ပထမဆုံးတွေ့ဆုံမှုအတွက် အဖိုးတန်လက်ဆောင်
Vol. 44 Ch. 648
ဤသည်က အင်မော်တယ်ထုန်ရာ အတွက် အလွန်တန်သည့် အရောင်းအဝယ်တစ်ခု ဖြစ်သည်။
၎င်းသည် စုန့်ဟိုင်မြို့ရှိ ဆိုင်လေး.တစ်ခုမျှသာဖြစ်ပြီး အများစုမှာ သူ၏ ဆေးမီးဖိုများထဲမှ ဆေးလုံး တစ်လုံးစာလောက်သာ ကုန်ကျသည်။
အဆိုးဆုံးအနေဖြင့် သူက နောက်လတွင် ဆေးမီးဖို မော်ဒယ်အသစ် ဝယ်စရာ မလိုတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ တပည့်နှစ်ယောက်ရှေ့တွင် မျက်နှာ မပျက်သရွေ့ အရာအားလုံးကို ညှိနှိုင်းနိုင်သည်ဟု အင်မော်တယ် ထုန်ရာ ခံစားမိသည်။
တစ်ဖက်တွင် ဝမ်လင်းသည် အင်မော်တယ်ထုန်ရာ သူ့အား ဆိုင်ခွဲတစ်ခုပေးမည်ဟု မမျှော်လင့်ထား၍ စိတ်လှုပ်ရှားနေခဲ့သည်။
အဆုံးသတ်တွင် လက်ဆောင်ပေးသည့် နည်းလမ်းသစ် တစ်ခု ရှိလာသည်။
ယင်းမှာ ဆိုင်ကို တိုက်ရိုက် ပေးခြင်းဖြစ်သည်။
ဟုတ်ပါသည်၊ အဂ္ဂိရတ်ပညာရှင် အားလုံးတွင် နက်ရှိုင်းသော အိတ်ကပ်များ ရှိကြ၏။
အင်မော်တယ် ထုန်ရာ အပေါ်ထပ်သို့ တက်သွားသောအခါ ကျင်းရှီ နှင့် ယင်းရှီ တို့လည်း လိုက်ပါလာခဲ့သည်။
အစောပိုင်းက အောက်ထပ်တွင် သူနှင့် လင်းကျန်းရန်က အဆင့်တူများဖြစ်သည်ဟု ကြွားလုံးထုတ်ခဲ့သောကြောင့် အင်မော်တယ် ထုန်ရာက အနည်းငယ် ရှက်ရွံ့နေခဲ့သည်။
ဝမ်လင်း၏ အိပ်ခန်းထဲ ရောက်သည့်အခါတွင် အင်မော်တယ်ထုန်ရာက သူ့လက်နှစ်ဖက်ဖြင့် ကျင်းရှီနှင့်ယင်းရှီတို့ကို ရှေ့သို့ တွန်းပို့လိုက်သည်။
“ဒါက စီနီယာလင်းပဲ.. သူနဲ့တွေ့တာ ပထမဆုံးအကြိမ် ဆိုတော့ နှုတ်ဆက်စကား အရင်ပြောလိုက်ဦး"
"မင်္ဂလာပါ စီနီယာလင်း"
ကျင်းရှီ နှင့် ယင်းရှီ တို့က ဝမ်လင်းကို ရိုကျိုးစွာ ဦးညွှတ်လိုက်ကြသည်။
“အင်း”
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
ကျင်းရှီနှင့်ယင်းရှီက ငယ်စဉ်ကတည်းကပင် စနစ်တကျ လေ့ကျင့်သင်ကြားခဲ့ကြသောကြောင့် အလွန်ကောင်းမွန်သော အမူအကျင့်များ ရှိသည်။
သူတို့ တွေးနေသမျှကို မျက်နှာတွင် ထုတ်ဖော်မပြတတ်ကြပေ။
ထို့အပြင် သူတို့က အလွန်ဖြူစင်သော နှလုံးသားရှိပြီး မကောင်းသော အတွေးများလည်း လုံးဝမရှိခဲ့ကြပေ။
ယခုအချိန်တွင်မူ သူတို့ပတ်ဝန်းကျင်ရှိ အရာများကို အလွန်သိချင်နေခဲ့သည်။
အဆုံးသတ်တွင် သူတို့၏နေထိုင်မှု အခြေအနေသည် ဂန္ဓမာကျွန်းပေါ်မှ ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကို စွန့်ခွာပြီး မြို့တော်သို့ ရောက်လာပြီးနောက်တွင် ကွဲပြားသွားသည်။
အင်မော်တယ်ထုန်ရာက မောင်နှမနှစ်ယောက်ကို ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် သူနှင့်အတူခေါ်ဆောင်လာသည်ကို ဝမ်လင်းက နားလည်နိုင်ခဲ့သည်။
ဝမ်လင်းက စကားလုံး တစ်လုံးတည်းနှင့် တုံ့ပြန်လိုက်သော်လည်း အင်မော်တယ်ထုန်ရာက စိတ်ထဲကနေ ဝမ်းသာလုံး ဆို့သွားခဲ့သည်။
စီနီယာလင်း ကိုယ်တိုင်ကိုယ်ကျ နှုတ်ဖြင့် ပြန်ဖြေသည်က ရှားရှားပါးပါး ဖြစ်ရပ်မဟုတ်ပါလော။
ကျင်းရှီ နှင့်ယင်းရှီ တို့က စီနီယာလင်း နှင့် ပထမဆုံး တွေ့ဆုံမှုမှာပင် အကြောင်းပြန်ချက်ကို အမှန်တကယ် လက်ခံရရှိခဲ့သည့် အတွက် ၎င်းတို့သည် အမှန်တကယ်ပင် အလားအလာအပြည့်ရှိသည်မှာ သေချာနေသည်။
"မင်းတို့နှစ်ယောက် တံခါးနားမှာ ငါ့ကိုစောင့်နေ"
အင်မော်တယ် ထုန်ရာက ကျင်းရှီ နှင့် ယင်းရှီ တို့ကို ညင်သာစွာ ပြုံးပြလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
ကျင်းရှီနှင့် ယင်းရှီ တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အိပ်ခန်းတံခါး တစ်ဖက်စီတွင် အလွန်နာခံစွာ ရပ်နေခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ဤကလေးနှစ်ယောက်သည် တကယ်ကို ချစ်စရာကောင်း၏။
ဝမ်လင်းက မျက်ခုံးပင့်ကာ သူ့အံဆွဲထဲမှ ခေါက်ဆွဲခြောက်ထုပ် နှစ်ထုပ်ကို ထုတ်လိုက်ပြီး တံခါးဆီသို့ တိုက်ရိုက်သွားကာ မောင်နှမနှစ်ယောက်အား ပေးလိုက်သည်။
အင်မော်တယ်ထုန်ရာ၏ အထူးလေ့ကျင့်မှုအပြီးတွင် မောင်နှမနှစ်ယောက်သည် ပျက်စီးသွားသော ဝိညာဉ်အရင်းအမြစ်များကို နောက်ဆုံးတွင် ပြန်လည်ရရှိသွားခဲ့သည်။
သူတို့က အသက်ဆယ့်သုံးနှစ်အရွယ်မှာပင် အခြေခံ တည်ထောင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။
သို့ရာတွင် သူတို့ ဝိညာဉ်အရင်းအမြစ်များ၏ အလားအလာက အပြည့်အဝ မဖွံ့ဖြိုးသေးပေ။
ဤခေါက်ဆွဲခြောက်ထုပ် နှစ်ထုပ်က ကျင်းရှီ နှင့် ယင်းအတွက် သင့်လျော်ပြီး ၎င်းတို့၏ စွမ်းရည်ကို မြှင့်တင်ရန် ကူညီပေးပါလိမ့်မည်။
ကျင်းရှီ နှင့် ယင်းရှီတို့က အရသာရှိသော ခေါက်ဆွဲခြောက်ထုပ်များကို လက်ခံလိုက်သောအခါတွင် ဤ “စီနီယာလင်း” ၏လက်၌ ခွန်အားအနည်းငယ်ရှိကြောင်း ခံစားခဲ့ရသည်။
ထို့ကြောင့် သူတို့က ဝမ်လင်း၏ လက်ကို အကြိမ်ပေါင်းများစွာ လှုပ်ယမ်း၍ နှုတ်ဆက်လိုက်သည်။
ကျင်းရှီနှင့်ယင်းရှီ "ကျေးဇူးတင်ပါတယ် စီနီယာကြီး"
ဝမ်လင်းက ထိုမောင်နှမကို သရေစာမုန့်များ ပေးသည်ကိုမြင်သောအခါ အင်မော်တယ်ထုန်ရာက အံ့သြသွားခဲ့သည်။
သူ၏ ပါးစပ်အဟောင်းသား ဖြစ်နေပြီး ဝမ်လင်းထံမှ မျက်နှာသာ ကြီးကြီးမားမား ရသည်ကို မယုံနိုင်ဖြစ်နေသည်။
"စီနီယာလင်းက ဒီကလေးတွေကို ဒီလို ကြီးကျယ်တဲ့ လက်ဆောင်တွေ ဘယ်လိုလုပ် ပေးနိုင်တာလဲ.. အားနာစရာကြီး"
ဝမ်လင်းက သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ဤခေါက်ဆွဲခြောက်ထုပ်များသည် ဖန့်ရှင်းက သူ့ကို အရင်က ပို့ထားသောအထုပ်များ ဖြစ်၏။
ယခု အထုပ်နှစ်ထုပ်သာ ကျန်တော့သည်။
ဤကလေးနှစ်ယောက်က သူ့ဆီလာလည်ဖို့ အခက်အခဲတွေ ကြုံလာရသည့်အတွက် ဤမျှလောက်ထိ တွန့်တိုနေစရာ မလိုဟု ခံစားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ခေါက်ဆွဲခြောက်ထုပ် လွှဲပေးလိုက်သောအခါတွင် သူ့လက်တွေက အနည်းငယ် တုန်ခါနေခဲ့၏။
ယင်းက ပုံမှန်တုံ့ပြန်မှုတစ်ခုပင်။
ဤတစ်ခါတော့ အင်မော်တယ်ထုန်ရာက ထီအကြီးကြီး ပေါက်ခဲ့သည်။
အဆုံးသတ်တွင် ကျင်းရှီ နှင့် ယင်းရှီတို့ကို စီနီယာလင်း နှင့် တွေ့ရန် ခေါ်ဆောင်ခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။
အင်မော်တယ်ထုန်ရာ၏ နှလုံးသားသည် လေးနက်စွာ တုန်လှုပ်သွား၏။
သူက ကျင်းရှီတို့၏ ခေါင်းများကို အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ကူကယ်ရာမဲ့စွာ ပွတ်သပ်လိုက်သည်။
"မင်းတို့နှစ်ယောက် တကယ်ကံကောင်းတာပဲ.. ငါမင်းတို့အတွက် တကယ်ကိုပဲ ဂုဏ်ယူမိတယ်"
ကျင်းရှီနှင့်ယင်းရှီ တို့က ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏ ဆရာက အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေသည်ကို သူတို့ လုံးလုံး နားမလည်နိုင်ပေ။
"ဒါက မုန့်နှစ်ထုပ်ပဲလေ.."
…...........
တံခါးကိုပိတ်ပြီးနောက်တွင် အင်မော်တယ်ထုန်ရာက မီးခိုးရောင်မိန်းကလေး၏ ရုပ်ပိုင်းဆိုင်ရာကို စေ့စေ့စပ်စပ်စစ်ဆေးရန် ပြင်ဆင်ခဲ့သည်။
"အာ.. ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ…”
အင်မော်တယ်ထုန်ရာ သူမကို မြင်လိုက်သည်နှင့် အနည်းငယ် အံ့သြသွားသည်။
ရိုးရိုးသားသားပြောရလျှင် ဤမိန်းကလေးက တခြားဂြိုလ်မှ ဖြစ်သည်ကို အမှန်တကယ် ယုံဖို့ခက်သည်။
ပြီးတော့ ခွန်၏ဝမ်းဗိုက်ထဲတွင် ဖြစ်၏။
မျိုးသုဉ်းပျောက်ကွယ်သွားသော သမိုင်းမစတင်မီက ကမ္ဘာဦးသားရဲကြီးများသည် အမှန်တကယ် အသက်ရှင်ကျန်ရစ်ခဲ့သည်။
အင်မော်တယ်ထုန်ရာက အသက်ခပ်ပြင်းပြင်းရှူပြီးနောက် သူ၏ ထိပ်တန်း လျှို့ဝှက်ဆေးများကို ထုတ်ယူလိုက်သည်။
သူ့တွင် ထူးခြားသည့် ဆေးနည်းများရှိသည်။
ယေဘုယျအားဖြင့် ပြင်ပလူများက သူ့ထံ လာစစ်ဆေးသောအခါတွင် သူဘာမှ မလုပ်မီ အခန်းထဲတွင် မည်သူမျှ မရှိကြောင်း သေချာစေမည် ဖြစ်သည်။
သို့သော် ယခု ဝမ်လင်း ရှေ့တွင်မူ ဤကိစ္စမျိုး မလိုအပ်ပေ။
စီနီယာလင်း၏ နယ်ပယ်အဆင့်က အလွန်ပင် နက်နဲသည်။
သူ၏ သေးနုတ်သော လျှို့ဝှက်ကုသနည်းကို ဂရုစိုက်မည်မဟုတ်ပေ။
ငွေရောင်လေးနှင့် ထွင်ထျန်းဟာက ဘေးသို့ ရွှေ့လိုက်သည်။
အင်မော်တယ်ထုန်ရာက ယခင်က ထွင်ထျန်းဟာ နှင့် ငွေရောင်လေးကို မြင်ဖူးသည်။
ယခုအခါတွင် ၎င်းတို့က စီနီယာလင်း၏ စာချုပ်သားရဲများဖြစ်လာကြောင်းလည်း ကြားသိခဲ့ရသည်။
သို့သော်လည်း ယနေ့သည် ငွေရောင်လေး၏ လူသားပုံစံကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ရိုးရိုးသားသားပြောရရင်…
အကယ်၍ ငွေရောင်လေး၏ မူလပုံစံကိုသာ မမြင်ခဲ့လျှင် ငွေရောင်လေးက မိန်းကလေး ဖြစ်သည်ဟု အမှန်တကယ်ပင် တွေးထင်မိပေလိမ့်မည်။
သူ့အတွေးများကို ငြိမ်သက်စေပြီးနောက်တွင် အင်မော်တယ်ထုန်ရာသည် ဓါတ်ဆေးပြွန်တစ်ခုကို ဂရုတစိုက် ကောက်ယူလိုက်၏။
ထို့နောက် ဆေးရည်တစ်စက်ကို မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်သို့ လွှတ်ချလိုက်သည်။
အဆုံးသတ်တွင် ထိုဆေးရည်တစ်စက်ကို မိန်းကလေး၏ ကိုယ်ပေါ်ရှိ မီးခိုးရောင် တာအို၀တ်စုံမှ တောက်ပသောအလင်းရောင်က လေထုထဲတွင် ပိတ်ဆို့ထားခဲ့သည်။
“ဒီအဝတ်အစားတွေက မရိုးရှင်းဘူး…”
အင်မော်တယ်ထုန်ရာက ရေရွတ်လိုက်သည်။
ဤဆေးရည်သည် သူ၏ အထူးအငွေ့ပျံအရည် ဖြစ်သည်။
၎င်းက အဆိပ်အတောက်ကင်းပြီး လုံးဝဘေးကင်းသည်။
ဤဆေးရည်ကို ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်တွင် အစက်ချခြင်းဖြင့် ကျင့်ကြံသူ၏ စိတ်ဝိညာဉ်ချီကို လှုံ့ဆော်နိုင်ပြီး ချီအရောင်ပြောင်းလဲမှု အပေါ် မူတည်၍ ၎င်းတို့၏အခြေအနေကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။
အကယ်၍ မိန်းကလေး၏ ထုံထိုင်းခြင်းမှာ အဆိပ်ကြောင့်ဖြစ်ခဲ့လျှင် စိတ်ဝိညာဉ်ချီ၏ အရောင်သည် အနက်ရောင် သို့မဟုတ် ခရမ်းရောင်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ယေဘုယျအားဖြင့် ကျင့်ကြံသူ တစ်ဦး မေ့မြောသွားစေရန် ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းနှစ်ခု ရှိသည်။
ပထမအချက်မှာ အဆိပ်ကြောင့် မေ့မြောသွားရခြင်း ဖြစ်၏။
ဤအဆိပ်မျိုးသည် အသက်အန္တရာယ် မစိုးရိမ်ရပေ။
အရေးကြီးသော လက္ခဏာများ တည်ငြိမ်နေသမျှ ကာလပတ်လုံး လူက တည်တည်ငြိမ်ငြိမ်ပင် ဆက်လက် အိပ်စက်နေမည် ဖြစ်သည်။
ဒုတိယအချက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် နောက်ထပ် စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် သူမအား ဂန္ဓာမာကျွန်းသို့ ပို့ဆောင်ရန် လိုအပ်မည် ဖြစ်သည်။
"ညီနောင်ငွေရောင်လေး.. ညီနောင်ခွေး.. ဒီကောင်မလေးရဲ့ ကော်လာကို နည်းနည်းလောက်ဖြည်ဖို့ ကူညီပေးလို့ရမလား"
အင်မော်တယ်ထုန်ရာက မေးလိုက်သည်။
“ငါတို့ မလုပ်နိုင်ဘူး.. ဆရာလေးလင်း တစ်ယောက်ပဲ သူ့အဝတ်တွေကို ထိနိုင်တယ်"
ငွေရောင်လေးက ခေါင်းခါယမ်းလိုက်သည်။
ထိုစကားကိုပြောပြီးနောက် သူက မီးခိုးရောင်ဝတ် ကောင်မလေးကို ထိဖို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
အဆုံးသတ်တွင် မီးခိုးရောင်ဝတ်ရုံသည် ပြင်းထန်၍ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ခဲ့ပြီး ငွေရောင်လေး၏ လက်ကို ခုခံပိတ်ဆို့ခဲ့သည်။
သူ့လက်က ဝတ်စုံနှင့် လုံးဝ မနီးစပ်နိုင်ခဲ့ပေ။
ထွင်ထျန်းဟာကလည်း ငွေရောင်လေးထက် အားနည်းသောကြောင့် သူမကို ထိရန်မှာ မဖြစ်နိုင်ချေ။
ဝမ်လင်း သက်ပြင်းချလိုက်သည်။
ဤတစ်ခါတော့ သူကိုယ်တိုင် အမှန်တကယ် လုပ်ရတော့မည်။
သူက မိန်းကလေး၏ ကော်လာကို ဖြည်ခါနီးတွင် မေမေဝမ်က ဘရိုကိုလီ ဖျော်ရည် ခွက်ပေါင်းများစွာနှင့် ရောက်လာသည်။
"ဖျော်ရည်သောက်ကြပါဦး.. ဒါ မနေ့ညက လဲ့လေး ပို့လိုက်တဲ့ ဘရိုကိုလီနဲ့ ဖျော်ထားတာ.. အရမ်းလန်းဆန်းစေတယ်”
ဝမ်လင်း၊ အင်မော်တယ်ထုန်ရာ၊ ငွေရောင်လေးနှင့် ထွင်ထျန်းဟာ ".............."
ထို့နောက်တွင် ဖျော်ရည်ကို သယ်လာသည့် မေမေဝမ်သည် လူတိုင်းကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ တံခါးကို ပိတ်လိုက်သည်။
အပိုင်း(၆၄၈) ပြီး၏