မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်၏ သေဆုံးမှု
Vol. 43 Ch. 641
“ဟုတ်တယ်၊ မူလ စိတ်ဝိညာဉ်အဆင့်ပဲ”
ဟော်ရှန်က ရဲ့လင်းချန်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။
“မစ္စတာဝိုင်က ဆေးပညာမှာရော သိုင်းပညာမှာပါ ထူးချွန်ပါတယ်၊ ငါတို့မိုမိသားစုက မင်းကို ဂုဏ်ထူးခံ ဧည့်သည် တစ်ယောက်အဖြစ် သဘောထားမှာပါ၊ ငါတို့ အတူတူ ပူးပေါင်းမယ်ဆိုရင် ငါတို့ အောင်မြင်မှုကြီးတွေကို ရမှာ သေချာတယ်၊ အဲ့လိုဆို မကောင်းဘူးလား”
ထိုသို့ပြောပြီးနောက် သူက ရဲ့လင်းချန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ အခြား မိသားစုမှ လူများသည် စိုးရိမ် ပူပန်နေကြပြီး ရဲ့လင်းချန်အား စိုးရိမ်တကြီး ကြည့်နေကြသည်။
မိုသခင်ကြီးသာ မူလ စိတ်ဝိညာဉ်အဆင့်ကို အမှန်တကယ် ချိုးဖောက်နိုင်ခဲ့ပြီး ကြောက်စရာကောင်းသော အင်အား ရှိသည့် ရဲ့လင်းချန်နှင့်ပါ ပူးပေါင်းလိုက်လျင် ဘယ်သူမှ သူတို့လမ်းကို တားဆီးနိုင်မည် မဟုတ်ပါ။
မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်ရှိသော ဟော်ရှန်သည်ပင် ရဲ့လင်းချန်ထံ၌ အလွယ်တကူ ရှုံးနိမ့်ခဲ့သည်။ ရဲ့လင်းချန်က မူလ စိတ်ဝိညာဉ်အဆင့် မဟုတ်လျင်တောင်မှ ထိုအဆင့်နှင့် မဝေးနိုင်တော့ပါ။
ယင်းကား မူလ စိတ်ဝိညာဉ်အဆင့် ဖြစ်သည်။
လူအများ၏ မျက်နှာတွင် ခါးသီးမှုနှင့် လေးစားမှုတို့ရှိသော အမူအရာများ ဖြစ်ပေါ်နေသည်။
ဟော်ရှန်သည် မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့် ဖြစ်သော်လည်း အစစ်အမှန် မူလ စိတ်ဝိညာဉ်အဆင့်နှင့် အရည်အသွေးအားဖြင့် ကွာခြားပေသည်။ ၎င်းက အတွင်းအားသုံး သိုင်းပညာရှင်နှင့် သာမန် သိုင်းပညာရှင် တစ်ယောက်လိုပင်။ မူလ စိတ်ဝိညာဉ်တစ်ပိုင်းအဆင့် သိုင်းပညာရှင်သည် မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင် တစ်ယောက်ရှေ့၌ ဘာမှမဟုတ်တော့ပေ။
ထိုအကြောင်းကြောင့်ပင် ဟော်ရှန်က မိုသခင်ကြီးအကြောင်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောလာခြင်း ဖြစ်သည်။ ယင်းက သူ့အား ယုံကြည်ချက်အချို့ ရှိလာစေသည်။
မိုသခင်ကြီးသည် တံခါးပိတ် ကျင့်ကြံသွားခဲ့ပြီး ဧည့်သည်များနှင့် မတွေ့ဆုံတော့ချေ။ သူတောင်မှ တစ်ခါတရံသာ တွေ့ခွင့်ရသည်။ မကြာသေးခင်ကမှ မိုသခင်ကြီးက မူလ စိတ်ဝိညာဉ်အဆင့်ကို ချိုးဖောက်သွားနိုင်ခဲ့ပြီဟု သူ သိခဲ့ရသည်။ ထိုထိတ်လန့်ဖွယ် သတင်းကို ရပြိးနောက် သူသည် တံခါးပိတ် ကျင့်ကြံရာနေရာသို့ ဝင်သွားခဲ့သည်။
ထိုနေရာ၌ မိုသခင်ကြီးသည် သူ့အား ရိုးရှင်းစွာ လက်ဝါးဖြင့် ရိုက်၍ တိုက်ခိုက်ပြသည်။
ထိုလက်ဝါးချက်အောက်၌ ဘေးပတ်လည်မှ စိတ်ဝိညာဉ်စွမ်းအင်များသည် စုပ်ယူခံလိုက်ရပြီး များပြားလှသော စွမ်းအင်များက သူ့ထံ တိုးဝင်လာ၏။ ၎င်းသည် ဖိနှိပ်လွန်းလှပြီး သူ တစ်စက်ကလေးမှ ခုခံခြင်းငှာ မစွမ်းနိုင်ပေ။ ထိုအခိုက်မှာပင် မူလ စိတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်သွားနိုင်ပြီးနောက် အရည်အသွေးရှိသော ပြောင်းလဲမှု ရရှိခြင်းက အဘယ်ကို ဆိုလိုမှန်း သူ နားလည်သဘောပေါက်သွားခဲ့သည်။
ကြောက်စရာကောင်းလိုက်လေခြင်း။
ထိုခံစားချက်အား ဤသို့သာ ဖော်ပြနိုင်တော့သည်။ ထိုအင်အားအောက်၌ သူသည် အချိန်မရွေး နင်းခြေခံရမည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားနေရသည်။
ထို့ကြောင့် သူသည် ဒဏ်ရာ အပြင်းအထန် ရနေသော်လည်း ယုံကြည်ချက် အပြည့် ရှိနေခြင်း ဖြစ်သည်။ မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်က ကြောက်စရာကောင်းသောသူ ဖြစ်ကြောင်း ရဲ့လင်းချန်အား သူ ယုံကြည်အောင် ပြောပြချင်နေသေးသည်။
သို့သော်ငြားလည်း ရဲ့လင်းချန်က သူ့အား သရော်ဟန်ဖြင့် ပြောလာသည်။
“အတူတူ ပူးပေါင်းမယ် ဟုတ်လား၊ မင်းတို့က ထိုက်တန်လို့လား”
သူတို့က သူ့ကို တစ်ချိန်လုံး လိုက်လံ နှောင့်ယှက်နေခဲ့သည်။ ဤသို့သော အခြေအနေမျိုးမှာတောင်မှ သူတို့က သူ့အား အပျော့ဆွဲဖြင့် သူတို့နှင့် ပူးပေါင်းရန် ဖိအားပေးဖို့ ကြိုးစားနေသေးသည်။
*ဒီသတ္တိက တကယ်ပဲ ဘယ်က ရလာတာလဲ*
“မင်း ဘာပြောချင်တာလဲ”
ဟော်ရှန်၏ ရင်ထဲ၌ လေးလံလာသည်။
“ငါ ပြောချင်တာက … မင်း အခု သေလို့ရပြီဆိုတာပဲ”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
သူ့စကား ဆုံးသွားသည်နှင့် ဟော်ရှန်က ချက်ချင်း လှုပ်ရှားလာသည်။ သူသည် ဒဏ်ရာများကို အရေးမစိုက်ဘဲ မြေကြီးကို ခြေထောက်ဖြင့် ကန်လိုက်ကာ လေထဲသို့ လွှားခနဲ မြောက်တက်သွားပြီးနောက် ဆယ်ပေကျော်အထိ ခုန်ကျော်လိုက်သည်။ သူ၏ ခြေထောက်အောက်၌ လေက စည်းချက်ကျကျ မြည်ဟီးနေသည်။
လေခွင်းကန်ချက်သည် ထွက်ပြေးရန်အတွက် အကောင်းဆုံးပင်။
“ဝေါ့”
သူ သွေးတစ်လုပ် အန်လာလေသည်။ သူ၏ မျက်လုံးများက အာရုံစိုက်၍ မရသော်လည်း သူ အံကြိတ်၍ ထွက်ပြေး နေဆဲပင်။ သူ၏ ခြေထောက်များက မြေဆွဲအား၏ သက်ရောက်ခြင်း မခံရသလိုပင်။
ဟော်ရှန်၏ မျက်လုံးတွင် မုန်းတီးမှုတို့နှင့် ပြည့်နှက်နေ၏။
*ငါ ဒီအန္တရာယ်က လွတ်တာနဲ့ ဒီကောင်ကို သူ့အသက်နဲ့ ပေးဆပ်ရအောင် လုပ်ပစ်မယ်*
ရဲ့လင်းချန် မည်မျှ သန်မာနေပါစေ၊ တစ်ယောက်တည်း ဖြစ်သည်။ မိုသခင်ကြီး လှုပ်ရှားလာလျင် သူသည် ပို၍ ထူးချွန်သော သူများကို စုစည်းနိုင်ပြီး လက်နက်များပင် သုံးလာလောက်သည်။
*အဲ့ကောင် အသက်မရှင်နိုင်မှာ သေချာတယ််*
သူ၏ လျင်မြန်မှုနှုန်းကို သူ ယုံကြည်ချက် ရှိသည်။ သူသည် ဘယ်သူမှ သူ့ကို လိုက်မမီနိုင်ကြောင်း သိနေသဖြင့် နောက်ပင် လှည့်မကြည့်ချေ။ ခြေထောက်သိုင်းပညာများကို အထူးပြုသည့် သူများသည် အစကတည်းကပင် ရှားပါးပြီး လူအနည်းငယ်သာလျင် သူ့အဆင့်သို့ ရောက်နိုင်ပေသည်။
သို့သော် ထိုသို့သောအချိန်၌ သူ့အနောက်မှနေ၍ တည်ငြိမ်သော အသံတစ်သံကို ကြားလိုက်ရသည်။
“ငါ မင်းကို မသွားခိုင်းပါဘူး၊ မင်း ဘာလို့ ထွက်ပြေးနေတာလဲ”
ထိုစကားများက ဟော်ရှန်ကို ချက်ချင်း ကြောက်ရွံ့သွားစေသည်။ သူသည် မယုံနိုင်ဟန်ဖြင့် နောက်လှည့်ကြည့်ပြီး ဆောက်တည်ရာမရ အော်ဟစ်လေသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရဲ့လင်းချန်က လေထဲ၌ လမ်းလျှောက်နေသည်ကို သူ မြင်လိုက်ရသည်။ ဘယ်ခြေရှေ့တွင် ညာခြေကို လှမ်း၍ လေထဲ၌ လျင်မြန်သောနှုန်းနှင့် ရှပ်တိုက်လျှောက်နေပုံက ပျံနေသည်နှင့် မခြားနားသလိုပင်။
ထိုစဉ် ရဲ့လင်းချန်သည် ညာလက်သီးဖြင့် ထိုးနှက်တိုက်ခိုက်လာသည်။
အားပြင်းသော လက်သီးချက်က အမြောက်သဖွယ် ကျဆင်းလာပြီး ဟော်ရှန်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ သူ၏ ခန္ဓာကိုယ်က အနောက်သို့ လွင့်ထွက်သွားပြီး လုံးလုံးလျားလျား သေဆုံးသွားလေတော့သည်။
*သ…သ…သူ သေသွားပြီလား*
လူတိုင်း ကြက်သေ သေသွားကြသည်။ သူတို့သည် အချိန်အတိုင်းအတာ တစ်ခုအထိ မှင်တက်နေပြီး အသက်ပင် မရှူနိုင် ဖြစ်နေလေသည်။
*မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်က ဒီလိုပဲ သေသွားတာလား*
သူတို့သည် အချိန် အတော်ကြာမှ အိပ်မက်မက်သကဲ့သို့ မှင်တက်နေရာမှ နိုးလာကြသည်။ သူတို့ အလွန်အမင်း ကြောက်လန့်နေပြီး ထိုပုံရိပ်ကို စေ့စေ့ မကြည့်နိုင်အောင် ဖြစ်နေလေသည်။
*ဒါက အရမ်း အံ့ဩဖို့ကောင်းပြီးတော့ ကြောက်ဖို့ကောင်းတယ်၊ မယုံနိုင်စရာပဲ*
အထူးသဖြင့် ရဲ့လင်းချန်က လေထဲသို့ ပျံတက်၍ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ပေါ့ပါးမှု စွမ်းရည်က ဟော်ရှန်ထက် ပိုမြင့်မားလေသည်။ ဤသည်ကား ရူးချင်စရာ ကောင်းလှပေသည်။
“ဘုန်း”
မိသားစုတစ်ခု၏ သခင်ကြီးဖြစ်သူ စုထျန်းဟုန်တောငမှ ခြေထောက်များ ပျော့ခွေကာ မြေကြီးပေါ် ချက်ချင်း ဒူးထောက်ကျသွားသည်။ ရဲ့လင်းချန်က ဟော်ရှန်ကို သတ်နိုင်စွမ်း ရှိလျင် စုထျန်းဟုန်တောင်ကို သတ်ခြင်းက လွယ်ကူပေလိမ့်မည်။
“မစ္စတာဝိုင်၊ ငါတို့ စုမိသားစုက မသိနားမလည်ခဲ့ပါဘူး၊ ဒီကိစ္စကို စိတ်ထဲမထားပါနဲ့၊ စုချင်းရွှယ်နဲ့ စုချင်းယောင်တို့ နှစ်ယောက်လုံးကို ငါ မင်းကို လက်ဆောင် ပေးပါ့မယ်”
စုထျန်းဟုန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ သူသည် အလွန်အမင်း ရိုကျိုးနေပြီး ပူးပေါင်းရန် အတွက် ထပ်မံ၍ မမျှော်လင့်တော့ချေ။
ထို့နောက် စုမိသားစုဝင်များကလည်း လိုက်၍ ဒူးထောက်လာသည်။ စုချင်းရွှယ်တစ်ဦးတည်းသာလျင် ရဲ့လင်းချန်ကို တွေဝေစွာ ငေးကြည့်နေခဲ့သည်။ သူမစိတ်ထဲ၌ ပြိုင်ဘက်ကင်းသော စုသခင်ကြီးက သူမ ဘတ်စ်ကားပေါ်၌ တွေ့ခဲ့သော လူငယ်လေးတစ်ယောက်ကို ဒူးထောက်နေသည်ကို သူမ ယုံရခက်နေသည်။
ထိုအခိုက်တွင် စုချင်းယောင်ကို မသိမသာ ခေါင်းမော့လာသည်။ သူမသည် ဒူးထောက်နေသော်လည်း ရဲ့လင်းချန်ကို ကြည့်သော သူမအကြည့်၌ စွဲလမ်းမှုတို့နှင့် ပြည့်နှက်နေသည်။ သူမအား ရဲ့လင်းချန်ကို လက်ဆောင်အဖြစ် ပေးမည်ဟူသော သူမဖခင်၏ စကားကို လုံးဝ ဒေါသမထွက်ချေ။ သူမသည် ရည်မှန်းချက် ကြီးသည့် စီးပွားရေး ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူမသည် အင်အားကြီးသူနှင့် အားနည်းသူကြားမှ ပတ်သက်ဆက်နွယ်မှုကို အပြည့်အဝ နားလည်သည်။ ထို့အပြင် သူမသည် အမျိုးသမီးတစ်ယောက်သာ ဖြစ်သည်။ သူမအတွက် သန်မာသော အမျိုးသား တစ်ယောက်၏ နောက်ကို လိုက်သည်က ဖြစ်သင့်ပေသည်။
“မစ္စတာဝိုင်၊ ကျေးဇူးပြုပြီး ကျွန်မတို့ စုမိသားစုရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ၊ ဒီအပြစ်အတွက် ကျွန်မ တစ်ဘဝလုံး ရှင့်ကို ပြုစုပေးဖို့ ဆန္ဒရှိပါတယ်”
စုချင်းယောင်က လျင်မြန်စွာ ပြောလာသည်။
ရဲ့လင်းချန်က စုချင်းယောင်၏ အကြည့်ကို ခံစားမိပြိး သူမကို ထပ်ကြည့်လေသည်။ သူက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အေးအေးလူလူ ပြန်ပြောလိုက်သည်။
“ထားလိုက်ပါ၊ စုမိသားစုနဲ့ ပြဿနာက အဲ့လောက်လဲ မကြီးပါဘူး”
ရဲ့လင်းချန်က သူမအား လက်မခံသည်ကို မြင်ပြီး စုချင်းယောင်၏ အကြည့်တွင် စိတ်ပျက်သည့် အရိပ်အယောင် ပေါ်လာသည်။ သို့သော် သူမက နှုတ်ခမ်းကိုက်၍ သူ့အား သတိပေးလိုက်သည်။
“မစ္စတာဝိုင်၊ မိုသခင်ကြီးရဲ့ နာမည်က မိုထျန်းချီပါ၊ သူက လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဒီဒေသမှာ အသန်မာဆုံး သိုင်းပညာရှင် ဖြစ်နေခဲ့တာပါ၊ သူသာ မူလ စိတ်ဝိညာဉ်အဆင့်ကို တကယ်ပဲ တက်နိုင်ခဲ့တယ်ဆိုရင် ရှင် သတိထားမှ ရမယ်”
“ဟော်ရှန်က အမှန်အတိုင်း ပြောတာ ဖြစ်နိုင်တယ်”
ထိုစဉ် ဖြူဖွေးသော ဆံပင်ရှည်များရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရဲ့လင်းချန်ကို နှုတ်ဆက် လာသည်။
“ငါက ချန်မိသားစုရဲ့ သခင်ကြီး ချန်ယွမ်ဟောင်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာဝိုင်”
ထို့နောက် သူက ဆက်ပြောသည်။
“အရင်တုန်းက ဟော်ရှန်က မိုသခင်ကြီးနဲ့ အလောင်းအစား လုပ်ခဲ့တယ်လို့ ကောလဟာလ ရှိခဲ့တယ်၊ အလောင်းအစားကို ရှုံးပြီးမှ သူက မိုမိသားစုထဲ ဝင်ခဲ့တာတဲ့၊ အဲ့ဒါက အမှန် ဖြစ်နေတဲ့ပုံပဲ၊ မိုသခင်ကြီးက ပါရမီရှင် သိုင်းသမားတစ်ဦးပဲ၊ ဒီလောက် နှစ်တွေ ကြာနေမှတော့ သူ မူလ စိတ်ဝိညာဉ်အဆင့်ထဲ ဝင်နိုင်သွားတာ ဖြစ်နိုင်ချေ များတယ်”
“အဲ့လိုဆိုရင် ငါ ကြည့်ကြည့်ရမှာပေါ့”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ ထို့နောက် သူ ရယ်နေမိသည်။
“ငါ ဒီမှာစောင့်ပြီး မိုမိသားစုက ဒီမူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင် အကျော်အမော်နဲ့ တွေ့ရမှာပေါ့”
ထိုအခါ လူတိုင်း မှင်တက် အံ့ဩသွားကြလေသည်။