ဘာလို့ အားလုံး မထုတ်သုံးတာလဲ
Vol. 43 Ch. 632
“ဒါက…”
ထိုအချိန်တွင် အကြီးအကဲကျိုးဝူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
သူက မျက်စိရှေ့မှမြင်ကွင်းကို လုံးဝမယုံနိုင်ခဲ့ပေ။
ကြီးမားသောဖိနှိပ်မှု စွမ်းအားနှင့်အတူ လက်တစ်ဖက်က အာကာပြင်ထဲမှ ထွက်ပေါ်လာသည်။
နောက်ထပ် အခိုက်အတန့်တွင် သူ၏ကော်လံကို ဆုပ်ကိုင်လိုက်သည်။
သူက ခုခံရန်လုံးလုံးလျားလျား ခွန်အားမရှိခဲ့ပေ။
ထိုလက်၏ ရှေ့တွင် သူက အေးခဲသွားသလိုဖြစ်ပြီး ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံး ရေခဲကဲ့သို့ ဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲ ကျိုးဝူသည် ရေနက်ထဲမှငါးတစ်ကောင်က တိမ်တိုက်များထဲသို့ အတင်းဆွဲယူခံလိုက်ရသလို ခံစားလိုက်ရပြီး နှာခေါင်းထဲမှ သွေးများ ဒရဟော စီးကျလာသည်။
ငွေရောင်လေးက ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။
အကြီးအကဲကျိုးဝူ၏ သွေးများက သူ့အဝတ်အစားများပေါ် စွန်းထင်လုနီးပါးပင်။
သူက ဆရာလေးလင်းအတွက် သူအစောပိုင်းကဝယ်ခဲ့သော လည်ပတ်ကို သူ့လည်ပင်းတဝိုက်တွင် လျှို့ဝှက်စွာ ဝတ်ဆင်ထားခဲ့သည်။
ဤအရာက ကိုယ်ပွားဖြစ်လျှင်ပင် သူက သွေးများမစွန်းထင်းသွားစေလိုပေ။
ဝမ်မိသားစု အိမ်လေးထဲမှ ဝမ်လင်းသည် အကြီးအကဲ ကျိုးဝူကို အာကာပြင်ထဲမှ ဆွဲထုတ်ရန် ငွေရောင်လေးကို ကူညီခဲ့ပြီးနောက်တွင် လက်ဆေးရန် ထွက်သွားခဲ့သည်။
အာကာပြင်ဖိအားချင်း ကွာခြားချက်ကြောင့် အကြီးအကဲကျိုးဝူကို ဆွဲထုတ်လိုက်သောအခါတွင် ခန္ဓာကိုယ်ထဲမှ သွေးများကခံနိုင်ရည် မရှိတော့ဘဲ နှာခေါင်းမှ ချက်ချင်း လျှံကျသွားခြင်းဖြစ်၏။
ထိုသွေးများက ဝမ်လင်း၏ လက်ကို အနည်းငယ် စွန်းထင်းသွားခဲ့သည်။
ဤသည်က သူ့အမှာဟု ဝမ်လင်း ထင်မြင်မိသည်။
သူက အနည်းငယ် ကပျာကယာ လုပ်ဆောင်ခဲ့၍ ကောင်းကင်လက်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို မေ့သွားခဲ့သည်။
တစ်စုံတစ်ဦးကို အာကာပြင်ထဲမှ ဆွဲထုတ်လိုက်သောအခါတွင် ဖိအားပြောင်းလဲမှုကို မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်သည်။
နှာခေါင်းသွေးသာ ယိုစိမ့်ခြင်းသည် အကြီးအကဲကျိုးဝူအတွက် မဆိုးလှပေ။
သူ၏ကျင့်ကြံမှုအဆင့်သာ အနည်းငယ်နိမ့်ခဲ့လျှင် ဒွါရ ၇ပေါက်မှ သွေးများ ထွက်ကုန်မည် ဖြစ်သည်။
“ဆရာလေးလင်းက တကယ်တော်တာပဲ”
မြင်ကွင်းကို အနီးကပ်ကြည့်ရင်း ငွေရောင်လေးက ကျေနပ်နေမိသည်။
ဆရာလေးလင်း၏ မှော်စွမ်းရည် အသုံးပြုသည့် မြင်ကွင်းများကို အနီးကပ်မြင်ရဖို့ဆိုသည်မှာ တကယ်ကို ရှားရှားပါးပါး မြင်ကွင်းတစ်ခု ဖြစ်သည်။
အာကာပြင်ကို တိုက်ရိုက်ချိုးဖျက်၍ လူတစ်ဦးကို ဆွဲထုတ်လိုက်သည့် နည်းစနစ်မှာ တကယ်ကို အစွမ်းထက်လှပေသည်။
ငွေရောင်လေးက အာကာပြင်ထဲမှ ဆွဲထုတ်ခံလိုက်ရသည့် အကြီးအကဲကျိုးဝူကို စိုက်ကြည့်လိုက်သည်။
ငွေရောင်လေးက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ အကြီးအကဲ ကျိုးဝူကို ပြုံးပြလိုက်သည်။
“မင်းဘာပြောစရာရှိသေးလဲ”
ငွေရောင်လေးက အကြီးအကဲကျိုးဝူကို သတ်ပစ်ရန် မတွေးထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အကြောင်းမဲ့ လူမသတ်ရန် ဝမ်လင်းကို ကတိပေးထားသောကြောင့် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် အကြီးအကဲကျိုးဝူသည် အလွန်အမင်း ထိတ်လန့်နေခဲ့သည်။
“အဲဒါက ဘာစွမ်းအားလဲ”
အစောပိုင်းက အလွန်အမင်း ကြောက်စရာကောင်းသော လက်က မည်သည့်အရာလဲ ဆိုသည်ကို သူအတိအကျ သိချင်နေခဲ့သည်။
ထိုလက်က ဥက္ကဌပိုင် တည်ထောင်ထားသည့် သီးခြားနေရာလွတ်ထဲမှ သူ့ကို တိုက်ရိုက်ဆွဲထုတ်နိုင်ခဲ့သည်။
ကောင်းကင်လက်ဖြင့် အတိုက်ခိုက်ခံရပြီးနောက်တွင် အကြီးအကဲဝမ်က ပြင်းထန်သော အတွင်းဒဏ်ရာကို ရရှိထားပြီဖြစ်၍ ငွေရောင်လေးအနေဖြင့် တစ်ဖက်လူနှင့်ဆက်ဆံရာတွင် လွယ်ကူသွားပြီ ဖြစ်သည်။
“ဒါကငါ့ဆရာရဲ့ အသေးအမွှား စွမ်းရည်တစ်ခုပါပဲ”
“အသေးအမွှား စွမ်းရည်တဲ့လား”
သွေးများစိုရွှဲနေသော အကြီးအကဲကျိုးဝူက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
“မင်းဆရာရဲ့အသေးအမွှား စွမ်းရည်တစ်ခုက လူတစ်ယောက်ကို အာကာပြင်ထဲကနေ တိုက်ရိုက် ဆွဲထုတ်နိုင်တယ်တဲ့လား”
ဤအရာက အလွန်အစွမ်းထက်သော နည်းစနစ်တစ်ခုဖြစ်သည်မှာ အလွန်ထင်ရှားသည်။
ထို့ကြောင့် အကြီးအကဲကျိုးဝူက ငွေရောင်ဆံပင်၏ နောက်ကွယ်မှသခင်သည် ဥက္ကဌပိုင်ထက် စွမ်းရည်မနိမ့်ကြောင်း ခန့်မှန်းမိခဲ့သည်။
ထိုအကြောင်းကိုတွေးမိရင်း အကြီးအကဲကျိုးဝူသည် ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သူက ဤတိုက်ပွဲကိုရှုံးနိမ့်ခဲ့ပြီဖြစ်၍ ထွက်ပြေးရန် အတွက် နည်းလမ်းရှာဖွေခဲ့သည်။
ငွေရောင်လေးအနေဖြင့်မူ အကြီးအကဲကျိုးဝူကို အသက်ရှင်လျက်ထားရန် ရည်ရွယ်ခဲ့သည်။
နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ထိပ်တန်းအဆင့် အဖွဲ့ဝင်အနည်းငယ်ထဲမှ တစ်ဦးအနေဖြင့် အကြီးအကဲကျိုးဝူသည် တန်ဖိုးမဖျက်နိုင်သော သတင်းအရင်းအမြစ် တစ်ခု ဖြစ်သည်။
ဥက္ကဌပိုင်၏ လက်ရှိတည်နေရာကို မသိရသေးသောကြောင့် ဤလူသည် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချို့ကို ဖမ်းဆုပ်မိရန်အတွက် ၎င်းတို့၏ သော့ချက်တစ်ခု ဖြစ်နိုင်သည်။
ငွေရောင်လေး “မင်းကိုငါမသတ်ချင်ဘူး.. ငါနဲ့ အေးဆေးလိုက်ခဲ့မယ်ဆိုရင် မင်းဘာမှ မဖြစ်စေရဘူးလို့ ငါအာမခံတယ်”
“ငါ့ကိုဖမ်းချင်တာလား.. အိပ်မက်သာမက်လိုက်”
အကြီးအကဲကျိုးဝူက အံကြိတ်၍ ရေရွတ်လိုက်ပြီး တားမြစ်အစီအရင်ကို ထုတ်သုံးရန်အတွက် သူ၏ခန္ဓာကိုယ်မှ ဆုံးရှုံးနေသော သွေးများနှင့် အဆီအနှစ်များကို ချက်ချင်းစုဝေး၍ လက်ဟန် တံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။
ထိုခဏမှာပင် အကြီးအကဲကျိုးဝူက ခြောက်ကပ်နေသောအလောင်းကောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်ကို ငွေရောင်လေး တွေ့လိုက်ရသည်။
ဇိမ်ခံကားထဲမှ ငွေရောင်လေး၏ မူရင်းခန္ဓာကိုယ်သည် ဤမြင်ကွင်းကို ထင်ရှားစွာ မြင်နေရ၏။
တစ်ချက်ကြည့်ရုံဖြင့် ဗုံးပစ်စီနီယာအင်မော်တယ်က ဤတားမြစ်အစီအရင်၏ မူလဇစ်မြစ်ကို ခန့်မှန်းမိလိုက်သည်။
“ဒါက အနောက်တိုင်းက တားမြစ်မှော်စွမ်းရည်ပါလား”
“အနောက်တိုင်းက တားမြစ်မှော်စွမ်းရည်.. ဟုတ်လား.. အဲဒါက ဘယ်လိုမျိုးလဲ”
“ပြောရရင် အဲဒါက အနောက်တိုင်းက တားမြစ်ထားတဲ့ မှော်အတတ်တစ်ခုပဲ.. ဒီမှော်အတတ်က ခန္ဓာကိုယ်ကို ဖုတ်ကောင်ရုပ်အသွင်အဖြစ် ပြောင်းလဲဖို့အတွက် သွေးအနှစ်သာရ အချို့ကို စားသုံးရတယ်.. ဒါပေမဲ့ ဒီမှော်စွမ်းရည်က အသုံးပြုသူရဲ့ သက်တမ်း အစိတ်အပိုင်းကို ကုန်ဆုံးစေတယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က ရှင်းပြလိုက်သည်။
ဤအနောက်တိုင်း တားမြစ်မှော်စွမ်းရည်နှင့် ပတ်သက်သည့် ထူးခြားမှုကို ဗုံးပစ်စီနီယာ အင်မော်တယ်က အမှန်တကယ် တွေ့ရှိခဲ့ခြင်း မဟုတ်ပေ။
သူက ဖိုရမ်တွင် လျှို့ဝှက်ဆန်းကြယ် သတင်းပေးသူ ဖော်ပြခဲ့သည့်အရာကို အခြေခံခဲ့ခြင်း ဖြစ်သည်။
သတင်းပေးသူ၏ ဖော်ပြချက်တွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ နောက်ကွယ်၌ အနောက်တိုင်းမှ အမှောင်အင်အားစုတစ်ခု ဖြစ်သည့် ညဦးစီးမှူးအဖွဲ့ ရှိနေသည်။
ထို့ကြောင့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ အဖွဲ့ဝင်များအနေဖြင့် အနောက်တိုင်း မှော်စွမ်းရည်ကို အသုံးပြုနိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
ဥက္ကဌပိုင်၏ တည်နေရာကို ရှာဖွေရာတွင် တိုးတက်မှု မရှိသည့်အခြေအနေ၌ ဤထိပ်တန်းခေါင်းဆောင် ရုတ်တရက်ပေါ်ထွက်လာသည့် အတွက် အချိုးအကွေ့များ ဖြစ်နိုင်မလားဟု ဗုံးပစ်စီနီယာအင်မော်တယ် တွေးမိလိုက်သည်။
“ညီနောင်ငွေရောင်လေး.. ဒီလူကို ခြေရာခံနိုင်ဖို့နည်းလမ်းရှိလား”
ဗုံးပစ်စီနီယာ အင်မော်တယ်က လေးလေးနက်နက် မေးလိုက်သည်။
ငွေရောင်လေး၏ မူလခန္ဓာကိုယ်က လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။
“ရှိတာပေါ့”
ထို့နောက်တွင် သူက သူ၏ကိုယ်ပွားကို အကြီးအကဲကျိုးဝူအား လိုက်ရှာရန် လျင်မြန်စွာ အသုံးချခဲ့သည်။
ထွက်ပြေးလွတ်မြောက်ရန် အတွက် ခန္ဓာကိုယ်နေရာတွင် ရုပ်သေးကို အသုံးပြုသည့် မှော်စွမ်းရည်သည် များသောအားဖြင့် အထောက်အကူတစ်ခု လိုအပ်သည်။
ထိုအရာမှာ ရုပ်သေးရုပ်၊ ဖယောင်းရုပ် သို့မဟုတ် ဆင်တူသည့်အရာတစ်ခုခု ဖြစ်နိုင်သည်။
အကြီးအကဲကျိုးဝူသည် တားမြစ်မှော်စွမ်းရည်ကို အသုံးမပြုမီ ဤအရာများကို လုံခြုံသောနေရာတွင် ချထားပြီးသား ဖြစ်ရပေမည်။
သို့သော် ကံမကောင်းစွာဖြင့် ဤတားမြစ်အစီအရင် အမျိုးအစားများသည် အများအားဖြင့် သွေးကို ကြားခံနယ်အဖြစ် အသုံးပြုရန်လိုအပ်ပေသည်။
ယင်းက ငွေရောင်လေးအတွက် ခြေရာခံရန် ပို၍ လွယ်ကူစေခဲ့သည်။
အကြီးအကဲကျိုးဝူ သွေးအနှစ်သာရကိုစုဆောင်း၍ လွတ်မြောက်သွားချိန်တွင် ငွေရောင်လေးက သူ၏သွေးတစ်စက်ကို ရောနှော၍ ထည့်ခဲ့သည်။
ဆိုရလျှင် ငွေရောင်လေးက ပြောင်းပြန်ခြေရာခံရန် အတွက် သူတော်စင် သွေးတစ်စက်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အကြီးအကဲကျိုးဝူက လွတ်မြောက်ရန် နည်းလမ်းမရှိပေ။
အကြီးအကဲကျိုးဝူ မည်သည့်နေရာကို ထွက်ပြေးပါစေ၊ ငွေရောင်လေးက သူတော်စင်သားရဲ သွေးအနံ့ဖြင့် ထိုနေရာကိုရှာဖွေနိုင်ပေသည်။
အကြီးအကဲကျိုးဝူက ရုပ်သေးအစားထိုးခြင်း မှော်စွမ်းရည်ကို ချက်ချင်းအသုံးပြု၍ ထွက်ပြေးခဲ့သည်။
ယင်းက အသက်ကယ်မှော်စွမ်းရည်လည်း ဖြစ်သည်။
နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ထိပ်တန်းအမှုဆောင် တစ်ဦးအနေဖြင့် အကြီးအကဲကျိုးဝူသည် သူ၏ အသက်ကိုထိန်းသိမ်းရန် နည်းလမ်းအပါအဝင် လက်စားချေမှုကို ရယူရန် အပြင်မထွက်မီ အရာအားလုံးကို စီစဉ်ထားခဲ့သည်။
အရေးပေါ် အခြေအနေတွင် ဤရုပ်သေးအစားထိုး မှော်စွမ်းရည်ကို အသုံးပြုရန် အကြီးအကဲကျိုးဝူသည် ဖယောင်းရုပ်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။
သို့ရာတွင် အမှန်တကယ် အသုံးပြုရမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ဤရုပ်သေးအစားထိုး မှော်စွမ်းရည်၏ အကြီးမားဆုံး အားသာချက်မှာ အခင်းဖြစ်ပွားရာနေရာမှ လွတ်မြောက်နိုင်ပြီး တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ခြင်း ဖြစ်၏။
သို့ရာတွင် ၎င်းထံ၌ ကန့်သတ်ချက်တစ်ခုလည်း ရှိနေသည်။
ယင်းမှာ ခန္ဓာကိုယ်အစားထိုး ပစ္စည်းတစ်ခုအဖြစ် အသုံးပြုသည့် အရုပ်သည် မူလခန္ဓာကိုယ်နှင့် ခပ်ဝေးဝေးတွင်ထား၍ မရပေ။
မီတာတစ်ထောင်သည် အကန့်အသတ်ဖြစ်နေပြီ ဖြစ်သည်။
အကြီးအကဲဝမ်က သူ၏လွတ်မြောက်မှုအတွက် ဝမ်းမြောက်နေသောအချိန်တွင် အနက်ရောင်ထီး တစ်လက်ကို ကိုင်ဆောင်ထားသော ရုပ်ပုံတစ်ခုသည် အာကာပြင် တစ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မမြင်နိုင်တဲ့ဓားပျံ ၆၀၀ကို ငါပေးလိုက်တယ်လေ.. ဘာလို့အားလုံးကို တစ်ပြိုင်နက်တည်း အသုံးမပြုလိုက်တာလဲ”
ထိုအသံကိုကြားလျှင် အကြီးအကဲကျိုးဝူ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင်ဒူးညွှတ်ကျသွားခဲ့သည်။
“ဥ.. ဥ.. ဥက္ကဌပိုင်”
အနက်ရောင်ထီးကို ကိုင်ထားသည့်လူငယ်က သူ့ကို အေးစက်စွာ ကြည့်နေခဲ့သည်။
“ပြောစမ်း.. ဘာလို့အားလုံးကို မထုတ်သုံးရတာလဲ”
အပိုင်း(၆၃၂) ပြီး၏