မင်းက အတွေးချော်နေပုံပဲ
Vol. 43 Ch. 633
အကြီးအကဲကျိုးဝူက ဥက္ကဌပိုင် ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ထို့ပြင် ထိုအရာက ဥက္ကဌပိုင် အစစ်မဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာဖြစ်ကြောင်း သူကောင်းစွာ သိရှိခဲ့သည်။
မည်သို့ပင်ဆိုစေမူ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း သူကဖိအားကို ကောင်းစွာခံစားခဲ့ရသည်။
ဖယောင်းရုပ်တုကို သူဝှက်ထားခဲ့သည့် ဤမှောင်မိုင်သောအခန်းသည် စုန့်ဟိုင်မြို့လယ်ခေါင်ရှိ တိုက်ခန်းတစ်ခန်းဖြစ်သည်။
၎င်းနေရာသည် ယခင်က မြေအောက်စူပါမားကတ် ဖွင့်ခဲ့သည့်နေရာ ဖြစ်သည်။
အကြီးအကဲကျိုးဝူက ဤနေရာကို မဝယ်မီတွင် စစ်ဆေးမှုများ မပြုလုပ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ဈေးပေါရုံသာမက ဖယောင်းရုပ်တုကို ဖုံးကွယ်ထားရန် အမှောင်ခန်းတစ်ခု ဖန်တီးရန်အတွက် အထူးသင့်လျော်သောနေရာ ဖြစ်သောကြောင့်ဖြစ်၏။
ဆိုရလျှင် ဤနေရာသည် အလွန်တရာ မှောင်မိုက်နေခဲ့သည်။
တားမြစ်အစီအရင်ကို အသုံးပြုမည်ဆိုလျှင် ပတ်ဝန်းကျင်သည် အလွန်အရေးကြီးသည်။
ဤအမှောင်ခန်း၏ ပထဝီဝင်တည်နေရာသည် ရုပ်သေးမှော်စွမ်းရည်ကို ချက်ချင်းအသုံးပြုနိုင်ရန် အတွက် အဓိကအချက်တစ်ချက် ဖြစ်သည်။
"ဘယ်လိုတောင် အသုံးမကျတဲ့အမှိုက်လဲ"
ထိုအချိန်တွင် အကြီးအကဲကျိုးဝူသည် ကျရှုံးခဲ့သော အမူအရာဖြင့် အခန်းအလယ်တွင် ဒူးထောက်နေခဲ့သည်။
သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျနေဆဲ ဖြစ်သည်။
သူ့ရှေ့တွင် အနက်ရောင်ထီးကို ကိုင်ဆောင်ထားသည့် ဖွေးစွပ်နေသောမျက်နှာနှင့် ပိန်ပါးပါးလူတစ်ယောက် ရှိနေသည်။
"ဥက္ကဌပိုင်"
ဤအရာက ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏အသက်ရှူသံကပင် အကြီးအကဲကျိုးဝူ၏ နှလုံးသားကို မိုးချုန်းသံကဲ့သို့ နက်နဲစွာ လှုပ်ခါသွားစေသည်။
သူ၏ဒွါရ၇ပေါက်ကနေ သွေးများက ကူကယ်ရာမဲ့ ထွက်လာခဲ့သည်။
ဥက္ကဌပိုင်၏ ကျင့်ကြံမှုအဆင့်က အလွန်ပင်မြင့်မားပြီး အကြီးအကဲကျိုးဝူ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။
"ဒါက ပကတိအင်မော်တယ်ရဲ့ စွမ်းအားများလား"
ထိုလူငယ်၏ ဘေးတွင် ယခင်က မမြင်ခဲ့ဖူးသော လူတစ်ယောက်ကို အကြီးအကဲကျိုးဝူ မြင်လိုက်ရသည်။
ထိုလူက ခရမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် မိတ်ကပ်များကို ထူထပ်စွာ လိမ်းချယ်ထားသည်။
ထိုအမျိုးသားက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်သည်အထိ အလွန်ချောမောသောသူ ဖြစ်သည်။
အကြီးအကဲကျိုးဝူက ထိုလူကို တစ်ခါမှ မမြင်ဖူးသော်လည်း ဥက္ကဌပိုင်၏ အနီးတွင် ဤကဲ့သို့ ရှိနေနိုင်သည့်အတွက် ဤလူ၏ အဆင့်အတန်းက သာမန် မဟုတ်ကြောင်း ရိပ်စားမိခဲ့သည်။
"ကျီရှင်း.. မင်းဘယ်လိုထင်လဲ"
ဥက္ကဌပိုင်က ထိုလူ၏ အမည်ကိုခေါ်ပြီး ညင်သာစွာ ပြောလိုက်သည်။
"တကယ်လို့ သူသာ ဓားပျံ၆၀၀ကို တစ်ပြိုင်တည်း သုံးလိုက်မယ်ဆိုရင် တစ်ဖက်လူကို မသတ်နိုင်ရင်တောင်မှ အများကြီးခြိမ်းခြောက်နိုင်လိမ့်မယ်"
ချောမောသောလူငယ်လေး ကျီရှင်းက ပြန်ဖြေလိုက်သည်။
"ဒါဆိုသိသာပါတယ်.. ကျိုးဝမ်က အတွေးချော်ခဲ့တဲ့ပုံပဲ"
ထိုအခိုက်တွင် အကြီးအကဲကျိုးဝူက အံတင်းတင်းကြိတ်ထားခဲ့သည်။
ဥက္ကဌပိုင်က အကြီးအကဲကျိုးဝူကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ကျိုးဝူ.. မင်းဘာပြောစရာရှိသေးလဲ"
"ကျွန်တော်ကျရှုံးရတာက ကျွန်တော့်ကို ဖမ်းဆီးဖို့အတွက် အာကာပြင်ကိုထိုးဖောက်လာတဲ့ လက်တစ်ဖက်ကြောင့်ပဲ.. အဲဒီလူရဲ့နောက်ကွယ်မှာ အနန္တတန်ခိုးရှင် တစ်ယောက် ရှိနေပုံရတယ်.. ဒါကြောင့် ကျွန်တော်ဘာမှ မလုပ်နိုင်ခဲ့တာပဲ.. ဥက္ကဌပိုင်.. ကျေးဇူးပြုပြီး သက်ညှာပေးပါ.. ဒီရန်သူက ကျွန်တော် ရင်ဆိုင်နိုင်တဲ့ရန်သူ မဟုတ်ဘူး"
အကြီးအကဲ ကျိုးဝူက ထိုစကားကို ပြောပြီးနောက်တွင် အလွန်တရာ စိတ်လှုပ်ရှားနေသည်။
ဤကောင်းကင်လက်၏ တိုက်ခိုက်မှုသည် သူ့ကို အတွင်းဒဏ်ရာရစေပြီး ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးများကို ဖောက်လွဲဖောက်ပြန် ဖြစ်စေခဲ့သည်။
ထိုခဏတွင် ကျီရှင်းအမည်ရှိ ချောမောသောလူငယ်က လှောင်ရယ်လိုက်သည်။
"ဥက္ကဌပိုင်နဲ့ ငါက တစ်ဖက်လူရဲ့နောက်ကွယ်မှာ အနန္တတန်ခိုးရှင်တစ်ယောက် ရှိနေမယ်လို့ မှန်းဆထားတဲ့အတွက် မင်းကို မမြင်နိုင်တဲ့ ဓားပျံ၆၀၀ အပ်နှင်းခဲ့တာပဲ.. ဒါပေမဲ့ မင်းက အဲထဲက တချို့ကို ကိုယ်ကျိုးအတွက် သိမ်းထားချင်လို့ ထုတ်မသုံးခဲ့ဘူး မဟုတ်လား"
ကျီရှင်း ထိုစကားကို ပြောလိုက်သည့်အခါတွင် ဥက္ကဌပိုင်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။
ဆိုရလျှင် ကျိုးဝူသည် မစ္စတာလုလိုပင် နှစ်ပေါင်းများစွာ သူ့အတွက် အလုပ်လုပ်ပေးခဲ့သူ ဖြစ်သည်။
သို့သော် အဆုံးသတ်တွင် အကြီးအကဲကျိုးဝူက သူ၏ အမိန့်ကိုဆန့်ကျင်ကာ အတွေးချော်သွားခဲ့သည်။
ကျိုးဝူ၏ လုပ်ရပ်က လွန်ကဲသွားပြီဟု ဥက္ကဌပိုင်ခံစားမိခဲ့သည်။
ကျိုးဝူက တစ်ဖက်သားကို တိုက်ရိုက် တိုက်ခိုက် သတ်ဖြတ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ် မတိုက်ခိုက်ဘဲ သူ၏အနာဂတ်အကျိုးစီးပွားကိုသာ တွေးတောနေခဲ့သည်။
ထိုအကြောင်းကို တွေးမိလျှင် ဥက္ကဌပိုင်၏ မျက်နှာတွင် ဆိုးရွားသော အမူအရာများ ဖြစ်ပေါ်လာသည်။
"ကျိုးဝူ.. မင်းလက်သီးတစ်ချက်တော့ ခံယူလိုက်တော့"
ဥက္ကဌပိုင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ လေထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကျိုးဝူတစ်ယောက် သတိလစ်လုနီးပါး ဖြစ်သွားရသည်။
အကြီးအကဲကျိုးဝူ၏ အတွင်းဒဏ်ရာက ပို၍ပင် ပြင်းထန်သွားခဲ့သည်။
ဤကဲ့သို့ ဒဏ်ရာမျိုးက နောက်ပိုင်းတွင် ပြန်ကောင်းလာလျှင်ပင် ပြင်းထန်သော ဆိုးကျိုးများကို ကျန်ရစ်စေလိမ့်မည်ဖြစ်သည်။
ပို၍ဆိုးသည်မှာ တစ်စုံတစ်ရာ မှားယွင်းခဲ့လျှင် သူ၏ ကျင့်ကြံခြင်းနယ်ပယ်က ဤအဆင့်မှာသာ ထာဝရပိတ်မိနေမည် ဖြစ်၏။
"ကျိုးဝူ"
မျက်နှာဖွေးစွပ်နေသော လူငယ်လေးက ငရဲတမန်တော်၏ အမူအယာဖြင့် အကြီးအကဲ ကျိုးဝူကို စိုက်ကြည့်လိုက်သည်။
"မင်းငါ့အတွက် အလုပ်လုပ်ပေးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ငါမင်းကို ဘယ်တုန်းကမှ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့ဘူး.. ဒါပေမဲ့ မင်းဒီနေ့ ကျူးလွန်ခဲ့တဲ့ အမှားကတော့ မင်းမလုပ်သင့်တဲ့ ကိစ္စပဲ.. လောလောဆယ်တော့ မင်းအသက်ကို ငါချမ်းသာပေးလိုက်မယ်"
အကြီးအကဲကျိုးဝူက ဒွါရ၇ပေါက်ကနေ သွေးများစီးကျနေသဖြင့် မည်သို့မျှ တုန့်ပြန် မပြောဆိုနိုင်ခဲ့ပေ။
ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်နေပြီး ချွေးများက တစ်ကိုယ်လုံး စိုရွှဲနေခဲ့သည်။
ထို့နောက်တွင် ဥက္ကဌပိုင်က သူ့ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ချောမောသော လူငယ်လေး ဘက်သို့ လှည့်လိုက်သည်။
"ကျီရှင်း.. ငါတို့သွားကြစို့"
ထိုခဏတွင် ဥက္ကဌပိုင်၏ နံဘေးရှိ ချောမောသော လူငယ်လေးသည် အကြီးအကဲကျိုးဝူကို ကရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက်တွင် ဥက္ကဌပိုင်နှင့် ထိုအမျိုးသားက ထွက်ခွာသွားတော့သည်။
ထိုနှစ်ယောက် ထွက်ခွာသွားပြီးနောက်တွင် ပတ်ဝန်းကျင်က အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
အကြီးအကဲကျိုးဝူက အတွင်းဒဏ်ရာအပြင် ရင်ထဲတွင် နာကျင်စွာ ခံစားနေရသည်။
ထွက်မသွားမီ သူ့ကို သနားစရာ သတ္တဝါတစ်ကောင် ကဲ့သို့ မှတ်ယူကာ ကြည့်ရှုခဲ့သည့် ကျီရှင်း၏ အကြည့်ကို သူမမေ့နိုင်ခဲ့ပေ။
ကျီရှင်းက မည်သည့် အမူအရာမျိုးမှ မပြသခဲ့သော်လည်း သူ၏အကြည့်တွင် လှောင်ပြောင်မှုတစ်ခု ရှိနေခဲ့သည်။
ထိုအရာက အကြီးအကဲကျိုးဝူ၏ မာနကို လုံးဝပင် ပြိုကျသွားစေသည်။
အကြီးအကဲကျိုးဝူက အလွန်ပင် စိတ်မချမ်းမသာဖြစ်ရသော်လည်း ကျီရှင်း၏ စကားကို မငြင်းဆန်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ပြောသမျှ စကားအားလုံးက ကွက်တိ မှန်ကန်နေသောကြောင့် ဖြစ်သည်။
တိုက်ပွဲတွင် သူက နောင်တစ်ချိန် အသုံးပြုနိုင်ရန် အတွက် မမြင်နိုင်သော ဓားပျံအချို့ကို တစ်ကိုယ်ကောင်းဆန်စွာ သိမ်းဆည်းထားလိုခဲ့သည်မှာ အမှန်တရားပင် ဖြစ်သည်။
သို့သော် အကြီးအကဲကျိုးဝူက တစ်ဖက်လူ၏ နောက်ကွယ်တွင် အနန္တတန်ခိုးရှင် တစ်ပါး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခုအချိန်ထိ သူ့ကို အာကာပြင်ထဲကနေ ဆွဲထုတ်ခဲ့သည့် ထိုလက်ကြီးကို သူမမေ့နိုင်ခဲ့ပေ။
ထိုလက်၏ ကျောက်စိမ်းလို ဖြူဝင်းသော အသားအရည်ကို ကြည့်လျှင် ဆယ်ကျော်သက် အရွယ်ခန့်သာ ရှိမည်မှာ ထင်ရှားသော်လည်း ထိုလက်ထဲတွင် အကန့်သတ်မဲ့ အုပ်စိုးမှုစွမ်းအား ရှိနေသကဲ့သို့ ကောင်းကင်ကြီးအား ဖိနှိပ်ထားသလို လူသားတို့အား ပြင်းထန်သောခံစားချက်ကို ပေးစွမ်းနိုင်သည်။
အကြီးအကဲကျိုးဝူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ထိုအကြောင်းကို မစဉ်းစားဘဲ စိတ်အေးအေးနေရန် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်သည်။
လက်ရှိအချိန်တွင် သူ့အတွက် အရေးကြီးသည်မှာ သူ၏ ဒဏ်ရာကို ကုသရန်သာ ဖြစ်သည်။
သီအိုရီအရ ပြောရလျှင် သူ၏ရုပ်သေးအစားထိုးခြင်း မှော်စွမ်းရည် အသုံးပြုသည့်နေရာကို မည်သူမျှ သိမည်မဟုတ်ပေ။
တစ်ဖက်လူက မည်မျှပင်သန်မာပါစေ၊ သူက ဤနေရာတွင် ပုန်းအောင်းနေမည်ကို မသိနိုင်ပေ။
အကြီးအကဲကျိုးဝူက အရေးပေါ်ကုသမှုအဖြစ် အသုံးပြုနိုင်ရန်အတွက် ကျောက်စိမ်းဆေးပုလင်းကို ထုတ်ကာ အတွင်းဒဏ်ရာများ၏ ပြင်းထန်မှုကို လျှော့ချနိုင်ခဲ့သည်။
အကြီးအကဲကျိုးဝူက ဆေးပြားများကို ပါးစပ်ထဲ ထိုးထည့်လိုက်သည့် အချိန်မှာပင် စူပါမားကပ်၏ သတ္တုတံခါးက ပေါက်ကွဲသံကြီးနှင့် အတူ ပွင့်သွားခဲ့သည်။
အကြီးအကဲကျိုးဝူက ဆေးပြားကို မျိုမချမီ ထိတ်လန့်သွားခဲ့သည်။
ထို့နောက် တံခါးဝတွင် ငွေရောင်ဆံပင်နှင့် လူငယ်လေးက သူ့အား ပြုံးပြုံးကြီး စိုက်ကြည့်နေသည်ကို သူတွေ့လိုက်ရသည်။
အပိုင်း(၆၃၃) ပြီး၏