← Chapters

ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ

Vol. 43 Ch. 642

ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ

Vol. 43 Ch. 642

လူတိုင်း နားကြားမှားသွားသည်ဟု ထင်နေကြသည်။

“ချီးပဲ၊ မင်းက မိုသခင်ကြီးကို ဘယ်လိုလုပ် စိန်ခေါ်နိုင်မှာလဲ”

လူတွေကြားထဲရှိ မိုမိသားစုမှ သိုင်းပညာရှင်များက ခွန်းတုံ့ပြန်လာသည်။

မိုသခင်ကြီးသည် သူတို့အတွက် နတ်ဘုရားတစ်ပါး ဖြစ်ပြီး ဤလောကထဲသို့ ရောက်လာကတည်းက ဒဏ္ဍာရီတစ်ပါးဟုပင် သတ်မှတ်နိုင်ပေသည်။ မိုမိသားစုက အသန်မာဆုံး မိသားစုဟူသည့် အဆင့်အတန်းကို ရခဲ့သည့် အကြောင်းရင်းမှာလည်း မိုသခင်ကြီးကြောင့် ဖြစ်ပေသည်။ သူတို့သည် ရဲ့လင်းချန်၏ အင်အားကို ကြောက်သော်လည်း သူတို့ သခင်ကြီး၏ ဂုဏ်သိက္ခာကို ကာကွယ်နေဆဲပင်။

ရဲ့လင်းချန်သည် မိုမိသားစုဝင်များကို တည်ငြိမ်စွာ အကဲခတ်နေပြီး ယင်ကောင်လေးများကို အရေးမစိုက်ချေ။

“မစ္စတာဝိုင်၊ မိုထျန်းချီက နှလုံးဖျက် လက်ဝါးကို အဓိက ကျင့်ကြံတာပါ၊ သူရဲ့ အတွင်းအားကို ထိန်းချုပ်မှုက သာမန် သိုင်းပညာရှင်ထက် ပိုပြီး သန့်စင်ပါတယ်၊ သူ့ရဲ့ အတွင်းအားက ပြိုင်ဘက်ရဲ့ သွေးကြောတွေကို ဝါးမျိုနိုင်ပြီးတော့ ရင်ဆိုင်ချိန်မှာ အရမ်း ဒုက္ခရောက်စေပါတယ်၊ သူနဲ့ သိုင်းအဆင့်တူတဲ့ သိုင်းပညာရှင်တွေတောင် သူနဲ့ မယှဉ်နိုင်ပါဘူး၊ သူ့လက်ဝါးချက်ကြောင့် ခံနိုင်ရည် လေ့ကျင့်ရေး ပညာရှင်တစ်ယောက်တောင် သေသွားခဲ့ရပါတယ်၊ အခု သူက မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင် ဖြစ်လာပြီဆိုတော့ သူ့အင်အားက ပိုပြီး ကြောက်စရာ ကောင်းလာတော့မှာပဲ”

စုထျန်းဟုန်က ရှင်းပြလိုက်သည်။

“ဟုတ်တယ်၊ မစ္စတာဝိုင်၊ မင်း ဂရုစိုက်မှ ဖြစ်မယ်”

ချန်သခင်ကြီးကလည်း ဝင်ပြောလာသည်။ ထို့နောက် သူက ဆက်ပြောလေသည်။

“ဒီလိုဆိုရင်ရော၊ ငါတို့ အရင် ပြန်သွားပြီးတော့ အဖြေ ရှာကြမယ်၊ ငါတို့ မိသားစုကြီး လေးခုက မစ္စတာဝိုင်နဲ့ လက်တွဲဖို့ ဆန္ဒရှိတယ်၊ အချိန်တန်ရင် ငါတို့ရဲ့ ပူးပေါင်းအင်အားက မိုထျန်းချီကို ရှင်းနိုင်မှာပဲ”

မိသားစုကြီး လေးခုက မိုမိသားစုကို ပစ်မှတ်ထားချင်နေကြသည်။ ရဲ့လင်းချန်က မိုမိသားစုကို ငြင်းဆန်ပြီး ဟော်ရှန်ကို သတ်လိုက်သောအခါ သူတို့ ဝမ်းသာသွားပြီး ရဲ့လင်းချန်အား သူတို့ဘက်သို့ ခေါ်ဆောင်ရန် စိတ်အား ထက်သန် လာကြသည်။

မိုထျန်းချီ မူလ စိတ်ဝိညာဉ်အဆင့်သို့ တက်ရောက်သွားသဖြင့် စီချွမ်-တိဘက်ဒေသတွင် ပြိုင်ဘက်ကင်းသွားပြီ ဖြစ်သည်။ အကယ်၍ သူသာ လှုပ်ရှားလာပါက စီချွမ်-တိဘက်ဒေသမှ မိသားစုများ ကြီးမားသော ပြန်လည် ဖွဲ့စည်းရေးနှင့် ကြုံတွေ့ရပေလိမ့်မည်။ ထိုအချိန် ရောက်လာပါက မိသားစုကြီး လေးခုလုံး သေချာပေါက် ပစ်မှတ် ထားခံရပေမည်။

မိုထျန်းချီ မတိုင်ခင် သူတို့ အင်အားကြီးလာအောင် စုစည်းရပေလိမ့်မည်။ အထူးသဖြင့် ရဲ့လင်းချန်ကဲ့သို့ ပညာရှင်တစ်ယောက်ကို သူတို့အဆင့်ထဲသို့ ခေါ်လာနိုင်ရန် ဖြစ်သည်။

“ငါ့ကို ဘယ်လိုလုပ်ပါလို့ မင်းတို့ သင်ပေးဖို့ လိုလို့လား”

ရဲ့လင်းချန်က အေးအေးဆေးဆေး ပြောပြီး အနီးအနားရှိ ပန်းခြံခုံတန်းတစ်ခု၌ သွားထိုင်လေသည်။

လူအများသည် တွန့်သွားပြီး ဘာမှထပ်မပြောရဲတော့ချေ။ သူတို့သည် ရဲ့လင်းချန်ကို အလွန်အမင်း လေးစား နေကြသည်။

*သူက မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်၊ အဲ့လို မဟုတ်ဘူးဆိုရင်တောင်မှ သူက အဲ့အဆင့်နဲ့ သိပ်ဝေးမှာ မဟုတ်ဘူး*

စုထျန်းဟုန် စဉ်းစားနေသည်။

*မိုထျန်းချီရဲ့ လက်ရှိခွန်အားက ဘာလဲဆိုတာကို ငါ သိချင်မိတယ်၊ မိသားစုကြီး လေးခုလုံး အင်အားချင်း ပူးပေါင်းလို က်ရင် ငါတို့ သူ့ကို တွန်းလှန်နိုင်လောက်တယ်*

“စုသခင်ကြီး၊ ဒီကိုလာခဲ့ပါ”

ထိုစဉ် ရဲ့လင်းချန်၏ စကားက စုထျန်းဟုန်ကို ကျောချမ်းသွားစေသည်။ သူ ချက်ချင်း အနားသို့ သွားလိုက်သည်။

“ဟုတ်ကဲ့ မစ္စတာဝိုင်”

“စိတ်အေးအေးထားပါ၊ ခင်ဗျား ကျွန်တော့်ကို သင်ပေးဖို့ လိုတာလေး ရှိလို့ပါ”

ရဲ့လင်းချန် ရယ်လိုက်သည်။

“ကျွန်တော်က မင်းကို သင်ပေးဖို့ မတန်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် သိတာအကုန်လုံးကို မျှဝေပေးပါ့မယ်”

စုထျန်းဟုန်က သူ့အနား၌ ချက်ချင်း နေရာယူလိုက်သည်။

“မူလ စိတ်ဝိညာဉ်အဆင့်ဆိုတာ ဘာလဲ”

ရဲ့လင်းချန် မေးလိုက်သည်။ စုထျန်းဟုန် သိချင်မိသွားသည်။

*သူက မူလ စိတ်ဝိညာဉ်အဆင့် မဟုတ်တာများလား*

သို့သော် သူ ခပ်မြန်မြန် အသေးစိတ် ရှင်းပြလိုက်သည်။

“သိုင်းပညာ လေ့ကျင့်တာက လူတစ်ယောက်ကို သာမန် သိုင်းပညာရှင်တစ်ယောက်ပဲ ဖြစ်လာစေတာပါ၊ သိုင်းပညာက သိုင်းကွက်နဲ့ ခန္ဓာကိုယ်ကို တိုးတက်လာစေတယ်၊ လေ့ကျင့်မှုက အဆင့်တစ်ခုအထိ ရောက်သွားရင် အတွင်းအား ဖြစ်လာတယ်၊ အဲ့ဒါကို အတွင်းအားသုံး သိုင်းပညာရှင်လို့ ခေါ်ပါတယ်၊ နောက်ပိုင်းကျရင် သူတို့ရဲ့ အင်အားက အရည်အသွေးအရ ပြောင်းလဲမှု ဖြစ်လာတယ်၊ အဲ့အဆင့်ရဲ့ နောက်ပိုင်းကိုတော့ မူလ စိတ်ဝိညာဉ် အဆင့်လို့ ခေါ်ပါတယ်”

“ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ မှတ်တမ်းအရ မူလ စိတ်ဝိညာဉ်အဆင့်နဲ့ အတွင်းအားအဆင့် ခြားနားချက်မှာ အတွင်းအားအဆင့်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ချီအကန့်အသတ်ပေါ်မှာ မူတည်ပါတယ်၊ မူလ စိတ်ဝိညာဉ်အဆင့်ကတော့ လေထုထဲက စိတ်ဝိညာဉ် စွမ်းအင်ကို စုပ်ယူနိုင်တယ်၊ အဲ့ဒီကနေပြီးတော့ အဖျက်စွမ်းအင်နှင့် အင်အားကို တိုးမြှင့်လာတာပါ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ မူလ စိတ်ဝိညာဉ် စွမ်းအင်နှင့် ကျင့်ယူထားသော အတွင်းအားတို့တွင် သိသိသာသာ ခြားနားချက် ရှိသည်။ ဟော်ရှန်ကို လေ့လာမိသလောက်အရ ဟော်ရှန်သည် လေထဲမှ စိတ်ဝိညာဉ် စွမ်းအင်ကို စုစည်းနိုင်သည် ဆိုရုံလေးသာ ရှိကြောင်း ရဲ့လင်းချန် ပြောနိုင်ပေသည်။ သို့သော် သူ၏ စွမ်းအင်က ဆတိုးလာခဲ့သည်။

“မူလ စိတ်ဝိညာဉ်အဆင့် ပြီးရင် အခြားအဆင့်တွေ ရှိသေးလား”

ရဲ့လင်းချန် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“ရှိပါတယ်”

စုထျန်းဟုန်က မထင်မှတ်ဘဲ ခေါင်းညိတ်လာသည်။

“အဲ့ဒါကို ကျွန်တော်တို့ ဘိုးဘေးတွေက မှတ်တမ်းတင်ထားပါတယ်၊ အဲ့ဒါက အစစ်အမှန်လားလို့ ကျွန်တော် သေချာ မပြောနိုင်ပါဘူး၊ ဒါပေမဲ့ မူလ စိတ်ဝိညာဉ်အဆင့်ကို ကျော်လွန်သွားရင် ပေါင်းစပ်ခြင်းအဆင့်လို့ ခေါ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်၊ အဲ့ထက် ကျော်သွားရင်တော့ ကျွန်တော် မသိတော့ပါဘူး”

ရဲ့လင်းချန် မျက်ခုံးပင့်သွားပြီး စုထျန်းဟုန်အား တအံ့တဩ ကြည့်လာသည်။

*ရှိနေတာပဲ*

“ခင်ဗျား ပြောနေတဲ့ ဘိုးဘေးတွေဆိုတာက ဘယ်သူတွေလဲ”

ရဲ့လင်းချန် မေးလိုက်သည်။

“သူတို့တွေက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေပါ၊ တကယ်တော့ ကျွန်တော်တို့ မိသားစုကြီး လေးခုက ဂိုဏ်းတွေက ဆင်းသက်လာတာပါ”

စုထျန်းဟုန်က ဘာကိုမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။

လူမှုအဖွဲ့အစည်း တိုးတက်လာမှုနှင့်အတူ ယခင်က တည်ရှိခဲ့သော ဂိုဏ်းများစွာသည် လူမြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပုံမှန် လူ့အဖွဲ့အစည်းနှင့် အသားကျသွားသည်။ ဂိုဏ်းများတွင် ကြီးမားသော အင်အား ရှိပြီး သိုင်းပညာကို လေ့ကျင့်ကြသည်။ မငြိမ်းချမ်းသော ကာလများအတွင်း၌ သူတို့သည် ကြောက်စရာကောင်းလှသော နှုန်းဖြင့် တိုးတက်လာခဲ့သည်။ တစ်ချို့က ကုမ္ပဏီများ ထူထောင်ကြပြီး အခြားသူများက မိသားစုများနှင့် မျိုးနွယ်များ တည်ထောင်ကြသည်။

ခေတ်သစ် လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ခြင်း မရှိဘဲ လူသူဝေးရာ၌ နေထိုင်သည့် အချို့သော ဂိုဏ်းများက ရှိနေဆဲပင်။ ဥပမာ ပြောရမည်ဆိုလျင် ရှောင်လင် ဘုန်းကြီးကျောင်း သို့မဟုတ် ရှင်းရီဂိုဏ်း ဖြစ်သည်။ သို့သော် သူတို့သည် လူနည်းစုသာ ဖြစ်သည်။ သူတို့ကြားထဲ၌ သိုင်းပညာရှင်များ ရှိနေမလား ဆိုသည်ကိုတော့ မသိနိုင်ပေ။

ယင်းက နားလည်ရ မခက်ပေ။ ရဲ့လင်းချန်ကို အံ့ဩစေသော အရာမှာ စုထျန်းဟုန် ပြောလိုက်သည့် အဖြစ်အပျက် ဖြစ်သည်။

သာမန် အခြေအနေများတွင် သိုင်းပညာရှင်များသည် မေ့လျော့ခြင်း ခံနေပြီ ဖြစ်သည်။ ဤလူများတောင်မှ ၎င်းကို ကျန်းမာရေး တိုးတက်စေသည့် လေ့ကျင့်ခန်းပုံစံတစ်ခုအဖြစ်သာ သဘောထားကြသည်။ အင်အားအရာတွင် သူတို့သည် သာမန်လူများထက် အနည်းငယ် ပိုသန်မာရုံသာ ရှိသည်။ သို့သော် လွန်ခဲ့သော ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်အတွင်း၌ သိုင်းပညာ လေ့ကျင့်မှု တိုးတက်နှုန်းက အလွန် လျင်မြန်လာခဲ့သည်ကို သူတို့ သတိပြုလာမိသည်။

ဝူရှဝတ္ထုများထဲတွင်သာ ရှိသည်ဟု သတ်မှတ်ခံရသော သစ်ပင်တစ်ပင်ကို လက်သီးတစ်ချက်ဖြင့် ချိုးဖျက်နိုင်သော ဂိုဏ်းများ၏ မှတ်တမ်းများ ရှိလေသည်။ အတွင်းအား သို့မဟုတ် မူလ စိတ်ဝိညာဉ်အဆင့်တို့ကို လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် ယင်းက အမှန်ဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။

သူတို့ လေ့ကျင့်သည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်က ကြီးမားစွာ တိုးတက်လာပြီး သစ်ပင်တစ်ပင်ကို လက်သီး တစ်ချက်တည်းဖြင့် ချိုးဖျက်လာနိုင်သည်။ ယင်းက ဤမိသားစုဝင်များအား လေ့လာချင်စိတ်ကို တိုးလာစေခဲ့သည်။ သူတို့သည် သိပ္ပံ နည်းပညာခေတ်၌ ရှိနေသော်လည်း သိုင်းပညာသည် သူတို့ ထိန်းချုပ်နိုင်သော အင်အားတစ်ခု သိလာရသည်။ အားကောင်းသော သိုင်းပညာနှင့်ဆိုလျင် ကိစ္စ တော်တော်များများက ပိုလွယ်လာသည်။ ယင်းက သူတို့၏ အင်အားကို တိုက်ရိုက် သက်ရောက်စေ၏။

ထို့ကြောင့် သူ့တို့သည် သိုင်းပညာအတွက် လေ့လာလိုစိတ် ပြင်းပြလာခဲ့သည်။

သို့သော် အချိန် အနည်းငယ် အကြာ၌ စစ်သည်တော်ဌာနက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အစိုးရက သိုင်းပညာရှင်နှင့် ပတ်သက်သော အကြောင်းအရာကို စတင် ပြောဆိုလာပြီး လူအများအား သိုင်းပညာနှင့် ပတ်သက်၍ ပို၍ လေ့လာရန် မသိမသာ တိုက်တွန်းလာသဖြင့် သူတို့၏ စိတ်ဝင်စားမှုကို ကြီးထွားလာစေသည်။

သာမန်လူ အများစုက သတိမထားမိလောက်သော်လည်း ထိုအချိန်မှစ၍ သိုင်းပညာရှင် အရေအတွက်က တိုးလာခဲ့လေသည်။

ထိုအရာအားလုံးက သာမန်လူများ၏ နောက်ကွယ်၌ တိတ်တဆိတ် ဖြစ်ပျက်နေခြင်း ဖြစ်သည်။ သူတို့ သတိထားမိလျင်တောင်မှ သူတို့သည် လတ်တလော ခေတ်ရေစီးကြောင်းဟုသာ တွေးမိလောက်သည်။

စူပါမန်းဝိုင်နှင့် ပတ်သက်သော အရာများကို ဥပမာထား၍ ပြောရပေမည်။ ပြည်သူမာျးသည် ယင်းအား ထူးခြားဆန်းကြယ်သော ဖြစ်စဉ်ဟုသာ ခံစားမိပြီး အချိန်ကြာလာသည်နှင့်အမျှ မေ့လျော့သွားကာ ဆူညံသံ များလည်း ငြိမ်သက်သွားလေသည်။

သိုင်းပညာက အဘယ်ကြောင့် လေ့ကျင့်ရ လွယ်ကူလာနေသလဲ ဆိုသည်ကိုတော့ မိသားစုကြီး လေးခုထဲက ဘယ်သူမှ မသိကြချေ။

ရဲ့လင်းချန်က နှာခေါင်းပွတ်၍ စဉ်းစားနေသည်။

သက်ရောက်မှုက ပိုပို၍ သိသာလွန်းလာသည်။ ယခုအခါတွင် လူအမာျးစုသည် စစ်သည်တော်ဌာနနှင့် သိုင်းပညာရှင်များ၏ တည်ရှိမှုကို လက်ခံလာကြသည်။ သိုင်းပညာက သူတို့၏ နှလုံးသားထဲ၌ ခိုင်မာစွာ အမြစ်တွယ်လာသည်။ အနှေးနှင့်အမြန်ဆိုသလိုပင် ကမ္ဘာကြီးက သိုင်းပညာရှင်တစ်ယောက်၏ စစ်မှန်မှုကို ကြေညာခဲ့ပါက လူအများသည် ထူးဆန်းသည်ဟု ခံစားမိမှာ မဟုတ်ပေ။

ရဲ့လင်းချန်သည် အစောပိုင်းကတည်းက အချို့သော ပုံမှန်မဟုတ်မှုများကို သတိထားမိခဲ့သည်။ သူ မြင်ခဲ့ပြီးသော ပြောင်းလဲမှုအားလုံးနှင့် စစ်သည်တော်ဌာနကဲ့သို့ အဖွဲ့အစည်းများ နိုင်ငံတကာ၌ တစ်ပြိုင်တည်း ပေါ်လာသည်ကို သုံးသပ်ရလျင် တစ်ခုခု ဖြစ်ခဲ့ကြောင်း သိသာလှပေ၏။

All Chapters