အိပ်ပျော်နေသောမိန်းကလေး
Vol. 43 Ch. 645
သူ၏ဝမ်းဗိုက်က လူသားတစ်ယောက်ကို မပြောနှင့် ဆင်ကောင်ရေ တစ်သောင်းလောက်ကိုပင် မျိုချနိုင်ပေသည်။
ဤမိန်းကလေးကမူ ခွန်၏ ဝမ်းဗိုက်ထဲတွင်ငြိမ်သက်စွာလဲလျောင်း အိပ်စက်နေခဲ့သည်။
သူမ၏ မျက်နှာတစ်ခြမ်းကို အပြာရောင် ဆံပင်ရှည်များက ဖုံးလွှမ်းထားသော်လည်း သူမ၏ အလှတရားကိုမူ မဖုံးကွယ်နိုင်ပေ။
သူမ၏ တစ်ကိုယ်လုံးက အမှန်တကယ် သန့်ရှင်းနေခဲ့သည်။
မျက်နှာလည်း ထို့အတူပင်။
ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ သွေးစွန်းသည့် အရိပ်အယောင်ပင် လုံးဝမတွေ့ရပေ။
ဤသည်မှာ သူမဝတ်ဆင်ထားသော မီးခိုးရောင်အဝတ်အစားမှ ထွက်ပေါ်လာသော နက်ပြာရောင် မှော်အလင်းများကြောင့်ဖြစ်နိုင်သည်။
ထိုမိန်းကလေးက မီးခိုးရောင်အဝတ်အစားမှ ထွက်ပေါ်လာသော နက်ပြာရောင် မှော်အလင်း အကာအကွယ်ကြောင့် ဤကဲ့သို့ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ခဲ့ပုံရသည်။
“မိန်းကလေးက ဘယ်လိုလုပ် ဒီထဲကို ရောက်နေရတာလဲ”
အင်မော်တယ်ကျန်းရွမ်က အံ့ဩသွားခဲ့သည်။
သူက ခွန်ကလေးလေး၏ ခန္ဓာကိုယ်ထဲတွင် မိန်းကလေးတစ်ဦးကိုတွေ့ရှိရမည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ထို့ပြင် ထိုမိန်းကလေးသည် ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်နေသည်။
“ငါတို့ဘာလုပ်ကြမလဲ စီနီယာခွေး”
အင်မော်တယ်ကျန်းရွမ်က မှော်အတတ်ကိုအသုံးပြု၍ မိန်းကလေးကို ဝမ်းဗိုက်ထဲမှ ဆွဲထုတ်ကာ မြေကြီးပေါ်တွင်အသာအယာ ချထားခဲ့သည်။
သူက အင်မော်တယ်မျက်လုံးဖြင့် မိန်းကလေး၏ ခန္ဓာကိုယ်ကိုအသေးစိတ် စစ်ဆေးခဲ့သော်လည်း ဒဏ်ရာတစ်စုံတစ်ရာကို မတွေ့ခဲ့ရပေ။
ထိုကောင်မလေးက တကယ်ကို လှပေသည်။
သို့သော် သူမ၏အလှက လောကီနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ ခံစားရသော အလှတရားတစ်ခု ဖြစ်သည်။
တစ်နည်းအားဖြင့် ထိုမိန်းကလေးက ဆရာလေးလင်းနှင့်အလွန်ဆင်တူသည်ဟု ထွင်ထျန်းဟာ ခံစားမိခဲ့သည်။
“သူတော်စင်သားရဲသွေးကို တိုက်လိုက်ရမလား”
ငွေရောင်လေးက မေးမြန်းလိုက်သည်။
“လောလောဆယ်တော့ မလိုသေးဘူး.. ဒီမိန်းကလေးရဲ့ အရေးကြီးတဲ့ လက္ခဏာတွေအားလုံးက တည်ငြိမ်နေတယ်.. သူမက ဘာမှန်းမသိရတဲ့ အကြောင်းပြချက် တချို့ကြောင့် အိပ်ပျော်နေခဲ့ပုံပဲ”
အင်မော်တယ် ကျန်းရွမ်က တွေးတွေးဆဆဖြင့် ပြန်ဖြေလိုက်သည်။
ထို့နောက်တွင် သူက ငွေရောင်လေးကို ထူးဆန်းအံ့ဩသောအကြည့်ဖြင့် ပြန်ဖြေလိုက်သည်။
သူက ငွေရောင်လေး၏ ဝိသေသလက္ခဏာကို ယခုမှပင် ရိပ်မိသွားခဲ့ခြင်း ဖြစ်သည်။
“ငွေရောင်လေး.. ဒါဆို မင်းက သူတော်စင်သားရဲပေါ့”
“အခုမှသိတာလား”
ငွေရောင်လေးက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ကျန်းရွမ်က ဒဏ္ဍာရီထဲကလို ကြီးကျယ်ခန်းနားသောသူမှ ဟုတ်ပါလေစဟု သူခံစားမိခဲ့သည်။
“အိုး.. စိတ်မဆိုးပါနဲ့ ငွေရောင်လေး.. ငွေရောင်လေးရဲ့ အော်ရာက အနည်းငယ် ထူးဆန်းတယ်လို့ ငါအစောထဲက ထင်ခဲ့ပါတယ်.. ငါက ဝိညာဉ်သားရဲနဲ့ နတ်ဆိုးသားရဲတွေကိုပဲ စဉ်းစားမိပြီး သူတော်စင်သားရဲအကြောင်းကို လုံးဝ မေ့နေခဲ့တယ်.. ပြောရရင် ငါက ငွေရောင်လေးကို ဂြိုဟ်သားတစ်ယောက်လို့ ထင်နေခဲ့မိတာပါ”
ငွေရောင်လေး “……….”
[ဂြိုဟ်သားတစ်ကောင်လို ထင်ခဲ့တယ်တဲ့လား]
ဤအဖြေက သူ၏နှလုံးသားကို ဓားဖြင့်ထိုးသလို နာကျင်ရသော်လည်း သူတော်စင်သားရဲများ မျိုးတုန်းသွားပြီးနောက်တွင် လူသားကျင့်ကြံသူများ အနေဖြင့် သူတို့အကြောင်းကို မေ့လျော့သွားကြသည်ကိုတော့ ဝန်ခံရပေမည်။
သမိုင်းတွင် သူတော်စင်သားရဲများ မျိုးတုန်းသွားပြီးနောက်၌ အကြီးမားဆုံး သက်ရောက်မှုနှစ်ခု ရှိခဲ့သည်။
၎င်းမှာ နှစ်စဉ် ဝိညာဉ်သားရဲများ ကာကွယ်စောင့်ရှောက်ရေးနေ့ကို တရားဝင် ကြေညာခဲ့ခြင်းဖြစ်၏။
သူတော်စင်ခွေး၏ ကျေးဇူးကြောင့် သီးခြားဒေသ တစ်ခုတွင် ခွေးသား ဟော့ပေါ့ယဉ်ကျေးမှုကလည်း ထိုအထဲတွင် အကြုံးဝင်သည်။
သို့သော် ထိုဒေသရှိ ခွေးသားဟော့ပေါ့တွင် အသုံးပြုသည့် ခွေးသားများကို တရားဝင်လမ်းကြောင်းမှ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
ထိုဒေသအတွက် အသုံးပြုသော ခွေးအမျိုးအစားမှာ ခွေးသားဟော့ပေါ့အတွက် အထူးမွေးမြူထားသည့် အသားခွေးအမျိုးအစား ဖြစ်သည်။
၎င်းက ကျိုက်ယန် ချက်စားလေ့ရှိသည့် နဂါးဝက်သားနှင့်ဆင်တူသည်။
အရိုးသားဆုံး ဝန်ခံရလျှင် ငွေရောင်လေးသည် ခွေးသားဟော့ပေါ့ကို စားချင်နေခဲ့သည်။
ထိုဒေသရှိ ခွေးသားဟော့ပေါ့အတွက် အသုံးပြုသော ဟင်းခပ်အမွှေးအကြိုင်များသည် ထိုအချိန်က ခွေးသူတော်စင်ကို ချက်ပြုတ်ထားသည့် နည်းလမ်းကို အခြေခံ၍ အသုံးပြုထားခြင်းဖြစ်သည်။
ထိုအချိန်က ခွေးသူတော်စင်ကို ချက်ပြုတ်နေသော အချိန်တွင် ငွေရောင်လေးသည် သွားရည်ကျနေခဲ့ရသည်။
ထိုအချိန်က ရရှိခဲ့သည့် ဟော့ပေါ့အနံ့ကို မေ့ဖျောက်ရန်မှာ သူ့အတွက် အလွန်ပင် ခက်ခဲနေ၏။
“ငါတို့ ဒီမိန်းကလေးကိုခေါ်သွားမယ်.. ဒီ ကကိစ္စတွေ ကိုင်တွယ်ဖို့ကိုတော့ မင်းကိုပဲ ငါတို့လွှဲထားလိုက်မယ်”
ထွင်ထျန်းဟာက အိပ်ပျော်နေသော မိန်းကလေးကို အချိန်တော်ကြာ စိုက်ကြည့်ပြီးနောက်တွင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
သူမ ဝတ်ထားသည့် မီးခိုးရောင်အဝတ်အစားကို ကြည့်ပြီး သူမက သာမန်မဟုတ်ဟု ထွင်ထျန်းဟာ ခံစားမိခဲ့သည်။
သူမကို ဤနေရာမှာထားခဲ့လျှင် အသုံးဝင်နိုင်မည် မဟုတ်ပေ။
ဆရာလေးလင်း ထံတွင် သူမကို နှိုးနိုင်မည့် နည်းလမ်းတစ်ခုခု ရှိနေနိုင်၍ သူမကို ခေါ်သွားသည်ကသာ ပိုကောင်းလိမ့်မည်ဟု တွေးမိခဲ့သည်။
“ကောင်းပါပြီ စီနီယာခွေး.. ဒီက ကိစ္စတွေကို ငါနဲ့ပဲ ပစ်ထားလိုက်ပါ.. အခုဆိုရင် ဒီခွန်ကောင်ကလည်း ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါပြီ.. နောက်မှ သူ့ရဲ့အူတိုင်ကို သေချာလေးရှာဖွေပြီးတော့ ကိုင်တွယ် ဖြေရှင်းလိုက်ပါမယ်”
အင်မော်တယ်ကျန်းရွမ်က ပြုံးရွှင်စွာပြောလိုက်သည်။
“ကောင်းပြီ”
ထွင်ထျန်းဟာက ခေါင်းငြိမ့်လိုက်သည်။
“တူလက်နက်က စွမ်းအားကုန်တော့မယ်ဆိုရင် မင်းရဲ့ အင်မော်တယ်တံဆိပ်နဲ့ ငါ့ကို တိုက်ရိုက်ခေါ်နိုင်တယ်.. စွမ်းအားသွင်းပေးဖို့အတွက် ငါလာခဲ့မယ်”
အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်သော မှော်လက်နက်ကို အကြိမ်အရေအတွက်လိုက်သာ အသုံးပြုနိုင်သော်လည်း ၎င်းကို လုံးဝအသုံးမပြုဘဲ အချိန်မီအားပြန်သွင်းလျှင် ဆက်တိုက်အသုံးပြုနိုင်မည် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်စီနီယာခွေး”
အင်မော်တယ်ကျန်းရွမ်က ခေါင်းငြိမ့်လိုက်သည်။
တူ၏အသုံးဝင်ပုံကို သူကောင်းစွာ သဘောပေါက်သည်။
တူက သူ့အသက်ကို ကယ်တင်ခဲ့သည့် အသက်ကယ်ရတနာတစ်ခုလည်း ဖြစ်သည်မဟုတ်ပါလော။
ထို့နောက်တွင် ရွှေရောင် အလင်းတန်းများ လင်းလတ်သွားပြီး သခင်မာ၏ ရှေ့တွင် လူနှစ်ယောက်နှင့် ခွေးတစ်ကောင်က ပြန်လည်ပေါ်လာသည်။
ဝမ်လင်းက သခင်မာ ပြသသော မြင်ကွင်းမှတဆင့် ဤမီးခိုးရောင်မိန်းကလေး၏ အကြောင်းကို သိထားပြီးဖြစ်သည်။
ဤမိန်းကလေးထံတွင် သတိလစ် မေ့မျောသွားရသည့်အကြောင်းအရင်း ရှိရပေမည်။
ထို့ပြင် သူမက မည်သည့်နေရာမှလာမှန်း သူမသိခဲ့ပေ။
ဝမ်လင်းက သူ့အိမ်တွင် ထိုမိန်းကလေးကို တိုက်ရိုက်နှိုးလိုခြင်းမရှိခဲ့ပေ။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် လုံးဝ မသိကြသောသူစိမ်းများ ဖြစ်ကြသည်။
သူမ၏ အရေးကြီးသော လက္ခဏာများက တည်ငြိမ်နေသော်လည်း သူမက လျှို့ဝှက်ဆန်းကြယ်စွာ သတိလစ်မေ့မျောနေခဲ့သည်။
ထို့ကြောင့် သူလုပ်နိုင်သောအရာမှာ ထိုမိန်းကလေးကို နှောင့်နှေးခြင်းမရှိစေဘဲ ဆေးရုံသို့ ပို့လိုက်ခြင်းသာ ဖြစ်သည်ဟု သူခံစားခဲ့ရသည်။
ခဏမျှ စဉ်းစားပြီးနောက်တွင် ဝမ်လင်းက အင်မော်တယ်ထုံရာကို ဖိတ်ကြားလိုက်သည်။
သူက သူရဲကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။
ထို့ကြောင့် ဒုက္ခရောက်နေသည့် မိန်းကလေးကို ကယ်တင်မည့်သူရဲကောင်းတစ်ယောက် အနေဖြင့် သရုပ်ဆောင်ပြရန် အထူးမလိုအပ်ခဲ့ပေ။
ဆိုရလျှင် သူက နွေရာသီအပန်းဖြေ ခရီးစဉ်အတွက် စိုးရိမ်နေဆဲဖြစ်သည်။
လက်တလောတွင် ဤကိစ္စထက် အရေးကြီးသောကိစ္စမရှိပေ။
ထို့ကြောင့် ထွင်ထျန်းဟာနှင့် ငွေရောင်လေး ဤမိန်းကလေးကိုပြန်ခေါ်လာသောအခါတွင် ဝမ်လင်း လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဆွဲငင်အားကို သုံးပြီး ကုတင်ပေါ်တွင် ညင်သာစွာ တင်ထားလိုက်ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုမိန်းကလေးသည် သန့်ရှင်းနေခဲ့သည်။
ထို့ကြောင့် သူက သန့်စင်မှုတာအိုကို အသုံးပြုရန်ပင် မလိုအပ်ခဲ့ချေ။
ဝမ်လင်း အနည်းငယ် သိချင်နေသောအရာမှာ မီးခိုးရောင်ဝတ်စုံ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုဝတ်စုံတွင် ကောင်းကင်တာအို၏ အော်ရာရှိနေ၍ ဖြစ်၏။
ဝမ်လင်းက လက်ကိုဆန့်ထုတ်ပြီး မီးခိုးရောင်ဝတ်စုံကို ထိကိုင်ကာ ဘာဖြင့်လုပ်ထားသလဲ ဆိုသည်ကို စစ်ဆေးကြည့်လိုက်သည်။
အဆုံးသတ်တွင် မေမေဝမ်က ထုံးစံအတိုင်း မည်သည့်အချက်ပြမှုမှ မပေးဘဲ အခန်းတံခါးကို တွန်းဖွင့်၍ တိုက်ရိုက်ဝင်လာခဲ့သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် မေမေဝမ်က အသက်ရှူကျပ်သွားခဲ့သည်။
ဝမ်လင်း၏ ကုတင်ပေါ်တွင် အိပ်စက်နေသည်ကို အတိုင်းသားမြင်လိုက်ရသည်။
သူမ၏ သားက ကောင်မလေး၏ ဝတ်စုံကိုလက်ဖြင့် ထိကိုင်နေသည်။
“ဘာလုပ်နေတာလဲ”
မေမေဝမ်က အံ့အားသင့်စွာ ရေရွတ်ပြီးမှ သူမ၏ပါးစပ်ကိုလက်ဖြင့် အုပ်လိုက်သည်။
ထို့နောက် အခန်းထဲမှ ကပျာကယာထွက်ကာ အခန်းတံခါးကိုဝုန်းခနဲ ဆောင့်ပိတ်လိုက်သည်။
ဝမ်လင်း “……….”
“မေမေ.. ရှင်းပြပါရစေမေမေ”
အပိုင်း(၆၄၅) ပြီး၏