှန် အုပ်စိုးသူတွေပဲ။ သူတို့ကို ရေတစ္ဆေညီအစ်ကိုလို့ ခေါ်တယ်။ နာမည်တွေက ကျုံးရှန်းနဲ့ ကျုံးပေ့လို့ ခေါ်တယ်။ ရေထဲမှာဆိုရင် သူတို့ခွန်အားက အရမ်းကြောက်ဖို့ကောင်းတယ်။ သူတို့နှစ်ယောက် ပေါင်းတိုက်ရင် မူလအဆင့် ကျင့်ကြံသူတွေကိုတောင် သတ်ဖြတ်နိုင်စွမ်းရှိတယ်”

ပိုင်ဟသည် ခပ်မြန်မြန်ပင် လီဟမ်ရှန်းကို သတိလှမ်းပေးလိုက်သည်။

“မင်းလူသားစားချင်တယ်ဆိုရင်တော့ ထက်မြတဲ့ သွားတော့ လိုမှာပေါ့ကွာ..။ ဒါပေမဲ့ ကြည့်ရသလောက်ကတော့ မင်းမှာ သွားထက်ထက်တွေ မရှိဘူးဘဲ..။”

လီဟမ်ရှန်းက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်ပါတော့သည်။

All Chapters