← Chapters

တစ်ခါတည်းနှင့် အပြတ်ရှင်းခြင်း

Vol. 73 Ch. 1085

တစ်ခါတည်းနှင့် အပြတ်ရှင်းခြင်း

Vol. 73 Ch. 1085

နှစ်ဝက်ကြာပြီးနောက်…

နဂါးအရိုးတောင်ကြား၊ မီးပဒေသာနဂါးနယ်မြေရှိ မှောင်မိုက်၍ နွေးထွေးနေသော လိုဏ်ဂူတစ်ခုထဲတွင်.. မီးတောက်နှစ်ခု လောင်ကျွမ်းနေသကဲ့သို့ တောက်ပသော အလင်းရောင်နှစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

မီးတောက်နှစ်ခု၏ ဝင်းထိန်မှုအောက်တွင် လူတစ်ယောက်၏ ပုံရိပ်က တဖြည်းဖြည်း ရှင်းလင်းလာခဲ့လေသည်။ အဲဒါက နှစ်ဝက်ကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့သော ဆူဇီမို ဖြစ်လေသည်။

သူသည် စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချပြီးနောက်.. သူ၏မျက်လုံးထဲရှိ မီးတောက်များက တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ လိုဏ်ဂူခန်းဝါတစ်ခုလုံးက တစ်ဖန်ပြန်၍ ငြိမ်သက်မှောင်မိုက်သွားခဲ့လေသည်။

သူသည် ပြီးခဲ့သည့် ၆ လအတွင်း.. အတော်များများကို ရရှိခဲ့လေသည်။

သူသည် ကျတ်တီးမြေ ဓမ္မပညာရပ်နှင့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို နားလည်ဆင်ခြင်နိုင်ခဲ့ရုံသာမက သူ၏ မီးပဒေသာနဂါးမျက်လုံးကလည်း ပြောင်းလဲလာခဲ့လေသည်။

အစကတော့ သူ၏ ညာဘက်မျက်လုံးထဲမှာ မီးပဒေသာကျောက်တုံးတစ်တုံး ရှိခဲ့လေသည်။

သို့သော်လည်း နှစ်ဝက်ကြာ ကျင့်ကြံပြီးနောက်.. မီးပဒေသာကျောက်တုံးက ပျောက်ကွယ်သွားခဲ့လေပြီ။

အတိအကျပြောရလျှင်.. အဲဒါက သူ၏ ညာဘက်မျက်လုံးနှင့် ပေါင်းစည်းသွားခဲ့လေပြီ။

မီးပဒေသာ ဓားဝင်္ကပါဖြစ်စေ.. မီးပဒေသာနဂါးမျက်လုံးဖြစ်စေ.. သူတို့သည် မီးပဒေသာကျောက်တုံးကနေ နားလည်ဆင်ခြင်ထားသော လျှို့ဝှက်အတတ်များ ဖြစ်လေသည်။

သို့သော် ယခုအခါမှာတော့ ထိုလျှို့ဝှက်အတတ်နှစ်ခုသည် ဆူဇီမို၏ ခန္ဓာကိုယ်နှင့် အတူတကွ ပေါင်းစည်းသွားခဲ့လေပြီ။ ဤစက္ခုနည်းစနစ်ကို မီးပဒေသာနဂါးမျက်လုံးဟု ဆက်လက်၍ မခေါ်ဆိုနိုင်တော့ပေ။

ထိုစက္ခုနည်းစနစ်ကနေ ထွက်ပေါ်လာသော စွမ်းအားသည် မီးပဒေသာနဂါးမျက်လုံး၏ အပူစွမ်းအားကို ပိုင်ဆိုင်ရုံသာမက.. အဲဒါသည် မီးပဒေသာ ဓားဝင်္ကပါ၏ ထက်ရှမှုကိုပါ ပိုင်ဆိုင်လာခဲ့လေသည်။

ဤစက္ခုနည်းစနစ်က အစစ်အမှန် မီးပဒေသာမျက်လုံး ဖြစ်လာခဲ့လေသည်။

ဆူဇီမိုက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်လေသည်။

ပြီးခဲ့သည့် ၆လအတွင်း.. သူက သူ၏ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို ခံစားနိုင်လေသည်။

အနက်ရောင်အမြုတေစိတ်ဝိညာဉ်၏ ကန့်သတ်ချုပ်နှောင်မှု မရှိသောအခါ သူသည် အခြားသော နဂါးများနှင့် မကွာခြားသလောက်နီးပါး ဖြစ်လာခဲ့လေသည်။ သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို နေ့နေ့ညည ကျင့်ကြံပြီး သူ၏ခွန်အားက နေ့စဉ်နှင့်အမျှ တိုးလာခဲ့လေသည်။

အဲဒါက နဂါးတစ်ကောင်၏ ခွန်အား ဖြစ်လေသည်။

သူသည် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားများက အဆက်မပြတ် မြင့်တက်လာပေလိမ့်မည်။

မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သောအခါ.. ဆူဇီမို၏ ကျင့်ကြံမှု အမြန်နှုန်းသည် ပို၍ပင် မြန်ဆန်လာပြီး မူလနတ္ထိအဆင့်မှာ သူက အဟန့်အတား မတွေ့ရှိရသလောက်နီးပါး ဖြစ်လေသည်။

ဆူဇီမိုသည် မူလနတ္ထိအဆင့်၏ အထွတ်အထိပ်သို့ တတ်နိုင်သမျှ မြန်မြန်ရောက်ရှိချင်လေသည်။

မူလနတ္ထိအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့် သူသည် ဘိုးဘေးနဂါး နတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို ခံယူပြီး နဂါးမျိုးနွယ်၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့အတွက် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ရပေလိမ့်မည်။

သူသည် ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းနိုင်သည်နှင့် သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်ကို အသုံးပြု၍ သူ့ကိုယ်သူ အမှန်တကယ်ပင် ကာကွယ်လာနိုင်ပေလိမ့်မည်။

တကယ်တော့ ဆူဇီမို၏ နှလုံးသားထဲမှာ မျှော်လင့်စောင့်ဆိုင်းနေသော အခြားတစ်စုံတစ်ရာ ရှိသေးလေသည်။

သူ၏ မှတ်ဉာဏ်များထဲတွင် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်သည် ယန်စိတ်ဝိညာဉ်အပိုင်းမှာ အဆုံးသတ်သွားပြီး မည်သည့်ဖော်ပြချက်မှ မပါရှိတော့ပေ။

သို့သော်လည်း ကိစ္စက ဤမျှလောက်အထိ မရိုးရှင်းဟု သူက ခံစားမိနေသည်။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်သည် သားရဲဘုရင် ၁၂ ပါးကို ကိုယ်စားပြုလေသည်။ သို့သော်လည်း နတ်နဂါး အပါအဝင် သူ၏ မျိုးဆက်သွေးအမြုတေနယ်မြေမှာ သားရဲဘုရင် ၈ ပါးသာလျှင် ပေါ်ထွက်လာသေးလေသည်။

ထိုသို့ဆိုလျှင် အခုချိန်ထိ ပေါ်ထွက်မလာသေးသော သားရဲဘုရင် ၄ ပါး ကျန်ရှိနေသေးလေသည်။

သူသည် ဓမ္မဝိသေသအဆင့်သို့ တတ်နိုင်သမျှ မြန်မြန်ဝင်ရောက်ပြီး မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် မည်သည့်အရာများ ကျန်ရှိနေသေးသလဲ တွေ့ချင် မြင်ချင်နေလေသည်။

ဆူဇီမိုက မတ်တတ်ထရပ်လိုက်လေသည်။

နှစ်ဝက်ကြာအောင် ကျင့်ကြံခဲ့ပြီးနောက်.. သူက တစ်ကိုယ်တော်တိမ်စိုင်ကို သွားရောက်စစ်ဆေးကြည့်ရပေလိမ့်မည်။

သူ၏ သားရဲတွင်းထဲကနေ ထွက်လာသည့် ခဏမှာပင်.. အပြင်ဘက်မှာ ရစ်သီရစ်သီလုပ်နေသော နဂါးများစွာကို သူက မြင်တွေ့လိုက်ရလေသည်။ အဲဒီမှာ မီးပဒေသာနဂါးများအပြင် အပြာရောင်၊ ဦးချိုမဲ့နှင့် တောင်ပံနဂါးအချို့လည်း ရှိနေလေသည်။

“သူ ထွက်လာပြီ.. သူ ထွက်လာပြီဟေ့..”

“အစ်ကိုယန်းကို မြန်မြန်သတင်းသွားပေးကြရအောင်”

“မင်းက ဒီမှာ သူ့ကို စောင့်ကြည့်နေ.. ငါက အခုပဲ သတင်းသွားပေးလိုက်မယ်”

နဂါးအချို့သည် ဆူဇီမို ထွက်လာသည်ကို မြင်သောအခါ စိတ်အားတက်ကြွစွာဖြင့် ရေရွတ်ပြောဆိုလိုက်ကြလေသည်။ သူတို့ထဲမှ အချို့က လှည့်ထွက်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ဆူဇီမိုသည် သူတို့ကို စိတ်ထဲမှာ လုံးဝမရှိဘဲ သွေးနှောနဂါးမျိုးရိုးရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့လေသည်။

သိပ်မကြာမီ သူက တစ်ကိုယ်တော်တိမ်စိုင်ကို မြင်တွေ့လိုက်ရလေသည်။

တစ်ကိုယ်တော်တိမ်စိုင်က နှစ်ဝက်ကြာပြီးနောက် များစွာပြောင်းလဲလာခဲ့လေသည်။

တစ်ကိုယ်တော်တိမ်စိုင်၏ နှလုံးသည် သီယင်း၏ လက်ချက်ဖြင့် ကြေမွသွားပြီးနောက်.. ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမှာ နှလုံးအသစ်တစ်ခုကို ပြန်လည်တည်ဆောက်ခဲ့လေသည်။

တကယ်တော့ ထိုနှလုံးသည် နဂါးတစ်ကောင်၏ နှလုံးဖြင့် ကွာခြားမှု သိပ်မရှိပေ။

လွန်ခဲ့သည့် နှစ်ဝက်က သူသည် များစွာသော သွေးနှောနဂါးများ၏ အနိုင်ကျင့်ခြင်းကို ခံရပြီး သူ့မှာ ကျင့်ကြံဖို့ အချိန်မရခဲ့ပေ။ ထိုအတွက်ကြောင့် သူ၏ နဂါးနှလုံးသားက ၎င်း၏ခွန်အားကို ပြသနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ယခုအခါမှာတော့.. နှစ်ဝက်ကြာ ကျင့်ကြံပြီးသောအခါ သူ၏အော်ရာသည် သိသိသာသာ ပြောင်းလဲသွားပြီး အဲဒါက နဂါးတစ်ကောင်နှင့် အလွန်တရာ ဆင်တူလာခဲ့လေသည်။

အနည်းဆုံးတော့.. တစ်ကိုယ်တော်တိမ်စိုင်သည် ရေနဂါး၊ မိုးနဂါးနှင့် အခြားသော သွေးနှောနဂါးများရှေ့မှာ မည်သည့်ဖိအားကိုမှ မခံစားရတော့ပေ။

သူ၏ခန္ဓာကိုယ်ထဲတွင် နဂါးသွေးများကလည်း လှည့်ပတ်စီးဆင်းနေခဲ့လေပြီ။

သူသည် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲဖို့ အခွင့်အလမ်းတစ်ခုသာလျှင် လိုတော့လေသည်။

ဆူဇီမိုသည် တစ်ကိုယ်တော်တိမ်စိုင်၏ ပြောင်းလဲမှုများကို ကြည့်၍ ကျေနပ်နှစ်ခြိုက်သွားလေသည်။

ခဏမျှ စကားပြောဆိုပြီးနောက်.. ဆူဇီမိုက မတ်တတ်ထရပ်၍ နှုတ်ဆက်လိုက်လေသည်။

သိပ်မကြာမီ.. နဂါးတစ်အုပ်စုက လျှောက်လှမ်းလာကြလေသည်။ နဂါးများ၏ ခေါင်းဆောင်ဖြစ်သူက နက်မှောင်နေသော ဆံကေသာများရှိပြီး အလွန်တရာ ချောမောလှပလေသည်။ သူသည် အရင်က ဆူဇီမို မြင်တွေ့ခဲ့ဖူးသော လုံရှီထက်ပင် ပို၍ချောမောလှပနေလေသည်။

သို့သော်လည်း ထိုနဂါး၏ အကြည့်က တစ်နည်းတစ်ဖုံ ကြောက်စရာကောင်းနေပြီး ဆူဇီမိုကို စိမ်းသက်သော အမူအရာဖြင့် အေးစက်စွာ စိုက်ကြည့်နေလေသည်။

“ပြဿနာရှာဖို့ ရောက်လာကြာတာပဲ”

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။

ဤနဂါးမက လုံရှီနှင့် မည်သို့မည်ပုံ ပတ်သက်နေသလဲ သူမသိပေ။ အဲဒါက သူမ၏ အစ်မ သို့မဟုတ် ညီမဖြစ်နိုင်လေသည်။

“မင်းက လုံမိုလား”

ဦးဆောင်လာသော အစိမ်းရောင်ဝတ် အပြာရောင်နဂါးက ဆူဇီမို၏လမ်းမှာ ပိတ်ရပ်ပြီး အေးစက်စွာဖြင့် မေးလိုက်လေသည်။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။

လုံရှီနှင့် နှိုင်းယှဉ်လျှင် ဤနဂါးမသည် ပို၍ပင် သာမန်ဆန်လေသည်။ သူမ၏အသံက နှစ်လိုဖွယ်ရာကောင်းပြီး လုံရှီကဲ့သို့ စူးရှကျယ်လောင်ခြင်း မရှိပေ။

“ငါက လုံယန်းပဲ”

အစိမ်းရောင်ဝတ် အပြာရောင်နဂါးသည် ထူးမခြားနားပုံစံဖြင့် ပြောဆိုပြီးနောက်.. ဆူဇီမိုထံမှ ကြောက်ရွံ့မှုနှင့် ကြည်ညိုလေးစားမှု တစ်စုံတစ်ရာ ထွက်ပေါ်လာသည်ကို စောင့်ဆိုင်းနေသည့်အလား ခဏမျှ ရပ်တန့်လိုက်လေသည်။

လုံယန်းသည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်လေသည်။

နဂါးမျိုးနွယ်တွင် သူ၏နာမည်ကို ကြားသောအခါ မည်သူကမှ ဂရုမစိုက်သလို မနေနိုင်ပေ။

လွန်ခဲ့သည့် နှစ်ဝက်က ဆူဇီမိုသည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ကို တစ်ခါမြင်တွေ့ခဲ့ဖူးလေသည်။

သို့သော်လည်း ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူသည် နဂါးမျိုးနွယ်၏ ဘာသာစကားအပေါ် သုတေသနပြုလုပ်နေပြီးနောက်.. သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ကို မေ့လျော့သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ သူက လုံယန်း၏ အမည်ကို ကြားသောအခါ ခဏမျှ မှင်တက်၍ အနည်းငယ် ငေးငိုင်နေလေသည်။

ဆူဇီမိုသည် ခဏမျှ စဉ်းစားပြီးနောက် သူ၏လက်သီးနှစ်ဖက်ကို ယှက်လိုက်လေသည်။

“နှုတ်ဆက်ပါတယ် မိန်းမပျိုလုံယန်း”

ထိုသို့ပြောလိုက်သည့် ခဏမှာပင် နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်ကျသွားလေသည်။

သူ၏ဘေးပတ်လည်တွင် စုဝေးနေကြသော နဂါးများသည် မျက်လုံးပြူး မျက်ဆံပြူး.. ပါးစပ်အဟောင်းသားနှင့် ပင့်သက်ကို ရှိုက်လိုက်ကြလေသည်။ သူတို့က ဆူဇီမိုကို သေလူတစ်ယောက်အလား ကြည့်လိုက်ကြလေသည်။

လုံယန်းသည် အလွန်တရာ ချောမောလှပသော်လည်း သူက ယောကျ်ားတစ်ယောက် ဖြစ်လေသည်။ သူ့အတွက် ထိုစကားလုံးများက တားမြစ်စကားလုံးတစ်ခု ဖြစ်သည်ကို နဂါးမျိုးနွယ်ရှိ လူတိုင်းက သိထားကြလေသည်။

အတိတ်ကာလတုန်းက.. သူ့ရှေ့မှောက်မှာ ဤကဲ့သို့ လှောင်ပြောင်ခဲ့သော နဂါးတစ်ကောင်ရှိပြီး ထိုသူက နဂါးသွေးတိုက်ပွဲမြေဆီသို့ ဝင်ရောက်ခဲ့ရလေသည်။ လုံယန်းသည် ဒဏ်ရာအပြင်းအထန် ရရှိခံပြီး ထိုသူကို တိုက်ရိုက်သတ်ဖြတ်ခဲ့လေသည်။

ထိုအချိန်ကစ၍ နဂါးမျိုးနွယ်တွင် မည်သူကမှ ဤတားမြစ်စကားလုံးကို ထပ်မံပြောဆိုရဲခြင်း မရှိတော့ပေ။

သို့သော် ယခုအခါမှာတော့.. ဆူဇီမို၏ သာမန်ကာလျှံကာ မှတ်ချက်သည် လုံယန်း၏ ဘက်ပြန်ကြေးခွံကို သွားထိခြင်းနှင့် တူနေလေသည်။

လုံယန်း၏ အမူအရာက ချက်ချင်းပင် အေးစက်သည်ထက် အေးစက်လာခဲ့လေသည်။

ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်မှ နဂါးများ၏ တုံ့ပြန်မှုကို မြင်သောအခါ.. တစ်ခုခုတော့ မှားနေပြီဆိုတာ နားလည်လိုက်လေသည်။

သို့သော်လည်း ဘာမှားနေသလဲ သူက စဉ်းစားလို့ မရပေ။

သူ့ရှေ့မှာ ရှိနေသည်က အမျိုးသမီးတစ်ယောက် ဖြစ်နေသောကြောင့် ဆူဇီမိုသည် သူမနှင့် အချေအတင်ဖြစ်လိုစိတ် မရှိပေ။ သူက လက်သီးနှစ်ဖက်ကို တစ်ဖန်ယှက်ပြီး စိတ်ရင်းမှန်ကန်စွာဖြင့် ပြောလိုက်လေသည်။

“မိန်းမပျိုလုံယန်း.. ကျုပ်က ဒီကိုရောက်တာ မကြာသေးပါဘူး.. ကျုပ်က ခင်ဗျားကို တစ်နည်းနည်းနဲ့ ဆန့်ကျင်မိသွားရင် ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”

သူက စိတ်ရင်းမှန်ကန်စွာဖြင့် ပြောနေသော်လည်း သူ၏စကားလုံးများက လုံယန်းအတွက် အလွန်တရာ နားကြားပြင်းကတ်စရာကောင်းနေလေသည်။

“ဘာမှ အပိုတွေပြောမနေနဲ့.. နဂါးသွေးတိုက်ပွဲမြေဆီကို လိုက်လာခဲ့”

လုံယန်းက အံကိုကြိတ်လိုက်လေသည်။

“ငါက ဒီနေ့ မင်းအသက်ကို ယူပြမယ်”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။

ယခုအချိန်ထိကို သူက တွေဝေရှုပ်ထွေးနေဆဲ ဖြစ်လေသည်။

သူသည် လုံယန်းနှင့် ပထမဆုံးအကြိမ်​ တွေ့ဆုံဖူးခြင်း ဖြစ်လေသည်။ အဲဒါက နဂါးသွေးတိုက်ပွဲမြေဆီသို့ သွားရလောက်အောင် ဘာလို့ဖြစ်သွားရတာလဲ..။

ဦးလေးယန် ပြောပုံအရဆို.. သူတို့က နဂါးသွေးတိုက်ပွဲ​မြေမှာ သေသည့်တိုင်အောင် တိုက်ခိုက်နိုင်ကြလေသည်။

သူတို့က သေဆုံးသွားမည်ဆိုလျှင်တောင် မည်သူကမှ ကြားဝင်နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။

လုံယန်းသည် ဆူဇီမိုကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။ သူက နဂါးသွေးတိုက်ပွဲမြေဆီသို့ တန်းပြီးသွားလိုက်လေသည်။

နဂါးမျိုးနွယ်တွင်.. သူတို့၏ ကိုယ်ပိုင်သားရဲတွင်းထဲမှာ ရှိမနေဘူးဆိုလျှင် သူတို့က စိန်ခေါ်မှုတစ်ခုကို ငြင်းဆန်ခွင့်မရှိပေ။

ဆူဇီမိုသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် အဲဒါကို သဲလွန်စ မရနိုင်ပေ။ သို့သော်လည်း သူက တည်ငြိမ်သော အမူအရာဖြင့် လိုက်ပါသွားဆဲဖြစ်လေသည်။

သူသည် သေခြင်း ရှင်ခြင်း တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ဖူးလေပြီ။

နဂါးများသည် အလွန်တရာ စိတ်လှုပ်ရှားတက်ကြွနေပြီး နဂါးသွေးတိုက်ပွဲမြေဆီသို့ လိုက်ပါလာကြလေသည်။

ဗဟိုရင်ပြင်သို့ ဖြတ်ကျော်သောအခါ ဆူဇီမိုသည် တစ်ချက်လှမ်းကြည့်ပြီးနောက် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ ပထမဆုံးစာတန်းတွင် လုံယန်း၏နာမည်ကို နောက်ဆုံး မြင်တွေ့လိုက်ရလေသည်။

“သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပဲ”

ဆူဇီမိုက ညင်သာစွာပြုံး၍ တီးတိုးရေရွတ်လိုက်လေသည်။

“အဲဒါလည်း ကောင်းတာပဲ.. တစ်ခါတည်းနဲ့ ရှင်းသွားတာပေါ့.. ဒီတိုက်ပွဲပြီးရင် ငါ့ကို ထပ်ပြီး မနှောင့်ယှက်ကြလောက်တော့ပါဘူး”

All Chapters