← Chapters

သနားစရာကောင်းသော အကြီးအကဲကျီရှင်း

Vol. 44 Ch. 657

သနားစရာကောင်းသော အကြီးအကဲကျီရှင်း

Vol. 44 Ch. 657

"ဒါ.."

အမေကျွမ့်၏ နှလုံးသားက ရုတ်တရက် လေးလံသွားခဲ့သည်။

အမျိုးသမီး အသက်ရှုကြပ်နေသည်ကို စစ်ဆေးပြီးနောက်တွင် သူမ ချက်ချင်း သက်ပြင်းချလိုက်သည်။

ကြည့်ရသည်မှာ သူမ အစိုးရိမ်လွန်သွားပုံရသည်။

အဆုံးသတ်တွင် ဤအမျိုးသမီးသည် သူမ၏ ဟင်းနှစ်ပွဲလုံးကို စားခဲ့သည်။

သို့သော် မူးမေ့ခြင်းသည် ဖန်ပင်းပင်း နှင့် ကောင်းကင်ပိုး အာလူးကြော်၏ ဘေးထွက်ဆိုးကျိုး မဟုတ်ပေ။

အမေကျွမ့်က အနည်းငယ် ထူးဆန်းသည်ဟု ထင်ခဲ့သည်၊

ယုတ္တိဗေဒအရ ပြောရလျှင် တတိယဟင်းပွဲ ဖြစ်သည့် "သွေးစွန်းသော ခရမ်းချဉ်သီး"သည် လူများကို ချက်ချင်းပင် မူးမေ့သွားစေနိုင်သည်။

သို့သော် ပိုမိုကောင်းမွန်သော ဗားရှင်း 2.0 ကို ဖန်တီးပြီးနောက်၌ တစ်လုတ်လောက်စားရုံဖြင့် ပြဿနာဖြစ်မည် မဟုတ်ဟု သူမ အလွန်ယုံကြည်ခဲ့သည်။

စားပွဲပေါ်တွင် ခေါင်းစိုက်ကျနေသော အမျိုးသမီးကို စိုက်ကြည့်ရင်း အမေကျွမ့်က သက်ပြင်းချကာ မြစိမ်းရောင် ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

ထိုပုလင်းသည် အစာအိမ်အူရှင်းဆေးပုလင်း ဖြစ်သည်။

ဆေးတစ်လုံးသောက်ရုံဖြင့် အစာအိမ်အတွင်းရှိ အရာအားလုံးကို ချက်ခြင်းပျော်ဝင်စေပြီး အဆိပ်အတောက် ကင်းစေသည်။

ဟုတ်ပါသည်၊ အစားမှားသည့် လူတစ်ယောက်စားလျှင် သုံးမိနစ်အတွင်း အလုပ်ဖြစ်မည့် အရေးပေါ်ဆေးတစ်ခုပင်။

သူမက ဆေးတစ်လုံး ယူထုတ်လိုက်ပြီး သူမ၏လက်ကို ဆန့်ထုတ်ကာ အကြီးအကဲ ကျီရှင်းအား တိုက်ရန် ပြင်လိုက်စဉ်တွင် အကြီးအကဲကျီရှင်း၏ ခေါင်းက ရုတ်တရက် တုန်ခါသွားသည်။

အမေကျွမ့် “….......”

အကြီးအကဲ ကျီရှင်းက မျက်လုံးများကို ခပ်ရေးရေး ဖွင့်လိုက်သည်။

ယင်းနောက် ခေါင်းထောင်လာပြီး မျက်လုံးများကို ပွတ်သပ်လိုက်သည်။

သူ့အမူအရာက မိန်းမောနေသည့် အမူအရာမျိုး ဖြစ်နေသည်။

သို့သော် ထိုခံစားချက်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် တုန်လှုပ်ချောက်ချားမှုက အစားဝင်လာခဲ့သည်။

သူ့ မှတ်ဉာဏ်ထဲတွင် ဟင်းကို မြည်းစမ်းကြည့်ရန်သာ သတိရမိသည်။

ပထမ ဟင်းနှစ်ပွဲနှင့် ပတ်သက်၍ မမှတ်မိတော့ပေ။

အကြီးအကဲ ကျီရှင်း၏ ဝေခွဲရခက်နေသော အမူအရာကိုကြည့်ရင်း အမေကျွမ့်က တစ်ဖက်လူ မှတ်ဉာဏ်ပျောက်ကွယ်သွားဖွယ် ရှိသည်ကို အမျိုးသမီး၏ အကြည့်ကနေ ချက်ချင်း ခန့်မှန်းမိခဲ့သည်။

သို့သော် ပြဿနာက သတိမေ့သည်မှာ ဤဟင်းနှစ်ပွဲကြောင့် ဖြစ်ရသည့် ဘေးထွက်ဆိုးကျိုး မဟုတ်နေခြင်းပင်။

ဟင်းနှစ်ပွဲရဲ့ အဆိပ်အတောက်က ရောနှောသွားတာမျိုး ဖြစ်နိုင်မလား။

အမေကျွမ့်က ဖြစ်နိုင်ခြေကို တွေးမိခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဟင်းလျာအသစ်များကို မည်သူကမှ သူမလောက် ပိုမစားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဟင်းပွဲအသစ်နှစ်ခု၏ အဆိပ်အတောက်များ ပေါင်းစပ်သွားသောအခါ ၎င်းတို့သည် အသစ်စက်စက် ဘေးထွက်ဆိုးကျိုးများကို ဖန်တီးခဲ့မိပုံရ၏။

ယင်းမှာ မူးမေ့လဲခြင်းနှင့် ယာယီသတိမေ့ခြင်းပင် ဖြစ်သည်။

ထိုသို့ စဉ်းစားရင်း အမေကျွမ့်က အဓိပ္ပါယ်ရှိသည့် တစ်ခုတည်းသော ရှင်းပြချက်ဟု ခံစားခဲ့ရသည်။

ဤကဲ့သို့ ကိစ္စမျိုး ရှိလာလိမ့်မည်ဟု သူမကိုယ်တိုင်ပင် မတွေးခဲ့မိပေ။

မည်သို့ပင်ဖြစ်စေ သူမက အသက်ရှင်နေသေးသည်။

ထို့ကြောင့် အမေကျွမ့်က အကြီးအကဲ ကျီရှင်းကို ချစ်စရာကောင်းစွာ ပြုံးပြလိုက်သည်။

“ကျောင်းသားမိဘ.. အစားအသောက် မြည်းစမ်းပွဲ တရားဝင် စတင်ပါပြီ.. ကျေးဇူးပြုပြီး ပထမဆုံးဟင်းပွဲ ဖြစ်တဲ့ သွေးစွန်းနေတဲ့ ခရမ်းချဉ်သီး ဟင်းပွဲကို မြည်းစမ်းကြည့်ပါဦး"

စကားဆုံးသည်နှင့် အမေကျွမ့်က တတိယဟင်းပွဲ၏ အဖုံးကို တိုက်ရိုက်ဖွင့်လိုက်သည်။

အကြီးအကဲ ကျီရှင်း"???"

"ခဏနေပါဦး.. ခုမှ စတာလား.. ဒါဆို ဒီရှေ့မှာ ပန်းကန်အလွတ်နှစ်ခု ဘယ်လိုရောက်နေတာလဲ"

အမေကျွမ့်က အကြီးအကဲ ကျီရှင်းကို တူအသစ်တစ်စုံ ပေးခဲ့သည်။

"ကျောင်းသားမိဘ.. ဒီမှာ မင်းအတွက်တူ"

"ဒီဟင်းပွဲနှစ်ပွဲက တခြားမိဘတွေ စားထားတာပါ.. မင်းက အစားကောင်းတွေ စားဖို့ အချိန်မှန် ရောက်လာခဲ့တာပဲ"

အကြီးအကဲကျီရှင်း “တခြားမိဘတွေရော ဘယ်မှာလဲ”

အမေကျွမ့်က ပြုံးလိုက်သည်။

"သူတို့က အိမ်မှာ လုပ်စရာတွေ ရှိသေးလို့ ထမင်းစားပြီးတာနဲ့ ပြန်သွားကြတယ်.."

အကြီးအကဲ ကျီရှင်း “.........…”

"အဲဒီလိုဖြစ်ခဲ့တာလား"

သို့သော် သူသေသေချာချာ မစဉ်းစားခင် အမေကျွမ့်က တတိယ ဟင်းပွဲကို စတင်မိတ်ဆက်နေပြီ ဖြစ်၏။

သွေးစွန်းသော ခရမ်းချဉ်သီးဗားရှင်း 2.0။

ဟင်းပွဲအတွက် အရည်အသွေး ပိုကောင်းသော ခရမ်းချဉ်သီးများကို သူမ ရွေးချယ်ခဲ့ရုံသာမက သကြားဖြူပါ ထည့်ထားသည်။

ယင်းက ဟင်းကို အရည်အသွေး ကောင်းမွန်စေပြီး အသစ်အဆန်း ဖြစ်စေသည်။

ဤသည်က သာမန်သကြားဖြူ မဟုတ်ပေ။

ကျန်းကျိုးမြို့ (မူလက ကွမ်းလင် ဒေသမြို့တော်)မှာရှိသည့် ချင်မိသားစုက ထုတ်လုပ်သော သကြားဖြစ်သည်။

၎င်းကို အင်မော်တယ်ရွှေဖြင့်သာ ရောင်းချ၏။

“ငါ့ခရမ်းချဉ်သီးကို လျှော့မတွက်နဲ့။

"ဒါတွေက သာမန်ခရမ်းချဉ်သီးတွေ မဟုတ်ဘူး.. ငါကိုယ်တိုင် သေသေချာချာ ရွေးထားတာပဲ.. သကြားကလည်း ကျန်းကျိုးမြို့က ချင်မိသားစုထုတ် သကြားပဲ.. ဒါတွေကို ငါ့ ပင်စင်လစာနဲ့ ဝယ်ခဲ့တာ.. ဒီခရမ်းချဉ်သီးသုပ်ထဲကို သုံးဇွန်း ထည့်ထားတယ်"

“…........”

"မြန်မြန်စားကြည့်.. ငါ့ဟင်းက ဘယ်လိုလဲ"

အကြီးအကဲ ကျီရှင်းက မငြင်းနိုင်တော့မှန်း သိလာသည်။

တစ်ဖက်လူက ချင်မိသားစု၏ သကြားကို ဝယ်ရန် ငွေများစွာ သုံးစွဲခဲ့သည်။

ဤသည်က လူသိများသော အစားအစာတစ်ခု ဖြစ်၏။

ထို့အပြင် သူက ဤနေရာသို့ ရောက်နေပြီဖြစ်သော်လည်း ဟင်းတစ်ပွဲမှပင် မမြည်းစမ်းရသေးပေ။

သူ၏ မူလရည်ရွယ်ချက်မှာ အမှတ် 60 အထက်တန်းကျောင်းကို လှည့်ပတ်ကြည့်ရှုရန် ကျောင်းထဲသို့ စိမ့်ဝင်ရန် ဖြစ်သည်။

သို့သော်လည်း လက်ရှိ ရုပ်ဖျက်ထား၍ သူ၏ သရုပ်ဆောင်မှု အပိုင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုအပ်နေပါသေးသည်။

ဤမီးဖိုချောင် အမျိုးသမီး၏ သံသယများကို သူ မနှိုးဆွနိုင်ပေ။

အရေးကြီးဆုံးမှာ တစ်ဖက်လူက ဤဟင်းချက်ဖို့ တော်တော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပုံရသည်။

သူ့အနေဖြင့် တစ်လုတ်မျှ အဘယ်ကြောင့် မစားရပါမည်နည်း။

ဤအဒေါ်ကြီးက အစားအစာကို အာရုံ စူးစူးစိုက်စိုက်နှင့် လုပ်ခဲ့သည်။

အဒေါ်ကြီး၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို မည်ကဲ့သို့ လျစ်လျူရှုနိုင်ပါအံ့နည်း။

ထို့ကြောင့် အကြီးအကဲကျီရှင်းက အအေးခံထားသော ခရမ်းချဉ်သီးတစ်ခြမ်းကို စေတနာစိတ်ဖြင့် သကြားဖြူးကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဒါက…

တစ်ခဏအတွင်း သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

ဤခရမ်းချဉ်သီးသုပ်က အစပ်အဟပ်တည့်ပြီး အရမ်းစားကောင်းနေသည်။

ခရမ်းချဉ်သီး၏ အရသာနှင့် ချင်မိသားစု သကြား၏ ချိုမြိန်မှုကို ရောစပ်ထားသောကြောင့် အလွန်ပင် စိတ်လှုပ်ရှားစေသည်။

ဤတစ်ကြိမ်တွင် သူ့အဖိုးကို သတိရသွားသည်။

သူ့အဖွား ဆုံးပါးသွားပြီးနောက်မှာ သူ့အဖိုးက သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။

သူ့အဖိုး အသုပ်သုပ်သည့် လက်ရာက သူ့အတွက် အကောင်းဆုံး ဖြစ်ခဲ့တယ်။

သို့သော် ကံမကောင်းစွာပဲ အကြီးအကဲကျီရှင်း၏ ​​ပြုစုစောင့်ရှောက်မှုအောက် ရောက်လာပြီး သိပ်မကြာခင်မှာပင် သူ့အဖိုးက တမလွန်ရှိ သူ့အဖွားနောက်သို့ လိုက်သွားခဲ့တော့သည်။

အကြီးအကဲ ကျီရှင်းက စိတ်ထဲကနေ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

ဤခရမ်းချဉ်သီးသုပ်သည် သူ့အဖိုး သုပ်ကျွေးသည့် အရသာကို ပြင်းပြင်းထန်ထန် အမှတ်ရစေသည်။

အကြီးအကဲ ကျီရှင်း အသိစိတ် ပြန်ဝင်လာသောအခါတွင် ခရမ်းချဉ်သီးသုပ် တစ်ပွဲလုံးကို အပြတ်ရှင်းပြီးပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

သူက မျက်လုံးတွင် တွယ်ညိနေသော မျက်ရည်များကို သုတ်လိုက်သည်။

ထိုခဏတွင် အဒေါ်ကြီး၏ အကြည့်က ထူးခြားနေသည်ကို တွေ့လိုက်သည်။

ထိုအကြည့်က စမ်းသပ်ခန်းထဲမှ ကြွက်ဖြူတစ်ကောင်ကိုကြည့်နေသလိုမျိုး ဖြစ်သည်။

သို့သော် အကြီးအကဲ ကျီရှင်းက သူ့မျက်လုံးများကို ထပ်မံ ပွတ်သပ်ပြီး ပြန်ကြည့်လိုက်ရာ အဒေါ်ကြီး၏ ဖော်ရွေသည့် အပြုံးကို ပြန်တွေ့လိုက်ရသည်။

"ငါအမြင်မှားသွားတာပဲ"

အမှန်က အမြင်မမှားခဲ့ပေ။

အမေကျွမ့်က သူ၏ တုံ့ပြန်မှုကို အမှန်တကယ်ပဲ စောင့်ကြည့်နေခဲ့သည်။

နောက်ဆက်တွဲ ဆိုးကျိုးအသစ်များ ထပ်ရှိလာမလား ဆိုသည်ကို သူမလည်း သေချာမသိပေ။

စက္ကန့်အတော်ကြာပြီးနောက်တွင် တတိယပန်းကန် ထဲသို့ အကြီးအကဲကျီရှင်း ခေါင်းစိုက်သွားသည်ကို သူမ တွေ့လိုက်ရသည်။

အမေကျွမ့် “..........…”

ပထမဟင်းလျာ နှစ်မျိုးပေါင်းစပ်မှုမှ မူးလဲခြင်းနှင့် မှတ်ဉာဏ် ဆုံးရှုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများမှာ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပုံရသည်။

တတိယ ဟင်းပွဲ​ကို စားသုံးခြင်းသည် ဘေးထွက်ဆိုးကျိုးကို ပိုမိုဆိုးရွားစေခဲ့သည်။

ဤတစ်ကြိမ်တွင် အမေကျွမ့်က ဆေးတိုက်ရန် အလျင်မလိုဘဲ တိတ်တိတ်လေး စောင့်ကြည့်နေလိုက်သည်။

စက္ကန့်အတော်ကြာပြီးနောက် အကြီးအကဲ ကျီရှင်းက သတိပြန်ဝင်လာသည်။

သဘောကောင်းသည့် အမူအရာဖြင့် အမေကျွမ့်က သူ့ကို သံတူအသစ် တစ်စုံ ပေးလိုက်ပြန်သည်။

“ကျောင်းသားမိဘ.. အစားအသောက် မြည်းစမ်းပွဲ တရားဝင် စတင်ပါပြီ.. ပထမဆုံးဟင်းပွဲကို မြည်းစမ်းကြည့်ပါဦး..”

အပိုင်း(၆၅၇) ပြီး၏

All Chapters