မော့အင်မော်တယ်ရဲတိုက်ထံမှ အကြံဉာဏ်တစ်ခု
Vol. 44 Ch. 653
မော့အင်မော်တယ်ရဲတိုက်သည် စုန့်ဟိုင်မြို့၌သာမက ကမ္ဘာတစ်လွှားတွင်ပါ နာမည်ကောင်းရထားသော ထောက်လှမ်းရေး အဖွဲ့အစည်းကြီး ဖြစ်သည်။
ဤမျှကြာရှည်စွာ တည်မြဲနေရသည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဖောက်သည်များ၏ စိတ်ကျေနပ်မှုများကို ရရှိထားသောကြောင့် ဖြစ်သည်။
တကယ်တမ်းတွင် မော့အင်မော်တယ်ရဲတိုက်မှ အချက်အလက်များကို မြေအောက်အဖွဲ့အစည်းများသာဝယ်ယူခြင်းမဟုတ်ပေ။
သူတို့တွင် အလင်း ဘက်တော်သား ဖောက်သည်များလည်း ရှိပေသည်။
အရေးကြီးသည်မှာ မည်သူက ပိုမြင့်သည့်ဈေးနှုန်းကို ပေးနိုင်သလဲဆိုသည့်အချက်ပေါ်တွင် မူတည်၏။
မော့အင်မော်တယ်ရဲတိုက်၏ အရေးပါဆုံးသော ဖောက်သည်အဖြစ် ဥက္ကဌပိုင်သည် တစ်သက်တာ လျှို့ဝှက်ဝန်ဆောင်မှုကို ဝယ်ယူခဲ့သည်။
ဆိုလိုသည်မှာ မော့အင်မော်တယ် ရဲတိုက်အနေဖြင့် ဥက္ကဌပိုင်နှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမှ ရောင်းချမည်မဟုတ်ပေ။
ထိုကဲ့သို့သော အရေးကြီးဖောက်သည်တစ်ဦးနှင့် အလုပ်လုပ်ရာတွင် ၎င်း၏လျှို့ဝှက်ချက်ကို ကာကွယ်ခြင်းအပြင် မော့အင်မော်တယ်ရဲတိုက်သည် ဖောက်သည်၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုကိုပါ ထည့်သွင်းစဉ်းစားပေးလေ့ရှိသည်။
အမှတ်၆၀အထက်တန်းကျောင်း..
ရဲတိုက်သခင်၏ မျက်လုံးထဲတွင် ဤနေရာက အင်မတန်ဆိုးရွားလှသည်။
ထိုနေရာ၌ကျဆုံးခဲ့သော ထိတ်တန်းပုဂ္ဂိုလ်များပင် ရှိသည်။
ဆင်ဖမ်းမည် ကျားဖမ်းမည် ကြုံးဝါးခဲ့သည့် တာအိုဆရာတစ်ဦးပင်လျှင် အမှတ်၆၀ အထက်တန်းကျောင်းမှ သမိုင်းဆရာ၏ ဂျူနီယာညီလေး ဖြစ်သွားခဲ့သည် မဟုတ်ပါလော။
သို့ရာတွင် ဥက္ကဌပိုင်နှင့် အကြီးအကဲကျီရှင်းတို့က ရဲတိုက်သခင်၏ အကြံဉာဏ်ကို ဂရုမစိုက်ခဲ့ပေ။
အကြီးအကဲကျီရှင်းက ရဲတိုက်လေဒီ ပေးသော USBမှ အချက်အလက်များကို သူကိုင်ဆောင်ထားသော လက်ပ်တော့ထဲသို့ တိုက်ရိုက်ချိတ်ဆက်၍ ဖွင့်ကြည့်လိုက်သည်။
"အမှတ်၆၀အထက်တန်းကျောင်း.. ဟုတ်လား"
ဤနေရာက အနည်းငယ်ရင်းနှီးနေသည်ဟု အကြီးအကဲကျီရှင်း ခံစားမိခဲ့သည်။
ထိုအမှတ်၆၀ အထက်တန်းကျောင်းနှင့် ပတ်သက်၍ သတင်းများတွင် မကြာခဏ တွေ့ခဲ့ဖူးသည်ဟု သူအမှတ်ရမိသည်။
"ဥက္ကဌပိုင်.. အကြီးအကဲကျီရှင်း.. မင်းတို့ပြန်စဉ်းစားသင့်တယ်လို့ ငါအကြံပေးချင်တယ်"
ရဲတိုက်သခင် "ဒီကျောင်းနဲ့ပတ်သက်ပီး ထူးဆန်းတာတွေ ရှိတယ်.. ကျွန်တော်တို့ မော့အင်မော်တယ် ရဲတိုက်အနေနဲ့ ဒီကျောင်းကို လုံးဝမထိသင့်တဲ့ ကန့်သတ်နယ်မြေစာရင်းထဲ ထည့်သွင်းဖို့ စဉ်းစားထားတယ်.. အခုချိန်ကစပြီး ဒီကျောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သူလျှိုတွေကို ဘယ်တော့မှလွှတ်တော့မှာ မဟုတ်ဘူး"
"မင်းစကားက ချဲ့ကားလွန်းရာ မကျဘူးလား"
အကြီးအကဲကျီရှင်းက လှောင်ပြောင်လိုက်သည်။
"အခုမှငါမှတ်မိတယ်.. ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေးမှူး ကျိုးရီက ဒီကျောင်းကနေ ဘွဲ့ရခဲ့တာမဟုတ်လား.. ကြည့်ရတာ ဒီကျောင်းက သာမန်ကျောင်းလေး ဆိုပေမဲ့လည်း အရည်အချင်းရှိတဲ့လူတွေကို မွေးထုတ်နိုင်ပုံရတယ်"
"ဟုတ်ပါတယ်.. ဒီကျောင်းမှာ ပညာသင်ကြားနေတဲ့ လျှို့ဝှက်ဆန်းကြယ် လူငယ်လေးအပြင် သင်ကြားရေး ဆရာတွေကလည်း သာမန်လူတွေ မဟုတ်ကြဘူး"
ရဲတိုက်သခင်က သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ပြီး သတိပေးစကား ဆိုလိုက်သည်။
"ဒီကျောင်းက နိုင်ငံတကာ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းဖြစ်တဲ့ အရိပ်အဖွဲ့အစည်းကိုတောင် လုံးဝ ဂရုမစိုက်တဲ့ကျောင်းပဲ.. တိတိကျကျပြောရရင် ဒီကျောင်းမှာ လုပ်ကြံသတ်ဖြတ်ရေး အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့ မော်ကွန်းဝင်အဆင့် ထိပ်တန်းလုပ်ကြံသူ ၂ယောက်ရှိတယ်"
ထိုစကားကိုကြားရလျှင် ဥက္ကဌပိုင်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
အကြီးအကဲကျီရှင်းက စူးစမ်းလိုသောအမူအရာဖြင့် မေးလိုက်သည်။
"မင်းက တာအိုကျင့်ကြံသူတောက်တိ နဲ့လေလွင့်ကိုလူချောကို ဆိုလိုချင်တာလား"
"အမှန်ပဲ.. လေလွင့်ကိုလူချောက အငြိမ်းစားယူပြီး နောက်ပိုင်းမှာ ဒီကျောင်းရဲ့ သမိုင်းဆရာဖြစ်လာတယ်.. မကြာသေးမီကပဲ သူ့ရဲ့ ဂျူနီယာညီလေးက သူ့ကိုလက်စားချေဖို့ သူ့ရဲ့အချက်အလက်တွေ ဝယ်ယူဖို့အတွက် ငါတို့ မော့အင်မော်တယ်ရဲတိုက်ကို လာခဲ့သေးတယ်.. ကံမကောင်းစွာနဲ့ပဲ သူတို့နှစ်ဦးစလုံးက ပြန်လည်သင့်မြတ်သွားပုံရတယ်.. ဒီမော်ကွန်းဝင်အဆင့် လူသတ်သမားကြီး နှစ်ယောက်အပြင် ဒီကျောင်းရဲ့ကျန်တဲ့ ဆရာတွေကလည်း လုံးဝ ကိုင်တွယ်ရလွယ်တဲ့သူတွေ မဟုတ်ကြဘူး''
ထိုအကြောင်းကို ပြောပြီးနောက် ရဲတိုက်သခင်က စိတ်နှလုံးထဲတွင် သက်ပြင်းချလိုက်သည်။
သူက တကယ်ပဲ အကောင်းဆုံးကြိုးစား၍ ဟန့်တားခဲ့ပြီးပြီ ဖြစ်သည်။
သူက အမှတ်၆၀အထက်တန်းကျောင်း၏ ဆရာများနှင့်ပတ်သက်၍ တမင်တကာပင် အနည်းငယ်ချဲ့ကား ပြောဆိုခဲ့သည်။
တကယ်တမ်းတွင် ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် လေလွင့်ကိုလူချောမှလွဲ၍ လက်ရှိ ကျောင်းအုပ်ကြီးချန်းသာလျှင် ကိုင်တွယ်ရခက်ခဲသည့်လူ ဖြစ်သည်။
သူက အနည်းငယ်ချဲ့ကား၍ ပြောဆိုခဲ့သော်လည်း သူ၏ ဖောက်သည်ဥက္ကဌပိုင်က လုံးဝ ဂရုစိုက်ပုံမရပေ။
လူတိုင်းက ရှင်သန်လိုသောဆန္ဒ ပြင်းထန်ကြသည့်ပုံမရချေ။
"ကျီရှင်း.. ငါဒီကျောင်းကို မင်းနဲ့ပဲ လွှဲထားခဲ့လိုက်မယ်"
ခဏမျှ ငြိမ်သက်ပြီးနောက်တွင် ဥက္ကဌပိုင်က ကျီရှင်းကို ညွှန်ကြားချက်ပေးလိုက်သည်။
"ဘယ်လိုဖြေရှင်းလိုက်ရမလဲ"
အကြီးအကဲကျီရှင်းက လေးနက်စွာပြုံး၍ မေးလိုက်သည်။
"ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားအောင် အပြတ်ရှင်းလိုက်"
ဥက္ကဌပိုင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ"
အကြီးအကဲကျီရှင်းက ခေါင်းငြိမ့်လိုက်သည်။
ဤကဲ့သို့ ဆောင်ရွက်သည်က သူတို့အတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။
ယခုတစ်ကြိမ်က ပို၍ပင် လွယ်ကူလောက်ပေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဤသည်မှာ အခြေခံတည်ထောင်ခြင်း အထက်တန်းကျောင်း တစ်ခုသာလျှင် ဖြစ်သည်မဟုတ်လော။
ဤလျှို့ဝှက်ဆန်းကြယ်သော ချာတိတ်မှလွဲလျှင် ဆရာတစ်ဦး သို့မဟုတ် နှစ်ဦးသာလျှင် အနည်းငယ် ကိုင်တွယ်ရခက်ခဲလိမ့်မည် ဖြစ်သည်။
အကြီးအကဲကျီရှင်းက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သူက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
ထိုအပြုံးက ဓားမြှောင်များကို သိုဝှက်ထားသည့် အပြုံးမျိုးဖြစ်သည်။
"စိတ်ချပါဥက္ကဌ.. ကျွန်တော်ဒီကိစ္စကို သေချာကိုင်တွယ်လိုက်ပါမယ်.. ကျိုးဝူက အရမ်းအားနည်းပေမဲ့ ကျွန်တော်ကတော့ သူနဲ့မတူဘူးလေ"
ရဲတိုက်လေဒီက ကျီရှင်း၏ အမူအရာကို မြင်သောအခါ ဆွဲရိုက်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။
"ဒါနဲ့ဥက္ကဌပိုင်ကို မေးပါရစေ.. ဒီအကြီးအကဲက ဘယ်သူများလဲ"
ကျီရှင်းက ဥက္ကဌပိုင်ကို ခွင့်တောင်းသည့်အနေဖြင့် ကြည့်လိုက်သည်။
ဥက္ကဌပိုင်က ကျီရှင်းကို မည်သူမည်ဝါဖြစ်ကြောင်း ခွင့်ပြုသည့်အနေဖြင့် သူ့လက်ကို မြှောက်လိုက်သည်။
ထို့နောက် အကြီးအကဲကျီရှင်းက ရဲတိုက်သခင်ကို ကြည့်လိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့နေလိုက်တာ.. ငါ့နာမည်က ကျီရှင်းလို့ ခေါ်ပါတယ်.. ငါက ဥက္ကဌပိုင်ရဲ့ နံပါတ်တစ် လက်နက်ပန်းပဲဆရာ တစ်ယောက်ပါ.. ငါက နေကျွန်းမှာ တစ်နှစ်ပတ်လုံး ကျောင်းတက်နေခဲ့ပြီး အခုမှ ပြန်ရောက်လာခဲ့တာပါ.. နေကျွန်းမှာ ရှိစဉ်တုန်းကဆိုရင် ငါ့ကို ဆွန်းနစ်ကို လို့ခေါ်ကြပါတယ်"
"နေကျွန်းလား"
ရဲတိုက်သခင်က မျက်မှောင်ကြုတ်သွားသည်။
အကြီးအကဲကျီရှင်းသည် အမှန်တကယ်ပင် နိုင်ငံရပ်ခြားမှပြန်လာသူဖြစ်နေသည်။
သို့သော် နေကျွန်းတွင် ကျောင်းတက်နေသည်ဆို၍ ရဲတိုက်သခင်က ကျီရှင်းနှင့်ပတ်သက်သည့် ကောက်ချက်အချို့ကို ချက်ချင်းပင် ဆွဲယူနိုင်ခဲ့သည်။
အကြီးအကဲကျီရှင်း၏ တင်းကျပ်သော ဝတ်စား ဆင်ယင်မှုအရ နေကျွန်း၏ နင်ဂျစ်ဆုကို လေ့လာခဲ့ခြင်း ဖြစ်နိုင်သည်။
ရဲတိုက်သခင်က ပြုံး၍ မေးလိုက်သည်။
"မစ္စတာကျီရှင်းကို ကြည့်ရတာ နင်ဂျစ်ဆုမှာ ကျွမ်းကျင်ပုံပဲ"
"ကျွမ်းကျင်တယ်လို့လဲ ပြောလို့မရသေးပါဘူး.. ငါကနည်းနည်းပါးပါး နားလည်ရုံလောက်ပါပဲ"
အကြီးအကဲကျီရှင်းက ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့လည်း နင်ဂျစ်ဆုကို သင်ယူတုန်းက ငါအခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်.. ဥပမာအားဖြင့် နေကျွန်းမှာအရမ်းသန်မာလွန်းတဲ့ ကတုံးတစ်ကောင်နဲ့ ငါထိပ်တိုက်ရင်ဆိုင်ဖူးတယ်.. သူက လက်သီးတစ်ချက် နင်ဂျာနည်းစနစ်ကို သုံးပြီး ငါ့ကိုဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တယ်.. "
ရဲတိုက်သခင် "နောက်ရော ဘာဆက်ဖြစ်သေးလဲ"
"ငါက ကံကောင်းပြီး ဂွေးကျိတစ်လုံးပဲ ဆုံးရှုံးသွားခဲ့တယ်"
ထို့နောက် အကြီးအကဲကျီရှင်းက ပြုံး၍ သူ့စကားကိုဆက်လိုက်သည်။
"အမှန်တော့ အဲဒီမတိုင်ခင် ငါ့ရဲ့နာမည်အရင်းက ဆွန်းနစ်ပါ"
ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီ ".........."
အပိုင်း(၆၅၃) ပြီး၏