နေကျွန်းမှလက်ရွေးစင်များ
Vol. 44 Ch. 659
ဇူလိုင်လ ၂၃ ရက်သည် စာသင်နှစ်၏ ၁၃ ပတ်မြောက် တနင်္ဂနွေနေ့ ဖြစ်သည်။
နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက အမှတ် 60 အထက်တန်းကျောင်းတွင် ၎င်းတို့၏ လက်စားချေမှုကို တရားဝင်မလုပ်ဆောင်မီ တစ်ည၌ ဖြစ်၏။
အကြီးအကဲကျီရှင်းက ကျောင်းကနေ ထွက်လာပြီးနောက် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ ယာယီတည်ဆောက်ထားသည့် လျှို့ဝှက်စခန်းသို့ ပြန်ရောက်လာခဲ့သည်။
ထိုစခန်းက စုန့်ဟိုင်၏မြို့မြောက်ဘက်ရှိ တောင်ပေါ် သစ်တောတွင် တည်ရှိပြီး ကုမ္ပဏီတစ်ခု ပျော်ပွဲစားထွက်နေသကဲ့သို့ ပုံဖျက်ထားသည်။
ဆရာများနှင့် ကျောင်းသားများ အားလုံး မနက်ဖြန်နံနက် ပထမ စာသင်ချိန်အတွင်း ကျောင်းတွင် ရှိနေမည်ကို အတည်ပြုပြီးနောက်တွင် ဥက္ကဌပိုင်သည် ဝူကျီထီးကို ကျောင်းအထက်တွင် လွှင့်တင်၍ အာကာပြင် အတားအဆီး တစ်ခု ဖန်တီးခဲ့သည်။
ထို့ကြောင့် မစ်ရှင်ဆောင်ရွက်မည့် အချိန်တွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် မြေပုံပေါ်မှ ယာယီ ပျောက်ကွယ်သွားမည် ဖြစ်သည်။
အကြီးအကဲ ကျီရှင်းက ပါဆယ်ဟင်းပွဲကို ကိုင်ရင်း သစ်တောဝင်ပေါက်တွင် ခဏရပ်လိုက်သည်။
ယခုအခါတွင် သူက နေကျွန်းကနေ ဖိတ်ခေါ်ခဲ့သည့် နင်ဂျာသခင်များ၏ အော်ရာကို ခံစားနိုင်နေပြီ ဖြစ်သည်။
ယခုတစ်ကြိမ် အမှတ် 60 အထက်တန်းကျောင်းကို လက်စားချေရန် အစီအစဉ်နှင့် ပတ်သက်၍ ဥက္ကဌပိုင်သည် သေချာပြင်ဆင်ခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ် လက်စားချေမည့် အစီအစဉ်အတွက် အကြီးအကဲကျီရှင်းသည် နေကျွန်းတွင် သူနှင့်အတူ နင်ဂျစ်ဆု သင်ယူခဲ့သည့် အတန်းဖော်များကို အထူးဖိတ်ကြားခဲ့သည်။
၎င်းတို့အားလုံးသည် နင်ဂျစ်ဆုနှင့် မှော်အတတ် နှစ်ခုလုံးကို ကျင့်ကြံထားသည့် ရှားပါး ပါရမီရှင်များ ဖြစ်သည်။
ယခုတစ်ကြိမ် လက်စားချေမည့် အစီအစဉ်အတွက် အကြီးအကဲ ကျီရှင်းသည် သူ့အတန်းဖော်များနှင့် ပူးပေါင်းကာ အမှတ် 60 အထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာများနှင့် ကျောင်းသားများအား သေခြင်းတရားကို စိတ်ပျက်အားငယ်စေရုံသာမက မသေဆုံးမီတွင် ရုန်းကန်ရန် အစွမ်းအစ မရှိခြင်းမျိုးကို ခံစားကြောက်ရွံ့စေမည် ဖြစ်သည်။
သူတို့က ဆရာများနှင့် ကျောင်းသားများကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုက်ခိုက်ရန် အတွက် အရက်စက်ဆုံးနှင့် လူမဆန်သော နည်းလမ်းများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
သူက ၎င်းတို့ထဲမှ အချို့ကို တမင်သက်သက် မသတ်ဘဲ ချန်ထားခဲ့သင့်သလားဟုပင် တွေးမိခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများသည် သူတို့၏ အတန်းဖော်များနှင့် ဆရာများ သူတို့ မျက်စိရှေ့မှာပင် တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေသည်ကို မြင်တွေ့ကာ စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ခံစားသွားရမည်မှာ သေချာသည်။
ဘဝတွင် သေတာထက် အသက်ရှင်ရတာကို ပိုနာကျင်ရသည့်အချိန်များရှိသည် မဟုတ်ပါလော။
ထိုအကြောင်းကို တွေးရင်း အကြီးအကဲ ကျီရှင်း၏ ခေါင်းထဲတွင် ဆိုးရွားသည့် အကြံအစည်မျိုးစုံ ခေါင်းထဲ ပြည့်လျှံလာသည်။
ကျီရှင်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
မနက်ဖြန်နံနက် ပထမဆုံးအတန်းချိန် ရောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စီစဥ်ထားသမျှ အရာအားလုံးကို လုပ်ဆောင်ရမည် ဖြစ်သည်။
သစ်တောထဲရှိ ယာယီအခြေစိုက်စခန်းဌာနချုပ်သည် အတွင်းဘက်တွင် အလုံအလောက် ကျယ်ပြောလှသည့် စတုဂံပုံစံ စစ်ဘက်သုံးတဲတစ်ခု ဖြစ်သည်။
ယခုအခါတွင် အကြီးအကဲ ကျီရှင်းသည် ထိုတဲနှင့် မလှမ်းမကမ်းတွင်ရှိနေသည်။
တဲအနီးသို့ ရောက်ခါနီးတွင် သူက အမှောင်ထဲမှပျံသန်းလာသော ဖောက်ထွင်းမြင်ရသည့် အဆိပ်အပ်တစ်ချောင်းကို လက်ကြားဖြင့် ညှပ်၍ ဖမ်းလိုက်သည်။
သူက လှည့်ကြည့်ရန်ပင် စိတ်မ၀င်စားဘဲ “ထွက်လာခဲ့ပါ ညီနောင်နန်ကို” ဟု တည်ငြိမ်သောလေသံဖြင့် ရိုးရိုးရှင်းရှင်းပြောလိုက်သည်။
သူ့အနောက်ရှိ တောအုပ်ဆီကနေ ဂျင်းဝတ်စုံ ဝတ်ထားသည့် ကလေးတစ်ယောက် ထွက်ပေါ်လာသည်။
ဤကလေးက ဆယ်နှစ် အရွယ်သာရှိသေးပုံ ရသည်။
သူ့တွင် လိမ္မာပါးနပ်သော အကြည့်နှင့် သံသယဖြစ်ဖွယ် အမူအရာများ ရှိနေ၏။
“ဆွန်းနစ်ကိုက မျှော်လင့်ထားတဲ့အတိုင်းပါပဲ.. မင်း ငါ့ကို ဘယ်ကတည်းက သတိထားမိတာလဲ"
နန်ကိုက မျက်ခုံးပင့်ကာ မေးလိုက်သည်။
“တောထဲကို မဝင်ခင်ထဲက မင်းကို ငါ သတိထားမိတယ်.. မင်းရဲ့ အော်ရာကို ဖုံးကွယ်နိုင်စွမ်းက ပိုကောင်းလာတယ်.. အပြင်လူတွေက မင်းကို သတိပြုမိမှာ မဟုတ်ပေမယ့် ငါကတော့ ရှာတွေ့နိုင်တယ်"
အကြီးအကဲ ကျီရှင်းက ဖြေလိုက်သည်။
ဤလူက ဆယ်နှစ်သား ကလေးဟု ထင်ရသော်လည်း တကယ်တမ်းတွင် လူကြီးတစ်ယောက် ဖြစ်သည်။
ဤသည်က တမင်တကာ ရုပ်ဖျက်ထားခြင်း မဟုတ်သလို မှော်ဆန်သော အသွင်ပြောင်းမှုလည်း မဟုတ်ပေ။
ထိုအစား ၎င်းသည် ငယ်စဥ်အခါက အလွန်အဆိပ်ပြင်းသော သစ်သီးကို မတော်တဆ စားသုံးမိခြင်းကြောင့် ဖြစ်၏။
ရလဒ်အနေဖြင့် သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းမှုက ဖရိုဖရဲ ဖြစ်လာသည့်အပြင် အိုမင်းခြင်းကို တားဆီးထားသည့် ကောင်းကင်တောင်ပေါ်ရှိ အဘွားအိုကဲ့သို့ ဖြစ်လာခဲ့သည်။
ကလေးတစ်ယောက်လို ဖြစ်နေသော်လည်း နန်ကို၏ အလုံးစုံစွမ်းဆောင်မှုသည် နေကျွန်းတွင် ပညာသင်ကြားနေစဉ် အတန်းထဲ၌ အကောင်းဆုံး စာရင်းဝင်ခဲ့သည်။
သူ၏ အသုံးအများဆုံး လက်နက်သည် “အပြုံး သို့မဟုတ် သေမင်းတမန်အပ်”ဟု ခေါ်သည့် အဆိပ်ပြင်း အပ်တစ်ချောင်း ဖြစ်၏။
ဤအပ်ကို ထိမိသူတိုင်းသည် အရက်မူးနေသကဲ့သို့ လဲကျမသွားမီ ပြင်းပြင်းထန်ထန် ရယ်မောကြပေလိမ့်မည်။
ဆိုရလျှင် ဤအပ်သည် အလွန်အဆိပ်ပြင်းပြီး ခြေသလုံးအိမ်တိုင် အင်မော်တယ်များပင်လျှင် ထိခိုက်နိုင်သည်။
"ညီနောင်နန်ကို.. တွေ့ရတာ အရမ်းဝမ်းသာပါတယ်"
အကြီးအကဲ ကျီရှင်းက နှုတ်ဆက်လိုက်သည်။
"ညီနောင် မိုရီ.. မင်းနဲ့အတူ လိုက်မလာဘူးလား"
သူပြောနေသည့် ညီနောင် မိုရီသည် တကယ်တမ်းတွင် နန်ကို၏ အဖော်ဖြစ်သည်။
နန်ကိုနှင့်မိုရီတို့က မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ သားအဖ အဖြစ် လျှို့ဝှက်စွာ အသွင်ယူကာ လှုပ်ရှားခဲ့ကြ၏။
ပုံမှန်အားဖြင့် သူတို့က တစ်ယောက်တစ်ကွဲစီ နေလေ့မရှိပေ။
နေကျွန်းတွင် လက်တွဲလုပ်ကိုင်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ညီနောင် မိုရီသည် နေကျွန်း တစ်ခွင်လုံးတွင် နာမည်ကြီးစုံထောက်တစ်ဦးအဖြစ် အောင်မြင်စွာ သတ်မှတ်ခံထားရပြီ ဖြစ်သည်။
၎င်းတို့က "အဖေနှင့်သားပေါင်းစပ်မှု"ဖြင့် ပစ်မှတ်များကို လုပ်ကြံသတ်ဖြတ်ပြီးနောက်တွင် အပြစ်မဲ့သူတစ်ဦးအား အပြစ်ပုံချလေ့ရှိသည်။
ဤသည်မှာ အမှန်တကယ်ပင် အပြစ်ရှာမတွေ့နိုင်သော အစီအစဥ်တစ်ခုဟု ဆိုနိုင်သည်။
နင်ဂျစ်ဆုကို ကျင့်ကြံထားသည့် ညီနောင်မိုရီ၏ ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သော ပင်ကိုစရိုက်ကို မည်သူမှ ယုံမည်မဟုတ်ပေ။
"ကိစ္စ တစ်ခုခုရှိလို့ မိုရီ မလာနိုင်ဘူး"
နန်ကိုက ပြောလိုက်သည်။
"နေကျွန်းမှာ သူ့မိသားစုရှိတယ်ဆိုတာ မင်းသိတယ်မဟုတ်လား"
"အင်း ငါသိတယ်"
အကြီးအကဲ ကျီရှင်းက ခေါင်းညိတ်လိုက်သည်။
မိုရီက သူ၏ အထောက်အထားကို ပိုမိုကောင်းမွန်စွာ ဖုံးကွယ်နိုင်ရန်အတွက် ဒေသခံတစ်ဦးအဖြစ် အသွင်ဆောင်မှုအောက်တွင် နေကျွန်း၌ အိမ်ထောင်ကျခဲ့သည်။
သူက နေကျွန်း၌ အခြေချနေထိုင်ခဲ့သည့်အပြင် စီးပွားရေးရုံးခန်းကိုပါ ဖွင့်ထားခဲ့သည်။
ယင်းက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ လျှို့ဝှက်ချက် တစ်ခု မဟုတ်ခဲ့ပေ။
ပညာဆက်လက်လေ့လာရန် နေကျွန်းသို့ စေလွှတ်ခံရသော အဖွဲ့ဝင်များသည် မိုရီအကြောင်းကို ကောင်းစွာ သိရှိခဲ့ကြသည်။
"ညီနောင်မိုရီ ရဲ့ သမီးက ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေတော့မှာမို့လို့ ဒီမစ်ရှင်ကို ငါပါဝင်မှာပါ"
နန်ကိုက ပြောလိုက်သည်။
ဤအဖြေအတွက် အကြီးအကဲကျီရှင်းက မှင်တက်သွားသည်။
“ညီနောင် မိုရီက တကယ်ပဲ ကောလိပ်ဝင်ခွင့်စာတွေကို နှံ့စပ်တယ်လား”
တကယ်တမ်းတွင် မိုရီတစ်ယောက် စုံထောက်တစ်ဦးအဖြစ် ကျော်ကြားလာရသည့် အကြောင်းရင်းမှာ နန်ကို၏ ကျေးဇူးကြောင့် ဖြစ်သည်။
ဆိုရလျှင် နန်ကိုက အလွန်ပင် ဉာဏ်ရည် မြင့်မားသည်။
“ဘယ်ကလာ.. ဒီငတုံးက ဘာမှမသိဘူး.. ဒါပေမယ့် သူ့သမီးရဲ့ မှားယွင်းတဲ့ အဖြေတွေကို ဖယ်ရှားဖို့တော့ ကူညီပေးနိုင်တယ်လေ”
နန်ကိုက ပြန်ဖြေလိုက်သည်။
အကြီးအကဲ ကျီရှင်း “….........”
….........
စစ်တပ်သုံးတဲထဲသို့ သူဝင်သွားသောအခါတွင် အကြီးအကဲကျီရှင်းသည် ထိုအချိန်က နေကျွန်းတွင် ဆက်လက် ပညာသင်ယူခဲ့ကြသော ကျင့်ကြံသူ အားလုံးနီးပါး ရှိနေသည်ကို တွေ့လိုက်ရသည်။
"သခင် ဆွန်းနစ်ကို"
"သခင် ဆွန်းနစ်ကို.. မင်္ဂလာပါ"
တဲထဲသို့ ဝင်လာသော အကြီးအကဲ ကျီရှင်းကို မြင်သည်နှင့် လူများစွာက နှုတ်ဆက်လိုက်သည်။
ကျီရှင်းက စားပွဲကို ကြည့်လိုက်ရာ ဖရဲသီးဖျော်ရည် ဆယ်ပုလင်းကျော်ကို တွေ့လိုက်ရသည်။
တောင်ပေါ်ရှိ သစ်တောတွင် ဥယျာဉ်ခြံများ ရှိသောကြောင့် ဖရဲသီးဖျော်ရည်များ ဤနေရာတွင် ရှိနေသည်မှာ အမှန်တကယ် မထူးဆန်းပေ။
အမှတ် 60 အထက်တန်းကျောင်းမှ အပြန်လမ်းတွင် သူ့လည်ချောင်းက မသက်မသာဖြစ်နေသောကြောင့် ဖရဲသီးဖျော်ရည်ကို တွေ့လိုက်သည်နှင့် အကြီးအကဲ ကျီရှင်းက မျက်လုံးများ ချက်ချင်း လင်းလက်လာခဲ့သည်။
"ဖျော်ရည်ကို ဘယ်သူပြင်ပေးထားတာလဲ.. အရမ်းတော်တယ်"
ကျီရှင်းက ချီးမွှမ်းပြီးမှ တစ်ကျိုက် မော့သောက်လိုက်သည်။
သူက ဖျော်ရည်အရသာကို မကြိုက်ပေ။
သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ့လည်ချောင်းက နာနေခဲ့သည်။
လည်ချောင်း စိုစွတ်ဖို့ တစ်စုံတစ်ရာ လိုအပ်သည်ဟု သူ ခံစားရသည်။
အပိုင်း(၆၅၉) ပြီး၏