ငွေရောင်လေးရဲ့စျာန်ဝင်စားမှုအသစ်
Vol. 44 Ch. 651
ကြည်လင်ကောင်းကင်ဓားပိုက်ကွန်
ငွေရောင်လေးက ဤအမည်ကို တစ်နေရာရာတွင် ကြားဖူးသလို ခံစားလိုက်ရသည်။
ထိုအမည်ကို သူအတော်လေး ရင်းနှီးနေသည်။
ဖိုးဖိုးဝမ်က သူ၏ဓားစကေးများကို လွန်ခဲ့သည့်ရက်အနည်းငယ်က စပြီး ပြန်ကျင့်နေခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် ဝမ်မိသားစု၏ စားရေးသောက်ရေးအလုံးစုံကို မေမေဝမ်ကပင် တာဝန်ယူ ဆောင်ရွက်ပေးနေသည်။
မေမေဝမ်က ဝတ္ထုမရေးတော့ဘဲ အိမ်ရှင်မ ဖြစ်ရန်အတွက် ဘဝအတတ်ပညာများစွာကို သင်ယူခဲ့သည်။
သူမက အိမ်ထောင်စုကို စီမံခန့်ခွဲခြင်းအပြင် အားလပ်ချိန်များ၌ အရည်အချင်းစစ် စာမေးပွဲများကို ဖြေဆိုခဲ့သည်။
မေမေဝမ်က ဤညတွင် ဟင်းလျာများကို အထူးအာရုံစိုက်ထားပြီး အသားနှင့်အသီးအရွက်များကို တွဲဖက်ရာတွင် သေချာစီစဉ်ခဲ့သည်။
ပထမဆုံးဟင်းမှာ မုန်လာဉနီဟင်း ဖြစ်သည်။
ပုံမှန်အားဖြင့် နိုင်ငံခြားမှ တင်သွင်းသော ပစ္စည်းများမှာ အလွန်ပင်ဈေးကြီးသည်။
မေမေဝမ်က ဈေးမှမုန်လာဥနီနှစ်လုံး ဝယ်လာခဲ့ပြီး တစ်လုံးကိုကြိတ်ထားသော အသားနှင့်ရောကြော်လိုက်သည်။
သူမက ဤဟင်းကို မုန်လာဥနီဘုရင်ဟု အမည်ပေးထားသည်။
အသားဟင်းကမူ ဟင်းသီးဟင်းရွက် အသားလုံးကြော် ဖြစ်သည်။
၎င်းကို ဟင်းသီးဟင်းရွက်ခြင်္သေ့ခေါင်းဟုလည်း ခေါ်ကြသည်။
ထိုဟင်းကို ချက်ပြုတ်ရာတွင် အစိတ်စိတ်တုံးထားသော ဘရိုကိုလီများကို အသားများ၊ ကြက်ဥများ၊ အချိုမှုန့်များနှင့်ရောစပ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တွင် မူရင်းဟင်းအမယ်၌ ဘရိုကိုလီ မပါဝင်ပေ။
ဝမ်လင်းတို့အိမ်သို့ ဗုံးပစ်စီနီယာ အင်မော်တယ်ပို့ဆောင်ထားသော ဘရိုကိုလီများက မကုန်နိုင်မခမ်းနိုင် ဖြစ်နေ၍ မေမေဝမ်က ထည့်ချက်ထားခြင်းသာ ဖြစ်သည်။
မေမေဝမ်က ဘရိုကိုလီကို ဟင်းသီးဟင်းရွက် အစားထိုးအဖြစ် အသုံးပြုခဲ့သော်လည်း ဝမ်လင်းက ထိုဟင်းကို ကြိုက်နှစ်သက်၍ တားဆီးခြင်း မပြုလုပ်ခဲ့ပေ။
ဤဟင်းလျာကို ချက်ပြုတ်ရာတွင် အနည်းငယ် လက်ဝင်သောကြောင့် မေမေဝမ်က အထူးဧည့်သည်များလာမှသာလျှင် ချက်ပြုတ်ပေးလေ့ရှိသည်။
ဤသည်ကိုကြည့်လျှင် မေမေဝမ်က ငွေရောင်လေးကို မည်မျှနှစ်သက်ကြောင်း သက်သေပြနေ၏။
အရံဟင်းတစ်ပွဲမှာမူ ဝမ်မင်အကြိုက်ဆုံး ကျောက်ငါးဟင်း ဖြစ်သည်။
ယနေ့ ဝမ်မင်မရှိသည်မှာ ကရုဏာသက်စရာပင်။
နောက်ထပ် အရံဟင်းတစ်မျိုးမှာမူ နိုင်ငံခြားမှ တင်သွင်းလာသော စည်သွပ်ဘူးထဲမှ မှိုများဖြင့် ချက်ပြုတ်ထားသည့် မှိုဟင်းချိုဖြစ်သည်။
ထိုဟင်းချိုက အူလမ်းကြောင်းအတွက် အလွန်ကောင်းမွန်သည်။
“မစ္စငွေရောင်လေး.. မင်းက အရမ်းပိန်တယ်.. များများစားရမယ်နော်.. မလုံလောက်သေးရင် အိုးထဲမှာ ထပ်ရှိသေးတယ် သိလား”
မေမေဝမ်က ထမင်းခပ်ရင်း ငွေရောင်လေးကို ပြုံးကာပြောလိုက်သည်။
ငွေရောင်လေးက ရှက်ကိုးရှက်ကန်းပုံစံဖြင့် ပြန်ပြောလိုက်သည်။
“လုံလောက်ပါပြီ.. လုံလောက်ပါပြီ.. ကျွန်မက ပုံမှန်အားဖြင့် နည်းနည်းပဲစားတာပါ”
ထိုစကားကိုကြားလျှင် ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤမျှလောက် အရှက်မဲ့သည့်လူကို သူတို့တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဝမ်လင်းက အစားအစာအချို့ကို တူဖြင့် မခပ်ခင်အထိ ငွေရောင်လေးက ဦးဦးဖျားဖျား မစားရဲပေ။
“စီနီယာဝမ်ရော ဘယ်ရောက်နေတာလဲ”
ဝမ်မိသားစုအိမ်ငယ်လေးက အကြိမ်အနည်းငယ် အလည်အပတ်သွားဖူးသော်လည်း စီနီယာဝမ်ကို တစ်ခါတစ်ရံသာတွေ့ခွင့်ရသည်ကို သူမှတ်မိသည်။
“စာရေးတာနဲ့ အလုပ်ရှုပ်နေလို့နေမှာပါ.. အရင်စားလိုက်ရအောင်.. သူက အမြဲအဲလိုပါပဲ”
မေမေဝမ်က ပြုံးလျက်ပြောလိုက်သည်။
“ပြီးမှသူ့အတွက် စားစရာတွေပို့ပေးလိုက်မယ်”
ငွေရောင်လေးက ဒုတိယထပ်ကို စူးစိုက်ကြည့်ပြီးနောက် မေးခွန်းထုတ်လိုက်သည်။
“စီနီယာဝမ်က ဘယ်စာအုပ်ကိုရေးတာလဲ.. ငါအဲဒီစာအုပ်ကိုဖတ်ချင်လို့ပါ”
“စီနီယာဝမ် ရေးတဲ့စာအုပ်က အင်မော်တယ်ဘုရင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဘဝဆိုတဲ့ အွန်လိုင်းစီရီးတစ်ခုပဲ.. အရင်စာအုပ်ကိုတော့ နို့ထိန်းမိခင်ဆီသွားကြစို့လို့ နာမည်ပေးထားတယ်”
ထွင်ထျန်းဟာက ပြန်ဖြေလိုက်သည်။
“အကယ်၍မင်း အွန်လိုင်းမှာဖတ်မယ်ဆိုရင် တရားဝင်စာရင်းသွင်းပြီးမှ ဖတ်ဖို့မမေ့နဲ့နော်”
“အင်းပါ”
ငွေရောင်လေးက ပြန်ဖြေလိုက်သည်။
သူက ဤဝတ္ထုနှစ်အုပ်၏အမည်ကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။
စီနီယာဝမ်၏ လက်ရာများဖြစ်၍ သူ့အနေဖြင့်.အသေအချာဖတ်ဖို့လိုအပ်သည်။
ဒါတင်မကသေးဘဲ ထိုစာအုပ်ထဲမှ အဓိကအချက်များကို မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ထားရန် လိုသေးသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အားလပ်ချိန်တွင် စာအုပ်တစ်အုပ်ကို ဖတ်နေရုံတင်မကဘဲ ကျက်မှတ်နေသည်ကို သူရုတ်တရက် သတိရသွားမိသည်။
ငွေရောင်လေးက ယခုအခါတွင် လုံးလုံးလျားလျား နားလည်သွားပြီ ဖြစ်သည်။
စီနီယာအင်မော်တယ်က စီနီယာဝမ်၏စာအုပ်ကို ဖတ်နေသည်မှာ သေချာသလောက် ဖြစ်၏။
ဆရာလေးလင်းပင် ဤမျှ သန်မာနေသည်ဆိုလျှင် စီနီယာဝမ်အနေဖြင့် မည်မျှပင် သန်မာနေလိမ့်မည်နည်း။
သူ့အနေဖြင့် ဝတ္ထုထဲကနေ သဘောတရားအချို့ကို သေချာပေါက်ရှာဖွေရမည် ဖြစ်၏။
ညရောက်သောအခါဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်မိသားစုအိမ်သို့ အထူးလာရောက်ခဲ့ပြီး ငွေရောင်လေးကို ခေါ်ဆောင်သွားခဲ့သည်။
ငွေရောင်လေးအနေဖြင့် သူ့ဘာသာသူ ပြန်ခဲ့မည်ဆိုလျှင် ရဲစခန်းသို့ ထပ်မံရောက်မည်စိုးသောကြောင့် လာရောက်ခေါ်ဆောင်ရခြင်း ဖြစ်၏။
အိမ်အပြန်လမ်းတွင် ငွေရောင်လေးသည် ကာတွန်းကားသို့မဟုတ် အွန်လိုင်းဇာတ်လမ်းတွဲများကိုကြည့်မနေဘဲ E-book တစ်အုပ်ကို အလွန်အလေးအနက်ထား၍ ဖတ်နေသည်ကို သူသတိပြုမိလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့ဩသွားခဲ့သည်။
“မင်းဘာတွေဖတ်နေလို့ ဒီလောက်တောင် လေးနက်နေရတာလဲ”
“စီနီယာဝမ် ရေးထားတဲ့စာအုပ်လေ.. ဒီစာအုပ်က မင်းအချိန်တိုင်းဖတ်နေတဲ့ စာအုပ် မဟုတ်လား.. မင်းရဲ့မှတ်စုတွေကို ငါကူးယူထားလို့ရမလား”
ငွေရောင်လေးက ဗုံးပစ်စီနီယာအင်မော်တယ်ကို မေးလိုက်သည်။
ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ချွေးစေးများထွက်လာသည်။
“ငါ့မှတ်စုမှာစီနီယာဝမ်ပေးထားတဲ့သဘောတရားတွေနဲ့ပတ်သက်ပြီးဘာမှမရှိဘူး.. ငါ့အတွေးတွေပဲရှိတယ်.. စီနီယာဝမ်ရဲ့စာအုပ်က အရမ်းလေးနက်တဲ့အတွက် ငါလုံးဝနားမလည်နိုင်သေးဘူး.. စိတ်ဝင်စားရင်တော့ မင်းနဲ့ငါအတူလေ့လာလို့ရပါတယ်”
စီနီယာဝမ်၏ဝတ္ထုကို သန်းနှင့်ချီသောလူများက ဖတ်ရှုနေကြသည်။
လစဉ်မဲပေးသည့် အစီအစဉ်မှာပင် ဖုန်းတစ်ချက် ခေါ်လိုက်ရုံဖြင့် ပြိုင်ဘက်အားလုံးကိုအနိုင်ယူနိုင်ခဲ့သည်။
လူသန်းပေါင်းများစွာက စီနီယာဝမ်၏စာအုပ်ကို ဖတ်ကြသော်လည်း နားလည်သူမည်မျှရှိပါသနည်း။
ဖြစ်နိုင်သည်မှာ ယခုအချိန်ထိ စီနီယာဝမ်၏ ဝတ္ထုများမှ မည်သည့် သင်ခန်းစာများကိုစုဆောင်းနိုင်ခြင်းရှိပုံမရပေ။
ကောင်းကင်တာအို၏ သဘောတရားများက အလွန်ပင်လေးနက်၍ ဂရုတစိုက်လေ့လာမှသာ နားလည်မည် ဖြစ်သည်။
ရှေးယခင်ကဆိုလျှင် ရှေးဟောင်းကျင့်စဉ် တစ်ခု၏လေးနက်သော အဓိပ္ပါယ်ကို ဖော်ထုတ်ရန်အတွက် နှစ်တစ်ရာကျော်မျှပင် အချိန်ယူခဲ့ရသည်။
သူက စီနီယာဝမ်၏စာအုပ်ကို လအနည်းငယ်မျှသာ ဖတ်ရှုရသေးသည်။
ထို့ကြောင့် မည်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။
ငွေရောင်လေးက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။
“ညီနောင်ဗုံးပစ်.. ငါတို့အဆင့်ကျော်သွားတာ ဖြစ်နိုင်တယ်.. ဒါကြောင့် စီနီယာဝမ် ရေးထားတာကို လုံးဝ နားမလည်နိုင်တာပဲ”
ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ဝင်စားသွားသည်။
“ဥပမာပြောရရင် ငါတို့မှာမရှိတာက ဒီအလေ့အကျင့်လို့ ငါထင်တယ်”
ထိုစကားကို ပြောပြီးသည်နှင့်ငွေရောင်လေးက သူ့ဖုန်းကို ပိတ်လိုက်သည်။
သူက ဝတ္ထုကို ယခုမှစတင်ဖတ်ရုံမျှသာရှိသေးသော်လည်း စာရေးချင်စိတ် ပြင်းပျနေခဲ့သည်။
ယခင်က အိမ်ကထွက်စရာမလိုဘဲ ပိုက်ဆံရှာနိုင်မည့်နည်းလမ်းကို ငွေရောင်လေး တွေးတောခဲ့ဖူးသည်။
သူက အွန်လိုင်းမှအလုပ်များ ရှာဖွေခဲ့သော်လည်း အလုပ်တစ်ဝက်ခန့်မှာ အတုများ ဖြစ်နိုင်သည်ဟု ခန့်မှန်းမိခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏အိမ်တွင် အချိန်တော်ကြာ နေထိုင်ခဲ့ပြီးသည့်နောက်၌ ငွေရောင်လေးသည် ကိုယ့်ကိုယ်ကိုယ် အားကိုးရန်လိုအပ်သည်ဟု ခံစားမိခဲ့သည်။
“ညီနောင်ဗုံးပစ်”
ငွေရောင်လေးက ဗုံးပစ်စီနီယာအင်မော်တယ်ကို စိတ်အားထက်သန်သော အမူအရာဖြင့်ကြည့်လိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ် “……….”
ထိုနေ့ညမှာပင် ရေးချင်စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေသောငွေရောင်လေးသည် ဝတ္ထုတစ်ပုဒ်ကို စတင်ရေးတော့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်ကမူ ငွေရောင်လေး၏ဘေးတွင်ထိုင်ကာ ငွေရောင်လေး၏ ကြီးကျယ်သောလက်ရာကို မြင်တွေ့ခွင့်ရရန် စောင့်မျှော်နေခဲ့သည်။
ငွေရောင်လေး “ညီနောင်ဗုံးပစ်.. မင်း ဒီနိဒါန်းကို ဘယ်လိုမြင်လဲ”
ဗုံးပစ်စီနီယာအင်မော်တယ် “မင်းရေးထားတာက ဘာအကြောင်းလဲ”
ငွေရောင်လေးက ယုံကြည်မှုအပြည့်ဖြင့် ရှင်းပြလိုက်သည်။
“ဒါက စီနီယာဝမ်နဲ့ ပတ်သက်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းပါ.. လဲကျသွားပြီးတဲ့နောက်မှာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ရုန်းကန်ကြိုးစားနေရတဲ့ ဂုရုစာရေးဆရာကြီးတစ်ယောက်ရဲ့အကြောင်းပါ”
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး၏ ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။
ငွေရောင်လေးက သူ့စာအုပ်ကို ဝက်ဘ်ဆိုက်တွင် တင်လိုက်ပြီဖြစ်၏။
ပျမ်းမျှစာရင်းသွင်းမှု =၃၀
ငွေရောင်လေးက ဤကိန်းဂဏန်းကို စိုက်ကြည့်ရင်း မင်တက်နေခဲ့သည်။
သူက လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားသောကြောင့် အနည်းငယ် ချွန်ထက်သော သူ၏လက်သည်းများက သူ့လက်ဖဝါးကိုပင် ထိုးစိုက်သွားသည်။
ခေါင်းစဉ်= ဝမ်စစ်ထူ
ပျမ်းမျှစာရင်းသွင်းမှု= စာဖတ်သူ ၃၀
အဆင့်= အရှုံးသမား တတိယအဆင့် စာရေးဆရာ
အယ်ဒီတာတစ်ဦးက ထိုဝတ္ထု၏ အတွင်းပိုင်းအချက်အလက်များကို ကြည့်ရှုပြီးနောက် စိတ်ပျက်သွားခဲ့သည်။
၂နှစ်အကြာ...
ငွေရောင်လေး၏ အချက်အလက်က ထိုအတိုင်းသာ ဖြစ်၏။
အယ်ဒီတာက စာရေးဆရာ ဂရုထံသို့ စိတ်ပျက်သောလေသံဖြင့် အသံမက်ဆေ့ချ် ပေးပို့ခဲ့သည်။
အယ်ဒီတာ၏ အသံမက်ဆေ့က ထိုကဲ့သို့ ဖြစ်ပျက်နေသည်မှာ အနည်းငယ်မျှပင် အံ့ဩစရာမဟုတ်ပေ။
“ပျမ်းမျှစာရင်းသွင်းမှု ၃၀ ဟုတ်လား.. ငါထင်ထားတဲ့အတိုင်းပဲ.. ဒီအရှုံးသမားတတိယအဆင့် စာရေးဆရာတွေ အားလုံးက အမှိုက်တွေပဲ.. ဒီအမှိုက်စာရေးဆရာတွေက တကယ်ကို အရှက်တရား မရှိကြဘူးလားမသိဘူး.. သူက အယ်ဒီတာရဲ့သူငယ်ချင်းသာ မဟုတ်ရင် ငါသူ့ကို ဝက်ဘ်ဆိုက်ကနေ ဘန်းပစ်တာ ကြာလှပြီ”
အခြားတစ်ဖက်တွင်လည်း တည်းဖြတ်ဌာန၌ သတင်းကြေညာသည့်အယ်ဒီတာက လေးနက်စွာ သက်ပြင်းချလိုက်သည်။
သူ့ဘေးမှ အယ်ဒီတာချုပ်က သူ့ပုခုံးကို ပုတ်လိုက်၏။
“လွန်ခဲ့တဲ့နှစ်နှစ်က သူ့မှာ ပျမ်းမျှစာရင်းသွင်းသူ ၅၀၀၀ ရှိပါသေးတယ်.. အခုတော့ နှစ်နှစ်ရှိပြီ.. သူက တိုးတက်နေရမယ့်အစား နောက်တောင် ပြန်ဆုတ်ယုတ်သွားသေးတယ်.. ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူက အရှုံးသမားတတိယအဆင့်အောက်တောင် ရောက်သွားနိုင်တယ်”
...............
ငွေရောင်လေး “ညီနောင်ဗုံးပစ်.. မင်းဘယ်လိုထင်လဲ”
ဗုံးပစ်စီနီယာအင်မော်တယ် “……….”
အပိုင်း(၆၅၁) ပြီး၏