အကြီးအကဲကျီရှင်း စိတ်လှုပ်ရှားခြင်း
Vol. 44 Ch. 656
ပထမဆုံးဟင်းပွဲဖြစ်သည့် ထမင်းကြော်သည် အနှိုင်းမဲ့လက်ဆတ်ပြီး မွှေးကြိုင်သောထမင်းကြော် ဖြစ်သည်။
ထိုအရသာမျိုး အချိန်အတော်ကြာ မခံစားခဲ့ရသော အကြီးအကဲကျီရှင်းသည် မထင်မှတ်ဘဲ တုန်လှုပ်သွားခဲ့သည်။
"သေချာပါတယ်.. ဒါက အမေချက်ကျွေးတဲ့ အရသာမျိုးပဲ"
သူက ငယ်စဉ်ကတည်းကပင် မိခင်ဆုံးပါးသွားခဲ့သည်။
မိခင်၏ ချစ်ခြင်းမေတ္တာ မရဘဲ ကြီးပြင်းလာခဲ့ရသူ ဖြစ်သော အကြီးအကဲကျီရှင်းသည် ထိုခဏမှာပင် မျက်လုံးမှ မျက်ရည်များ ထွက်ကျလာသည်ကို မထင်မှတ်ဘဲ ခံစားလိုက်ရသည်။
အကြောင်းတစ်ခုခုကြောင့် သူ့မှတ်ဉာဏ်ထဲတွင် အသံတစ်ခုထွက်ပေါ်လာသည်။
သားသမီးတွေရဲ့ အားထားရာက ဘာလဲ၊ အချစ်ဆိုတာဘာလဲ၊ မေမေ့ရဲ့အချစ်ကဘာလဲ။
အရေးအကြီးဆုံးအချက်မှာ ဤထမင်းကြော်က မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးအပိုင်းထဲမှ သူ့အမေကို ပြန်အမှတ်ရစေခဲ့သည်။
သူ့အမေက ကောင်းကင်ပေါ်တွင် အဆင်ပြေမှ ပြေပါ့မလားဟု တွေးမိကာ ကောင်းကင်ကိုပင် မသိစိတ်ကနေ မျှော်ကြည့်မိလိုက်သည်။
သူက မျက်ရည်များ မကျအောင် အံကြိတ်၍ ထိန်းထားခဲ့ရသည်။
ထိုခဏဝယ် အကြီးအကဲကျီရှင်းသည် ရှက်စိတ်အနည်းငယ်ခံစားမိခဲ့သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက်တွင် သူက ကြုံတွေ့ရသမျှအရာများကို မတုန်မလှုပ် ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ရွှေအမြုတေအဆင့် စားဖိုမှူးအမျိုးသမီးတစ်ဦး ပြုလုပ်ထားသည့် ထမင်းကြော်တစ်ပန်းကန်ကြောင့် ငိုလုနီးပါး ဖြစ်နေခဲ့သည်။
အကြီးအကဲကျီရှင်းက သူ့စိတ်ကို ထိန်းချုပ်ပြီးနောက်တွင် ကျန်ဟင်းပွဲ၉ပွဲကို ကြည့်ကာ အနည်းငယ် ကြောက်လန့်သွားခဲ့သည်။
ဟင်းပွဲတစ်ပွဲပြီးတိုင်း ငိုချင်စိတ်များ ဖြစ်ပေါ်လာလျှင် သူမည်သို့လုပ်ရပါမည်နည်း။
သူက ငြင်းဆန်ချင်သော်လည်း သူဘာမှ မပြောနိုင်ခင်မှာပင် အမေကျွမ့်က ဒုတိယပန်းကန်လုံး၏ အဖုံးကို ဖွင့်လိုက်သည်။
ထိုဟင်းလျာကလည်း ပထမဟင်းလျာကဲ့သို့ပင် အငွေ့တထောင်းထောင်းထွက်နေသည်။
ဤသည်မှာ အမေကျွမ့် ပြုလုပ်လေ့ရှိသည့် ကောင်းကင်ပိုးကောင် အာလူးကြော်၏ ဗားရှင်း2.0 ဖြစ်သည်။
ဗားရှင်း 1.0ကို မကြာခဏစားသုံးခြင်းသည် အိပ်မပျော်ခြင်းကိုဖြစ်စေပြီး ဝိညာဉ်စွမ်းအင်စီးဆင်းခြင်းကို ပိတ်ဆို့စေသည်။
ထို့ကြောင့် အမေကျွမ့်က ချက်ပြုတ်နည်းကို အဆင့်မြှင့်၍ ကောင်းကင်ပိုးကောင် အာလူးကြော်ဗားရှင်း2.0ကို ပြုလုပ်ခဲ့သည်။
တကယ်တမ်းတွင် အစားအသောက် မြည်းစမ်းရန် သူမချက်ပြုတ်ထားသည့် ဟင်းပွဲ၉ပွဲစလုံးသည် သူမ ယခင်ကပြုလုပ်ခဲ့သော ဟင်းလျာများ၏ ဗားရှင်း2.0များ ဖြစ်ကြသည်။
ထိုအချိန်က ဗားရှင်း1.0 ဖြစ်သည့် ဖန်ပင်းပင်း ထမင်းကြော်သည် ဝမ်းပျက်ဝမ်းလျောခြင်း ကဲ့သို့ အကျိုးဆက်များစွာကို ဖြစ်ပေါ်စေခဲ့သည်။
ဤအသစ် ဖန်တီးထားသော ဗားရှင်း2.0ကိုမူ အမေကျွမ့်က ယုံကြည်စိတ်ချစွာ အာမခံနိုင်သည်။
သီအိုရီအရ ပြောရလျှင် ၎င်းဟင်းလျာများသည် မည်သည့်ဘေးထွက်ဆိုးကျိုးမှ ဖြစ်စေမည်မဟုတ်ပေ။
ယခု သူမ၏ ထင်မြင်ယူဆချက်ကို အတည်ပြုပြီးပြီဖြစ်သည်။
ဤချောမောသော ကျောင်းသားမိဘက ဖန်ပင်းပင်း ဟင်းလျာကို စားပြီးသည့်နောက်တွင် နာကျင်မှု အနည်းငယ်မျှပင် မခံစားရရုံသာမက ပြိုလဲကျမသွားခဲ့ပေ။
အရေးအကြီးဆုံး အချက်မှာ ဤကျောင်းသားမိဘ၏မျက်နှာပေါ်တွင် ထိမိသော အမူအရာများ ရှိနေခြင်းပင်ဖြစ်သည်။
ဤသည်ကိုကြည့်၍ သူမ အဆင့်မြှင့်တင်ထားသော ဖန်ပင်းပင်း ဗားရှင်း2.0က အောင်မြင်မှုကြီးကြီးမားမား ရခဲ့သည်ဟုပင် ဆိုနိုင်သည်။
အမေကျွမ့်က အလွန် စိတ်လှုပ်ရှားနေသည်။
ဤကံကောင်းသောမိဘသည် သူမ တီထွင်ထားသော ဗားရှင်း2.0 ဟင်းလျာများ အားလုံးကို မြည်းစမ်းနိုင်မည်ဟု သူမ စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သည်။
"ဒီကောင်းကင်ပိုးကောင် အာလူးကြော်တွေ ပြုလုပ်ဖို့အတွက် အာလူးရွေးချယ်ရာမှာတောင် အတော်လေး ရွေးချယ်ခဲ့ရတယ်.. ငါရွေးချယ်ခဲ့တဲ့ အာလူးတွေက အရမ်းမကြီးသလို အရမ်းလည်း မသေးဘူး.. သူတို့တွေက အရွယ်အစားတညီတည်းပဲ.. ငါကြော်ထားတဲ့ အာလူးကြော်တွေကို ကြည့်လိုက်.. အာလူးချပ်တစ်ခုစီက အလျားအနံ အကုန်လုံး တူညီနေတယ်.. အလတ်ဆတ်ဆုံး အရသာရဖို့အတွက် အာလူးတွေကို အချိန်ပေးပြီး သေချာ လှီးဖြတ်ခဲ့ရတယ်"
".........."
"မြန်မြန်လေး ငါ့ဟင်းကို မြည်းစမ်းကြည့်ပါဦး"
အကြီးအကဲကျီရှင်းကလည်း မငြင်းနိုင်တော့ပေ။
တစ်ဖက်မှ စားဖိုမှူးအဒေါ်ကြီးက ကောင်းကင်ပိုးကောင် အာလူးကြော်တွေကို မြည်းစမ်းစေချင်နေသည်မဟုတ်လေ။
ထိုအဒေါ်ကြီးက အချိန်အများကြီးပေး၍ အာလူးများကို လှီးဖြတ်ခဲ့ရသည်။
ထို့ကြောင့် သူ့အနေဖြင့် စားဖိုမှူးအဒေါ်ကြီး၏ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုရပေမည်။
ရလဒ်အနေဖြင့် အကြီးအကဲကျီရှင်းသည် အာလူးကြော်များကို တူဖြင့်ကောက်ယူပြီး ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
ထိုအချိန်တွင် သူ့စိတ်ထဲမှ သက်ပြင်းချမိလိုက်သည်။
ပထမဆုံးဟင်းလျာ ဖြစ်သည့် ဖန်ပင်းပင်းသည် သူ့အမေကိုလွမ်းဆွတ်စေပြီး သူ၏စာနာတတ်သော နှလုံးသားကို လှုံ့နှိုးစေခဲ့သည်။
ဤရွှေအမြုတေအဆင့် စားဖိုမှူးအဒေါ်ကြီး ချက်ထားသည့်အစားအစာက သူ့အမေ ချက်ပြုတ်ထားသည့် အရသာနှင့် တူရုံမကပေ။
ထိုအဒေါ်ကြီး၏ လေသံကလည်း သူ့အမေနှင့် ဆင်တူသည်ဟု သူခံစားလိုက်ရသည်။
သေချာပါသည်၊ ဤတစ်ခေါက် ကောင်းကင်ပိုးကောင် အာလူးကြော်သည်လည်း သူ၏မျက်လုံးတွင် မျက်ရည်များ စီးကျလာစေပြန်သည်။
ဤအာလူးအချပ်များက အကျက်ညီပြီး အလွန်ကြွပ်ရွကာ အရသာလည်း ရှိသည်။
ယင်းက ကလေးဘဝက အိမ်တွင် လုပ်စားခဲ့သည့် အရသာမျိုး ခံစားရသည်။
ဤတစ်ကြိမ်တွင် အကြီးအကဲ ကျီရှင်းသည် သူ့အမေကိုသတိရရုံသာ မကဘဲ သူ့အဖွားကိုပါ ပြန်လည် သတိရသွားသည်။
သူ့အဘွားက သူ့အတွက် အာလူးကြော်များကို ကြော်ပေးထားသလိုပင်။
ငယ်စဉ်ကတည်းက သူ့အမေ ဆုံးသွားပြီးနောက်တွင် သူ့အဘွားကသာ သူ့ကို အချိန်အတော်ကြာ ပြုစုစောင့်ရှောက်ခဲ့ခြင်းဖြစ်၏။
ဆိုရလျှင် သူ့အဘွား ဆုံးပါးသွားသည်မှာ တစ်နှစ်ပင်မပြည့်သေးပေ။
ထို့ကြောင့် အကြီးအကဲကျီရှင်းက ရုတ်တရက် ပို၍ပင် ဝမ်းနည်းသွားခဲ့သည်။
သူက အထီးကျန်ကြယ်၏ လွှမ်းမိုးမှုအောက်တွင် မွေးဖွားပြီး သူ့ပတ်ဝန်းကျင်မှ လူများကို သေစေနိုင်သည်ဟု ဗေဒင်ဆရာက ဟောခဲ့ဖူးသည်။
တကယ်လည်း အဆုံးသတ်တွင် တစ်ယောက်ပြီးတစ်ယောက် သူ့ကို ထားသွားခဲ့ကြသည်။
ဤသည်က အကြီးအကဲကျီရှင်း အနေဖြင့် မကောင်းဆိုးဝါးလမ်းကို ရွေးချယ်ပြီး နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းထဲ ဝင်ခဲ့ရသည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။
သူ့မိသားစုက သူ့ကို တစ်ယောက်ပြီး တစ်ယောက် စွန့်ပစ်သွားပြီးနောက်တွင် ကမ္ဘာကြီးက သူ့ကို စွန့်ပစ်ရန်ဆန္ဒရှိသည်ဟု သူအမှန်တကယ် ခံစားရသည်။
ရလဒ်အနေဖြင့် ဥက္ကဌပိုင်နှင့် တွေ့ဆုံသည်အထိ ဘိုးဘေးအမွေအနှစ် ဖြစ်သည့် သန့်စင်ခြင်းနည်းလမ်းများကို စေ့စေ့စပ်စပ် လေ့လာခဲ့သည်။
အတိတ်မှ အမှတ်တရက သူ့စိတ်ထဲတွင် ယခုထိ ဆန်းသစ်နေပါသေးသည်။
အကြီးအကဲကျီရှင်းသည် ဖန်ပင်းပင်းနှင့် အာလူးကြော်များကို ဖြည်းဖြည်းချင်း စားသုံးရင်း သူ၏ အမှတ်တရများကို ရုပ်ရှင်တစ်ခုလို ပြန်လည် မြင်ယောင်နေခဲ့သည်။
အမေကျွမ့်ကမူ ဤမြင်ကွင်းကို ကြည့်ကာ ကြည်နူးနေသည်။
ဤကျောင်းသားမိဘက အစားအသောက် နှစ်မျိုးကို စားပြီးသွားပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ပြိုလဲမကျသွားသေးပေ။
ဤသည်ကပင် သူမ၏ အစားအသောက် သုတေသနက အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
တကယ်တမ်းတွင် ထိုကျောင်းသားမိဘ အနေဖြင့် ဟင်းလျာအကုန်လုံးကို စားနိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
သီအိုရီအရ ပြောရလျှင် တစ်လုတ် နှစ်လုတ်လောက်ကိုသာ သူမ အာမခံနိုင်ပေသည်။
တစ်ပန်းကန်လုံး စားလိုက်လျှင်မူ အန္တရာယ်မရှိဟု သူမ ကျိန်းသေပေါက် အာမမခံနိုင်ပေ။
သို့သော် ဤကျောင်းသားမိဘက စိတ်အားထက်သန်စွာ စားသောက်ခဲ့ပြီး အနည်းငယ်မျှပင် ဖျားနာပုံမပေါ်ပေ။
သူမ၏ အစားအသောက် သုတေသနက အမှန်တကယ်အောင်မြင်ခဲ့ပါသလော။
ထိုခဏတွင် အမေကျွမ့်၏ နှလုံးသားက လှုပ်ရှားသွားခဲ့သည်။
သူမက ဤဟင်းလျာများကို တီထွင်ဖန်တီးရန် အချိန်များစွာကုန်ဆုံးခဲ့ရသည်။
[နောက်ဆုံးတော့ ငါ့ရဲ့သုတေသနအတွက် အလင်းရောင်ကို မြင်နိုင်ခဲ့ပြီပဲ]
သူမဝမ်းသာပီတီဖြစ်နေစဥ္မှာပင် အကြီးအကဲကျီရှင်းက မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။
ထိုခဏတွင် အကြီးအကဲကျီရှင်းက အမြင်အာရုံ ရုတ်တရက်ဝေဝါးသွားသလို ခံစားလိုက်ရပြီး "ဘုတ်" ဟူသောအသံဖြင့် သူ့ရှေ့မှ ပန်းကန်ပြားထဲသို့ ခေါင်းစိုက်ကျသွားခဲ့သည်။
အမေကျွမ့် ".........."
အပိုင်း(၆၅၆) ပြီး၏